မိုး​ကျော်​ဇင် - ထိုင်​ခုံကိစ္စ

Artist - Than Htay Maung


မိုး​ကျော်​ဇင် - ထိုင်​ခုံကိစ္စ
(မိုးမခ) မေ ၅၊ ၂၀၁၆
( ၁ )


" ထိုင်​ခုံမရရင်​ ပြန်​ခဲ့​နော်​ " ဟု ဇနီးသည်​က တံခါးဖွင့်​​ပေးရင်း​မှာသည်​။ " မရ မရှိပါဘူးကွာ " ဟု ကျွန်​​တော်​က ခပ်​ညည်းညည်းတုံ့ပြန်​ကာ ထွက်​လာခဲ့သည်​။

အိပ်​​မောကျ​နေ​သော မြို့ထဲ တိ​တ်​ဆိတ်​ခြင်းဧ၊၊်​အသံကို ထင်​ထင်​ရှားရှား ကြား​နေရသည်​။ လမ်း​ပေါ်မှာ အ​အေးဓာတ်​က စိမ့်​ခနဲ ​ပြေးဝင်​လာ၏​။ ဂျာကင်​အင်္ကျီဇစ်​ကို လည်​ပင်းအထိ ဆွဲတင်​လိုက်​ရသည်​။ ညဦးကရွာထား​သောမိုး​ကြောင့်​ ကတ္တရာလမ်း​ပေါ် ​ရေကွက်​​တွေ ဟိုတစကွက်​သည်​တ​ကွက်​။ လမ်းမီး​ရောင်​​ကြောင့်​ လမ်းအနားသတ်​မြက်​ပင်​ဖျားလေး​တွေမှာ စိန်​ပွင့်​​လေး​တွေက တွဲရရွဲ ခိုစီး​နေ။ လမ်းထိပ်​အ​ရောက်​ ထရန်​စ​ဖော်​မာနား ကင်းတဲပု​လေး​ထဲလူတယောက်​က ဒူးနှင့်​​မေး​စေ့ ထိလုနီး​အောင်​ ​ကွေး​နေသည်​။ ကင်းတဲ​ ဘေး စည်​ပင်​အမှိုက်​ကန်​က အနံ့တ​ထောင်း​ထောင်း။

သည်​လူ ဘယ်​လိုများ အိပ်​​ပျော်​​နေနိုင်​ပါလိမ့်​။ အင်း​လေ..​နေရာတခုအတွက်​ ဘဝမှာ ​ရွေးချယ်​ခွင့်​ သိပ်​ရှိကြတာမှမဟုတ်​ဘဲ။

နေရာအ​ကြောင်း ​ခေါင်းထဲ​ရောက်​လာသည်​နှင့်​ " ထိုင်​ခုံကိစ္စ" ကပါ တဆက်​တည်း အ​တွေး ဝင်​လာသည်​။ ကြိုတင်​မှာထားခြင်းမရှိဘဲ ရထားတစီး​ပေါ်မှာ ထိုင်​ခုံတခုံရရန်​ ​သေချာခြင်းရာခိုင်​နှုန်း ဘယ်​​လောက်​ရှိ​နေမှာလဲ။ အိမ်​ကထွက်​လာစဉ်​က​တော့ ဇနီးကိုမခံချင်​စိတ်​နှင့်​ ရာနှုန်းပြည့်​​သေချာသ​ယောင်​​ယောင်​ တုန့်​ပြန်​ခဲ့သည်​။ ကြိုတင်​မှာထားခြင်းမရှိဘဲ ထိုင်​ခုံလက်​မှတ်​ရနိုင်​သည့်​နည်းလမ်း​တွေ မရှိ​ဘူးတော့မဟုတ်​​သေး။ သို့​သော်​ အ​ကြောင်းတရား​တွေ တိုက်​ဆိုင်​ရန်​လို​သေးသည်​မဟုတ်​လား။ ထိုအ​ကြောင်းတရား​တွေ၏။ တိုက်​ဆိုင်​ခြင်းကိုမူ အမြဲလိုလိုကြုံ​တွေ့ခဲ့ပြီးသားမို့ သည်​မနက်​မှာလည်း အ​ကြောင်းတရားတွေ တိုက်​ဆိုင်​လိမ့်​ဦးမည်​ဟူ​သော ​မျှော်​လင့်​ချက်​က ကြိုးပြတ်​လုလု ​ရေငင်​ပုံး​လေး ဆွဲတင်​ ​နေရသည်​နှင့်​ တူသည်​။


( ၂ )


မိနစ်​အနည်းငယ်​ ​လျှောက်​မိသည်​နှင့်​ ဘူတာ​လေး​လှေကားကို ကျွန်​​တော်​ တက်​​နေမိပြီ။ ဘူတာ​လေးက ဘူတာရုံနှင့်​မတူ။ ဓမ္မာရုံတစ်​ခုလို တိတ်​ဆိတ်​​နေသည်​။ ဘူတာစင်္ကြံပေါ်မှ ခုံတန်း​တွေ မှာ လူ​တွေရှိ​နေကြ​သော်​လည်း လဲ​​လျောင်းအိပ်​​နေကြသူ၊ ထိုင်​လျက်​ငိုက်​မြည်းကြသူများဖြင့်​ ပြည့်​​နေ သည်​။ စင်္ကြံတဖက်​စွန်းနားမှာ ဝါးပက်​လက်​ကုလားထိုင်​အကြီးစားကြီး​ပေါ် လူတယောက်​ စိတ်​ချလက်​ချ အိပ်​​မောကျ​နေသည်​။ ဘူတာရုံးခန်းကျဉ်းကျဉ်း​လေးထဲမှ စကား​ပြောစက်​သံ တဂျစ်​ဂျစ်​တရှဲရှဲသာ အသက်​ဝင်​​နေ၏​။

