မောင်ရင်ငတေ - ဟော်လန်ကော်နာမှသည် အမ်စတာဒမ်

မောင်ရင်ငတေ - ဟော်လန်ကော်နာမှသည် အမ်စတာဒမ်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆
 
၂၀၁၃ ခုနှစ် စက်တင်ဘာတုန်းက ဟော်လန်ကော်နာ သွားလည်ရာကနေ ပါရီသို့ ပြန်ရောက်အပြီး မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် ပထမပိုင်းကို ရေးသားခဲ့ပါတယ်။

မောင်ရင်ငတေ့ ထုံးစံအတိုင်း ဒုတိယပိုင်းကို ဆက်လက်ရေးဖို့ ကြံစည်နေရင်း တောင်သွားလိုက် မြောက်သွားလိုက် ဟိုတစ ဒီတစ အတိုအစတွေ ရေးလိုက်နဲ့ ပြီးဆုံးခြင်းမရှိ မမေ့ပေမယ့် ပစ်ထားခဲ့ပါတယ်။

ဒီတနှစ် ၂၀၁၆ ခု ဧပရယ်လမှာတော့ မရောက်ဖူးသေးသူများကို လိုက်ပို့ရင်းနဲ့ Hoek van Holland ဟော်လန်ကော်နာကို ထပ်မံရောက်ရှိခဲ့ပါတယ်။

ဟော်လန်ကော်နာ Hoek van Holland (ဓါတ်ပုံ မရငတ)

အဲဒါနဲ့ ဒီဟော်လန်ကော်နာမှသည် အမ်စတာဒမ် ခရီးမှတ်တမ်းပုံရိပ်များကို ရေးဖြစ်အောင် ရေးလိုက်ရပါတယ်။ မြောက်ပင် လယ်က တောင်မရှိတဲ့တိုင်းပြည် ဒုတိယပိုင်းအဖြစ် မှတ်ယူချင်ကြရင်လည်း ရနိုင်ပါတယ်။ (စာရေးသူမှတ်ချက်။ ။ ပထမ ပိုင်းကို ဖတ်ချင်တယ်ဆိုရင်တော့ http://moemaka.com/archives/631 ဒီမှာဖတ်ကြပါရန်)

ပြန်လည်မွမ်းမံပြီး မောင်ရင်ငတေ့ ဘလောက်ခ် စာမျက်နှာပေါ်မှာတင်ထားတဲ့ မြောက်ပင်လယ်က တောင်မရှိတဲ့ တိုင်းပြည် ရဲ့အကြောင်း ပထမပိုင်းကိုတော့ http://maungyinngatay.blogspot.fr/ 2016/04/blog-post_18.html မှာလည်း ဖတ်လို့ ရနိုင်ကြောင်းပါ။

Haven van Rotterdam (Port of Rotterdam) အဝင်ဝ (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ တည်းခိုခဲ့တဲ့ သူငယ်ချင်းအိမ်တည်ရှိရာက ရော့တာဒမ်မြို့ Rotterdam Centraal ဘူတာကြီးကနေ အ နောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာက Hoek van Holland လို့ခေါ်ကြတဲ့ မြောက်ပင်လယ်ကမ်းစပ်အနီး မြို့လေးတမြို့ပါ။ ပင်လယ်ကူး သင်္ဘောကြီးတွေ ဝင်ထွက်ဆိုက်ကပ်ကြရာ ဆိပ်ကမ်းကြီးနဲ့ အနားယူအပန်းဖြေစရာ တပြန့်တပြောကြီး ကျယ် ဝန်းလှတဲ့ သဲသောင်ပြင်တို့ ထိတွေ့ရာကော်နာဒေါင့်က မြို့ကလေးတမြို့ ဖြစ်ပါတယ်။ အဲဒီမြို့ကလေးမှာ အခြေချနေ ထိုင် နေတဲ့ မောင်ရင်ငတေရဲ့သူငယ်ချင်း မိသားစုရှိလို့ ရောက်ရှိသွားတာပါ။

ကမ္ဘာ့အကြီးဆုံးသော အလုပ်ရှုပ်ဆုံးသော သင်္ဘောဆိပ်ကမ်းကြီးတခုဖြစ်တဲ့ Haven van Rotterdam ရော့တာဒမ် ဆိပ် ကမ်းကြီးရဲ့ မြောက်ဘက်အစွန်က အဝင်ပေါက်ထိပ်မှာတည်ရှိတဲ့ သာယာအေးချမ်းတဲ့ မြို့အသေးလေးတခုပါ။

 ဟော်လန်ကော်နာ Hoek van Holland (ဓါတ်ပုံ မရငတ)

ဟော်လန် (သို့) နယ်သာလန် (သို့) Dutch ဒတ်ခ်ျဘာသာစကားမှာ Hoek van Holland ရဲ့ Hoek ဆိုတာက အင်္ဂလိပ်လိုဆိုရင် Corner (သို့) Angle (သို့) Hook အဓိပ္ပါယ်ရပါတယ်။ မောင်ရင်ငတေ ဘာသာပြန်ကြည့်တော့ ဟော်လန်ကော်နာဆိုတဲ့ စကားလုံးကို သဘောတွေ့မိရလို့  ဟော်လန်ကော်နာမှသည် ခေါင်းစီးတပ် ရေးဖြစ်ခဲ့ရခြင်းပါ။


