စာတော်ပြန် သာဂိ - ပညာရေးဟာ စီးပွားရေး … လမ်းတိုင်းကို ငွေခင်းရသလား



စာတော်ပြန် သာဂိ - ပညာရေးဟာ စီးပွားရေး … လမ်းတိုင်းကို ငွေခင်းရသလား
(မိုးမခ) မေ ၅၊ ၂၀၁၆


ငြိမ်းချမ်းအေးက ရေးတယ်၊ ဘွဲ့လက်မှတ်စက်ရုံ သတိပြု ဆိုပဲ။ ပုဂ္ဂလိကပညာရေး ဈေးကွက် အားကောင်းလာတယ်။ အရေအတွက်ထက် အရည်အချင်းကို မိဘတွေ ကျောင်းသားတွေက ဦးစားပေးသင့်တယ်။ အမြင်ကျယ်ကျယ် ကြည့်ကြရမယ်လို့ ဆိုတယ်။ အစိုးရကျောင်းတွေနဲ့ အစိုးရစစ် ကျောင်းထွက်လက်မှတ်ကို မိဘတွေက တဘက်က ဦးစားပေးသော်လည်း အားကိုးမရတာကြောင့် ပုဂ္ဂလိကပညာရေးလုပ်ငန်းတွေက ဘွဲ့လက်မှတ်တွေကို နောက်ကိုလည်း တကောက်ကောက်လိုက်ကြရပါတယ်။ တကယ်တန်းစဉ်းစားကြည့်တော့ ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်းတခုပဲဗျ။ စက်ရုံလိုဆိုရင် နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်မှ အဆင်ပြေကြမှာ မဟုတ်လား။ စီးပွားရေးသက်သက်ဆိုတော့ကာ သူများတွေသာ ပင်ပန်းဆင်းရဲမယ် ပိုက်ဆံပေး ပညာရှာတဲ့သူနဲ့ ပိုက်ဆံယူပြီး ပညာပေးတဲ့သူတွေက သက်တောင့်သက်သာ ရှိကြပါတယ်။ ပိုက်ဆံသာ ရှိရင် ပြီးကော မဟုတ်လား။

ပိုက်ဆံရှိဖို့အတွက်ကတော့ မိဘတွေ တာဝန်ဖြစ်ပါတယ်။ ပိုက်ဆံရှိဖို့အတွက် လူကြီးမိဘတွေ ဘယ်လိုလုပ်ပြီး ငွေရှာကြတယ် မသိဘူး။ သူတို့တတွေ သားသမီး လူငယ်မျိုးဆက်သစ်တွေအတွက် ပညာရေးမှာ မြုတ်နှံတဲ့ အရင်းအနှီးက ကြီးမှ ကြီးဗျာ။ အစိုးရကျောင်းတက်၊ အစိုးရကျောင်းက ဆရာ၊ ဆရာမတွေဆီမှာ ကျုရှင်ပြန်သင်၊ ကျုရှင်ဖိုး ကုန်၊ ဒါမှ အတန်းတွေ အောင်မှာကိုး။ အစိုးရစစ် စာမေးပွဲအောင်ဖို့ကတော့ အပြင်မှာလည်း ကျုရှင်ကောင်းကောင်း ထားရပြန်ပါသေး။ မေးခွန်းလိုက်တတ်သူများကလည်း မေးခွန်းတွေ ဘာတွေ လိုက်ကြရပါသေး။ ငွေကုန်ကြေးကျတွေ အချိန်တွေ နေ၀င်မိုးချုပ် အကုန်ခံပြီးမှ ကလေးတွေ အခြေခံပညာတွေအောင်၊ ကောလိပ် တက္ကသိုလ်တွေ ၀င်ပြီးတော့လည်း ကျုရှင်သင်၊ မေးခွန်းလိုက်၊ ဆရာတွေ ကန်တော့နဲ့ စာမေးတွေ အောင်ဖို့ လုပ်ရ။ ဒါနဲ့ အစိုးရကောလိပ် တက္ကသိုလ်တွေကနေ ဘွဲ့ရကြရှာ။ ပြီးတော့ကော ငွေကုန်ကြေးကျခံပြီး အသက်မွေးပညာ သင်တန်းတွေ တက်ရပြန်ကောဗျာ။ ကုမ္မဏီတွေမှာ အလုပ်ရဖို့၊ နိုင်ငံခြားထွက် အလုပ်ရှာဖို့၊ သဘောင်္ပေါ် တက်ဖို့။ ဒီထက် ရည်မှန်းချက်ကြီးသူတွေကတော့ ပြည်ပက ကျောင်းတွေမှာ ပညာတွေ ထပ်သင်ဖို့ ကြိုးစားကြပြန်တယ်။