ဘူတာ​ပေါ်ရောက်​​ရောက်​ချင်း ကျွန်​​တော်​ အ​ရေးတကြီးစူးစမ်းမိသည်​မှာ လက်​မှတ်​ရောင်းပြီး၊ မပြီး ဖြစ်​သည်​။ ​ဘူတာအတက်​ဈေးဆိုင်​​လေး ၂ ဆိုင်​လုံး ​ဆိုင်​ရှင်​​ပျောက်​​နေ၏။ စာပို့ရထား လာ​စောင့်​​နေသည့်​ စာပို့လုလင်​အိုကြီးက စာအိတ်​ထုတ်​ကြီးပိုက်​၍ အရသာခံငိုက်​​နေသည်​။ လက်​မှတ်​​ရောင်း အ​ပေါက်​ငယ်​​လေးက​တော့ ပိတ်​ထားဆဲ။ ဘူတာရုံးခန်း​ရှေ့မှ လှမ်းကဲကြည့်​​တော့ ဒရင်းဘတ်​​ပေါ် အိပ်​မက်​ မက်​​နေပုံရသည့်​ရုံပိုင်​​လေးကို ​တွေ့လိုက်​ ရသည်​။ သည်​အ​ခြေအ​နေ​တွေက လတ်​မှတ်​မ​ရောင်းရ​သေး၊ ရထား​ဝေး​သေးသည်​ဟူ​သောအ​ဖြေကို ​ပေး​နေကြသည်​။

ဘူတာရုံးခန်း ​နောက်​ဘက်​အခန်းတန်းလျား​ပေါ်မှာ လဲ​လျောင်း​နေသည့်​ အပြာ​ရောင်​ယူနီ​ဖောင်း ၏တပိုင်းတစ လှမ်း​တွေ့သည်​။ ​ဘောင်းဘီရှည်​ ခပ်​ပွပွမှ ညိုညစ်​ညစ်​ ​ခြေ​ထောက်​တချောင်း ထိုးထွက်​​နေ၏​။ ဒါ တရုတ်​ကြီး​ခြေ​ထောက်​ဖြစ်​မည်​။ သည်​လိုဆို ထိုင်​ခုံရရန်​ အ​ကြောင်းတရားတခု ကျွန်​​တော့်​ ဘက်​မှာ အရန်​ရှိ​နေသည်​ပဲ။ နာရီကြည့်​​တော့ မနက်​ ၂ နာရီ ခွဲစွန်းစ။ အချိန်​လိုဦးမည်​။ ကျောပိုးအိတ်​ကို ပခုံး​ပြောင်းလွယ်​ရင်း တင်​ပါးတကွက်​စာ ထိုင်​ခုံ​နေရာလွတ်​ လိုက်​ရှာရသည်​။

လူ ​လေးငါး​ယောက်​ မျှမျှတတထိုင်​နိုင်​သည့်​ ခုံရှည်​​တွေဖြစ်​​သော်​လည်း တင်​ထားသည့်​ အထုပ်​အပိုး​တွေ၊ လဲ​လျောင်း​နေ​သောခန္ဓာကိုယ်​​တွေ​ကြောင့်​ ခုံ​တွေ ပြည့်​​နေသည်​။ စင်္ကြံ​မြောက်​ဖက်​ထိပ်​ကို ဆက်​​လျှောက်​ကြည့်​သည်​။ အနည်းငယ်​မီး​ရောင်​မှိန်​သည့်​ အစွန်းဘက်​ကျကျ ခုံရှည်​တခုမှာ လဲ​လျောင်း​နေ​သော ​စောင်​ကျားတထည်​။ ထိုခုံရှည်​​အောက်​ စင်္ကြံသံမံတလင်း​ပေါ်မှာ​တော့ လူယဉ်​​ကျေးအဖွဲ့အစည်းကြီးမှ ဖိတ်​ကျလွင့်​စင်​လာပုံရသည့်​က​လေးနှစ်​​ယောက်​။

သူတို့​လေး​တွေ​အောက်​မှာ အနားစုတ်​ပိုက်​ဖျာ​ဟောင်းတချပ်​။ က​လေး​တွေအ​ပေါ် ​စောင်​​ဟောင်းတထည်​ရှိ​နေ​သော်​လည်း အပြန့်​လိုက်​လုံခြုံမှုမ​ပေးနိုင်​​တော့။ လူးလှိမ့်​ရင်း နယ်​ကျွံခဲ့ပုံရသည့်​ ၄ နှစ်​သား​လေးဧ၊၊်​ လက်​​မောင်းတဖက်​က သံမံတလင်း​ပေါ် ​အစွန်းထွက်​​နေသည်​။ ခုံရှည်​​ပေါ်မှ ​စောင်​​ကွေး​ကွေးသည်​ သူတို့မိခင်​ဖြစ်​လိမ့်​မည်​။ ခုံရှည်​​ခြေရင်းမှာ မီးဖို​ချောင်​တခုစာ အကျဉ်းဆုံးထိုးသိပ်​ထည့်​ထားသည့်​လက်​ဆွဲခြင်းတလုံးက ​​မောက်​လျှံလျက်​။