Hoek van Holland ပြင်သစ်တွေက Coin de Hollande လို့ အသုံးများ ကြပါတယ်။ ဟုတ်ပါတယ်။ အင်္ဂလိပ်တွေကတော့ Hook of Holland ဆိုပြီးပိုသုံးပါတယ်။ မောင်ရင်ငတေကတော့ ပြင်သစ်ရယ် အင်္ဂလိပ်ရယ်မဟုတ် ဗမာ အာနဲ့လျှာနဲ့ ခေါ်လို့ ပြောလို့ အဆင်ပြေနိုင်ပါတဲ့ ဟော်လန်ကော်နာကိုသာ သုံးချင်မိပါတယ်။

ဟော်လန်ကော်နာပါ။ ဟုတ်ပါတယ်။ အဲဒီနေရာကို မြေပုံပေါ်မှာကြည့်မယ် ဆိုရင် မောင်ရင်ငတေ့ကို ထောက်ခံမယ့်သူတွေ ပေါများကောင်း ပေါများနိုင်ပါတယ်။

ဟော်လန်ကော်နာ တာရိုး (ဓါတ်ပုံ မရငတ)

ဆယ့်သုံးလေးငါးရာစု ခေတ်များက မူလလက်ဟောင်း ဟော်လန်ပြည် နယ်နမိတ်အရဆိုရင် မြောက်ပင်လယ်ကမ်းရိုးတန်း ကြီးရဲ့ တောင်ဘက်အစွန်ဆုံးက ဒေါင့်မှာကော်နာမှာ တည်ရှိတဲ့ Hoek van Holland မြို့ကလေးပါ။ တကယ်တော့ နယ်သာ လန်ဆိုတာက တတိုင်းပြည်လုံးကို ခေါ်ဝေါ်တာဖြစ်ပြီး ဟော်လန်ဆိုတာက ဒီကနေ့ Noord-Holland ပြည်နယ်နဲ့ Zuid-Holland ပြည်နယ်နှစ်နယ်ပေါင်းကို ခေါ်တာပါ။

သူတို့ရဲ့ ပြောတဲ့စကားနဲ့ ရေးတဲ့စာ ကိုတော့ Dutch ဒတ်ခ်ျဘာသာစကားလို့ လူတွေ အသိများကြပါတယ်။ အဲဒီ နယ်သာလန် ဟော်လန်ရဲ့အကြောင်းတွေက ရေးမယ်ဆိုရေးစရာတွေ အများကြီးပါ။ ဒါပေမယ့် မောင်ရင်ငတေ အခုရေးမယ့် ခရီးမှတ်တမ်း ပုံရိပ်များ စာစုမှာက ဟော်လန်ကော်နာမှ အမ်စတာဒမ်မြို့ကိုသွားတဲ့ လမ်းခရီးအကြောင်းတွေ အများစုကိုသာ ရေးပြချင်မိ တာပါ။

ဟော်လန်ကော်နာ တာရိုး (ဓါတ်ပုံ မရငတ)

Hoek van Holland မြို့လေးက ပင်လယ် ရေမျက်နှာပြင်ထက် သုံးပေနီးပါးမျှ နိမ့်တယ်ဆိုပါတယ်။ နေ့ဘက်သွားရင်းလာရင်း အမှတ်တမဲ့ သတိမထားဖြစ်ပေမယ့်လည်း လည်လို့ပတ်လို့ဝပြီး ညဘက် တည်းခိုရာ အိမ်ခန်းပြန်ရောက်လို့ ဒီဒေသအ ကြောင်း ရှာဖတ်မိရင်း ခုနေများ ရုတ်တရက် ပင်လယ်လှိုင်းတွေကြီးလို့ ရေတွေရောက်လာရင် ဘယ်လို ပြေးပေါက်ရှာရမလဲ တွေးမိရင်း ကြောက်လန့်လာမိရပါတယ်။ လှိုင်းကြီး ရေအောက်  မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ဖတ်ရမှတ်ရဖူးတယ်လေ။

မောင်ရင်ငတေတို့အုပ်စု အမ်စတာဒမ်ခရီးကို စတင်ဖို့ ဘူတာရှိရာကို လမ်းလျှောက်သွားကြပါတယ်။ လူတသောင်း နေကြ တယ်ဆိုတဲ့ မြို့လယ်ရဲ့ စနေမနက်ခင်းက ခပ်ခြောက်ကပ်ကပ်သာပါ။ ဘူတာရုံ မရောက်ခင်အသွားလမ်းမှာ ရေကာတာလိုလို တာရိုးမမြင့်တမြင့်ကို ဖြတ်ကျော်ရပါတယ်။ လှေကား ဆယ့်သုံးလေးထစ်လောက်သာ ရှိတာပါ။ မမြင့်တမြင့်လို့ ပြောရတာက မောင်ရင်ငတေရဲ့ မွေးဇာတိ ဟင်္သာတက တာရိုးတွေလောက်တောင်မှ မမြင့်မားလို့ပါ။ မောင်ရင်ငတေ ဆယ်နှစ်သားကျော် အထိ အဲဒီလို တာရိုးတွေပေါ်မှာ ဆင်းတက်ဆော့ကစားခဲ့ဖူးလို့ ပြောနိုင်တာပါ။ ဒါပေမယ့် ဟင်္သာတမြို့က ပင်လယ်ရေမျက်နှာ ထက်တော့ နိမ့်နေတယ်လို့ ပြောသံမကြားဖူးပါဘူး။  အဲ ...  ဒါပေမယ့် …. မြစ်ရေမျက်နှာထက် နိမ့်နေတယ်ဆိုရင်တော့ မ ပြောတတ်တော့ပါဘူးလေ။ ထားပါ။

