ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခိုင်ကြည်သစ် - သောနုတ္တရစစ်တမ်း



ခိုင်ကြည်သစ် - သောနုတ္တရစစ်တမ်း
(မိုးမခ) မေ ၁၂၊ ၂၀၁၈

(၁)

အင်္ဂလန်ပြည်က ကမ္ဘာကျော်ပြဇာတ်ရေးဆရာကြီး ဝီလျံရှိတ်စပီးယား (William Shakespeare) ဟာ ၁၆၁၆ ခုနှစ် မေလ (၃) ရက်နေ့မှာ သေဆုံးခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှာ နှစ်ပေါင်း (၄၀၀) ပြည့်မြောက်ပြီဖြစ်ပါတယ်။ ရှိတ်စပီးယားသေဆုံးခြင်း နှစ်ပေါင်း ၄၀၀ ပြည့်အထိမ်းအမှတ်ပွဲတွေကို အင်္ဂလန်နိုင်ငံမှာ ခမ်းခမ်းနားနားကျင်းပ နေကြပါတယ်။ ရှိတ်စပီးယားရဲ့ Hamlet ပြဇာတ်ကို ပြန်လည်ကပြခဲ့တဲ့ လန်ဒန်မြို့က Globe ဇာတ်ရုံကြီးကို အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာအိုဘားမား ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကုန်ဘောင်ခေတ်နှောင်းပိုင်းက စာဆိုတော် စလေဦးပုညကို မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့ တင်စားကြပါတယ်။ ဦးပုညလို့ပြောလိုက်ရင် ကျောင်းသားလူငယ်တွေအနေနဲ့ “ဂင်္ဂါမာလ” ရေသည်ပြဇာတ်နဲ့ “ဆဒ္ဒန်ဆင်မင်း” ဇာတ် တွေကိုပြေးပြီး မြင်ယောင်ကြားယောင် မိကြပါတယ်။ အဲဒီဇာတ်နှစ်ခုထဲကမှ ဆဒ္ဒန်ဆင်မင်းဇာတ်ဟာ ဇာတ် ကောင်စရိုက်တွေကို အလင်္ကာတွေ၊ ကာရံတွေနဲ့ ပိုပြီး ထိထိမိမိဖွဲ့ဆိုပြနိုင်တယ်လို့ ခံစားမိပါတယ်။

(၂)

ဆဒ္ဒန်ဆင်မင်းဇာတ်မှာ အထူးခြားဆုံးဇာတ်ကောင်ကတော့ သောနုတ္တရမုဆိုးလို့ ထင်ပါတယ်။ "အစွယ်လိုသူ မိဘုရား၊ အသွားစေသူမင်းဧကရာဇ်၊ လေးပစ်သူဘုရား ကျွန်တော်" ဆိုတဲ့ သောနုတ္တရမုဆိုးရဲ့စကားဟာ အထူး ထင်ရှားလှပါတယ်။

သောနုတ္တရမုဆိုးအကြောင်းပြောတဲ့အခါ မျက်စိထဲမှာကွင်းကွင်းကွက်ကွက်ပေါ်လာတဲ့ ဇာတ်ဝင်ခန်းကတော့ ဆဒ္ဒန်ဆင်မင်းနားကိုချဉ်းကပ်ဖို့ အကြံဆိုးထုတ်ရင်း သင်္ကန်း၊ ဒေါက်ခြာတွေနဲ့ သူတော်စင် ရသေ့ရဟန်းယောင် ဆောင်ပြီး ချဉ်းကပ်ဖို့ကြိုးစားတဲ့ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ “ဒေါက်ခြာဆံကျစ်၊ ဖန်နှစ်နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင် ၀တ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ်သီလ၀င်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့် သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။” ဦးပုညက ဖွဲ့ပါတယ်။

ဆဒ္ဒန်ဆင်မင်းကို မြေအောက်ဥမင်ကနေ မြားနဲ့ခွင်းပြီးနောက် ဆင်မင်းက မုဆိုးလက်ချက်ဆိုတာသိပြီး သတ် လိုက်မဟဲ့ ဆိုတဲ့အညှိုးနဲ့ ဦးခေါင်းကိုနှာမောင်းနဲ့ဆွဲတဲ့အခါ မုဆိုးဟာ ကိုယ်ပေါ်ကသင်္ကန်းကိုခွာပြီး နှာမောင်း ပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီအခါ ဘုရားအဖြစ်ရောက်လုရောက်ခင်ဖြစ်အောင် ပါရမီဆယ်ပါး၊ အပြားသုံး ဆယ်ကို ဆည်းပူးကျင့်ကြံထားတဲ့ ဆင်မင်းဟာ ဒေါသတွေဖယ်ခွာပြီး အသက်ကိုပေးလို့ ဆင်စွယ်ကို လှူဒါန်းခဲ့ ပါတယ်။