ပညာရေးနဲ့ စီးပွားရှာတယ်ဆိုတာ အတော် အလုပ်ဖြစ်တာပါ။ မိဘဖြစ်သူတိုင်းဟာ သားသမီးတွေကို မူလတန်းကစပြီး အကောင်းဆုံး ပညာသင်ပေးနိုင်ဖို့ အိတ်ထောင်ထဲ လက်နှိုက်ပြီး မွေးကြတာကိုး။ အိတ်ထောင်ထဲ လက်နှိုက်ပြီး မမွေးနိုင်ရင် ကိုယ့်ကလေးက သူများအလုပ်တွေမှာ အရွယ်မတိုင်ခင်ကလည်းက ကလေးလုပ်သားလုပ်ကြရမှာကိုး။ ပညာတွေသင်ပြီးတော့မှပဲ သူများအလုပ်တွေမှာ ငါတို့မိဘတွေလို လူကြီးလုပ်သားလုပ်ကြဖို့ ငွေတွေ မြုတ်ပြီး ရင်းနှီးပေးကြရမှာကိုးလေ။

တလောက မေမြို့ကို ရောက်ပါသဗျာ။ နံမယ်ကြီး ကျောင်းအိပ်ကျောင်းစား ကိုယ်ပိုင်ကျောင်းတွေကို လေ့လာဖို့ပါ။ ဘော်ဒါနေတဲ့ တရပ်တကျေးက ကလေးတွေဟာ သူတို့အဆောင်က အဆောင်မှူးတို့ လက်ထောက်ဆရာတို့ကို ကြောက်လိုက်ရတာများ တုန်နေတာပဲ။ သူတို့ထက် ၁၀တန်း အောင်တာ နည်းနည်းစောသွားလို့ လက်ထောက်ဖြစ်နေတဲ့ ကလေးကြီးတွေက နိုင်စားသတဲ့။ သူတို့ကျောင်းသားတွေမှာလည်း ပိုက်ဆံသာ တန်းတူပေးရတယ်၊ ပညာက တန်းတူ မသင်ရဘူးဗျ။ အေတန်း ဘီတန်း အရည်အချင်းစစ်ပြီး ခွဲသေးတာ။ အေတန်းဝင်မှ ဆရာကောင်း ပါမောက္ခကောင်းတွေနဲ့ ပန်းကောင်းပန်ကြရတယ်။ နောက်ဖေးတန်းတွေက သူလို ကိုယ်လူ ဆရာတွေနဲ့ ပြီးကြရတာ။ သည်တော့ မိဘတွေက ကိုယ်ပိုင်ကျောင်းပို့ထားလျက်နဲ့ အပြင်မှာ study guide တွေ ငှား၊ ဘော်ဒါကျောင်းက ဆရာကို အပြင်မှာ ကျူရှင်ပြန်ငှားပြီး သင်ကြရသတဲ့။ တယ် ငွေကုန်တဲ့ ပညာရေးကိုး။ တလ တလများ သူတို့ ဆယ်တန်း အောင်ဖို့ ငွေက ကျပ် ၅ သိန်း ၁၀ သိန်း ကုန်တယ် ပြောတယ်။ တလကို အမေရိကန်ဒေါ်လာ ၅ရာ၊ ၁ ထောင် နဲ့ အခြေခံပညာသင်တယ်ဆိုတော့ ပြည်ပကကလေးတွေမှာ အံ့သြကုန်နိုင်ဖွယ်။ ဒါနဲ့ မေမြို့ကအပြန် ကားဆရာကို မေးတယ်။ ခင်ဗျား သမီးကို အဝေးသင်စီးပွားရေးတက္ကသိုလ် အရောက် အခြေခံပညာရေး သင်ပေးလိုက်ရတာ ဘယ်လောက်တောင် ကုန်သလဲပေါ့။ သူ့ခင်ဗျာလည်း သမီးအတွက် ခုနင်ကလို ကိုယ်ပိုင်ကျောင်းအပ်၊ အပြင်မှာလည်း ကျုရှင်လေး ဘာလေးအပ်ပြီး သင်ပေးရရှာတာ တနှစ်ကို ငွေ သိန်း ၄၀၊ ၅၀ တော့ ကုန်ခဲ့တာပဲတဲ့။ တနှစ်စာ အမေရိကန် ဒေါ်လာ ၄ ထောင်လောက်တော့ ကုန်သတဲ့။ ဒါက ပညာရေး သင်တန်းဖိုးတွေနော်။ စားရေး သောက်ရေး သွားလာရေး တွေ မပါသေးဘူး ဆိုရမယ်။ ပညာသင်ပြီး ကောလိပ်တန်း တက်မလား၊ နိုင်ငံခြားပို့ ကျောင်းထားမလား၊ အလုပ်ပွဲစား မိတ်ဆွေများ အဆက်အသွယ်နဲ့ နိုင်ငံရပ်ခြား အလုပ်ရှာရမလား၊ မြို့ကြီးပြကြီးတွေမှာ အလုပ်ရှာဖို့ လွှတ်ရမလား မိဘတွေမှာ ခေါင်းခဲစရာ၊ ငွေတွေ ထပ်ကုန်စရာချည်းပဲပေါ့နော်။ ကျောင်းသားတွေဟာ မိဘတွေနဲ့ နေတယ်သာ ဆိုတယ်၊ ကျောင်းနဲ့ အိမ်နဲ့ ကျုရှင်နဲ့ ၂၄ နာရီပတ်လုံး အချိန်ကုန်ကြရှာတယ်။