Station Hoek van Holland Haven 2013 (ဓါတ်ပုံ မရငတ)

နယ်သာလန်ပြည် ထုံးစံအတိုင်း နေထိုင်သူလူဦးရေက တသောင်းနီးပါးရှိပေမယ့် ရွာသာသာ ဒီမြို့ကလေးက ခပ်သေးသေး သာပါ။

Station Hoek van Holland Haven 2016 (ဓါတ်ပုံ မရငတ)

ဘူတာဆီအသွား တာရိုး လှေကားအတက် ဘယ်ဘက်ခြမ်း စောင်းငှဲ့ ကြည့်လိုက်တော့ ဘူတာရုံကိုမတွေ့ရသေးဘဲ ကူးတို့ သင်္ဘောကြီးကိုသာ ဘွားကနဲ လှမ်းမြင်လိုက်ရပါတယ်။ အဲဒါနဲ့ မှတ်တမ်းတင်နေကျ လက်က ကင်မရာခလုတ်ပေါ်သို့ ရောက်ရှိသွားပါပြီ။ အဲဒါနဲ့ တာရိုးပေါ်ကိုတက် အရှေ့ကသွားသူတွေနောက် အပြေးလိုက်ရင်း တဘက် တာရိုးလှေကား က နေပြန်ဆင်း လှမ်းမြင်နေရတဲ့ဘူတာကို ရထားသံလမ်းတွေ ကျော်ဖြတ်လို့ ရောက်ခဲ့ပါပြီ။

ဘူတာ ပလက်ဖောင်းပေါ်ကနေလည်း ကမ်းနဘေးကပ်ထားတဲ့ စတီနာလိုင်း ကူးတို့သင်္ဘောကြီးကို ရထားသံလမ်းနဲ့ အလွန် နီးကပ်စွာ မြင်တွေ့ရပါတယ်။ ဘူတာရုံလေးရဲ့ ပလက်ဖောင်းပေါ်ကနေ လှမ်းမြင်နေရတဲ့ အဲဒီပင်လယ်ကူး ကူးတို့သင်္ဘောကြီး ကို လှမ်းမျှော်လို့ကြည့်ရင်း အတွေးပွားမိရာကရုတ်တရက် မောင်ရင်ငတေ စိတ်ထဲမှာ သီချင်းစာသားတချို့ ပေါ်လာပါတယ်။

ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လို့ကွယ် မယုံမရှိနဲ့ အမှန်ပါပဲကွဲ့ဆိုလားမသိ။ ခပ်ငယ်ငယ်တုန်းက လမ်းသူရဲ သီချင်းတပုဒ်ကို ပြန်လည်လို့ ကြားယောင်လာမိရပါတယ်။ အလွမ်းဆိုတာကတော့ ခရီးသွားနေရင်းလည်း တိုက်ဆိုင်လာခဲ့ ရင် လွမ်းမိရတာပါ။

(အဲဒီလို ရိုက်ကူးမှတ်တမ်းတင်ဖြစ်ခဲ့တဲ့ သင်္ဘောကြီးရဲ့ တာရိုးပေါ်က မြင်တွေ့လိုက်ရတဲ့ ပထမပုံကို ၂၀၁၃ ခုနှစ် သွားစဉ်က မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ရထားသံလမ်းနဲ့ကပ်လျှက်ပုံက ဒီနှစ် ၂၀၁၆ မှာ မှတ်တမ်းတင်ခဲ့တာပါ။ ဒါပေမယ့် သင်္ဘောကြီးက တော့ ပုံစံတူ တစင်းတည်းလို့သာ ထင်ရပါတယ်။)

Stena Line (Hoek van Holland To Harwich) (ဓါတ်ပုံ မရငတ ၂၀၁၃)

ရထားဘူတာမှာ လက်မှတ်ဝယ်နေစဉ်မှာ ဆိုက်ထားတဲ့ရထားက ထွက်သွားပြီဖြစ်လို့ နောက်ရထားတစင်းကို နောက်နာရီ ဝက်ကြာစောင့်ကြရမှာမို့ အချိန်ရသခိုက်ဆိုပြီး ကမ်းနားဘက်သို့ ခြေဦးလှည့် ကြပါတယ်။ သိပ်ဝေးဝေးသွားဖို့ အချိန် မရ ပါဘူး။ အရင်တခေါက်တုန်းက တွေ့ခဲ့ရဖူးတဲ့ သင်္ဘောကြီးတွေ တစင်းပြီးတစင်း ဟော်လန်သားတွေဖန်တီးထားတဲ့ Nieuwe Waterweg (New Waterway) ရေကြောင်းလမ်းအတိုင်း ဝင်လာတာတွေကို ထိုင်ငေးဖို့တော့ ဒီတခေါက် အချိန်မရခဲ့ပါဘူး။

ဒီ Hoek van Holland က အင်္ဂလန်ကူးတဲ့ ရှေးဟောင်းဖယ်ရီ ကူးတို့ဆိပ်မြို့တမြို့ပါ။ အခုထိလည်း Stena Line ဖယ်ရီတွေက တနေ့နှစ်ကြိမ် ဟိုဘက်ကမ်းဒီဘက်ကမ်း ကူးသန်းနေတာပါ။ ဈေးနှုန်းက လူတယောက်ကိုမှ ယူရို ငါးဆယ်လောက်သာ ကျ သင့်တာဆိုတော့ သင်္ဘောကြီးက ကြီးသလောက် စီးခက ဈေးမကြီးလှပါဘူး။ မောင်ရင်ငတေတို့လို အင်္ဂလန်ဝင် ဗီဇာလိုအပ် သူများကတော့ တရားဝင်သွားချင်ရင် ဗီဇာတော့ ပါရမှာပေါ့နော်။ အဲ  .... ဒါပေမယ့် ဗီဇာမပါပါဘဲ သွားချင်သပ တရွရွ ဆိုကြ ရင်တော့ ဒီဆိပ်ကမ်းကနေ သွားလို့ရပါတယ်။ မောင်ရင်ငတေဆီမှာတော့ လာစာရင်းမပေးကြပါနဲ့။ မောင်ရင်ငတေ အဲ လောက် မစွမ်းပါဘူးခင်ဗျာ။

