ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - ထီးတင်ပွဲ

ဦးမောင်မောင်ကြီး၏ မန္တလေး(၁၉၂၀ နှစ်များ)


ကိုသန်းလွင် - ထီးတင်ပွဲ

(မိုးမခ) မေ ၁၂၊ ၂၀၁၆

(၁)

ယခုနှစ် သင်္ကြန်အကြိုနေ့ မတိုင်မှီ တရက်ကြိုတင်၍ နံနက်စောစော ၉ နာရီမှာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ကျွန်တော်တို့လေယာဉ် ဆိုက်ပါသည်၊ ရက်အတွက်မှားပြီး လေယာဉ်လက်မှတ်ဝယ်ရန် တရက်နောက်ကျ သွားခဲ့ခြင်းဖြစ်ပါသည်၊ သင်္ကြန်အကြိုနေ့ နံနက် ရ နာရီတွင် ငှက်ပျောရွာ ဘုန်းတော်ကြီးကျောင်း ၀င်းအတွင်းရှိ ဆုတောင်းပြည့် မြတ်စွာဘုရားကို ထီးတော်တင်ရန် ကျွန်တော်တို့ သွားကြရပါမည်။

လေဆိပ်ကိစ္စပြီးသည်နှင့် အထက်အညာသို့ မိုင် ၅၀၀ ခရီးကို ကားမောင်း၍ တက်ခဲ့ကြပါသည်၊ ရွာရှိနေအိမ်သို့ နောက်နေ့ မနက် (၁)နာရီ ခန့်တွင် ရောက်သည်၊ တရေးတမော အိပ် မနက် ၆ နာရီထိုးသော် ရေမိုးချိုးပြီး၊ ဆုတောင်းပြည့်ဘုရား ရှေ့သို့ ရောက်သွားချိန်မှာ ၆း၃၀ ခန့်ရှိပါပြီ။

(၂)

ကျွန်တော်တို့သည် မျှော်လင့်မထားဘဲ ဘုရားဒကာ၊ ဒကာမ တွေဖြစ်လာခဲ့ကြပါသည်။

ကျွန်တော်တို့ မိဘများသည် ဂျပန်ခေတ်က မြို့မှာ မနေနိုင်ဘဲ ငှက်ပျောရွာသို့ စစ်ရှောင်ရင်း စစ်ပြေးကြ ရပါ သည်၊ ထိုစဉ်က နောင်တွင် ဦးမေဓါ ဟု ဆရာတော်ကြီးဖြစ်လာမည့်ကိုရင် လေးမှာ ကျွန်တော့် မိဘများနှင့် ရင်းနှီးခင်မင်ခဲ့ကြပါသည်။

အမေတို့စစ်ပြေးကြစဉ်က ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ဘုရားတဆူသာရှိသည်၊ အမေတို့သည်ထိုဘုရား၌ ဆီမီး ပန်း ရေချမ်း ကပ်ကြသည်၊ အခါကြီးရက်ကြီးတွေမှာ ဖရောင်းတိုင်ဖြင့် မီးပူဇော်ကြသည်၊ ယခုခေတ် တွင် တော့ ထိုင်ကိုယ်တော်ကြီး အပါအ၀င် ဘုရား လေး၊ငါးဆူရှိနေပါပြီ၊ အမေတို့ မီးပူဇော်နေကျ ဆုတောင်းပြည့် ဘုရား မှာ ထီးမရှိတော့၊ အုတ်ချပ်တွေကွာကျပြီး ပြိုသည့်နေရာက ပြိုနေပါပြီ၊ ဆရာတော်က ထိုစေတီတခုသာ ပြုပြင်ရန် ကျန်တော့ကြောင်း၊ “မင်းတို့တတ်နိုင်ရင် ပြင်ကြပါ” ဟုပြောဘူးသည်၊ ကျွန်တော်တို့က နေ့ရွှေ့၊ ညရွှေ့။

