မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယပင်လုံ


မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယပင်လုံ
(မိုးမခ) မေ ၁၊ ၂၀၁၆

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် တပဖွဲ့များနှင့်ပတ်သက်၍ NLD အစိုးရသစ်တက် လာ ပြီးနောက် စောင့်ကြည့်နေသူများအဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယပင်လုံညီလာခံကို နှစ်လ သုံးလအတွင်း ကျင်းပရန် ရည်ရွယ်သည်ဟုဆိုလိုက်၍ ဝေဖန်သုံးသပ်သံများထွက်ပေါ်လာသည်။ ဝေဖန်သူများ အဓိကဆိုလိုချင်သည်မှာ ပြဿနာများ စွာရှိနေသော တိုင်းရင်းသားပြဿနာကိုဖြေရှင်းရန် လပိုင်းအတွင်းညီလာခံခေါ်ရန် မဖြစ်နိုင်ဟု ယူဆကြသည်။

● ပြောင်းလဲစဉ်းစားခြင်း
လပိုင်းအတွင်း ညီလာခံခေါ်ယူရန်မဖြစ်နိုင်ဟု စဉ်းစားသုံးသပ်ကြသည်မှာ ယခင်အစိုးရဟောင်းသက်တမ်းအတွင်း ချမှတ် ထားခဲ့သော မူဘောင်များအတွင်းမှ စဉ်းစားကြခြင်းဖြစ်ပုံရသည်။ ယခင်အစိုးရ၏ ချမှတ်ထားသောမူဘောင်အရ အပစ်အ ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကိုဆက်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ NCA လက်မှတ် ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့ ၈ ဖွဲ့ပြဿနာကို အရင်ဖြေရှင်းမှသာ နိုင်ငံရေးဆွေးနွေးပွဲ (ဝါ) ဒုတိယပင်လုံညီလာခံကိုစတင်၍ ရမည်ဟုစွဲမှတ်ထားပုံရသည်။

အကယ်၍သာ အပစ်ရပ်လက်မှတ်ထိုးရေးနှင့် လက်နက်ကိုင်တပ်ပြဿနာကို နောက်ပို့ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အရင် ကျင်းပလျှင် မဖြစ်နိုင်စရာအကြောင်းမရှိဟု ယူဆရပေသည်။ လက်တွေ့ကျကျစဉ်းစားလျှင် လက်မှတ်မထိုးသေးသည့် ၈ ဖွဲ့တွင် အဓိက စစ်ဖက်က လက်မခံနိုင်သည်ဟု ဆိုသည့် TNLA တအန်းပလောင်၊ MNDAA ကိုးကန့်၊ AA ရခိုင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့သာ အဓိကကျနေပေသည်။ ကျန်အဖွဲ့များ ပါဝင်ရေးကိုစစ်ဖက်က လက်ခံပြီးဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်တွင် ထို ၃ ဖွဲ့နှင့်ပတ်သက်၍လည်း မြန်မာစစ်ဖက်မှ သဘောထားတစုံတရာ ပြောင်းလဲပုံရသည်။ ပြီးခဲ့သောရက်ပိုင်းက ထွက်ပေါ်လာသည့်သတင်းများအရ မြန်မာစစ်ဖက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တာဝန်ပေးထား သည့် ဦးခင်ဇော်ဦး (ဒုဗိုလ်ချု ပ်ကြီး ငြိမ်း) နှင့် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလည်များ အလွတ်သဘောတွေ့ဆုံရန် စီစဉ်မှုများကိုကြားသိရသည်။ သို့ဖြစ်ရာ ဒေါ်စုခေါ်ဆိုမည့် ပင်လုံညီလာခံတွင် ၎င်း ၃ ဖွဲ့အပါ ကျန် ၈ ဖွဲ့တက်ရောက်ရန်မှာ မဖြစ်နိုင်စရာအကြောင်းမရှိဟု ဆိုရမည်။

ထို့ကြောင့် အပစ်ရပ်ရေးဆွေးနွေးပွဲများကို နောက်ပို့၍ နိုင်ငံရေးဆွေးနွေးပွဲကို အရင်လုပ်မည်ဟု ပြောင်းလဲစဉ်းစားလိုက်ပါက မဖြစ်နိုင်စရာအကြောင်းမရှိပေ။

