စိုးခိုင်ညိမ်း ● ကျည်ဆန်


 
စိုးခိုင်ညိမ်း ● ကျည်ဆန်
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

မဲမဲမှောင်နေတဲ့ အမှောင်ဘက်ခြမ်းက
လက်ထဲက မလွှတ်တမ်း အသေဆုတ်ကိုင်ထားတဲ့
အသံတိတ် သေနတ်ကနေ ကျည်ဆန်က
အပြေးအလွှား ထွက်ပြေးလာတယ်
ငြိမ်းချမ်းတိတ်ဆိတ် အေးချမ်းနေတဲ့
အရပ်ဒေသတွေကို ဆူညံပွက်လောက်ရိုက်ထားခဲ့
လူအချင်းချင်း အဓိကရုဏ်းတွေနဲ့ ရန်တိုက်ပေးထားခဲ့
လာရာ လမ်းတလျှောက် တွေ့သမျှ
အဟန့်အတားတွေကို ထိုးဖောက်ခဲ့
အေဗရာဟင်ကွန်းရဲ့ ရင်ဘတ်ကိုလည်း ဖောက်ထွက်လာတယ်
ဂျွန်အက် ကနေဒီရဲ့ နှလုံးသားကိုလည်း ဆွဲဖြဲလာတယ်
ဗိုလ်ချုပ်အောင်ဆန်းကိုလည်း
တကိုယ်လုံး ဆန်ကာဖောက်ထားခဲ့တယ်
မဟတ္တမဂန္ဓီကိုလည်း နင်းခြေ ဖြတ်ကျော်လာတယ်
ကျည်ဆန်ဟာ မနားတမ်း ဆက်လက် ကိုဖုန်းမော်ကို ဖောက်
မ၀င်းမော်ဦးကို ဖောက်
တောက်လျှောက် လမ်းတလျှောက် ချွေးတစက်မျှ မထွက်
သွေးစက်တို့သာ အလိမ်းလိမ်း
သမီးလေး ဂျာဆိုင်းအိန်ရဲ့ဦးနှောက်နဲ့ ကျောင်းစာအုပ်တွေကို
ဆွဲဖြဲလာပြီးတဲ့နောက်
မာလာလာရဲ့ဦးခေါင်းထဲကို ရောက်လာတော့
ကျည်ဆန်ဟာ မောပန်းနွမ်းဟိုက်
အားအင်ကုန်ခမ်းသွားတယ်
ကျည်ဆန်ဟာ သူဖြတ်ကျော်ခဲ့ရတဲ့ အဟန့်အတားတွေက
တုတ်ခိုင်ကြီးမားလွန်းတော့
တဖြေးဖြေး အားဖျော့ မှိန်ပျော့နှေးကွေးငြိမ်သက်သွားပေါ့
မာလာလာက သူ့ဦးခေါင်းထဲက ကျည်ဆန်ကို
မြေဖြူထောင့်နဲ့ ကလော်ထုတ်ပြီး
ထိပ်ဖူးကိုဖြတ် တပွင့်စိုက်
အလှထိုးပန်းအိုးလေး ပြုလုပ်လိုက်တယ်
ကျည်ခွံပန်းအိုးလေးထဲ ဆူးမရှိတဲ့ နှင်းဆီတပွင့်ထိုးဆိုက်ကာ
ကျောင်းစာကြည့်စားပွဲပေါ်တင်ပြီး စာဖတ်ရင်း
တစိမ့်စိမ့်အရသာခံ ကြည့်နေလေတော့တယ်။

 စိုးခိုင်ညိန်း (12, 9, 15)