ယမန်နှစ် သင်္ကြန်ကျောင်းသို့ရောက်သော် ဦးမေဓါက “ ဒို့က အသက်ကြီးပြီ ဒီဘုရားပြင်တာကို မြင်ချင်လှပြီ ” ဟုမိန့်သည်၊ ကျွန်တော်တို့က “ ပြင်ပါ့မယ်ဘုရား ” ဟု ကတိပေးခဲ့ကြသည်။

ပဌမအရစ်အဖြစ် သိန်း ၃၀ ပို့ပေးရပါသည်၊ ဘုန်းကြီးက စည်ပုတ္တရာရွာသို့ ကြွရင်း ဘုရားပြင်သည့် ပန်းရံ အဖွဲ့ကို မြင်တွေ့သိကျွမ်းခဲ့သည်၊ ထိုပန်းရံ အဖွဲ့ကို ဘုန်းကြီးက စကားပြောပြီးပြီ ဘုရားကို စပြင်နေပြီဟုလည်း သတင်း ရောက်လာသည်။ ဘုန်းကြီးကျောင်းအတွင်းက ငှက်ပျောပင်တပင်မှာ ထူးထူးဆန်းဆန်း ပင်စည်မှ ငှက်ပျောခိုင်ကြီး ထွက်လာပြီးသီးနေသည် ဟုဆိုသည်၊ ကိုရင်လေးတွေက ဓါတ်ပုံရိုက်ပြီး ကျွန်တော့်ထံပို့ လိုက် ကြပါသည်၊ ပန်းရံတွေက ဘုရားတန်ခိုးတော်ကြောင့်ဟု ပြောကြပါသတဲ့၊ ရွာနီးစပ်ချုပ်က လာကြည့်ကြသော ပရိတ်သတ်ကလည်းများလှပါသတဲ့၊ မဟုတ်မဟတ်သတင်းတွေမထွက်စေနဲ့ ဟုဆိုကာ အစိုးရိမ်ကြီးသော ဘုန်းကြီးက ငှက်ပျောပင်ကို ခုတ်ပစ်ခိုင်းလိုက်ရသည်ဟုကြားရပါသည်၊

ဘုရားက ဥာဏ်တော် ပေ ၃၁ ခန့်သာမြင့်ပါသည်၊ အောက်ခြေမှာ လေးဒေါင့်ပုံ ဘက်လေးဘက်ရှိပြီး အပေါ်ပိုင်း ဖေါင်း ရစ်တွေမှာသာ ၀ိုင်းပြီးထီးတော်ဆီအထိ မြင့်တက်သွားပါသည်။

များမကြာမှီ မှာပင် ပြင်ဆင်တာပြီးသွားပြီ၊ ဆေးသုတ်နေကြပြီ၊ ဆေးချောက်လျင် အပေါ်ပိုင်းကို ရွှေသင်္ကန်း ကပ် ရမည်၊ ဒုတိယ အရစ် သိန်း ၃၀ ပို့ အပြီးမှာပင် ဆေးသုတ်ပြီးပြီ၊ ဆေးချောက်အောင် စောင့် ရန်သာလို သည်၊ ထီးတော်ကလည်း ၀ယ်ပြီးပြီ၊ မန္တလေးမှ ရွာသို့ သယ်ဆောင်ရမည်၊ ပိုက်ဆံ ထပ်ပို့ စရာမလိုတော့ပါ၊ အားလုံးကပြီးစီးနေပြီ၊ ထီးတင်ပွဲ လုပ်ရမည့်အလှူဒကာ နှင့် ဒကာမ တွေလာစေချင်သည်၊ သင်္ကြန်အကြိုနေ့ ဆိုလျင် ရွာက ဆွမ်းလောင်းလည်းရှိရာ အဆင်သင့်သည်၊ ထိုအချိန်ဆို ဆေးလည်းခြောက်ပြီး ရွှေသင်္ကန်းလည်း ကပ်ပြီးလောက်ပြီ။