● အပစ်မရပ်ဘဲဆွေးနွေးခြင်း
တကယ်တမ်းဆိုလျှင် အပစ်မရပ်ဘဲ ဆွေးနွေး၍ ရသည်ကိုသက်သေပြပြီးဖြစ်သည်။ ပြီးခဲ့သော တနိုင်ငံလုံးအပစ်ရပ်ရေးသဘောတူညီချက် NCA ကို ရရှိအောင် ဆွေးနွေးခဲ့ကြခြင်းသည်ပင် ပစ်ခတ်နေစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အ လားတူပင် အပစ်ရပ်ရေး နယ်မြေသတ်မှတ်ရေးကိစ္စများကို ဒုတိယဖြေရှင်းရမည့်ပြဿနာအဖြစ် နောက်ပို့ပြီး နိုင်ငံရေးပြ ဿနာကို ပစ်ခတ်နေစဉ်အတွင်း ဆွေးနွေးနိုင်သည်။

ဆွေးနွေးနေစဉ်အတွင်း ဖက်အားလုံးမှ စစ်ရေးလှုပ်ရှားမှုများနှင့် အလုံးအရင်းနှင့်စစ်ဆင်ခြင်းကို လျော့ချထားပါက တိုက်ပွဲ ကြီးကြီးမားမား ဖြစ်စရာအကြောင်းမရှိပေ။ တိုက်ပွဲငယ်များ သို့မဟုတ် အချို့နေရာများတွင် တိုက်ပွဲအချို့ ဖြစ်ပွားခြင်းသည် ပြဿနာကြီးမဟုတ်ပေ။ ဆွေးနွေးပွဲတက်ရောက်နေသူများ ညှိနှိုင်း၍ စစ်ပွဲအရှိန်ကို လျှော့ချ၍ ရနိုင်ပါသည်။

ထို့ပြင် နိုင်ငံရေးအရ ဆွေးနွေးပွဲဖြစ်သည့် ဒုတိယပင်လုံညီလာခံကို အရင်ဆွေးနွေးခြင်းဖြင့် အပစ်ရပ်လက်မှတ်ထိုးပြီးပြီဖြစ်၍ နောက်တကြိမ်ထပ်ထိုးရန် မလိုဟု ငြင်းပယ်နေသော UWSA ဝ အဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့တို့ ပြဿနာကိုကျော်လွှားနိုင် မည်ဖြစ်သည်။ ထို့အတူ KIO/KIA အပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုင်စွဲထားသော နိုင်ငံရေးအရဆွေးနွေးသဘောတူခြင်းမရှိဘဲ အပစ်ရပ်လက်မှတ်မထိုးဟူသော အမြင်များကို ကျော်လွှားနိုင်ပေမည်။

တကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြဿနာသည် တိုင်းရင်းသားတန်းတူရေးပြဿနာ ဖက်ဒရယ်ပြဿနာ စသည့် နိုင်ငံရေးပြသနာက အဓိကပြဿနာဖြစ်သည်။ ထိုပြဿနာကိုဖြေရှင်းနိုင်ပါက ကျန်ပြဿနာများကို တဆင့်ချင်းဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ ပြီးခဲ့သော ၅ နှစ်သက်တမ်းအတွေ့အကြုံအရ နိုင်ငံရေးပြဿနာကို ထိပင် မထိနိုင် စပင် မစနိုင် ဘဲ အပစ်ရပ်ရေးပြဿနာ လက်နက်ကိုင်တပ်ပြဿနာနှင့်ပင် အချိန်ကုန်ခဲ့သည်ကိုတွေ့ရပေသည်။

