တူမောင်ညို ● “ဝါဒဖြန့်နိုင်ငံရေး” အပေါ် ဝေဖန်ချက်

တူမောင်ညို  ● “ဝါဒဖြန့်နိုင်ငံရေး” အပေါ် ဝေဖန်ချက်
(မိုးမခ) မေ ၄၊ ၂၀၁၆

ဧပြီ ၂၈ ရက်နေ့က (VOA) မြန်မာပိုင်း အစီအစဉ်တစ်ခုမှာ “ဝါဒဖြန့်နိုင်ငံရေး” ဆိုတဲ့ သုံးသပ်ချက်တစ်ခုကြားရပါတယ်။

ဒီအစီအစဉ်မှာ တင်ဆက်သူ ဦးအောင်ခင်က ပြောကြားသွားရာမှာ  အောက်ပါအချက် နှစ်ချက်ကို သတိပြုမိလိုက်ပါတယ်။

ပထမအချက်က - “သမိုင်းကို အသေအချာ မလေ့လာရင် ဗမာတပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးပြီး လွတ်လပ်ရေးရသလိုလို ထင်ယောင် ထင်မှား ဖြစ်တတ်ပါတယ်။ ဒုတိယကမ္ဘာစစ် အစောပိုင်းမှာ ဗမာတပ်ဖွဲ့ဟာ ဂျပန်နဲ့ လက်တွဲပြီး အင်္ဂလိပ်ကို တိုက်ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်က စစ်နိုင်တဲ့အခါမှာ အင်္ဂလိပ်နဲ့တွဲပြီး ဂျပန်ကို ပြန်တိုက်ပါတယ်။ ဗမာတပ်ဖွဲ့ဟာ အဖြည့်ခံအနေနဲ့ပါဝင်တာဖြစ်လို့ စစ်ပြီးတဲ့အခါ အင်္ဂလိပ်တပ်အောက်ကို ရောက်သွားပါတယ်။ ဗမာစစ်တပ်မရှိလည်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသလို ဗမာလည်းရမှာ သေချာပါတယ်”

ဒုတိယအချက်က - “တော်လှန်ရေးနဲ့တပ်မတော်အခန်းကဏ္ဍကို ပုံကြီးချဲပြီးဝါဒဖြန့်တာ နှစ်ပေါင်းကြာတဲ့အခါမှာ တိုင်းရင်းသားတွေက တော့ ဖက်ဆစ်တော်လှန်ရေးမှာ မပါသလို ဖြစ်နေပါတယ်။ တကယ်တော့ ဗမာစစ်တပ် ဂျပန်ဖက်ဆစ်နဲ့ လက်တွဲနေစဉ်ကတည်း က ဖက်ဆစ်ကိုတိုက်ခိုက်တာ ကရင်နဲ့ချင်းအမျိုးသားတွေပါ။ အင်္ဂလိပ်ဗိုလ်မှူး - Seagrim ခေါင်းဆောင်တဲ့ ကရင်ပြောက်ကျား တပ်ဖွဲ့ က ဂျပန်တပ်ကို ပထမဦးဆုံး တော်လှန်တာပါ။ ၁၉၄၂ ခုနှစ် ဆောင်းဦးရာသီ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားစဉ်မှာ ကင်းလှည့်တဲ့ ဂျပန် စစ်သားကို ချင်းပြည်သူစစ်က စတင်တိုက်ခိုက်ချိန်ကစပြီး ဖက်ဆစ်တော်လှန်ရေး စတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၄၂ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ ဂျပန်တပ်ဖွဲ့ကိုချင်းပြည်သူ့စစ်က လျှပ်တပြတ်ဝင်တိုက်လို့ ဂျပန် (၁၂)ဦး ကျဆုံးတာကို (၂၆) ရက်နေ့မှာ ဘီဘီစီ အင်္ဂလိပ် သတင်းက ကြေညာပါတယ်”