ဘုန်းကြီးက ခင်ဦးအပါဝင် ရွာနီးစပ်ချုပ်က ဘုန်းကြီးတွေကိုပင့်ချင်သည်၊ အပါး ၄၀ တော့ ရှိမည်၊ တပါးကို ၀ထ္တုငွေ နှစ်သောင်းတော့ကပ်ရမည်၊ ရွာကလူတွေ ထမင်းကျွေးဖို့ကတော့ အလှူတကာ တက်နိုင်သလောက် သာလှူပါ၊ လိုအပ်လျင် ဘုန်းကြီးက လာသမျှ ဧည့်သည်အားလုံးကို နံနက်စာ ငါးခြောက်ဟင်းနှင့် ကျွေးမွေး ဘို့တာဝန်ယူသည်။

တရက်တွင် ခင်ဦးရှိ ကျွန်တော့တူမများ အိမ်သို့ ဘုန်းကြီးကြွလာပြီး “ ထီးတင်ပွဲမှာ ဇာတ်ပွဲထည့်ရလျင် ကောင်းမလား” မေးပေးပါဟု ပြောလေသည်၊ ကျွန်တော့တူမများက ကျွန်မတို့ဦးလေးက “ ပကာသနတွေ မကြိုက်တတ်ပါ၊ သဘောတူမှာ မဟုတ်ပါ “ ဟု လျှောက်လိုက်ကြသည်၊ ကျွန်တော် မသိလိုက်ရ၊ သိလိုက်ရ သည့်တိုင် သိန်း ၆၀ ခန့် ကုန်ကျမည့် ဇာတ်ပွဲကို ကျွန်တော်ထည့်နိုင်လိမ့်မည်မထင်ပါ၊ “ဒါဆိုလဲ စည်တော်ကြီး တော့ ထည့်မယ်ဟေ့” ဘုန်းကြီးက မိန့်သွားသည်ဟု ဆိုသည်။

ကျွန်တော်တို့ ထီးတင်ရမည့် ဘုရားရှေ့သို့ ကျွန်တော်တို့ ရောက်သွားချိန်မှာ စည်တော်ကြီးက စတင် တီးမှုတ် နေပါပြီ၊ ရှေးက၀န်ကြီးတွေဝတ်သလို အပေါ်အင်္ကျီအဖြူမှာ ခြေဖျားအထိ ရှည်ပါသည်၊ ခေါင်းမှာ ပုဏ္ဏားတွေ ဆောင်း သလို အမြီးနှစ်ခုနှင့် ခေါင်းပေါင်းဖြူဖြူကိုလည်း ဆောင်းထားကြ ပါသည်၊ လင်းကွင်းသံက မြိုင်နေ သလို စည်တော်ကြီး က တဖိန်းဖိန်း မြည်ဟီးနေသည်မှာ သာယာနာပျော်ဘွယ် ကောင်းလှပါသည်။

ဘုန်းတော်ကြီးကျောင်းမှာ ၆ ခန်း ၄ ခန်း ကြီးကျယ်ခမ်းနားလှသော နှစ်ထပ် ကျောင်းတိုက်ကြီး ဖြစ်ပါ သည်၊ ဘုန်းကြီးမှာ ဘုရားရှေ့မှာသေချာ ထိုင်ကာ ကျွန်တော်တို့ကို ဧည့်ခံစကားပြောပါသည်၊ ကျွန်တော့်အမေတို့ ရွာမှာနေစဉ်က အကြောင်းတွေကို ရောက်တတ်ရာရာ ပြောပြီးဧည့်ခံရှာပါသည်။