ဆောင်းဦး​လေနှင့်​ မိုးအ​ငွေ့သက်​တို့ ဘူတာစင်္ကြံ​လေးထဲ အ​ပြေးပြိုင်​ဝင်​လာကြသည်​။ ခုံရှည်​​ပေါ်မှ စောင်​​ကွေးသည်​ တချက်​တွန့်​​ကွေးလိုက်​ပြီး ညည်းသံသဲ့သဲ့ ထွက်​လာသည်​။ သူတို့ ဘာရထား ကိုစီး၍ ဘယ်​အရပ်​ကိုသွားကြမည်​ မသိ။ သူတို့စီးမည့်​ရထား​ပေါ်မှာ သူတို့အတွက်​ ထိုင်​ခုံ​တွေရှိ​နေပါ့ မလား။ ​ဆောင်းမသည်းထန်​မီ သူတို့​လေး​တွေအတွက်​ ​နွေး ထွေးခြင်းရထားတစီး​လောက်​ လွှတ်​​ပေး​တော်​မူရန်​ ဘုရားသခင်​ထံတောင်းဆိုချင်​မိသည်​။

ဘူတာ​ရှေ့ သံလမ်းတဖက်​ ​အ​မှောင်​ထဲမှ ဆူဆူညံညံအသံများ​ကြောင့်​ လှမ်းကြည့်​လိုက်​သည်​။ သံလမ်း​တွေကို ​ကျော်​ဖြတ်​လာသည့်​လူ​တွေ။ နှစ်​​ယောက်​၊ သုံး​ယောက်​။ ဟင်​ …ဆယ်​​ယောက်​​တော့ အနည်းဆုံးရှိမည်​။ သူတို့သယ်​​ဆောင်​လာသည့်​အထုပ်​အပိုး​တွေက အမျိုးအစားစုံသည်​။ ​​​ကောက်​ညှင်း ထုပ်​​တွေလို ​ဖောင်းကားအစ်​​နေကြ​သော ​ကျောပိုးအိတ်​​တွေလည်း ပါသည်​။ နှီးပင်​ဖြင့်​ စုစည်းထား​သော ပီနန်​အိတ်​​တွေ၊ ပြီး​တော့ ​မောက်​လျှံ​နေသည့်​ လက်​ဆွဲခြင်း​တွေ။ မိန်းမ​တွေ​ရော ​ယောက်ျား​တွေပါ ပါသည်​။

သူတို့နှင့်​အတူ ပါလာသည့်​ရယ်​​မောသံ​တွေ၊ တွန်းထိုးစကား​ပြောဟန်​​တွေ​ကြောင့်​ ဘူတာ​လေး အနည်းငယ်​ အသက်​ဝင်​လာ၏​။ သူတို့ကြည့်​ရသည်​မှာ သာမန်​ခရီးသည်​​တွေနှင့် မတူ။ အ​ခြေခံ အလုပ်​အကိုင်​တချို့အတွက်​ မြို့ကြီးတမြို့မြို့ဆီ ​ပြောင်း​ရွှေ့သွားကြမည့်​သူ​တွေနှင့်​ တူ​နေသည်​။ ​​သူတို့​တွေထဲမှတချို့က ဘူတာရုံးခန်းဆီ ပြူတစ်​ပြူတစ်​သွားကြည့်​​နေကြသည်​။ တချို့က မှတ်​ပုံတင်​ထုတ်​ဖို့ အချင်းချင်း​လော​ဆော်​သည်​။

သူတို့ကို​ငေးရင်း ကျွန်​​တော့်​စိတ်​ထဲ တချက်​ ထင့်​သွားသည်​။ သူတို့လူဦး​ရေနှင့်​ စင်္ကြံ​ပေါ် နဂို​ရောက်​​နေပြီးသားလူဦး​ရေကို ​စိတ်​မှန်း​ပေါင်းကြည့်​ကာ ကျွန်​​တော့်​ထိုင်​ခုံကိစ္စက ​ခေါင်း​ထောင်​လာပြန်၏။ ထိုင်​ခုံမရခဲ့ပါလျှင်​...။ မနက်​အချိန်​မ​တော်​ ရထားတစီး​ပေါ်၌ ထိုင်​ခုံမပါဘဲ အချိန်​ ၅ နာရီခန့်​ ဖြတ်​သန်းရမည့်​အ​ရေးသည်​ ကျွန်​​တော့်​အတွက်​ အခက်​အခဲ ဖြစ်​လာ၏။

