ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထက်ခေါင်လင်း၊ အိချယ်ရီအောင် - အစိုးရသစ်နဲ့ ပျက်စီးနေတဲ့တက္ကသိုလ်ပညာရေး



ထက်ခေါင်လင်း၊ အိချယ်ရီအောင် - အစိုးရသစ်နဲ့ ပျက်စီးနေတဲ့တက္ကသိုလ်ပညာရေး 
(မူရင်း - Myanmar NOW) မိုးမခ၊ မေ ၂၂၊ ၂၀၁၆

စစ်အစိုးရလက်ထက် ယိုယွင်းသွားတဲ့ တက္ကသိုလ်ပညာရေးကို အစိုးရသစ်လက်ထက်မှာ အကြီးအကျယ် ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်
ထက်ခေါင်လင်း၊ အိချယ်ရီအောင်

ရန်ကုန် (Myanmar Now) – ကျောင်းဆရာ ဦးအောင်ကျော်စိုး သူ့အိမ်ကနေ ရန်ကုန်မြို့ပြင်မှာရှိတဲ့ ကျောင်းကိုရောက်ဖို့ ၂ နာရီ လောက်ကြာအောင် ဘတ်စ်ကား စီးရပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာတွေဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ အချိန်ကုန်ပြီးမှ စာသင်ကျောင်းကို ရောက်ကြရတာလို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရုက္ခဗေဒ ဌာနက လုပ်သက် ၁၄ နှစ်ကျော်ပြီဖြစ်တဲ့ ကထိက ဦးအောင်ကျော်စိုးက ပြောပြပါတယ်။

“ကားပေါ်မှာ ချွေးပျံ၊ စိတ်မကြည်လင်မှုက ဖြစ်လာပြီ၊ ကျောင်းရောက်တော့ ဘယ်လိုလုပ် ကလေးတွေကို စိတ်လက်ကြည်သာစွာနဲ့ စာသင်နိုင်တော့မတုန်း" လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်များနည်းတူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဟာ မြို့ပြင်မှာ တည်ရှိနေခြင်း၊ ကျောင်းထဲမှာ ကျောင်းသားများ နေထိုင်တဲ့ အဆောင်တွေ ပါဝင်မှုမရှိခြင်းတို့ကတော့ ကျောင်းသား စုစည်းမှုကို ဟန့်တားလိုတဲ့ စစ်အစိုးရရဲ့ အစီအစဉ်တွေပါပဲ။ မြို့အစွန်အဖျား လယ်ကွင်းတွေကြားထဲက တက္ကသိုလ်တွေမှာ အရိပ်ရ အပင်ကြီးတွေ မရှိပါဘူး။ စာသင်ချင်စိတ်ပေါ်လာအောင် ဆွဲဆောင်မှုတွေ ကင်းမဲ့တဲ့ ကျောင်းပရဝုဏ်ထဲကိုရောက်ဖို့ လုံခြုံရေးဂိတ်ကို ဖြတ်ရပါသေးတယ်။

“ကျောင်းကိုလာရတာ ဒုက္ခကြုံရသလို ကျောင်းထဲမှာလည်း တင်းကျပ်လွန်းလို့ ထောင်လို့တောင် စိတ်ထဲ ခံစားမိတယ်၊ အခု ကျောင်းသားတွေ မြင်နေရတယ်ဆိုတာ စာမေးပွဲဖြေချိန်မို့၊ ကျန်တဲ့အချိန်ဆို ခြောက်ကပ်နေတာပဲ” လို့ အနောက်ပိုင်းတက္ကသိုလ်မှာ သမိုင်းဘာသာရပ် ဂုဏ်ထူးတန်း တက်နေတဲ့ ကိုရဲမြတ်ဟိန်းက ဆိုပါတယ်။

ပညာရေးအသုံးစရိတ်တွေလျှော့ချ၊ အလွတ်ကျက်မှုကို ဦးစားပေးရာကနေ ဘွဲ့ရ ပညာမတတ်သူတွေ ပေါ်ပေါက်လာပြီး တပ်မတော်အုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း အဆင့်မြင့်ပညာရေးက တဖြည်းဖြည်း ပျက်စီးသွားပါတယ်။ ကျောင်းသားသမဂ္ဂကို ပိတ်ပင်၊ ကျောင်းတက်စရာမလိုတဲ့ အဝေးသင်ပညာရေးစနစ်ကို အားပေးတဲ့နည်းနဲ့ ကျောင်းသားတွေ စုဝေးတာကို ဟန့်တားခဲ့ပါတယ်။

ယခု ပညာသင်နှစ်အတွင်း အဆင့်မြင့်ပညာဦးစီးဌာနလက်အောက် တက္ကသိုလ်တွေမှာ နေ့တက်ကျောင်းသား ၂ သိန်းကျော်၊ အဝေးသင်ကျောင်းသား ၄ သိန်းကျော်တို့ တက်ရောက်သင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။