“မင်းအမေတို့က ဒီဘုရားသန့်ရှင်းရေး၊ ပန်းရေချမ်းမပြတ်လပ်ရေး၊ အမြဲလုပ်ကြတာ ကွ” ဟုဆိုသည်၊ အမေတို့ရှိစဉ် ၄/၅ နှစ်ဆက်တိုက် သင်္ကြန်အကြိုနေ့များမှာ မီးထွန်းပွဲ လုပ်ကြသည်ဟု လည်းပြောပြသည်၊ မနက်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲ၊ ညမှာ မီးထွန်းပွဲနှင့် ဘုရားပုရ၀ုဏ် မှာ စည်ကားခဲ့ပါလိမ့်မည်၊ ဘုရားပါတ် ပါတ်လည်မှာ ဖရောင်းတိုင်၊ ဆီမီးတိုင်တွေကိုစီပြီး မီးထွန်းပူဇော်ကြခြင်းဖြစ်ပါသည်၊

ဘုန်းကြီးကိုနှုတ်ဆက်အပြီး ကျောင်းအောက်ကို ဆင်းလိုက်တော့ လူပင်လယ်ကြီးကို တွေ့ရလေသည် မဏ္ဍပ် ထိုးမထားသည့်တိုင် ကိုက်တရာ ပါတ်လည် ကွင်းပြင်ကျယ်ကြီးမှာ လူတွေအပြည့်တွေ့ရသည၊် ဘုန်းကြီးက သူ ကျောင်းထိုင်ခဲ့ဘူးသော ဒန်းပင် ရွာမှ အသိမိတ်ဆွေတွေကို ဖိတ်ခဲ့သည်၊ သူတို့ကဘတ်(စ)ကား သုံးစီးဖြင့် ရောက်နှင့်နေကြသည် ကျွန်တော်တို့ ကိုယ်တိုင်က ဖိတ်စာမဝေ၊ ဖိတ်စာရိုက်ရန်သတိမရ၊ အချိန်လည်းမရှိခဲ့၊ ဘုန်းကြီးက သူ့လက်ရေးဖြင့် ရေးထားသော ဖိတ်စာကိုမူ ကျွန်တော်တို့ မလာခင် အင်တာနက်မှာ တွေ့ရလေသည်၊ ကျွန်တော်တို့ အမည်တွေပါသည်၊ သားနှစ်ယောက၊် စင်္ကာပူမြို့မှာ နေသည်ဟုပါသည်။

အခမ်းအနားမှုးလုပ်ရန် ကိုယ်တော်လေးမှာ ဘုန်းကြီး၏တူဖြစ်သည်၊ မန္တလေးမှာ ကျောင်းထိုင်သည်၊ ဘုန်းကြီးကလာကူလှည့်ပါဆိုသဖြင့် ဤပွဲအမှီ လာရခြင်းဖြစ်သည်၊ သူကထီးတင်ပွဲ ဘယ်နှစ်ခုလုပ်ခဲ့သည် မသိ၊ ပရိတ်သတ်က မူ အသံချဲ့စက် လော်(စ) ပီကာဖြင့် သူပြောသမျှလိုက်ပြီး လုပ်ရလေသည်။

ဘုရားမှာ ငြမ်းမဖျက်ရသေး၊ ထီးတော်ကို နေရာတကျဆင်မည့် အဖွဲ့မှာ ဘုရားငြမ်းတွေပ်ါမှာ ရောက်နေပါပြီ၊ နေကတဖြည်းဖြည်း မြင့်တက်နေသည်၊ မွန်းတည့်ချိန်တွင် ၄၀ ဒီဂရီ အထိ ရောက်မည့်အပူချိန် ဖြစ်သည်။

ထီးတော်ကို တင်မည့် ပန်းရထားမှာ အဆင်သင့်ဖြစ်နေပါပြီ၊ ပန်းရထားကို ခင်ဦးမြို့ လှေသာကျောင်းမှ ငှားရ သည်ဟု ဆိုသည်၊ ပန်းရထား ပြင်ဆင်မည့် အဖွဲ့သည် မနေ့ကတည်းက ရောက်နေကြသည်၊ မတ်လုံးခန့်ရှိမည့် နန်းကြိုး ၂ချောင်းမှာ ဘုရားထီးငြမ်းနှင့် မြေပြင်ကိုဆက်သွယ်ပေးသည်၊ ပန်းရထားတက်ရန်၊ ဆင်းရန်နေရာ တွေ မှာနေရာတကျ စီစဉ်ထားပါသည်၊ စိန်ဖူးတော်နှင့်အတူ ထီးတော်၏ အစိတ် အပိုင်းများမှာမြေပြင်စားပွဲပေါ် တွင် အစီအရီချထား ပြီးပါပြီ၊