သို့ဖြစ်ရာ အပစ်ရပ်ရေးပြဿနာ လက်နက်ကိုင်တပ်ပြဿနာကို နောက်ပို့ပြီး နိုင်ငံရေးပြဿနာကို အရင်ကိုင်တွယ်ဆွေး နွေးခြင်း နိုင်ငံရေးအရ အများသဘောတူမှုရခြင်း ကြေလည်မှုများရခြင်းတို့ပြီးနောက် အပစ်ရပ်ပြဿနာလက်နက်ကိုင်တပ်ပြ ဿနာများကို ဆွေးနွေးဖြေရှင်းခြင်းက ပိုမိုလွယ်ကူနိုင်မည်ဟုသုံးသပ်ရပေသည်။ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်နေရင်း နိုင် ငံရေးပြဿနာဆွေးနွေးခြင်းသည် လုပ်၍ရသည့်ကိစ္စသာဖြစ်သည်။ လောလောဆယ်ကာလတွင်ပင် စစ်ပွဲကြီးကြီးမားမား မရှိပေရာ နိုင်ငံရေးဆွေးနွေးပွဲများမှ နားလည်မှုရလေ စစ်ပွဲကိုလျှော့ချနိုင်လေဖြစ်ပေလိမ့်မည်။

● ပထမပင်လုံ
၁၉၄၇ ခုနှစ်က ဆွေးနွေးခဲ့ကြသည့် ပထမပင်လုံ၏ အဓိကရည်ရွယ်ချက်မှာ ဗြိတိသျှတို့ ခွဲခြားအုပ်ချုပ်ခဲ့သော တောင်တန်း ဒေသများပါ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန်ဖြစ်သည်။ ထိုစဉ် ဗြိတိသျှတို့က ပြည်မတွင်ပေါင်းထည့်ထား၍ ဗမာတို့နှင့် အတူ လွတ်လပ်ရေးပေးမည့် ရခိုင် ကရင် မွန်တို့ ပင်လုံစာချုပ်တွင် မပါဝင်ခဲ့ပေ။ ဗြိတိသျှတို့က လွတ်လပ်ရေးမပေးဘဲ ချန် ထားမည့် တောင်တန်းဒေသမှ တိုင်းရင်းသားများသာပါဝင်ခဲ့သည်။

ပင်လုံစာချုပ်ကိုဦးဆောင်လက်မှတ်ထိုးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမှာ စာချုပ်လက်မှတ်ထိုးပြီး လပိုင်းအကြာ လွတ်လပ်ရေး မရမှီပင် လုပ်ကြံခံခဲ့ရသဖြင့် ပင်လုံကတိကဝတ်များကို အကောင်အထည်မဖေါ်နိုင်ခဲ့ပေ။

● ဒုတိယပင်လုံ
ယခု ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ဒုတိယပင်လုံသည် တိုင်းရင်းသားအားလုံး ပါဝင်သင့်သူအားလုံး ပါဝင်မည့် ဒုတိယပင်လုံညီလာခံဖြစ်သည်။ တိုင်းရင်းသားတန်းတူရေးပြဿနာ ဖက်ဒရယ်ပြဿနာကို နိုင်ငံရေးအရဆွေးနွေးဖြေရှင်း မည့် ညီလာခံဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ် ၆၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်လာကြသည့် တိုင်းရင်း သားပြသနာကို နိုင်ငံရေးအရဆွေးနွေးဖြေရှင်းမည့်ပွဲဖြစ်သည်။

ထိုညီလာခံသို့ အပစ်ရပ်သည်ဖြစ်စေ မရပ်သည့်ဖြစ်စေ ပါဝင်သင့်သူအားလုံးကို ဖိတ်ကြားတက်ရောက်ခွင့်ပေးနိုင်သည်။ နိုင် ငံရေးအရ ပြဿနာကိုဖြေရှင်းနိုင်ပါက လက်နက်ကိုင်တိုက်ခိုက်နေမှုကို လွယ်ကူကောင်းမွန်စွာဖြေရှင်းနိုင်သည်ဟူသော မူကို ကိုင်စွဲထားပါက အပစ်ရပ်လုပ်ငန်းစဉ်များအငြင်းပွားမှုများကို ကျော်လွှား၍ အဓိကပြဿနာကို ဆွေးနွေးနိုင်ပေလိမ့် မည်။ သို့ဆိုပါက လာမည့် နှစ်လ သုံးလအတွင်း  ဒုတိယ ပင်လုံညီလာခံကို မစနိုင်စရာမရှိပေ။ ဆွေးနွေးဖြေရှင်းသည့်အချိန် တော့ အတန်ငယ်ယူရဖွယ်ရာ ရှိပေသည်။ တထိုင်တည်းနှင့်တော့ ပြဿနာအားလုံး ဖြေရှင်းရန်မဖြစ်နိုင်သော်လည်း အဓိ ကကျသည့် နိုင်ငံရေးပြဿနာကို စတင်ကိုင်တွယ်နိုင်ပေလိမ့်မည်။ ဤနည်းလမ်းသည် အပစ်ရပ် ပါမစ်ပေး၍ ချော့မြူ ထားပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲထားသည်ထက် များစွာသာလွန်ပေလိမ့်မည်။ လက်တွေ့ကျကျ နိုင်ငံရေးပြဿနာ ကို ဖြေရှင်းခြင်းသာ ပြဿနာ၏သော့ချက်ဖြစ်ပေမည်။