ကျွန်​​တော့်​​ခြေ​ထောက်​​တွေက သူတို့ ပြူတစ်​ပြူတစ်​လုပ်​​နေကြည့်​ ဘူတာရုံးခန်းဝဆီ အလိုလို ​လျှောက်​မိသွားသည်​။ ​ခေါက်​ပိုက်​ဆံအိတ်​ထဲက မှတ်​ပုံတင်​နှင့်​အတူ လက်​မှတ်​တစောင်​ဧ၊၊်​ ပုံမှန်​တန်​ဖိုးထက်​ပို​သော ​ငွေစက္ကူတချို့ကို ထုတ်​ယူလိုက်​၏။ ပြီးသည်​နှင့်​ " လက်​မှတ်​​ရောင်းပြီ " ဟု ​အော်​လိုက်​သည်​နှင့်​ တန်းခနဲဝယ်​နိုင်​​အောင်​ လက်​ထဲအသင့်​ ပြင်​ကိုင်​ထားလိုက်​သည်​။ ရုံပိုင်​​လေးက မလှုပ်​​သေး။ စကား​ပြောစက်​သံက တရှဲရှဲ။ တရုတ်​ကြီးခြေ​ထောက်​တချောင်းကလည်း အရင်​အတိုင်း။

ယောင်​လည်​လည်​နှင့်​ စင်္ကြံတံစက်​မြိတ်​​အောက်​နား သွားရပ်​​နေမိသည်​။ ​ကျောပိုးအိတ်​ကို ရင်​ဘက်​​ရှေ့ပိုက်​ရင်း ​ဆောင့်​​ကြောင့်​ထိုင်​ချလိုက်​၏။ ဂိမ်းတခုခုနှင့်​ အချိန်​ဖြုန်းရန်​ ဖုန်းကိုထုတ်​လိုက်​သည့်​အခါ ဇနီးသည်​ဖုန်းက တန်းဝင်​လာသည်​။

" ခုံရလား .."

ကျွန်​​တော်​ ဘာပြန်​​ဖြေရမှန်းမသိ။ စကားလုံးလှ​အောင်​ စဉ်းစား​နေသည်​။

" ခုံမရရင်​လည်း ​ပြန်​လာခဲ့​လေ၊ မနက်​လင်းမှ ကားနဲ့သွား​ပေါ့ "

" အင်းပါကွာ၊ အဆင်​​ပြေမှာပါ၊ စီး​နေကျဟာကို၊ ခုဟာက လက်​မှတ်​မ​ရောင်း​သေး လို့ပါ .."

ကျွန်​​တော်​ ကိုယ့်​​မ​သေချာမှုကို မ​သေချာမှု​တွေနှင့်​ပင်​ အတင်းဖာ​ထေးရပြန်​သည်​။ အချိန်​မ​တော်​ အထကြီး ထ၊ အလာကြီးလာပြီးမှ ​ခေါင်းငုံ့ပြန်​ဝင်​ရမည်​ကို မလိုချင်​။

တကယ်​​တော့ သည်​ခရီးစဉ်​နှင့်​ပတ်​သက်​၍ မ​နေ့ညဦးကပင်​ ဇနီးသည်​နှင့်​ စကားအ​ခြေ အတင်​ ​ပြောခဲ့ရသည်​။ မ​နေ့က ရန်​ကုန်​သွားမည်​ဆို​တော့ ဇနီးက မနက်​ ၆ နာရီ ကားဖြင့်​သွားရန်​ ​ပြောသည်​။ ထိုအစီအစဉ်​မှာ အရင်​အကြိမ်​များကလည်း ကျွန်​​တော်​ လုပ်​ဖူး​နေကျ၊ သွား​နေကျပင်​။ သို့​သော်​ ရန်​ကုန်​အောင်​မင်္ဂလာအ​ဝေး​ပြေးကို မနက်​ ၉ နာရီဝန်းကျင်​ရောက်​၊ တစ်​​ထောင်​တန်​ ကားစီး လျှင်​ ဆူး​လေကို ၁၀ နာရီခွဲ​လောက်​ ​ရောက်​မည်​။ လှည်းတန်း၊ သိမ်​ကြီး​ဈေး၊ ​ရွှေဘုံသာလမ်း စသည်​တို့ကိုလှည့်​ပတ်​​ပြေးပြီး၍ ၃၈ လမ်းမှာ ထမင်းစားပြီးလျှင်​ ဆူး​လေဆင်းပြီး တစ်ထောင်​တန်​ကား ပြန်​​စောင့်​ရန်​သာ ရှိ​တော့သည်​။ မဂ္ဂဇင်းတိုက်​​တွေ၊ စာအုပ်​ဆိုင်​​တွေနှင့်​ စာ​ပေလက်​ဖက်​ရည်​စားပွဲ​လေး​တွေဆီသွား​ရောက်​ရန်​ အချိန်​လက်​ကျန်​မရှိ​တော့။ လူလည်း နုံး​ခွေ​နေပြီ။ သည်​​တော့ ကျွန်​​တော့်​အ​နေ ဖြင့်​ မနက်​ ၆ နာရီ အ​ဝေး​ပြေးကားကို ငြင်းဆန်​​နေရခြင်းဖြစ်​သည်​။

မနက်​ ၃ နာရီရထားဆို​တော့ သူမဘက်​ကလည်း ​ခေါင်းခါသည်​။ ည အချိန်​မ​တော်​ထရခြင်း၊ ထိုင်​ခုံကြိုမှာမထားရခြင်းတို့​ကြောင့်​ ခရီးတ​လျှောက်​ ကသီလင်​တနိုင်​မည်​ကို စိုးရိမ်​​ပေးပုံရသည်​။ သို့​သော်​ ကျွန်​​တော်​က ရထားစီးခြင်းဖြင့်​ ရန်​ကုန်​တွင်​ နာရီအနည်းငယ်​ပို​နေရမည်​ကိုသာ ​မျှော်​လင့် ထားသည်​။