“အလှူတကာကြီးကစိန်ဖူးတော်ကိုပင့်ဆောင်ရန်အချိန်ကျပါပြီ ကြွပါ”ဟု အခမ်းအနားမှုးကဖိတ်ခေါ်သည်၊ ကျွန်တော်ကိုဘေးကလူတွေကဆွဲသူဆွဲ တွန်းသူတွန်းဖြင့်စိန်ဖူးတော်ဘေးသို့ ကျွန်တော်ရောက်သွားပါသည်၊ ၄”ခန့်ရှည်ပြီး ထိပ်နှစ်ဖက် ချွန်နေအောင်သွေးထားသော စိန်ဖူးတော်မှာသူနေရမည့် အိမ်ကလေး ပေါ်တွင်နေရာ ချလျက်သား ငွေဖလားထဲမှာ ထည့်ထားပြီးဖြစ်ပါသည်၊ ဆန်စေ့နှင့်ပေါက်ပေါက် ထည့် ထားသော ငွေဖလား ကိုကျွန်တော်မယူရပါသည်၊ ကျွန်တော်ရှေ့ကကြေးစည်တီးသမားများသည်ကြေးစည်ကိုရှေ့ နောက် ထမ်း လျက်နေရာယူကြပါသည်၊ ကျွန်တော်ဘေးမှာရွှေထီးတော်ကိုင်နှစ်ယောက်ကစိန်ဖူးတော် ကိုအရိပ်မိုး ပေးသည်၊

ထီးတော်လှည့်ပွဲစပါပြီ၊ စိန်ဖူးတော်ကိုကျွန်တော်ရှေ့ဆုံးမှကိုင်ပြီးဘုရားကြီးကိုသုံးပါတ်ပါတ်ရပါသည်၊ ကျွန်တော့်နောက် မှာ ထီးတော်၏ဘုံအဆင့်များကိုငါးခုခန့်ခွဲခါ ကျွန်တော်ဆွေမျိုးတွေက ကိုင်ရသည်၊ စေတီရံ ၄ခု ရှိရာအရံထီးလေးဆူကိုလည်းပါရပါသည်၊

ထီးတော်ကိုစေတီအားသုံးပါတ်လှည့်၍ပူဇော်ပြီးသည်နှင့်ထီးတင် ရန်အဆင်သင့်ဖြစ် ပါပြီ၊

ပဌမ ထီးတော်ကြီး၏ အောက်ဆုံးအဆင့် တမီတာခန့်အကျယ်ရှိမည့်ထီးအောက်ခံဘုံအဆင့်ကိုပန်းရထား ပေါ်သို့ တင်ပေးရပါသည်၊ ကျွန်တော့်ရှေ့သို့  နံ့သာဖြူ၊ နံ့သာနီ၊ သနပ်ခါးနံ့တို့ဖြင့်မွှေးကြိုင်နေသော ငွေဖလား ရောက်လာပါသည်၊ ကျွန်တော် နှင့် ဇနီးဖြစ်သူတို့က အမွှေးရည်တွင် သပြေခက်ကိုနှစ်ခါ ထီးတော်ကိုဖြန်းပေးရ သည်၊ သနပ်ခါးနံ့ ကသင်းသင်းမွှေးနေလေသည်၊