အဲဒီ ဇိမ်ခံ ဟော်လန်-အင်္ဂလန်ကူးနိုင်တဲ့ ကူးတို့ သင်္ဘောကြီးနဲ့ ဘိလပ်မြေသို့ စွန့်စားဝင်ရောက်သူတွေ ဇာတ်လမ်းကလည်း မကြာခဏ ကြားနေကျ ဇာတ်လမ်းပါ။ ဒါတောင် သင်္ဘောပေါ်မှာ အမိခံရတဲ့သူတွေရဲ့ သတင်းသာပါ၊ လွတ်မြောက်သွားသူ တွေရဲ့ ဘိလပ်မြေရောက်သတင်းတွေကိုတော့ အဲဒီကူးတို့ဆိပ် တာဝန်ရှိသူတွေ ဘယ်သိချင်ကြပါတော့မလဲလေ။

လွတ်မြောက်နယ်မြေ ဘိလပ်မြေသို့ ရောက်သွားခဲ့ကြသူတွေကတော့ ဒုက္ခဟောင်းတွေကို မေပစ့်ဖို့ ကြိုးစားရင်း ချိုမြိန်တဲ့ ဒုက္ခသစ်အရသာတွေကို အားပါးတရ မြည်းစမ်းနေကြပြီပေါ့။ အများအားဖြင့် အဲဒီဟော်လန်ကော်နာ-ဘိလပ် ကူးတို့ပေါ်မှာ မိကြတဲ့ပုံစံကတော့ တပုံစံတည်းလို လိုသာပါ။

အီးယူ ရှန်ဂန်နိုင်ငံများဖြစ်ကြတဲ့ အရှေ့ဥရောပ ပိုလန်တို့ ရူမေးနီးယားတို့လိုနိုင်ငံတွေက အလုံပိတ် ကွန်တိန်နာ ကားကြီး တွေနဲ့ ဘိလပ်မြေသို့ ဝင်ဖို့ ကြိုးစားကြတာမျိုးပါ။ ကံအလွန်ကောင်းသူများမှတပါး လွယ်တော့ မလွယ်ပါဘူး။ တချို့လည်း အသက်ရှုမရ သေပွဲဝင်ကြသူတွေ ရှိပါတယ်။ အဲဒီ အလုပ်ကြောင့် အဖမ်းခံကြရတဲ့ ပိုလန်ကားဒရိုင်ဘာတွေများပေမယ့် ရတဲ့ငွေနဲ့ ဒဏ်ကြေးငွေဆောင်ရတာက တန်လွန်းလို့ တန်လွန်းလို့ လုပ်ကြပါတယ်တဲ့ ခင်ဗျား။

ဘိလပ်မြေဆီသို့ အဲဒီလမ်းနဲ့ ဝင်ချင်ကြ သူတွေကတော့ အာဖဂန် တရုတ် အီရန် အီရတ် လူမျိုးစုံပါခင်ဗျား။ စာရင်းဇယား များအရ တနှစ်မှာ နယ်သာလန်မြေကို ရောက်ရှိလာသူ ရွှေ့ပြောင်းအခြေချလာသူ ငါးသောင်းကျော်အထဲက ဘယ်နှစ် ယောက်များ ဘိလပ်မြေကို ရောက်သွားသလဲဆိုတာကို ဘယ်သူမှသိနိုင်မယ် မထင်ပါဘူး။

ဟော်လန်ကော်နာ Hoek van Holland Haven (ဓါတ်ပုံ မရငတ ၂၀၁၃)

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ဒီလမ်းကြောင်းကိုအသုံးပြု မြောက်ပင်လယ်ကို ဖြတ်ကျော်ကြသူတွေ ပိုမိုများပြား လာကြောင်း ပါတဲ့။ ၂၀၁၅ ခုနှစ်အတွင်းမှာ လေးငါးခြောက်ခါမက ကွန်တိန်နာထဲ ပုန်းခိုလိုက်ပါလာသူတွေကို သက်ဆိုင်ရာက ရှာဖွေတွေ့ ရှိခဲ့ပါသတဲ့။ လမ်းကြောင်းကြေးမကိုက်လို့ ညှိနှိုင်းမရလို့ အကြိမ်ရေတွေများလားသလား မပြောတတ်ပါဘူး။ တကြိမ်မှာတော့ ကွန်တိန်နာတလုံးထဲမှာ ဗိုက်ကြီးသည်နှစ်ယောက်အပါအဝင် မိသားစုတွေရော တသီးပုဂ္ဂလလူကြီးမင်းတွေရော စုစုပေါင်း ခြောက်ဆယ့်ရှစ်ယောက်ကို တွေ့ရှိပြီး ပြန်တော်မူခိုင်းခဲ့ပါသတဲ့။ စလာကြစဉ်တည်းက စာရွက်တွေ ဖျောက်ဖျက် အပြန်လမ်း ရှင်းလာသူတွေ နဂိုကတည်းက မွေးစာရင်း မရှင်းမလင်းကြသူတွေ အဲဒီလိုလူတွေကို ရုပ်ကြည့်ပြီး ပြည်တော်ပြန်ခိုင်းစရာ တိုင်းပြည်အစစ်ကကော အမှန်တကယ် ရှိပါလေစ။