ခြုံငုံပြောရရင် အထက်ပါပြောဆိုချက်တွေ၊အမြင်တွေဟာ “သာကူးသမိုင်းအမြင်”နဲ့ ကြောင်းတူသံကွဲ အမြင်တွေမျှသာ ဖြစ်ပါ တယ်။ ဒီလိုပြောဆိုချက်တွေရဲ့အနှစ်သာရက ဗမာပြည်လူမျိုးပေါင်းစုံပြည်သူတွေရဲ့“ဖက်ဆစ်ဂျပန်တော်လှန်ရေး”ကို သေးသိမ်အောင် သရုပ်ဖျက်တာပါပဲ။

ကမ္ဘာ့ဖက်ဆစ်ဝါဒကို မဟာမိတ်တွေနဲ့တွဲပြီးတိုက်ဖျက်ကာ ဗမာ့လွတ်လပ်ရေးအရယူဖို့ဆိုတာကို သခင်စိုး၊ သခင်သန်းထွန်း စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဗမာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ “အင်းစိန်စစ်တမ်း (၁၉၄၁) ” ကနေ တင်ပြနေကြ ပြီး လည်း ဖြစ်တယ်။ ဒီအမြင်သဘောထားအခြေခံပေါ်ကနေ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အင်အားစုအသီးသီးက ပါဝင်ဆင်နွှဲခဲ့ကြတာပါ။

ရဲဘော်သုံးကျိပ်ရဲ့ မူလရည်ရွယ်ချက်က အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားကို လက်နက်ကိုင်တော်လှန်ဖို့  တရုတ်ပြည်ကွန်မြူနစ် ပါတီရဲ့အကူအညီရယူဖို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်ရန်အောင်တို့တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်ဖို့သွားတာ(၁၉၄၀) မှာ ပါသမျှငွေကုန်ပြီး အမွိုင်မှာသောင်တင်နေပါတယ်။ ဗိုလ်ချုပ်တို့ အမွိုင်မှာရောက်နေတာကို ဒေါက်တာသိန်းမောင်(ဂျပန် လိုလားသူ) ရဲ့ ကောင်းမှုနဲ့ ဂျပန်ကသိသွားပြီး ဂျပန်ရောက်သွားရတာပါ။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအကြောင်းပြောကြတဲ့အခါ  ဦးသိန်းဖေမြင့်နဲ့ လေထီးဆင်း ရဲဘော်များရဲ့အခန်းကိုလည်း မပျက် မကွက်ထည့်သွင်းပြောဆိုမှသာပြည့်စုံမှာပါ။ အိန္ဒိယနိုင်ငံကာလကတ္တားမြို့အနီးကဦးသိန်းဖေမြင့်ရဲ့ ဘီဟာလာစခန်းကို သခင်သန်းထွန်း ပို့တဲ့လူချည်း ၃၃ ယောက်ရှိပြီး ရခိုင်ဘက်က ဝင်ရောက်လာသူတွေနဲ့ပေါင်းရင် အနည်းဆုံး ၇၂ ယောက်ရှိတယ်လို့ ကွန်မြူနစ် ခေါင်းဆောင် သခင်တင်ရွှေရဲ့ဇနီး (ဒေါ်မြရီ- ကျောက်ဆည်) က စာရင်းပြုစုထားတာရှိတယ်လို့ ဆရာ မောင်စွမ်းရည်ရဲ့ ဆောင်းပါး ထဲမှာ ဖတ်လိုက်၊ မှတ်လိုက်ရဖူးပါတယ်။ ဒေါ်မြရီဟာ ဘီဟာလာစခန်းကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲဘော်ဖြစ်ပါ တယ်။

ဒီအချက်တွေကို ဖော်ပြနေတာဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးကို ဘယ်လိုအမြော်အမြင်၊ ဘယ်လို လက်တွေ့အားထုတ်မှုတွေနဲ့ လုပ်ဆောင်ကြရခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ကိုဖော်ပြချင်လို့ပါ။

ဦးအောင်ခင် ပြောတဲ့အထဲမှာပါသလို “ဗမာတပ်” တဖွဲ့ထဲက ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ခဲ့တာမဟုတ်သလို၊ “အဖြည့်ခံ ” အနေနဲ့ ပါဝင်ခဲ့တာလည်းမဟုတ်ပါဘူး။ ဒီလိုပြောတာတွေဟာ  တမင်သက်သက် ချိုးချိုးနှိမ်နှိမ်ပြောတာပါ။