မည်သို့ဆိုစေ နိုင်ငံရေးအရ မူဘောင်များကို တဆင့်ချင်းဖြေရှင်းသွားနိုင်ပါက ကျန်သည့်အပစ်ရပ်ပြဿနာ လက်နက်ကိုင်တပ် များကို နားလည်မှုရှိစွာ ညှိနှိုင်းဖြေရှင်းနိုင်သည့် လမ်းစများပွင့်သွားနိုင်ပေလိမ့်မည်။

● သုံးဦးသုံးဖလှယ်
၂၀၁၅ ရွေးကောက်ပွဲတွင် လူထုအများစု၏ထောက်ခံမှုရရှိခဲ့သော NLD နှင့်ဒေါ်အောင်ဆန်းစုကြည် မြန်မာစစ်ဖက်ခေါင်း ဆောင်များနှင့် တိုင်းသားပါတီ လက်နက်ကိုင်တပဖွဲ့ခေါင်းဆောင်များ သုံးဦးသုံးဖလှယ်စုံညီ ဆွေးနွေးသဘောတူညီချက်ရ ယူရမည့် ညီလာခံဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်နာစစ်ဖက် အရင်သဘောတူညီချက်ရယူပြီး တိုင်းရင်းသားများနှင့်ဆွေးနွေးခြင်းသည်လည်း ကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားများ အရင်သဘောတူညီချက်ရယူပြီး မြန်မာစစ်နှင့်ဆွေးနွေးခြင်းသည် လည်း ကောင်း နည်းလမ်းမှန်ဟု မယူဆပါ။ ဒုတိယပင်လုံညီလာခံသည် သုံးဦးသုံးဖလှယ် ဆွေးနွေးညှိနှိုင်းသဘောတူညီချက် ရယူရမည့်နေရာ ဖြစ်သည်ဟု ယူဆပါသည်။

● ဒေါ်အောင်ဆန်းစုကြည်၏အားသာချက်
မြန်မာနိုင်ငံရေးအခြေအနေကိုသုံးသပ်ကြရာတွင် နိုင်ငံရေးသမားများဖြစ်စေ နိုင်ငံရေးအကဲဖြတ်များဖြစ်စေ သမရိုးကျ နိုင်ငံ ရေးမူဘောင်များအပေါ်မှ အခြေခံပြီး ပကတိအခြေအနေများကို သုံးသပ်ကြသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်၏ခြေလှမ်းများကို သုံးသပ်ရာတွင် သူမ၏ထူးခြားချက်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ထူးခြားချက်မှာ သာမန်မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မည်သူတစ်ဦးတစ်ယောက် တွင်မှမရှိသည့် ထူးခြားချက်ဖြစ်သည်။ အခြားနိုင်ငံရေးသမားများထက် များစွာသာလွန်သည့် အကြောင်းနှစ်ချက် သူမတွင်ရှိ သည်။ ပထမအချက်မှာ သူမ၏ပုဂ္ဂိုလ်ရေးသြဇာဖြစ်သည်။ ဒုတိယအချက်မှာ သံတမန်ရေးအားသာချက်ဖြစ်သည်။