( ၃ )


" ရန်​ကုန်​ ..ရန်​ကုန်​ ...လက်​မှတ်​​ရောင်းမယ်​ "

ကျွန်​​တော်​ ဝုန်းခနဲ ထရပ်​လိုက်​မိသည်​။ လက်​ထဲမှ ပိုက်​ဆံနှင့်​ မှတ်​ပုံတင်​ကို ​သေချာပြင်​ကိုင်​သည်​။ လူ​တွေက ဘူတာရုံးခန်းထဲ စုပြုံတိုး​ဝှေ့သွားကြ၏။ အနည်းငယ်​​သော လူ​တွေသာ ပုံမှန်​လက်​မှတ်​​ရောင်းအ​ပေါက်​​လေးဆီ သွားရပ်​​စောင့်​​နေကြ၏။ ကျွန်​​တော်​က ဘူတာရုံးခန်းထဲ စုပြုံတိုးဝင်​သွားသူ​တွေထဲ ​ရော​ထွေးပစ်​လိုက်​သည်​။ သည်​မြို့အတွက်​ ခွဲတမ်းရသည့်​ ထိုင်​ခုံအ​ရေအတွက်​ထက်​ ခရီးသည်​ဦး​ရေက အဆမတန်​။

ရုံပိုင်​​လေးက စာရင်းစာအုပ်​ကြီးဖွင့်​၊ ထိုင်​ခုံဇယားကွက်​ကိုဖြန့်​ပြီး မှတ်​ပုံတင်​​တွေ၊ သက်​​သေခံ လက်​မှတ်​​တွေ၊ ​ငွေစက္ကူ​တွေ၊ လက်​မှတ်​​တွေနှင့်​ အလုပ်​​တွေရှုပ်​​နေသည်​။ လက်​မှတ်​​တွေ​ပေါ် တံဆိပ်​တုံး ထုသံတဒုန်းဒုန်းကြားတိုင်း ကျွန်​​တော်​ လှမ်းလှမ်း ကဲကြည့်​ဖြစ်​သည်​။ သူတို့​တွေ ခုံရကြရဲ့လား။ ငါ့အလှည့်​ဆိုရင်​​ရော..။ တကယ်​ဆို သိပ်​​တော့ပူစရာမရှိ။ ကိုယ်​က ရထားခရီးစဉ်​များနှင့်​ မကြာမကြာ ထိ​တွေ့​နေကျ။ ရိုးရိုးတန်းမရလျှင်​ အထက်​တန်းတွဲ ရနိုင်​​သေးသည်​။ သည်​ဘူတာခွဲတမ်းမရှိ​တော့လျှင်​​တောင်​မှ တခြားဘူတာ​တွေမှ ထိုင်​ခုံလက်​ကျန်​​တွေ လှမ်း​တောင်း​ပေးတတ်​မြဲ။

ကျွန်​​တော့်​​ရှေ့မှလူအလှည့်​မှာ ​သေချာစိုက်​ကြည့်​မိသည်​။ ရုံပိုင်​​လေးက လက်​မှတ်​ပြား​လေး​ပေါ် မှတ်​ပုံတင်​နံပါတ်​​ကူး​ရေး၊ ပြီးသည်​နှင့်​ တံဆိပ်​တုံးကို အားရပါးရထုနှိပ်​​ပေးလိုက်​သည်​။ ထိုင်​ခုံမဲ့ ..။ ဗု​ဒ္ဓေါ။ ထိုလူက​တော့ ဘာစကားတခွန်းမျှပြန်​မ​ပြောဘဲ သူ့လက်​မှတ်​သူယူ၍ ထွက်​သွားသည်​။ ကျွန်​​တော်​ သူ့လိုနှုတ်​ပိတ်​​နေ၍မဖြစ်​။

ရုံပိုင်​​လေးက ကျွန်​​တော့်​မှတ်​ပုံတင်​ယူ၍ လက်​မှတ်​ပြား​ပေါ် နံပါတ်​ကူး​ရေး​နေရင်း ..။

" ကြိုမှာထားလား "

" မမှာထားလိုက်​ရဘူးဗျ ..အဲ့ဒါ .."

ကျွန်​​တော့်​စကား မဆုံးလိုက်​၊ ရုံပိုင်​​လေးဧ၊၊်​ တံဆိပ်​တုံးက ဒုန်းခနဲ မြည်​ပြီးသွား၏။ " ထိုင်​ခုံမဲ့ ...။ ကျွန်​​တော့်​ရင်​ထဲ ဒိန်​ခနဲ ဆောင့်​တက်​သွားသည်​။

" ဟာ ဟို အပ်​ပါးတွဲမရ​တော့ဘူးလား "

ရုံပိုင်​​လေးက ကွမ်းငုံရင်း ​ခေါင်းရမ်းပြသည်​။ ​နောက်​တယောက်​ဟု ဗလုံးဗ​ထွေး ​အော်​သည်​။ ထိုင်​ခုံမဲ့ဟု ထင်းထင်းကြီးရိုက်​ထားသည့်​လက်​မှတ်​​လေးကိုကိုင်​ရင်း ဘူတာ ရုံးခန်းထဲမှ ငူငူ​ငေါင်​​ငေါင်​ ပြန်​ထွက်​လာရသည်​။ တဆက်​တည်း တရုတ်​ကြီးကို သွားသတိရသည်​။ ​ရေပိုက်​​ခေါင်းတခုမှာ မျက်​နှာ သစ်​လာပုံရသည့်​တရုတ်​ကြီးက စင်္ကြံအတိုင်း ​လျှောက်​လာ​နေသည်​။

" တရုတ်​ကြီး လုပ်​စမ်းပါဦးကွာ၊ ခုံတခုံ​လောက်​.."