ပြင်သစ်ပြည် Port de Calais ကာလေဆိပ်ကမ်းက တာဝန်ရှိသူတွေက သူတို့ရဲ့ ဂန္တဝင်တွင်ခဲ့ဖူးတဲ့ မှတ်တမ်းစံချိန်တွေကို ဘယ်တော့များ ချိုးလိမ့်မလဲဆိုတာကို စိုးရိမ်ပူပန်ထိတ်လန့်စွာနဲ့ စောင့်ကြည့်နေကြပါတယ်တဲ့ ခင်ဗျား။ ဒီကနေ့ မောင်ရင် ငတေတို့ခေတ်မှာ တရွာပြောင်းချင်တယ်ဆိုခဲ့ရင်တော့ လမ်းကြောင်း အသစ် အသစ်တွေကို ရှာဖွေရမှာ အသေအချာ အမှန် အကန် ဖြစ်ကြောင်းပါခင်ဗျာ။
Haven van Rotterdam (Port of Rotterdam) အဝင်ဝ (ဓါတ်ပုံ မရငတ ၂၀၁၃)

အဲဒီလို စတီနာလိုင်း ဇိမ်ခံသူတို့ရဲ့ ကူးတို့ သင်္ဘောကြီးကို ကြည့်ပြီး ဟိုတွေးဒီတွေး တွေးတောမိရာကနေ မြစ်ဝရေလယ်မှာ တရုတ်ကွန်တိန်နာ သင်္ဘောစိမ်းစိမ်းကြီးတစီးကို ထပ်မံလို့ တွေ့လိုက်ရပြန် တဲ့အခါမှာ မောင်ရင်ငတေရဲ့ စဉ်းစားတော်မူခန်းက တမျိုးပြောင်းလို့ သွားပြန်ပါရော၊

တနှစ်ကို ကုန်တန်ချိန် သန်းငါးရာကျော်အတင်အချရှိတဲ့ ဥရောပအကြီးဆုံးသော သင်္ဘောဆိပ်ကြီး၊ (စင်ကာပူ တရုတ် ဆိပ်ကမ်းတွေကလွဲရင် အကြီးဆုံးပါ၊) တနှစ်မှာ ပင်လယ်ကူး သင်္ဘောကြီးအစင်း သုံးသောင်းလောက် ဝင်ရောက် ဆိုက်ကပ်ပါတယ်ဆိုတဲ့ ဆိပ်ကမ်းကြီးတခုမှာ အဲဒီလို သင်္ဘောကြီး တစင်း တွေ့ရတာက တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး၊ သာမန်ရိုးကျတွေးလို့ ရနိုင်တာပါ၊

ဒါပေမယ့် မောင်ရင်ငတေ တွေ့မြင်ရတာတွေကို ခံစားမိတဲ့အတိုင်း ရေးချင်စိတ်ပေါ်လာတာတွေက အများကြီးပါ။ အဲဒီထဲကမှ စိတ်ထဲမှာ ခပ်ကြာကြာ တွေးမိတာကို ရေးချင်ပါတယ်။

တွေ့မြင်လိုက်ရတဲ့ သင်္ဘောကြီးတွေထဲမှာမှ ဒီသင်္ဘောကြီးတစင်းက အဆမတန် ကြီးမားလွန်းနေတာကို သတိပြုမိခဲ့ရ ပါတယ်၊ အထူးတလည် မှတ်တမ်းတင်ပုံတွေ ရိုက်ကူးခဲ့မိပါတယ်။ CSCL အမည်ရ ကွန်တိန်နာတင် သင်္ဘောလိုင်းရဲ့ အစင်း တရာကျော်ထဲက တစင်းပါ။ ပေနှစ်ဆယ် ကွန်တိန်နာအလုံးရေ တသောင်းနဲ့ လေးထောင်ကျော် ဆန့်တယ်ဆိုတဲ့ အဲဒီ သင်္ဘောစိမ်းကြီးက ရော့တာဒမ်ဆိပ်ကမ်း ရေပြင်ကျယ်ကြီး တခုလုံးကို မောင်ပိုင်စီးထားသလိုပါ။ ဒါတောင်မှ ဒီ CSCL Mercury သင်္ဘောစိမ်းကြီးက ဒီလိုင်းမှာ ဒုတိယအဆင့်ပါ။ သူထက် ပိုမိုကြီးမားတဲ့ သင်္ဘောစိမ်းကြီးတွေ သုံးလေးငါးစင်း ရှိပါ သေးတယ်တဲ့။

CSCL မိတ်အင်ချိုင်းနား (ဓါတ်ပုံ မရငတ ၂၀၁၃)

အဲဒီမှာ ချိုင်းနားမိတ်ကွန်တိန်နာ အလုံးရေသန်းပေါင်းများစွာက အခွံတွေချည်း အသားလွတ် သယ် ယူလာတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံကြီးတွေက အလုပ်သမားခ ဈေးပေါပေါရလို့ သွားတည်ကြပါတဲ့ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ အဝတ်အ ထည်တွေ တိုလီမိုလီစက်မှုလက်မှု ပစ္စည်းတွေကို ပြန်လည်သယ်ဆောင်လာတာပါ။ နာမည်ကြီးရော မကြီးတကြီးရော အင် ဂုလိတွေရော အမှန်အကန် အကြံအဖန်တွေရော ကွန်တိန်နာတွေထဲမှာ  ဟာနယ်မရှိ သယ်ဆောင်လာတာပါ။