ပထမအချက်အနေနှင့်လွတ်လပ်ရပြီးနောက်ပိုင်း သူမကဲ့သို့ ပုဂ္ဂိုလ်ရေးသြဇာတက္ကမကြီးမားသူမျိုး မရှိသေးပေ။ ထို့သြဇာကို ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် ကောင်းစွာတွေ့မြင်နိုင်သည်။ မြန်မာပြည်လူထုအများစုကိုသူမ၏ပုဂ္ဂိုလ်ရေးသြဇာနှင့်စည်းရုံးသိမ်းသွင်းစွဲဆောင်နိုင်သည်။ သူမသြဇာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း သူမအပေါ်မျှော်လင့်ချက်ကြီးစွာထားရှိသည်။ သူမ၏ ကြီးမားသောပုဂ္ဂို လ်ရေးသြဇာသည်သာမန်နိုင်ငံရေးသမားများ ခက်ခဲစွာ သို့မဟုတ် အချိန်ယူပြီးဖြတ်ကျော်ရမည့်အခက်အခဲများကို လွယ်လင့်တကူကျော်လွှားသွားနိုင်သည်။ ထို့ပြင် လက်ရှိအချိန် မြန်မာပြည် နိုင်ငံရေးလောက၌ သူမနှင့်ပုခုံးချင်း ယှဉ်နိုင်သူမရှိချေ ။ သူမက အခြားသူများ ခေါင်းတလုံးမက ပိုမြင့်နေသည်ဟု ဆိုရမည်။ သူမအားထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ ဤအခြေအနေကားမျက်ကွယ်ပြုမရသည့် ဖြစ်ရပ်မှန်ဖြစ်သည်။

ဒုတိယအချက်အနေနှင့် သံတမန်အရေးအားသာချက်အနေနှင့်ပြောလျှင် ခေတ်အဆက်ဆက်မရှိဘူးသည့်အားသာချက်ဖြစ်သည်။ ထိုအားသာချက်ကို ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကောင်းစွာအသုံးပြုနိုင်သည်ကိုတွေ့ရသည်။ ပြီးခဲ့သော ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီး ဦးသိန်းစိန်က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော ပါတီများစွာကို ခေါ် ယူတွေ့ဆုံ၍ ရွေးကောက်ပွဲတွင် NLD အများစု အနိုင်ရသွား၍ အပြန်အလှန်ထိမ်းကြောင်းမှုပျက်သွားနိုင်ကြောင်း ပြောဆိုနေ ချိန်တွင် ထိုစဉ် ရွေးကောက်ပွဲအနိုင်ရပါတီ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းရှိ နိုင်ငံတကာသံတမန်များအား တနေရာတည်းတွင်ခေါ်ယူတွေ့ဆုံပြီး သူမ၏သံတမန်ရေးအားသာချက်ကို အသုံးပြုခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား နိုင်ငံတကာ၏အသိမှတ်ပြုမှုရယူပြခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ ဦးသိန်းစိန်၏ ဆွေးနွေးပွဲများ ပျောက်ကွယ် သွားသည်ကို တွေ့ခဲ့ရတော့သည်။

နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေနှင့် နိုင်ငံရေးခြေလှမ်းများ လှမ်းလျှင်မုချပင် သူ၏အားသာချက်ကို အသုံးပြုမည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေးခြေလှမ်းတွင် အခြေခံနိုင်ငံရေး မူဘောင်သဘောတရားများအပြင် သူမ၏အားသာချက်ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်မည်သာဖြစ်သည်။ သို့ဖြစ်ရာ သူမ၏နိုင်ငံရေးခြေလှမ်းများကို သုံးသပ်လျှင် သာမန်မူဘောင် အချက်အလက်များအပြင် သူမ၏အားသာချက်ကိုပါ ထည့်သွင်းတွက်ချက်ရန်လိုအပ်ပါမည်။

● နိဂုံး
ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောဆိုခဲ့သော ၂၁ ရာစု ဒုတိယပင်လုံညီလာခံအား လာမည့် နှစ်လ သုံးလအတွင်းကျင်း ပနိုင်ရေးဆိုသည်မှာနိုင်ငံရေးအရ ပြဿနာဖြေရှင်းပုံပြောင်းလဲစဉ်းစားပါကလည်းကောင်း၊ သူမ၏အားသာချက်ကို ထည့် သွင်းစဉ်းစားပါကလည်းကောင်း ဖြစ်နိုင်ဘွယ်ရာရှိသည်ဟုသာ သုံးသပ်ရပေသည်။

သူမ၏ ရက် ၁၀၀ ရာထားချက်အတွင်း ဒုတိယပင်လုံညီလာခံ ပါဝင်လေသလောဟု စောကြောရပေတော့သည်။

Mg Mg Soe (မောင်မောင်စိုး)
Photo Credit : CNN