လင်းခါး ● သိပ်စွာတဲ့ နှုတ်ခမ်းပါးလေးဟာ သမိုင်းအမှားတွေနဲ့ လှလွန်းသွားပြီ

 လင်းခါး ● သိပ်စွာတဲ့ နှုတ်ခမ်းပါးလေးဟာ သမိုင်းအမှားတွေနဲ့ လှလွန်းသွားပြီ
(မိုးမခ) မေ ၉၊ ၂၀၁၆

ပါရီမြို့ကြီး ကျဆုံးတော့
ငါဟာ ပေါက်တူးကို တောင်ကမ်းပါးကနေပစ်ချခဲ့
အောင်ပြီ အောင်ပြီ အောင်ပြီလို့အော်
အမှတ်စာရင်းကို စိတ်ဝင်စားနေခဲ့ပြီ

စိတ်ဓာတ်ကျနေတဲ့ လူအုပ်ထဲ
ငါဟာ ဂျော်နီလို ဝါးကားခဲ့
စာအုပ်ဆိုင်ထောင့်မှာ
ဖုန်တက်နေတဲ့
သိပ်ကောင်းတဲ့ ဘာသာပြန်ဝတ္ထုလို
ငါဟာ တကြောင်းဖတ်
တရက်စဉ်းစား
ပျင်းသနားတယ်
ဒါပေမယ့် ဖရီဒါခါလိုဆိုရင်
ငါက သူ့ရင်သားတွေကိုပဲ သိတာပါ

ဘာမှရှက်စရာမရှိဘူး
မြစ်တွေဟာ ဓမ္မတာလို
စီးဆင်းသွားတာပဲ
တောင်တွေဟာ ကမ္ဘာကြီး
လိင်စိတ်ကြွတုန်း ဖြစ်ရတာ
နိုင်ငံရေးကို ရှောင်နေရတယ်ဆိုတော့
မင်းတို့ နိုင်ငံရေးက
မင်းတို့အကြွေးရှင်လား

သူ့ရုပ်ကလေးရဲ့ အခိုက်ဓာတ်က
အရင် သူ့စကတ်သူဖုန်းနေတာကနောက်
မွန်ရိုးဟာ မိန်းမပဲ
မှတ်သားလိုက်ကြ

ငရဲကြီးရှစ်ထပ် မီးမြစ်နံဘေးလဲ
သစ္စာပန်းတွေ ပွင့်မှာပဲ
မင်း ငြင်းစမ်း
အနုပညာဟာ မားဆိုးခေါင်းကို မဖြတ်ခင်အထိ
ရှိနေသေးတာကို မင်း ငြင်းစမ်း
ပြားပြီး ဦးနှောက်အရည်တွေ
လမ်းပေါ်စီးနေတဲ့
အဲဒီခေါင်းကြီးကနေ
ခေတ်ကြီးတခု ထွက်လာတာကို
မင်းငြင်းစမ်း

ဆေးပြင်းလိပ်ကို ကိုက်ခဲ့ပြီးပြီ
ပလီပလာတွေ ပြောခဲ့ပြီးပြီ
အချစ်စစ်နဲ့လည်း တွေ့ပြီးပြီ
အချစ်ကလေးမြရဲ့ နဖူးက
အမာရွတ်ကလေးကိုလည်း
မက်မက်စက်စက် နမ်းခဲ့ပြီးပြီ
နိုင်ငံရေးကို
ထည့်ရေးရမယ်ဆိုတော့
ဆိုဗီယက်ယူနီယံလည်း ပြိုကွဲပြီးပြီ
ဘာလင်တံတိုင်းလည်း ပြိုခဲ့ပြီးပြီ
စစ်မုန်းသူ ပြည်သူတယောက်အနေနဲ့
ဂျော့ဘုရှ်ကိုလည်း
ဖိနပ်နဲ့ ပေါက်ခဲ့ပြီးပြီ

ခေတ်ကြီးက ရွေ့နေတာပါ
ငါ့ကိုယ်ပေါ်က
မှည့်နီတွေကလည်း ရွေ့နေတာ
ရွိင်းတွေ ဖလိုးတွေကလည်း ရွေ့နေတာ
ငလျင်ဆိုတာ ပြတ်ရွေ့ကြော
ကမ္ဘာ့ကျောက်ချပ်ကြီးတွေ ရွေ့နေတာ

လက်ဝါးကပ်တိုင်မှာ သံငုတ်ရိုက်
ကိုယ့်ကိုယ်ကိုယ် ဘုရားလိုလိုနဲ့
မရွေ့တဲ့အစွဲ
မရွေ့တဲ့ တွေးသူကျောက်ရုပ်
မင်းတို့ ကိုယ်ပေါ်က တက်တူးလို
သေသည်အထိလည်း ဘယ်မှမရွေ့
ကိုယ့်ကိုယ်ကိုယ်သာ မီးရှို့ ဆန္ဒပြ
စောလူးရေ
မင်း သေရစ်ပေတော့။ ။

လင်းခါး
၂၈-၃-၂၀၁၆