ဦးအောင်ခင်က အပြောတွေက အင်္ဂလိပ်ကိုလိုနီသမားရဲ့ အညှိုးအတေးတွေကို ပြန်လည်ပဲ့တင်ထပ်နေတာပဲ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့သမားရဲ့ ဆွေးမြေ့နေပြီဖြစ်တဲ့ အာဘော်ကို ဖော်ထုတ်တာပဲဖြစ်ပါတယ်။

ပထမတစ်ချက်က “ ဗမာစစ်တပ်မရှိလည်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသလို ဗမာလည်းရမှာ သေချာပါတယ်”

အင်္ဂလိပ်က ဗမာပြည်လွတ်လပ်ရေးကိုလွယ်လွယ်ပေးခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယပြည်ကြီးကိုလွတ်လပ်ရေးပေးရာမှာလည်း ဟိန္ဒို - မူဆလင်ပဋိပက္ခ ဖန်တီးပြီးမှ အိန္ဒိယကိုလွတ်လပ်ရေးပေးခဲ့တာပါ။ ဗြိတိသျှတွေ အိန္ဒိယတိုက်ငယ်ကို ကျွန်ပြုထားစဉ်က တစ်စု တစည်းထဲထားခဲ့ပေမယ့် မတတ်သာလို့လွတ်လပ်ရေးပေးရတဲ့အခါမှာ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတာလို အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံ ကွဲထွက်သွားအောင် သပ်ရှိုဖြိုခွဲခဲ့တာပါ။ ဗြိတိသျှတို့ဖန်တီးခဲ့တဲ့ ဒီပဋိပက္ခကြီးမှာ သန်းနဲ့ချီတဲ့လူတွေ သေကြေခဲ့ကြရတာပါ။

ဗမာပြည်ကိုလွတ်လပ်ရေးပေးတော့လည်း အလွယ်ပေးခဲ့တာမဟုတ်ပါဘူး။ မစားရတဲ့အမဲ သဲနဲ့ပက်ခဲ့တာပါပဲ။

ပထမဦးစွာ ဖက်ဆစ်တော်လှန်ရေးနဲ့ သွေးစည်းညီညွတ်နေတဲ့ (ဖဆပလ) အဖွဲ့ကြီးကို ဖြိုခွဲတာပါပဲ။ လက်တွေ့ရလဒ်က ထဲက အဓိကနိုင်ငံရေးအင်အားစုကြီး တစ်ခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို (ဖဆပလ)ထဲကနေထုတ်ပယ်တဲ့ သွေးကွဲမှုကိုဖြစ်ပေါ်စေခဲ့ပါ တယ်။ (၁၉၄၆- အောက်တိုဘာ ၁၀)

ဒုတိယခြေလှမ်းကတော့ “လုံးဝလွတ်လပ်ရေးသို့” ချီတက်ရာမှာ (ဖဆပလ) - ကွန်မြူနစ်ညီညွတ်ရေးဟာ အခရာပဲလို့ နား လည်သဘောပေါက်ပြီး (ဖဆပလ) - ကွန်မြူနစ်ညီညွတ်ရေးကို လက်တွေ့လုပ်ဆောင်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့သမား ဟာ သူ့ရဲ့လက်ကိုင်ဒုတ် ဂဠုန်ဦးစော ကို အသုံးချပြီးလုပ်ကြံသတ်ဖြတ်စေလိုက်တာပါပဲ (၁၉၄၇ ဇူလိုင် ၁၉ ) ။

ဒီလို ယုတ်မာပက်စက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ပြီးတဲ့ နောက်မှသာ ဗမာ့လွတ်လပ်ရေး ကို “နု-အက်တလီစာချုပ်၊ လက်ျာ -ဖရီးမင်းစာချုပ် ၊ မြ-ကရွန်ဘီစာချုပ်” စတဲ့ စာချုပ်တွေနဲ့ ပေးခဲ့တာပါ။ (၁၉၄၈ ဇန်နဝါရီ ၄ )