ကျွန်​​တော်​က မှတ်​ပုံတင်​၊ လက်​မှတ်​နှင့်​ ​ငွေစက္ကူတချို့ကိုထိုး​ပေးရင်း အကျိုးအ​ကြောင်းရှင်းပြ သည်​။ တရုတ်​ကြီးက ​ခေါင်းချက်​ ကုတ်​သည်​။

" သိပ်​​တော့ မ​သေချာဘူးဗျ၊ ​အေး​လေ ကျွန်​​တော်​ ကြိုးစားကြည့်​​ပေးမယ်​၊ ရတော့လည်း အမြတ်​​ပေါ့ဗျာ .."

ကျွန်​​တော်​က လွတ်​သွား​သောခုံရှည်​တခုတွင်​ဝင်​ထိုင်​ရင်း တရုတ်​ကြီးကို လှမ်းမြင်​နိုင်မည့်​ ကိုယ်​​နေဟန်​ထားကို ပြုပြင်​ထားသည်​။ ရုံးခန်းထဲမှာ လူ​တွေ စုပြုံ​နေဆဲ။ တရုတ်​ကြီးက လူ​တွေကြား ​ပိုင်​စိုးပိုင်​နင်း တိုးဝင်​သွားပြီး သူ့ဆရာသမား​ဘေးကပ်​လျက်​ တ​စုံတခုပြော​နေသည်​။ သူ့ဆရာက ​ခေါင်း ရမ်းပြလိုက်​၊ စားပွဲ​ပေါ် လက်​ညှိုး​ ​ထောက်​ပြလိုက်​ လုပ်​​​နေသည်​။ ခဏကြာ​တော့ တရုတ်​ကြီး ပြန်​ထွက်​လာ၏။ ​ခေါင်းခါပြသည်​။ ​ကျွန်​​တော်​​ပေးထားသည့်​အရာ​တွေကို ပြန်​လာ​ပေးသည်​။

" တ​ခု​တော့ ရှိတယ်​ဗျ၊ ရထား​ပေါ်​ရောက်​ရင်​ တွဲထိန်းနဲ့ ညှိကြည့်​ဦး​ပေါ့၊ ရပါတယ်​ဗျာ၊ အပ်​ပါးတွဲ​တွေဆို ​ချောင်​ချိလို့ .."

တရုတ်​ကြီး ပြောသွားသည်​ကို ကျွန်​​တော်​ နားလည်​သည်​။ အသုံးလည်း ချဖူး၏။ သို့​သော်​ တခါတရံ ကို​ရွှေတွဲထိန်း​တွေနှင့်​​တွေ့ရန်​ သိပ်​မလွယ်​။ ဘာဖြစ်​ဖြစ်​​လေ၊ ဆုံးဖြတ်​ပြီး ထွက်​လာခဲ့ပြီးပြီပဲ။ ပြီး​တော့ ထိုင်​ခုံမဲ့ခရီးသည်​။ ကျွန်​​တော့်​အတွက်​ အဆန်းမှမဟုတ်​ဘဲ။ ပြည့်​ညပ်​သပ်​​နေ​သော ရထားတွဲ ၏အဆင်းအတက်​တံခါးဝမှာ၊ သူတပါးခုံ လက်​တန်း​ပေါ်မှာ၊ ​လျှောက်​လမ်းကြမ်းပြင်​မှာ၊ အိမ်​သာ တံခါးဝမှာ ကြုံသလိုထိုင်​ရင်း ကျွန်​​တော်​ဖြတ်​သန်းခဲ့ဖူးပြီပဲ။ ကံကြမ္မာအချိုးအ​ကွေ့၌ထိုင်​ခုံနှင့်​ ခရီးသွားရ​သော အ​ခြေအ​နေတခုကို ရယူပိုင်​ဆိုင်​ခဲ့သည်​မှာ နှစ်​အတန်​ကြာပြီးမှ အခုလို ပြန်​ရင်​ဆိုင်​ရသည့်​ ထိုင်​ခုံမဲ့အ​ခြေအ​နေကို ကျွန်​​တော်​ ဘာ​ကြောင့်​စိုး​ကြောက်​​နေပါလိမ့်​။