အတွင်းရေးမှူးဆရာတော်က အချက်ပေးသည်နှင့်ပန်းရထားကြိုးဆွဲကြရပါသည်၊ဘုန်းကြီးက ကြိုးဆွဲသည့် အဖွဲ့ကိုနေရာ ချပြီးသား၊ လူတွေကြားမှာသူတို့အားလုံးကိုကျွန်တော်မမြင်ရနိုင်၊ ကြိုးကိုအားနှင့်အင်နှင့် ဆွဲနေ သော ကျွန်တော့်ကို ”ဦးကတအားမဆွဲရဘူး လူတွေကသူ့ဖါသူ ဆွဲ မှာပါ၊” ဟုတစုံတယောက်ကသတိပေးသည်၊

ပန်းရထားမှာသာသနာ့အလံတလူလူလွင့်လျက်ဘုရားထိပ် ကောင်းကင်ရံသို့ပျံတက်သွားပါပြီ၊စည်တော်ကြီးက အောင်ပါစေသီချင်းဆိုပေးသည်၊ ဘေးပရိတ်သတ်ကလည်း လိုက် ဆိုကြသည်၊ ကျွန်တော်တို့သည် ”ထီးတင်ပွဲ စပြီ” ဟူသောအသိနှင့် နေရောင်ခြည်အောက် မှာတဖြည်းဖြည်းမြင့် တက်သွား သောပန်းရထားကို ကြည့်ပြီး ပီတိ ဖြစ်၍မဆုံးနိုင်၊

ဒုတိယအဆင့်၊တတိယအဆင့်စသည်ဖြင့် နောက်ဆုံးစိန်ဖူးတော်ကိုတင်ရပါတော့မည်၊အလှူ့အမကြီးပိုက်ဆံ ထည့်ပါဦးဆို၍ငွေဖလားထဲသို့ပိုက်ဆံ ၂၀၀၀၀ ထည့်ပေးလိုက်သည်ကိုမြင်ရသည်၊

ထီးတော်ကြီးရဲ့စိန်ဖူးတော်ကိုသုံးကြိမ်ဦးတိုက်ပြီးမှ”နောက်ဆုံးတင်ရမှာပါ”ဟုအတွင်းရေးမှုးကကြေညာပါသည် ကြိုးဆွဲသူတွေက ပန်းရထားကိုကျသည်ဆိုရုံအသာလေးဆွဲချပြီးသုံးကြိမ်တင်ကြလေ သည်၊ ”စိန်ဖူးတော် ပန်းရထား ဟာအောက်အထိဆင်းရမှာပါခင်များ” ဟုအတွင်းရေးမှုးဆရာတော်က ညွှန်ကြားသံကြားလိုက်ရ သည်၊ ပန်းရထားဆွဲသူတို့ခိုနေ၍မရတော့ပါ၊ ပန်းရထားမှာမြေပြင်အထိဆင်းလာပြီမှ သုံးကြိမ်ဦးတိုက်ရသည်၊ စိန်ဖူးတော်ဘုရားထီးထိပ်တွင် တင်ပြီးသည်မှ ထီးတင်ပွဲပြီးဆုံးတော့သည်၊

စည်တော်ကြီးက အောင်ပါစေ သီချင်းဆိုသံကြားနေရဆဲဖြစ်ပါသည်၊ စည်သံဟိန်းနေသည်နှင့်အတူ မျက်ရည်ဝဲ လာသလား မဆိုနိုင်၊ ရင်ထဲမှာတော့ ခံစားမှုပေါင်းစုံဖြင့်ဗလောင်ဆူနေပြီဟုထင်သည်၊ ပေးလှူရခြင်း၏ကြည်နူးမှု ဆိုတာ ဒါပါလားဟုကျွန်တော်သတိပြုမိလေပြီ၊