သောနုတ္တရရဲ့ယုတ်မာပတ်စက်မှုဟာ လက်ရာမြောက် လွန်းလှပါတယ်။ မာယာ ကြွယ်လွန်းလှပါတယ်။ ထိ ရောက်လွန်းလှပါတယ်။ ဘုရားအလောင်းတော်ဖြစ်တာနဲ့အညီ စိတ်နှလုံးသိမ်မွေ့လွန်းခြင်းဆိုတဲ့ ဆဒ္ဒန်ဆင်မင်း ရဲ့အားနည်းချက်ကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဘုရားအလောင်းတော်ရဲ့ သူတော်စင်တွေအပေါ်မှာမြတ်နိုးတဲ့ သဒ္ဓါ တရားကို အသုံးချနိုင်ခဲ့ပါတယ်။

သောနုတ္တရမုဆိုးဟာ ဆင်မင်းက အသက်ကို ရန်ရှာမှာကြောက်တဲ့အတွက် ဆင်ခြေပေးပုံလေးကလည်း သတိ ထားစရာပါ။ "အစွယ်လိုသူ မိဘုရား၊ အသွားစေသူမင်းဧကရာဇ်၊ လေးပစ်သူဘုရာ့းကျွန်တော် ကြံဘော် ကြံဘက်၊ သုံးယောက်သားအနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သားမုဆိုးလေ၊ နင်ချည်းပင်သေပေတော့ဟု" လို့ ဦးပုညက ဖွဲ့ဆိုပြပါတယ်။ တကယ်တော့ ဒီစကားဟာ “နောက်ကွယ်မှာ ကြိုးကိုင်သူရှိတယ်” လို့ ပြောလိုက်တာ ပါပဲ။ ဒီခေတ်စကားနဲ့ပြောရရင်တော့ နောက်ကွယ်က လက်မည်းကြီးများပါ။

(၃)

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးရေစီးကြောင်းထဲမှာလည်း သောနုတ္တရမုဆိုးလို သူ တပါးရဲ့ကိုးကွယ်ရာဘာသာတရားအပေါ်ထားရှိတဲ့ မြတ်နိုးတန်ဖိုးထားတဲ့စိတ်၊ သဒ္ဓါတရားကို အကာအကွယ်ယူ ပြီး၊ အသုံးချပြီး သူတပါးပျက်စီးရာပျက်စီးကြောင်း ကြံစည်ဆောင်ရွက်ခဲ့ကြတဲ့ ၂၁ ရာစု သောနုတ္တရတွေကို မကြာခဏဆိုသလို တွေ့ရလေ့ရှိပါတယ်။

ဘာသာတရားအားလုံးနီးပါးမှာ တူညီတဲ့အချက်တချက်ကတော့ သဒ္ဓါတရားဖြစ်ပါတယ်။ မိမိကိုးကွယ်ရာ ဘာ သာတရားအပေါ်ထားရှိတဲ့သဒ္ဓါတရားဟာ မွန်မြတ်သန့်စင်လှပေမယ့် ဘာသာရေးအရေခြုံပြီး လောကကိုဖျက် ဆီးလိုသူတွေအတွက်တော့ အဲဒီအချက်ဟာ အသုံးချလို့ကောင်းတဲ့ အားနည်းချက်ဖြစ်လာပါတယ်။

ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက သောနုတ္တရမုဆိုးဟာ ဆင်မင်းရဲ့သဒ္ဓါတရားကို အသုံးချပြီး ဆင်စွယ်ကိုရယူရုံ ရယူခဲ့ တာပါ။ ခေတ်သစ်သောနုတ္တရများကတော့ လိုချင်တာရယူဖို့အတွက် ဘာသာတရားအချင်းချင်းကြားမှာပါ သွေး ခွဲသပ်သျှိုပြီး အဲဒီဘာသာတရားအသီးသီးက ဘာသာဝင်တွေရဲ့ သူတို့ဘာသာအပေါ်မှာ မြတ်နိုးတဲ့စိတ်၊ သဒ္ဓါ တရားကို အသုံးချနေကြတာကို တွေ့ရှိရမှာပါ။