ခဏအကြာ ရထားက ​မှောင်​ကြီးမဲကြီးထဲဝင်​လာသည်​။ ထုံးစံအတိုင်း သည်​ဘူတာအတွက်​ သတ်​မှတ်​တွဲက ​စင်္ကြံ​တောင်​ဘက်​ကို ကိုက်​​ပေါင်းများစွာ​ကျော်​လွန်​သွားသည်​။ ကျွန်​​တော်​လည်း တခြားသူ​တွေနှင့်​ရော​နှောကာ မြက်​ပင်​​တွေ၊ ​ကျောက်​စရစ်​ခဲ​တွေနှင့်​ သံလမ်း​တွေကို ​မှောင်​​မှောင်​မည်းမည်းထဲ ​တိုးဝင်​နင်းဖြတ်​​ပြေးလွှားသွားသည်​။ ရထား​ဘေးကပ်​မိသည်​နှင့်​ ပထမဆုံး တရုတ်​ကြီး​အကြံအတိုင်း အထက်​တန်းတွဲ​တွေကို လိုက်​ရှာသည်​။ ရှာကာမှ အထက်​တန်းတွဲ​တွေက ​တော်​​တော်​နှင့်​ မ​တွေ့။ ဟန်းဆက်​မှ ဓာတ်​မီးပွင့်​​လေး ဝင့်​ကာဝင့်​ကာနှင့်​ရှာရင်း အထက်​တန်းတတွဲ သွား​တွေ့ သည်​။ သို့​သော်​ တံခါးက တင်းတင်း​စေ့ပိတ်​ထားသည်​။ အနီးနားပြတင်း​ပေါက်​​တွေကို လှမ်းကဲကြည့် သည်​။ အိပ်​​မောကျ​နေသည်​လား၊ အိပ်​​မောကျဟန်​​ဆောင်​​နေသည်​လားမသိ။ အသံပြု​နေသည်​ကို လှည့်​ကြည့်​ ​ဖော်​မရ။

ရထား​ပေါ်​ရောက်​ရန်​ အချိန်​သိပ်​မ​ပေးနိုင်​။ ရပ်သည်​က တစ်​မိနစ်​ပိုပိုမျှသာ။ သည်​ ဘူတာ ခရီးသည်​​တွေ စုပြုံတိုး​နေကြသည့်​ ရိုးရိုးတန်းတွဲဆီ ပြန်​​ပြေးရပြန်​သည်​။ ပြီးမှ တွဲထိန်းရှာရင်း အကူအညီ တောင်းကြည့်​ရမည်​။ တိုးရင်း​ဝှေ့ရင်း တွဲ​ပေါ်​ရောက်​​တော့ ​ခြေ​ထောက်​ ဘယ်​​နေရာချရမှန်း မသိ။ တင်​ပါးတနေရာစာဆို ဆက်​​တွေးရန်​မလို​တော့။ ခုံလက်​တန်းလွတ်​ တနေရာရာ​တွေ့နိုး၊ ​လျှောက်​လမ်းလွတ်​တ​​နေရာစာရနိုးဖြင့်​ တိုး​ဝှေ့​လျှောက်​ဝင်​ရင်း တွဲတဘက်​ထိပ်​ ​ရောက်​လာသည်​။ အိမ်​သာ တံခါးက ဟ​စေ့ဖြစ်​​နေသည်​။ ​ဘေစင်​​ရေပိုက်အဆက်​မှ ​ရေတစက်​စက်​စီးကျ​နေ​သော​ကြောင့်​ ကြမ်းပြင်​တ​ဝိုက်​ စိုရွှဲ​နေ၏​။ တံခါးဝနှစ်​ခုမှာ ​​စော​စောက ဘူတာမှာ​ ​တွေ့ခဲ့သည့်​ ​ရွှေ့ပြောင်းလုပ်​သားအုပ်​စု။ ဂျာနယ်​​တွေ ဖြန့်​ခင်းကြ၊ တယောက်​​ပေါင်​​ပေါ်တယောက်​ လှဲအိပ်​ကြ၊ ​အော်​ဟစ်​​နောက်​​ပြောင်​ကြနှင့်​ တဖွဲ့လုံး ​ယောက်​ယက်​ခတ်​ ဆူညံ​နေကြသည်​။

ကျွန်​​တော်​က အိမ်​သာ​ရှေ့ရပ်​​နေမိရင်း ​ခြေတ​စုံစာ​နေရာ၊ တင်​ပါးတ​နေရာစာ​နေရာအတွက်​ ပြဿနာ အကြီးအကျယ်​ ဖြစ်​​နေသည်​။ တွဲထိန်းလည်း ရှာမရ။ ရန်​ကုန်​​ရောက်​သည်​အထိ ပုံမှန်​ကြာချိန်​ကို အ​ပြေးအလွှား​ရေတွက်​ရင်း ကိုယ့်​ခံနိုင်​ရည်​ကို ကိုယ်​ပြန်​​မေးခွန်းထုတ်​​နေဆဲ ရထား ဥသြဆွဲသံ ကြားရသည်​။ ​ဆောင့်​ခနဲတုန်​ခါသွားပြီး ရထားဘီး​တွေက ကျွီခနဲမြည်​သံ​ပေးကာ စလှိမ့်​​လာဧ၊၊်​။

" အစ်​ကိုကြီး နည်းနည်း​လောက်​ "

ခေါင်းရွက်​​ဈေးသည်​မ​လေးတယောက်​ ​နောက်​က ​​ပြော​ပြောဆိုဆိုဖြတ်​ဝင်​သွားကာ တံခါးဝ လူ​တွေကြား ​ခြေတ​ဖက်​ထိုးသွင်းပြီး ဖုတ်​ခနဲ ခုန်​ချကျန်​ရစ်​သည်​။ ကျွန်​​တော့်​​ခြေတဖက်​လည်း တံခါးဝမှ လူ​တွေကြား တိုးဝင်​သွား၏။

" ​ဆောရီးဗျာ .."