ထီးတင်ပွဲပြီးသည်နှင့်ဘုရား နေကဇာတင်ပွဲ ကျင်းပပါသည်၊ စည်တော်ကြီးအဖွဲ့ကလည်းအတီးရပ် သွားပါပြီ၊ ယာယီတဲမှာထိုင်စရာကော်ဇောတွေရှိသည်၊ပရိတ်သတ်ကငြိမ်သက်အေးဆေးစွာထိုင်ပြီးကြည်ညိုနေ ကြပါ သည်၊ ဆရာတော်ကြီးဦးစီးပြီးရဟန်းအပါး၃၀ခန့်ထိုင်ကြပါသည်၊ ဘာတွေ ရွတ်ဖတ်သရဆယ်ကြသည်ကို ကျွန်တော်တို့ နားမလည်ပါ၊ ဗုဒ္ဓမြတ်စွာဘုရားမွေးဖွားခါစကလောကတွင်ငါသည်အမြတ်ဆုံးအကြီးဆုံးဖြစ်သည် ဟုကျူးရင့်ခဲ့သည်၊ ထိုကျူးရင့်ချက်များကိုအခြေခံကာ ရွက်ဖတ် သရဆယ်ကြရသည်ဟုကြားဖူးပါသည်။

အတွင်းရေးမှုးဆရာတော်က နေကဇာတင်ပွဲပြီးပါပြီ ဆွမ်းဆန်စိမ်းလောင်းရအောင်ပါ ဟုဖိတ်ခေါ်လေသည်၊

ထီးတော်အသစ်တင်ပြီးသော ဘုရားရှေ့မှာပင် ဆွမ်းဆန်စိမ်းများထည့်ထားသည့် ခြင်းတောင်းရှိသည်၊ ၀တ္ထုငွေ ထည့်ထားသောစာအိပ် တွေတထပ်ကြီးကိုပေးလာသည်၊ ခင်ဦးနယ်ကျောင်းပေါင်းစုံမှ ကိုယ်တော်တွေက ရှေ့မှသပိတ်ကိုပိုက်ခါ ကြွလျင် နောက်မှ ဆန် ကိုသိမ်းမည့်ကပ္ပိယတွေကအိပ်တွေကိုကိုင်ပြီးလိုက်ရသည်၊ ဆန်ကိုအိမ်သုံးပန်ကန်ပြားနှင့်ကော်ယူခါတပါးစီ လောင်း ကြရခြင်းဖြစ်ပါသည်။

ဆွမ်းဆန်စိမ်းလောင်းပြီးသည်နှင့် ဟေးခနဲအော်သံတွေကြားရသည်၊ ဘုရားငြမ်းအသစ်ပေါ်က ၅၀၀ တန်တွေ တစ်ထောင်တန်ငွေစက္ကူတွေကျဲချနေခြင်းဖြစ်ပါသည်၊ လေအလွင့်မှာပိုက်ဆံတွေက တလူလူဝဲကျနေကြသည်၊ လဲသူလဲ၊ ကွဲသူကွဲ တပျော်ကြီး လုကြ၊ ကောက်ကြ မြင်နေရသည်။

ရေစက်ချပွဲက ကျောင်းမြောက်ဖက်က ဓမ္မာရုံကြီးထဲမှာလုပ်သည်၊ သဲပုံစေတီဆရာတော်ကို ရေစက်ချလျင် တိုတိုဘဲချပါဟု ဘုန်းကြီးကမေတ္တာရပ်ခံထားပါလျက် တနာရီလောက် ကြာအောင် ပေးလှူရခြင်း၏အကျိုးကို သြ၀ါဒ တွေပေးနေလေသည်၊ အလှူဒကာ အလှူ့ဒကာမ နှင့်သားတို့ အမည်တွေကိုရွတ်ဆို နေလိုက်သည်မှာ လည်းအကြိမ်ကြိမ်၊

(၃)

ရေစက်ချ အမျှဝေတော့ကျွန်တော်တို့မသိသောနာမည်တွေပါလာလေသည်၊ “ဒေါ်မြမိကောင်းရာသို့လားပါစေ” “ဦးမြမောင် ရောက်ရာအရပ်က သာဓုခေါ်ပါ”၊ ဘယ်သူကမှ ဘာမျှ ပြောမထားသောကြောင့် ထိုနာမည်တွေ၏ ရာဇ၀င်ကို ကျွန်တော်မေးရလေသည်။