တက္ကသိုလ် ၁၆၉ ခုရှိရာမှာ ဝန်ကြီးဌာန ၁၃ ခုက စီမံအုပ်ချုပ်နေတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ စာရင်းတွေက ဆိုပါတယ်။ ပညာရေး ဝန်ကြီးဌာနအောက်မှာ တက္ကသိုလ် ၄၇ ခုပဲ ရှိတာပါ။ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေဆိုရင် ကျန်းမာရေးဝန်ကြီးဌာနအောက် ပို့ထားပါတယ်။

အစိုးရသစ်ဖွဲ့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပညာရေးပြုပြင်ပြောင်းလဲရေးကို ဦးစားပေးမယ်လို့ ထုတ်ဖော်ပြောကြားထားသလို သမ္မတသစ် ဦးထင်ကျော်နဲ့ သူ့ရဲ့ပညာရေးဝန်ကြီးဖြစ်တဲ့ အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမျိုးသိန်းကြီးတို့ဟာ အစစ အရာရာ နိမ့်ကျနေတဲ့ ပညာရေးစနစ်ကို စတင်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလာပါတယ်။

“ပါတီရဲ့ မူဝါဒအရတော့ မြန်မာနိုင်ငံရဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ အနည်းဆုံး အာဆီယံအဆင့်ကို မီအောင်ကြိုးစားဖို့ စဉ်းစားထားတယ်” လို့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ပြည်သူ့လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာတင်အောင်က ပြောပါတယ်။

လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး
တပ်မတော်အစိုးရလက်ထက် ပညာရေးအတွက် နိုင်ငံအသုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းအောက်သာ သုံးပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ၁၁ ရာခိုင်နှုန်းကျော်အထိ အသုံးပြုခဲ့တယ်လို့ ဒေါက်တာ တင်အောင်က ပြောပါတယ်။

ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးထောင်ချတဲ့အစဉ်အလာကနေ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တချို့သော ကျောင်းတွင်းလှုပ်ရှားမှုတွေကို ခွင့်ပြုလာသလို ကျောင်းသားအဖွဲ့အစည်းတွေ၊ ဆရာ၊ ဆရာမအဖွဲ့အစည်းတွေကို ဟန့်တားခြင်း မရှိတော့ပါဘူး။ စကားရည်လုပွဲ၊ အားကစားပွဲ၊ ကျောင်းသားကျောင်းသူတွေ ဦးဆောင်တဲ့ ပျော်ပွဲရွှင်ပွဲ၊ တက္ကသိုလ် ကင်းထောက်အသင်း စတာတွေကို တွေ့မြင်လာရပါပြီ။

၁၉၉၆ ခုနှစ် ကျောင်းသား ဆန္ဒပြပွဲတွေပြီးတဲ့နောက်မှာ ပိတ်ထားတဲ့ ရန်ကုန်တက္ကသိုလ် စာသင်ခန်းတွေလည်း ဦးသိန်းစိန်လက်ထက်မှာ ပြန်ပွင့်လာပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံက Oxford အပါအဝင် ပြည်ပတက္ကသိုလ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို စတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ၊ ဆရာတွေ သြစတြေးလျ၊ ဂျပန်၊ ထိုင်း၊ တရုတ်နိုင်ငံက တက္ကသိုလ်တွေကို ရက်တို သင်တန်း သွားရောက်ခဲ့ပါတယ်။

“တက္ကသိုလ်ပညာရေးကို ပထမဆုံးအဆင့်မြှင့်ရမယ်ဆိုရင် တက္ကသိုလ်တွေမှာ အားနည်းနေတဲ့ သင်ထောက်ကူ ပစ္စည်းတွေ၊ စာကြည့်တိုက်တွေအပြင် သင်ကြားပေးရမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေကိုပါ မြှင့်တင်ပေးဖို့လိုတယ်” လို့ ဒေါက်တာတင်အောင်က ဆိုပါတယ်။

“အဲ့ဒီကဏ္ဍတွေကို လုပ်ဖို့ဆိုရင်တော့ ဘဏ္ဍာရေး အထောက်အပံ့တွေ အများကြီးလိုတာပေါ့”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က ပညာရေးဆိုင်ရာ ပညာရှင် ဒေါက်တာမင်းသိန်းကတော့ ဝန်ထမ်း စီမံခန့်ခွဲမှု စနစ်မကျသလို သင်ကြားရေးပိုင်းတွေမှာပါ အားနည်းခဲ့ရတယ်လို့ ထောက်ပြပါတယ်။

“မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ခေတ် တစ်လျှောက်လုံး ရာထူး တိုးမယ်ဆိုရင် အဲ့ဒီသူဟာ ဘယ်လောက်ယုံကြည်စိတ်ချရသလဲဆိုတာနဲ့ အရင်ဆုံးကြည့်ပြီး ဆုံးဖြတ်တယ်” လို့ ဒေါက်တာမင်းသိန်းက ဆိုပါတယ်။