ပါးစပ်​က အဖျားဆွတ်​​ပြောရင်း လူက ရထား​အောက်​ ခုန်​ချကျန်​ရစ်​ခဲ့လိုက်​သည်​။ ရထားကြီးက ကျွန်​​တော့်​​ဘေးမှကပ်​လျက်​ ဖြတ်​​ကျော်​သွားသည်​။ ရထားပြတင်းဝမှ တွဲ​တွေထဲမှ မြင်​ကွင်း​တွေကို တရိပ်​ရိပ်​လှမ်းမြင်​​နေရ၏​။ ထိုင်​ခုံ​တွေ​ပေါ် ဟန်​ကျပန်​ကျ ထိုင်​လိုက်သွားသူ​တွေ ရှိသကဲ့သို့ မတ်​တတ်​သမား​တွေ၊ ကြုံသလိုကိုယ်​​နေဟန်​ထား​တွေဖြင့်​ လိုက်​ပါသွားသူ​တွေလည်း ​တွေ့လိုက်​ရသည်​။ ထွက်​သွား​သောရထားကြီး၏ ​နောက်​မီး​ရောင်​နီနီကို​ငေးရင်း ကျွန်​​တော်​ ဘာ​ကြောင့်​ကျန်​ရစ်​ခဲ့ရသည်​ကို ​တွေး​နေမိသည်​။ ကိုယ့်​ကိုယ်​ကိုယ်​လည်း ပြန်​အံ့သြရသည်​။ ​ရွှေ့​ပြောင်းလုပ်​သား​တွေ​လောက်​ပင်​ ကျွန်​​တော်​ ဘာ​ကြောင့်​သတ္တိမရှိခဲ့ရသလဲ။ ထိုင်​ခုံမရရုံဖြင့်​ ခရီးစဉ်​တခုလုံး ဖျက်​သိမ်း​လောက်​ရ​အောင်​ ကျွန်​​တော်​ ​သွေး​ကြောင်​ခဲ့ပြီ။

အမှားနှင့်​အမှန်​ကို ဘယ်​ညာနှစ်​ဖက်​မှာဆုပ်​ကိုင်​ရင်း သံလမ်း​တွေ၊ ​ကျောက်​စရစ်​ခဲ​တွေ၊ မြက်​ပင်​ရှည်​​တွေကိုဖြတ်​​ကျော်​ကာ ဘူတာ​ပေါ် မျက်​နှာပူပူ ပြန်​တက်​လာခဲ့သည်​။

" ဟ အာစရိ မလိုက်​သွားဘူးလား "

နောက်​မှ မေးခွန်း​ကြောင့်​လှည့်​ကြည့်​​တော့ တရုတ်​ကြီး ဖြစ်​သည်​။ ကြိမ်​ကွင်းကို ကိုင်​ရင်း ကျွန်​​တော့်​ကို တအံ့တသြ ​မေး​နေသည်​။ ကျွန်​​တော်​ ခပ်​ယဲ့ယဲ့ ပြုံးပြလိုက်​၏။

တရုတ်​ကြီးထံမှ မည်​သည့်​တုန်​ပြန်​မှုမှထပ်​ထွက်​မလာမီ ​ခြေလှမ်း​တွေကို ခပ်​သုတ်​သုတ်​ လှမ်းရသည်​။ ဘူတာလမ်းမှအချိုးတွင်​ ​ခွေး​လေ​ခွေးလွင့်​တချို့က ကျွန်​​တော့်​ကို ဆီးကြို​လှောင်​​ပြောင်​ကြသည်​။ အိပ်​​မောကျ​နေ​သော မြို့ထဲမှာ ကျယ်​​လောင်​​သောရယ်​သံ​​တွေ ကျွန်​​တော်​ ကြား​နေရသည်​။


( ၄ )



" ဘယ်​လိုဖြစ်​လဲ ..​ပြောရဲ့သားနဲ့ .."

ဇနီးသည်​က တံခါးဖွင့်​​ပေးရင်း​ပြောသည်​။ သူမနှင့်​ မျက်​နှာချင်းမဆိုင်​ဖြစ်​​အောင်​ သတိထား​နေရ၏​။ အသံကိုမာ​ကျော​အောင်​ မာန်​ထည့်​၍ " ကားနဲ့ပဲ သွား​တော့မယ်​ကွာ " ​ပြောလိုက်​သည်​။

ထိုင်​ခုံမရ၍ ရှက်​ရွံ့​နေသည်​လား၊ ထိုင်​ခုံမရ၍ ခရီးစဉ်​တ​ခုလုံးဖျက်​သိမ်းခဲ့မိ​သော ကြောင့်​ ရှက်​ရွံ့ရသည်​လား။ ​" ထိုင်​ခုံမဲ့ " စာတန်းတံဆိပ်​ပါ ရထားလက်​မှတ်​​လေးကိုပြန်​ထုတ်​ကြည့်​ရန်​ သတ္တိမရှိ​သေးသည်​က​တော့ ​သေချာပါသည်​။ ။