Hoek van Holland Haven (ဓါတ်ပုံ မရငတ ၂၀၁၆)

ဒီလိုမျိုး တနှစ်သင်္ဘောစင်းရေ ဘယ်၍ဘယ်မျှ ဆိုက်ကပ်တယ်လို့တော့ မောင်ရင်ငတေ မသိပါဘူး။ သေချာတာကတော့ ဥရောပ မြို့ကြီးငယ်တွေက ဆူပါမားကက်တွေ ရှော့ပင်စန်တာတွေ လမ်းဘေး ဆိုင်ငယ်လေးတွေပါမကျန် ပြေးမလွတ် တွေ့ရှိမှာက မိတ်အင်ချိုင်းနား ပီအာရ်စီမိတ်တွေကိုသာပါ။ အဲဒီ ပြေးမလွတ်ပါတဲ့ မိတ်အင်ချီးနား ကွန်တိန်နာတလုံးရဲ့ ရရှိနိုင်တဲ့အမြတ်အစွန်းက အယ်လ်ဗွီလို့ လူသိများတဲ့ လူဝီဗွီတွန် လက်ကိုင်အိတ် တလုံးလောက်မှ တန်ဖိုးရှိပါရဲ့လားလို့လည်း ပြင်သစ်ပြည် ပါရီမြို့နေ မောင်ရင်ငတေ မေးခွန်းထုတ်ချင်မိရကြောင်းပါခင်ဗျာ။

Hoek van Holland Haven (ဓါတ်ပုံ မရငတ ၂၀၁၆)

တရုတ်တွေတင်လားဆိုတော့ မဟုတ်ပါဘူး။ အာရပ်ကမ္ဘာက ရေနံတင်သင်္ဘောကြီးတွေကလည်း မနည်းမနောကြီးတွေပါ။ သူတို့တွေကတော့ မြေကြီးကထွက်တာတွေနဲ့ စီပွားရှာကြခြင်းပေါ့။


CSCL လို နိုင်ငံတော်ပိုင် သင်္ဘောလုပ်ငန်းကြီးနဲ့ ရေနံသူဋ္ဌေးနိုင်ငံကြီးတွေရဲ့ UASC သင်္ဘောလုပ်ငန်းကြီး နှစ်ခုပေါင်းစပ်လို့ Asia-Europe-Asia Line လုပ်ငန်းကြီးကိုထူထောင် ဥရောပရဲ့ မြေထဲပင်လယ်နဲ့ မြောက်ပင်လယ်ကို စိုးမိုးချယ်လှယ် စီးပွား ရေးကို ဂုတ်သွေးစုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်တဲ့။ အဲဒီ စတီနာလိုင်း ဇိမ်ခံကူးတို့ သင်္ဘောကြီးတွေအကြောင်းကနေ ချော် တောငေါ့ပြီး တခြားသင်္ဘောကြီးတွေအကြောင်း အတွေးတွေက ပြန့်ကျဲလို့ရောက်ရှိသွားခဲ့ပါတယ်။ အဲသလို တောင်စဉ်ရေ မရတဲ့ ပေါက်ပန်းဈေး အတွေးပွားတတ်တာမျိုးကို မနည်းဘရိတ်အုပ်ပြီး ကိုယ့်စိတ်ကိုကိုယ် ဆုံးမရပါတယ်။


မောင်ရင်ငတေရေ အဲဒါတွေက မင်းအလုပ်မဟုတ်ဘူးကွ။ သူတို့တတွေရဲ့ ဘီးဇီးနက် ဘီးဇီးနက်ကွ၊ မင်းလိုကောင် မုန့်ဟင်း ခါးလေးချက် ငရုတ်သီးလေးကြော်တတ်ပြီး အရပ်ထဲ ဝေတတ်ရုံဝေတတ်တဲ့အကောင်ကများ သူတို့တတွေ ကမ္ဘာနဲ့ချီပြီး လုပ်နေတဲ့ ဘီးဇီးနက်ကြီးကို သွားမဝေဖန်စမ်းပါနဲ့ကွာ။ ကိုယ့်ဖာသာကိုယ် သူများကားကပ်စီး တည်းခိုရာအိမ်က ကျွေးတာ အသာစား ရောက်ရာပေါက်ရာသွား လွတ်လွတ်ကင်းကင်းတွေကိုသာ အေးအေးဆေးဆေးရေးစမ်းပါကွာတဲ့။ ဟုတ်ပါပြီ ခင်ဗျပေါ့။ အဲသလို အတွေးနက်နေတုန်း ပုခုံးလာပုတ်လို့ အတွေးတွေရုတ်သိမ်း လှည့်ကြည့်လိုက်တော့ ရထားချိန် နီးနေပြီ ဘူတာ ပြန်သွားကြရအောင်တဲ့။