အဲဒီလူတွေအားလုံးရဲ့နောက်မှာ လက်မည်းကြီးတွေရှိနေတာကိုလည်း သတိပြုအပ်ပါတယ်။ လေးပစ်သူက သောနုတ္တရဆိုပေမယ့် နောက်ကွယ်မှာ အစွယ်လိုချင်သူနဲ့ အသွားစေခိုင်းသူတွေ ရှိနေပါသေးတယ်။

(၄)

ဆဒ္ဒန်ဆင်မင်းကတော့ သောနုတ္တရမုဆိုးကို ရန်သူမှန်းသိပေမယ့် အသက်ချမ်းသာပေးခဲ့တဲ့အပြင် မိမိအသက် ကိုပါပေးပြီး ဆင်စွယ်ကိုလှူခဲ့ပါတယ်။ ဦးပုညကတော့ “ရန်သူမှန်လျက်၊ မုဆိုးပျက်အား၊ အသက်ကို ချမ်းသာ ပေးတော်မူလေသည်” လို့ ဖွဲ့ပါတယ်။

ဇာတ်တော်ထဲက သောနုတ္တရက ဆဒ္ဒန်ဆင်မင်းကိုသာ ထိခိုက်နာကျင်စေခဲ့ပေမယ့် ယနေ့ ပြည်သူအများ ရင်ဆိုင်နေရတဲ့ သောနုတ္တရများကတော့ တဦးတယောက်တည်းကိုသာ ထိခိုက်နာကျင်စေတာမဟုတ်ဘဲ လူ့ အဖွဲ့အစည်းတခုလုံးကို ထိခိုက်နာကျင်စေလောက်အောင် အဖျက်အားကြီးမားကြပါတယ်။ ခွင့်လွှတ်မှုနဲ့ မထိုက် တန်လောက်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတာပါ။ ကျူးလွန်ဖို့ ကြိုးစားနေကြတာပါ။

ဒီလိုလူတွေကို ဆဒ္ဒန်ဆင်မင်းလိုခွင့်လွှတ်မလား။ ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းကို ကာ ကွယ် ဖမလားဆိုတာကလည်း စဉ်းစားစရာပါ။

(၅)

တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလမှာ ပြုပြင်ပြောင်းလဲရေးကိုမလိုလားသူတွေ၊ တိုင်းပြည်သယံဇာတကို အမွေရထားတဲ့ပစ္စည်းလို တဦးတယောက်၊ တသင်းတဖွဲ့အတွက် မတရားရယူလိုသူတွေ၊ ပြည်သူအားလုံး ပိုင် ဆိုင်တဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို စေတလုံးပိုင်ရှင်လို ရယူအသုံးချလိုသူတွေဟာ ဘာသာအသီးသီး ကို ငြိမ်းအေးချမ်းသာစွာကိုးကွယ်ယုံကြည်ကြတဲ့ ပြည်သူတွေရဲ့သဒ္ဓါတရားကို အားနည်းချက်တခုလို အသုံးချဖို့ ကြိုးစားနိုင်ပါတယ်။ အာဏာဆင်စွယ်ကို ငမ်းငမ်းတက်လိုချင်တဲ့စိတ်နဲ့ ဘာသာရေးအရေခြုံ သောနုတ္တရတွေရဲ့ အကူအညီနဲ့ ဆင်စွယ်ကိုဖြတ်ဖို့ ကြိုးစားနိုင်ပါတယ်။

ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့သဒ္ဓါတရားကိုအသုံးချခံမဖြစ်စေဖို့ သတိချပ်သင့်ပါတယ်။ လူ့အဖွဲ့အစည်းတရပ်ရဲ့ ငြိမ်းချမ်းသာယာဝပြောမှုကို အနှောက်အယှက်ပြုမယ့်သောနုတ္တရမုဆိုးလက်သစ်တွေကို ဆဒ္ဒန်ဆင်မင်းလို “ရန် သူမှန်လျက်၊ ချမ်းသာပေး” မလား။ ထိုက်သင့်တဲ့ အရေးယူမှုတွေပြုမလားဆိုတာကတော့ ပြည်သူတွေရဲ့ အဆုံး အဖြတ်သာ ဖြစ်ပါတယ်။ တခုတော့ရှိပါတယ်။ "အစွယ်လိုသူမိဘုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့းကျွန်တော်" ဆိုသလို ကြံဖော်ကြံဖက်တွေရှိတယ်ဆိုတာလည်း မမေ့အပ်ပါဘူး။

(illustration credit - https://www.pinterest.com/pin/73605775134451293/ )