သည်တော့ ပညာရေးဆိုတာက ကလေးလူငယ်တွေအတွက် လောကပင်လယ်ပြင်ကြီးထဲ ကူးခတ်ခရီးမထွက်ခင် ဗလ၅တန် ဆိုလား ပြည့်စုံဖို့၊ အမြင်ကျယ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ ကွန်ယက်ချဲ့ဖို့၊ ပေါင်းသင်းဆက်ဆံရေး တတ်ဖို့၊ မသိမကျွမ်းသေးသော နယ်ပယ်များကို မြည်းစမ်းဖို့၊ စွန့်စားဖို့ ကစားဖို့ ပျော်ရွှင်ဖို စတာတွေနဲ့ ပညာရေးက ပြင်ဆင်ပေးလိုက်တယ်ရယ်လို့မှ မဟုတ်တာပဲဗျာ။ ငြိမ်းချမ်းအေးပြောသလို ဘွဲ့လက်မှတ်စက်ရုံ ဘယ်ရုံက ထုတ်ထုတ် ငွေကုန်ခံ အချိန်ကုန်ခံပြီး လက်သင့်ခံ ရယူဖို့နဲ့ ရုန်းကန် ကြိုးပမ်းကြရတာကိုး။

ဆိုတော့ ပညာရေးဟာ စီးပွားရေးလုပ်ငန်း တခုပါ။ မြန်မာပြည်မှာ အဲသလိုကို ဖြစ်နေပါပြီ။ အစိုးရကျောင်းတွေကနေ ကျူရှင်၊ ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်၊ အနီးကပ်စာပြဆရာ၊ စုံလို့ စုံလို့။ အဲသည်ပုံစံခွက်မှာက အစိုးရပြဌာန်းစာအုပ်တွေနဲ့ အစိုးရမေးခွန်း၊ အစိုးရအောင်လက်မှတ်ဆိုတာပဲ ညီမျှခြင်းထဲမှာ ဖော်မြူလာထဲမှာ ပါပါတယ်။ အခုနောက်ပိုင်း ပုဂ္ဂလိကပညာရေးစနစ်မှာတော့ နိုင်ငံစုံက ပြဌာန်းစာအုပ်အမျိုးမျိုး၊ မေးခွန်းစာမေးပွဲ အမျိုးမျိုးနဲ့ အောင်လက်မှတ်ပေါင်းစုံ အမျိုးမျိုးတို့ဟာ ဈေးကွက်ထဲကို အမြောက်အများ ၀င်ရောက်လာကြတာပေါ့ခင်ဗျာ။ ကဲ .. ဘယ်လမ်းရွေးမလဲ မောင်ရေခဲ ကုန်ပြီးရင်း ကုန်ပဲ။ ကုန်ပြီးတော့ လောကကြီးထဲမှာ လူရာဝင်မှာလား၊ လူပါးဝနိုင်ပြီလား၊ လုပ်ငန်းခွင်တွေက ၀ိုင်းဝိုင်းလည် ဆွဲဆောင် ခေါ်ယူကြမှာလား။ ဒါကတော့ ဖြေရခက်တဲ့ မေးခွန်းပါ။