ဒုတိယအခေါက် နာရီဝက်ခန့်ရတဲ့ အချိန်လေးမှာ Hoek van Holland ကမ်းနဖူးထိပ်မှာ ခဏရပ်လို့ မှတ်တမ်းတင်ရင်း ပထမခေါက်က တွေ့မြင်ခဲ့ရတာတွေ ပြန်လည်တွေးမိနေရခြင်းပါ။ ဟိုးခပ်ဝေးဝေး ပင်လယ်ဝဘက်မှာ အစိမ်းရောင်လေလား အပြာရောင်လေလား ဝိုးတဝါးမြင်တွေ့နေရတဲ့ ခပ်ကြီးကြီး သင်္ဘောကြီးတွေအကြောင်း ဒီလောက်နဲ့ရပ်တန့် ကိုယ့်ခရီး ကိုယ် ဆက်တာ အကောင်းဆုံးပါ။ အဲတော့ ရထားပေါ်မတက်ခင် ဘိလပ်မြေအကြောင်း ပြန်ဆက်ရရင်တော့ အဲဒီကမ်းခြေတ လျှောက် ဆက်လျှောက်ရင်းနဲ့ တွေ့ရှိခဲ့ဖူးတဲ့ ရုပ်တုလေးတွေနဲ့ နိုင်ငံတခုကူးတယ်ဆိုတဲ့အကြောင်း ပတ်သက်နေတာလေး ပြီးဆုံးသွားအောင် တပါတည်း အတွေးဆက်မိတာကို ရေးပါရစေဦး။

Kindertransport-Channel Crossing to Life 1938-39 (ဓါတ်ပုံ မရငတ)

အဲ … တချိန်တခါကတော့ ဗီဇာတုံး မပါရှိပါဘဲ အထူးအခွင့်အရေးတွေနဲ့ ဒီဟော်လန်ကော်နာကနေ ဘိလပ်ပြေကို သွားခွင့်ရခဲ့ သူ နိုင်ငံကူးခွင့် ရရှိခဲ့သူတွေ ရှိခဲ့ပါတယ်တဲ့။
Kindertransport-Channel Crossing to Life 1938-39 (ဓါတ်ပုံ မရငတ)

ဟစ်တလာကြီးရဲ့ ဂျူးသုတ်သင်ရေး မဟာ့မဟာ စီမံချက်ကာလအတောအတွင်းမှာ ဂျူးခလေးငယ် တသောင်းကျော်ရဲ့ အသက်တွေကိုကယ်တင်ခဲ့တဲ့ ဟော်လန် ပြည်သူ ပြည်သားတွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်ရုပ်တုတခုကို ဟော်လန်ကော် နာမှာ တွေ့ခဲ့ရပါတယ်။


ဟစ်တလာကြီးနဲ့ နာဇီတွေရဲ့ရန်ကိုရှောင်ဖို့ ထွက်ပြေးလာကြတဲ့ ဂျာမဏီ သြစတြီးယား ချက်ကိုစလိုဗားကီးယားက ဂျူးက လေးတွေကို ဒီနေရာကနေ ဘိလပ်သို့ ပို့ဆောင်ပေးခဲ့ကြတာပါတဲ့။


ဒီကနေ့ခေတ်မှာ ဇိမ်ခံ ကူးတို့သင်္ဘောကြီးတွေနဲ့ အလွယ်တကူသွားနေကြတဲ့ Hoek van Holland   ဆိပ်ကမ်း သဲသောင်ပြင် မှာ အင်္ဂလန်ဘက်ခြမ်း Harwich ဘက်ကိုကူးဖို့ ရင်တထိပ်ထိပ်နဲ့ သင်္ဘောအလာစောင့်နေကြတဲ့ အဲဒီခေတ် ဂျူးခလေး ငယ်လေးတွေရဲ့ မျက်လုံးအိမ်တွေထဲမှာတော့ အခုလို သာယာအေးချမ်းတဲ့ ငွေရောင်သဲသောင်ပြင်ကျယ်ကြီးကို တွေ့မြင် နိုင်ကြမယ် မထင်မိပါဘူး။ အဲ  ... ဒါပေမယ့် ... ဒါပေမယ့် တလုံးကတော့ မောင်ရင်ငတေ့ ထုံးစံအရ ထပ်လာပြန်ပြီပေါ့လေ။


၂၀၁၁ ခုနှစ်မှာမှ အမှတ်တရ မမ်မိုရီယယ်အဖြစ်ထုဆစ်ခဲ့တဲ့ အဲဒီအရုပ်တွေကိုကြည့်မိရင်းနဲ့ အဲဒီ ဒါပေမယ့်ကို တွေးလိုက်မိရတာပါ။ သူတို့လေးတွေဟာ နာဇီဆိုးတွေရဲ့လက်က သွေးရူး သွေးတန်းနဲ့ ပြေးလာရသူတွေပါ။ ဝတ်စားထား တာတွေရော လူဝီဗီတွန်ကဲ့သို့ အိတ်ဒီဇိုင်းတွေနဲ့ရော ပုံဖော်ထုထားတဲ့ ရုပ်တုလေးတွေကိုတွေ့ရတော့ အနှစ် ခွန်နှစ်ဆယ် ကျော်နီးပါး နောက်ကျပြီးတော့ ပြင်သစ်မြေကိုထွက်ပြေးလာတဲ့ မြန်မာ့သွင်းကုန်ထုတ်ကုန် အိတ်စပို့စ်လုပ်ငန်း ပိုင်ရှင်ကြီးဖြစ် ခဲ့သူ (အင်ကြီးနော်) မောင်ရင်ငတေရဲ့ ပါရီ ရှာလ်းဒဂိုလ်းလေဆိပ်အဝင်နေ့က ဝတ်လာခဲ့တဲ့ တိုင်နဲ့ကုတ် အနောက်တိုင်း ဝတ်စုံရယ် ကြောင်လျှာသီးနဲ့ အတက်ချီချီးပုံးကြီးရယ်ကို သတိတရ နောက်ကြောင်းပြန်လို့ တွေးတောမိလိုက်ရပါတဲ့ ... ဒါပေမယ့် ဆိုတာကြီးကိုပါခင်ဗျား။ လူချင်းမတူတော့လည်း ကံဆိုးတာချင်းက ဘယ်လို တူနိုင်ပါ့မလဲလေ။