“အဲ့ဒီတော့ ဝန်ထမ်းတွေအားလုံးက အမိန့်နာခံတတ်တဲ့၊ လက်ညှိုးထောင် ခေါင်းညိတ်တတ်တဲ့သူတွေ ဖြစ်ကုန်ရော”

အငြင်းပွားဖွယ် အမျိုးသား ပညာရေးဥပဒေ
ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ဦးသိန်းစိန်အစိုးရဟာ တက္ကသိုလ်ကျောင်းသားအဖွဲ့တွေ၊ NNER လို ပညာရေး အဖွဲ့တွေရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုပြီးတော့ အမျိုးသား ပညာရေးဥပဒေကို ပြဋ္ဌာန်း၊ အဲဒီဥပဒေကို ကျောင်းသားအများအပြား ကန့်ကွက်ရာမှာ အကြမ်းဖက်ဖမ်းဆီးပြီး တရားစွဲလိုက်ပါတယ်။ ထိန်းသိမ်းခံရတာတစ်နှစ်ကျော်ကြာချိန် NLD အစိုးရတက်လာတဲ့နောက်မှာတော့ တရားစွဲဆိုမှုတွေကို ရုပ်သိမ်းလိုက်လို့ ပြန်လည် လွတ်မြောက်လာကြပါပြီ။

သင်ရိုးညွှန်းတမ်းတွေဟာ နိုင်ငံတကာအဆင့်မီတယ်ဆိုပေမယ့် အခြေခံအဆင့်မှာ အခြေမခိုင်ခဲ့တဲ့ ကျောင်းသားအများစု နားလည်နိုင်အောင် ပြင်သင့်တယ်၊ တက္ကသိုလ်ဝင်ခွင့်ကို စာမေးပွဲရမှတ်ကြည့်ပြီး ဘာသာရပ်သတ်မှတ်တာမျိုးတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ရုက္ခဗေဒဘာသာရပ်၊ အဝေးသင် ဒုတိယနှစ်ကျောင်းသား ကိုမင်းသွေးသစ် (ခေါ်) ကိုသီဟသန်းဝင်းက ပြောပါတယ်။

“တက္ကသိုလ်တွေမှာ သင်ထောက်ကူပစ္စည်းတွေ မရှိဘူး။ ဒါတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ လိုမယ်” လို့ သူက ဆိုပါတယ်။

“ဆရာ၊ ဆရာမတွေရဲ့ လစာ၊ လူနေမှုဘဝတွေကို မြှင့်တင်ပေးဖို့လည်း လိုမယ်။ ဒါမှ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် မကြောင့်မကြတော့ပဲ သင်ကြားရေးဘက်ကို ပိုအာရုံစိုက်နိုင်မှာ”

ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်ခင် အနည်းငယ် ပြင်ဆင်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ထပ်မံပြုပြင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်သူ့လွှတ်တော် ပညာရေးအဆင့်မြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်။

“နောင်တော့ ပြင်သင့်တာပြင်ရမှာပေါ့။ ဘာတွေပြင်ရမလဲဆိုတာ သုံးကြည့်မှသိမှာ” လို့ သူက ဆိုပါတယ်။ ကော်မတီအနေနဲ့ လတ်တလောမှာ တက္ကသိုလ်ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ထက် ပညာရေး စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဦးတည်ထားတယ်လို့ ရှင်းပြပါတယ်။

သူ့ရဲ့ကိုယ်ပိုင်အယူအဆသာမက NLD ပါတီရဲ့ မူဝါဒအရပါ တက္ကသိုလ်တွေဟာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိရမယ်၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂတွေရှိရမယ်ဆိုတာကို သဘောတူတယ်လို့ ဆိုတယ်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ရုက္ခဗေဒကထိက ဦးအောင်ကျော်စိုးက လက်တွေ့ပိုင်းတွေမပါဘဲ သင်ယူခဲ့ရသူတွေ ဆရာတွေပြန်ဖြစ်တဲ့အခါ ကျောင်းရဲ့အရည်အသွေး၊ ပညာရေးအဆင့်အတန်းတွေ ကျဆင်းခဲ့ရတယ်၊ ကျောင်းသားနဲ့ ဆရာ အရေအတွက်လည်း မမျှမတဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

“လက်တွေ့သင်ကြားရေးပိုင်းမှာ မိုက်ခရိုစကုတ်ကို ကြည့်တယ်ဆိုရင်တောင် ကျွန်တော်တို့ကချိန်ထား၊ ကျောင်းသား ၂ဝ ကျော်က လာကြည့်ကြ၊ ဒါပဲလုပ်လို့ရတယ်။ ပျက်သွားရင် ကိုယ်ပဲ ပြန်လျော်ရမှာ၊ အခုဘွဲ့ရသွားတဲ့ ကျောင်းသားတော်တော်များများဟာ မိုက်ခရိုစကုပ်တောင် မချိန်တတ်ကြဘူး” လို့ သူက ပြောလိုက်ပါတယ်။ ။