ဘုန်းကြီး၏မြေးတော်သူက တန်ဆောင်းဒကာ ဒေါ်မြမိ နှင့် ကျောင်းဒကာကြီး ဦးမြမောင် တို့အကြောင်း ကို ပြောပြပါသည်၊ ဒေါ်မြမိက သူဆောက်သော တန်ဆောင်းအလှုအတွက် ရေစက်မချလိုက်ရပါ၊ ပွဲမကျင်းပမှီ ၁၀ ရက်ခန့်အလိုမှာ ဆုံးပါးသွားရှာသည်၊ နောက်ပြီးတော့ မကျွတ်မလွတ်သေး၊ ကျောင်း မြောက်ဖက် သစ်ပင်မှာ နေ နေရသည်၊ မကြာမကြာလည်း ဘုန်းတော်ကြီးကို သူ့အတွက် အမျှဝေပါရန် လျှောက်ထားသည်ဟုဆိုသည်၊ ကျောင်းတကာဦးမြမောင်မှာ ရေစက်တော့ချလိုက်ရပါသည်၊ ပွဲကြီးပြီးတာနှင့် နာမကျန်း ဖြစ်ပြီး ကွယ်လွန်သွား ရှာသည်၊

ညဦးပိုင်းမှာ အမေတို့ခေတ်တုံးကလို ကျွန်တော်တို့သည် ဖရောင်းတိုင်နှင့် ဆုတောင်းပြည့် ဘုရားကြီး ကို မီးပူဇော်ကြပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်ကျော်ကလည်း အမေတို့သည် ဤဘုရားကြီးကို အခုလို ပင် မီးပူဇော်ခဲ့ကြပါသည်၊ ထိုအကြောင်းကိုတွေးမိသောအခါ ကျွန်တော့်ရင်မှာ နွေးလာသည်၊ ကုသိုလ်ကောင်းမှု ပြုရခြင်းအတွက် ဘယ်သို့သော အန္တရာယ်ကိုမှ ကျွန်တော်တို့ ဂရုမစိုက်နိုင်ပြီ၊




“ကျမတို့က ဦးအတွက် စိုးရိမ်နေကြတာ၊ ဦးကိုလဲ ပြောမပြရဲ၊ အားနာလို့၊ ဦးတို့ရောက်လာမှ ဟင်းချနိုင်ကြတာ၊ အခုတော့ပွဲကြီးပြီးသွားပါပြီ၊” ဘုန်းတော်ကြီး၏မြေးမ လေးကပြောရှာသည်၊ ကျွန်တော်သည် ဘယ်သောအခါ ကမှ မိမိကျန်းမာရေးကို ရပ်ရွာကပူပင်ကြသလိုမပူပင်မိပါ၊ ဘာဘဲပြောပြော အလှုတစ်ခုအောင်မြင်ခဲ့ပါပြီ၊

ဘုန်းတော်ကြီးက “ ထီးတင်ပွဲအောင်မြင်ဘို့ဆိုတာ လွယ်တာမဟုတ်ဖူး၊ ရာသီဥတုအပြင်၊ ပစ္စည်းကရိယာတွေ ကလဲကောင်းဦးမှ၊ အလှုတကာတွေရဲ့ ဘုန်းတွေ ကံတွေကလဲရှိသေးတယ်” ဟုမိန့်လိုက်သည်မဟုတ်ပါသလော၊ ကျွန်တော်သည် ဘာကိုမှ စိုးရိမ်စိတ်မထားမိပါ၊

ထီးတော်အသစ်က ဆည်းလည်းသံတချွင်ချွင်မှာ ငြိမ်သက်နေသော ပါတ်ဝန်းကျင်မှာ သာယာနာပျော်ဘွယ် ကြားနေကြရသည်၊ ဖရောင်းတိုင်တွေ အားလုံးမီးငြိမ်းသွားမှ ဘုရားပုရ၀ုဏ်မှ ကျွန်တော်တို့ ထွက်ခဲ့ကြပါသည်၊




ကိုသန်းလွင်