(1031) The End of the Rhine at Hoek van Holland (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ့အတွက် ဟော်လန်ကော်နာနဲ့ပတ်သက်လို့ အမှတ်တရတခုကို တွေ့ရှိခဲ့ပါသေးတယ်။ မြောက်ပင်လယ်ဝအနီး ကမ်းနဖူးတနေရာမှာတော့ မောင်ရင်ငတေ လိုက်လံရှာဖွေနေတဲ့ဆိုင်းဘုတ်တခုကို မမျှော်လင့်ပါဘဲ ဝမ်းသာအားရ တွေ့ရှိခဲ့ တာကိုပါ။ 1031 ဆိုတဲ့ ဘာမှမဟုတ်တဲ့ အဖြူအမည်း ဆိုင်းဘုတ်တခုပါ။ The End of the Rhine at Hoek van Holland ဆိုတဲ့ ရိုင်းမြစ်ရဲ့အဆုံးနိဂုံး မိုင် တိုင်အမှတ် (ကီလိုမီတာအမှတ် ၁၀၃၁) ဆိုင်းဘုတ်ကလေးပါ။ အမှန်တကယ်တော့ အဲဒီ ဆိုင်းဘုတ်မှာရေးထားတဲ့ 1031 ဆိုတာက ရိုင်းမြစ်ရဲ့ အရှည်စစ်စစ် မဟုတ်ပါဘူး။ ပြင်သစ် ဂျာမဏီနဲ့ ဆွစ်တို့ဆုံရာ Basel မြို့က မြောက်ဘက်သို့ ပြောင်းပြန်စီးဆင်းလာတဲ့ ရိုင်းမြစ်ကြောင်းအရှည်ကို ဖော်ပြတဲ့ မိုင်တိုင်အမှတ်အသားသာပါ။ တကယ်တကယ်ကတော့ ရိုင်းမြစ်အရှည်က မြစ်ဖျားခံရာ ဆွစ်အဲလ် တောင်တန်းတွေပေါ်က စပြီးတိုင်းမယ်ဆိုရင်တော့ ၁၂၃၃ ကီလိုမီတာ ရှည်လျှားတာပါ။

ဘယ်လိုဖြစ်ဖြစ်ပါ။ မောင်ရင်ငတေ ရောက်ရှိခဲ့ဖူးတဲ့ ရိုင်းမြစ်စီးဆင်းရာ ဒေသတလျှောက်မှာ အဲဒီလို ဆိုင်းဘုတ်လေးတွေကို အမြဲတစေတွေ့ရှိ မှတ်တမ်းတင်ဖူးတာမို့ ဟော်လန်ကော်နာ အမှတ်တရမှာ ထည့်သွင်းမှတ်တမ်းတင်လိုက်ရကြောင်းပါ။

တကယ်တမ်းဆိုရရင်တော့ ဟော်လန်ကော်နာဆိုတဲ့ ဒီဒေသကြီးကို ရိုင်း မြစ်ဝကျွန်းပေါ်ဒေသကြီးလို့ ခေါ်ဆိုကြမယ် ဆိုလာ ခဲ့ရင်လည်း မမှားပေပါဘူး။ ဧရာဝတီ မြစ်ဝကျွန်းပေါ်သားတယောက် ရိုင်းမြစ်ဝကျွန်းပေါ်ကို အလည်တခေါက်မက ရောက်ခဲ့ ပါတယ်ဆိုတာကိုလည်း ဘယ်သူ သမိုင်းတင်တင် မတင်တင် မောင်ရင်ငတေကိုယ်တိုင် ကိုယ့်သမိုင်းကိုယ်တင်ခဲ့တယ် ဆို လာရင်လည်း မငြင်းပါဘူး။ ကိုယ်တိုင်ရေးထိုးတင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဟော်လန်ကော်နာမှသည် အမ်စတာဒမ်သို့သွားတဲ့ ရထားခရီးရေးနေတာမှာ ရထားပေါ်မရောက်ခင် Hoek van Holland ဟော်လန်ကော်နာအကြောင်းမှာတင် ပေရှည်နေတာမို့လို့   ဟော်လန်ကော်နာမှသည် … ကို .… ဒီနေရာမှာတင် ပထမပိုင်း အဖြစ် ရပ်နားလိုက်ရပါတယ်။ ဒုတိယပိုင်း ဟော်လန်ကော်နာမှသည် အမ်စတာဒမ်သို့ကို ဆက်လက်ရေးသားပါဦးမယ်။

ဟော်လန်ကော်နာ Hoek van Holland (ဓါတ်ပုံ မရငတ)

ဟော်လန်ကော်နာမှသည် အမ်စတာဒမ် (၁) ခရီးမှတ်တမ်းပုံရိပ်များကို ဒီနေရာမှာ ခေတ္တခဏရပ်နားပြီး ဟော်လန်ကော်နာ မှသည် အမ်စတာဒမ်သို့ အပိုင်း (၂) ကို မကြာခင် ဆက်လက်လို့ ရေးသားပါမယ်။

ကျေးဇူးအထူးတင်လျှက်
မောင်ရင်ငတေ ၂၁၀၄၂၀၁၆