အခုချိန်မှာတော့ မြန်မာပြည်မှာ ပုဂ္ဂလိကပညာရေးဆိုတဲ့ စီးပွားရေးလုပ်ငန်း စတင် အခြေချ ၀င်ဆန့်နေပါပြီ။ အစိုးရကနေပြီးတော့ မိမိတို့ အစိုးရပညာရေး ပေါ်လစီနှင့် လမ်းညွှန်ချက် ၊ ပုဂ္ဂလိကပညာရေးအတွက် ပေါ်လစီနဲ့ သတ်မှတ်ချက်တွေကို ချမှတ် ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ဆိုရမယ်။ အခြေခံပညာအထက်တန်းအထိ အခမဲ့ ပညာရေး ရမည်လော။ အထက်တန်းလွန်ပညာရေးအတွက် မပြည်စုံသူ လူငယ်များအားလုံးကို ပညာရေးစာရိတ် ထောက်ပံ့မည်လော။ ကျောင်းသားတွေအားလုံး ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ လှုပ်ရှားခွင့် သင်းဖွဲ့ခွင့် လေ့ကျင့်နိုင်ကြမည်လော။ အခြေခံပညာရေးတွင် သချာင်္၊ ဘာသာစကား၊ အရေးအသား၊ သိပ္ဗံတို့ကို မည်သည့် အဆင့်အထိ သင်ကြား တတ်မြောက်စေမည်နည်း။ မည်သို့သော နည်းစနစ်များနဲ့ တန်ဖိုးဖြတ် တိုင်းတာမှာလဲ။ မေးခွန်းတွေ အများကြီးပါဗျာ။ ဒါတွေကို မိဘတွေ ကျောင်းသားတွေ သဘောပေါက် နားလည်နိုင်ခွင့် မရှိသေးနိုင်သမျှတော့ ကျနော်တို့တွေဟာ ပညာရေးကို ငွေနဲ့ တိုင်းတာပြီး စီးပွားရေးဆန်ဆန် မြင်နေ လက်ခံနေကြဦးမှာ ဖြစ်ပါတယ်။

ဒါနဲ့ပဲ မေမြို့က ကိုယ်ပိုင်ကျောင်းတက်နေတဲ့ ကျောင်းသားရဲ့ မိဘကို မေးတယ်။ ဘာမှ မရေရာတဲ့ ပညာရေးအတွက် ဘယ်လောက်တောင် မြုတ်နှံထားပြီးပြီလဲ လို့။

ကလေး ၈ တန်းလောက်ကတည်းက အတန်းတိုင်းကို ငွေခင်းထားခဲ့ရတာ သိန်းဂဏန်းက ဆယ်ချီ ရာချီ ဆိုပဲတဲ့ဗျာ။ ကဲ ကလေးက လူလားမြောက်ပြီးနောက် လူ့လောကကြီးထဲ သူဖာသာသူ လျောက်လှမ်းတော့မယ် ဆိုတဲ့ အချိန်အခါအတွက်ကော ဘယ်လို ပြင်ဆင်ထားသလဲဆိုပြီး မေးတော့ … အဲသည်အတွက်လည်း အဲသည်လိုပဲ ဆက်ကြရမှာပေါ့တဲ့လေ။

ကဲ … ။ ။