လွတ်လပ်ရေးပေးပြီးတဲ့အခါ ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်ဆိုတာကိုလည်း အံခွနေတဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့နေရာမှာ ဗိုလ်စွဲတဲ့ ကိုလိုနီနယ်ချဲ့ထိပ်သီးတွေသိပါတယ်။ ပြည်တွင်းစစ်ကို အာဏာရအုပ်စိုးသူက နယ်ချဲ့သမားအားကိုးနဲ့ တိုက်တာ ပါ။ 

မလေးယားရဲ့အတွေ့အကြုံအရဆိုရင်လည်း ဖက်ဆစ်ဂျပန်ကိုတော်လှန်ပြီးတဲ့နောက် မလေးယားကွန်မြူနစ်ပါတီဟာ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့သမားကို ဆက်ပြီး လက်ကိုင်တော်လှန်မှသာ လွတ်လပ်ရေးရတာပါ။

ဒါကြောင့် “ဗမာစစ်တပ်မရှိလည်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသလို ဗမာလည်းရမှာ သေချာပါတယ်” တယ်ဆိုတဲ့ စကားဟာ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့ ပြည်သူလူထုကြီးကို အချက်လက်မဲ့စော်ကားတဲ့ စကားသာဖြစ်ပါတယ်။

ပြည်သူလူထုရဲ့တွန်းလှန်တိုက်ခိုက်မှုမရှိရင် လွတ်လပ်ရေးကို လွယ်လွယ်နဲ့ မရနိုင်ပါဘူး။

 နယ်ချဲ့သမားက မတတ်သာလို့လွတ်လပ်ရေးပေးတဲ့အခါ “ အမျိုးသားညီညွတ်ရေးကိုဖြိုခွဲ၊ အမျိုးသားခေါင်းဆောင်ကိုလုပ်ကြံ သတ်ဖြတ်ပြီး” မှ ပေးခဲ့တာ သမိုင်းလက်တွေ့ဖြစ်ရပ်ပဲ မဟုတ်ပါလား။

ဒုတိယအချက်က နယ်ချဲ့သမားနဲ့ နယ်ချဲ့စစ်တပ် စစ်ဗိုလ်စစ်သားက “ဖက်ဆစ်တော်လှန်ရေး” လုပ်သတဲ့လား

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော်တို့ဟာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို စည်းရုံးပြီး ဆင်နွှဲခဲ့ကြတာပါ။

ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော်နဲ့ ရဲခေါင်ပျောက်ကြားတွေက ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်တာနဲ့ အင်္ဂလိပ်စစ်တပ်ထဲက စစ်ဗိုလ်စစ်သားတွေက ဂျပန်စစ်တပ်ကို တိုက်ခိုက်တာကို တန်းတူ ထားပြီး ကြည့်မြင်အကဲဖြတ်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဂျပန်ကို ဦးတည်ပြီး တိုက်ခိုက်ကြတာမှန်ပေမယ့်၊ စစ်တိုက်တဲ့ နိုင်ငံရေးဦးတည်ချက်ချင်းက  မိုးနဲ့မြေလို ကွဲပြားခြားနားလှပါ တယ်။

ဒါကြောင့် ခွဲခြားမှုမရှိဘဲ၊ ဖက်ဆစ်ဂျပန်ဦးတည်တိုက်တာပဲ ဆိုတဲ့ တဖက်သတ်တကြောင်းတိုက်အမြင်နဲ့ အတူတူပဲလို့ ကြည့် မြင်သုံးသပ်မယ်၊ သဘောထားမယ်ဆိုရင် အဲဒီလို ကြည့်တဲ့အမြင်နဲ့သဘောထားဟာ နလဗိန်းတုံး အမြင်နဲ့သဘောထား ပဲဖြစ်ပါတယ်။

အင်္ဂလိပ်က သူ့ကိုလိုနီစားကျက် (ဗမာပြည်)ကို ဗြောင်အကျဆုံးလုယက်လာတဲ့ ဖက်ဆစ်နယ်ချဲ့(ဂျပန်)ကို ပြန်လည်တိုက် ခိုက်တာဖြစ်ပါတယ်။ ဒါကို “ဖက်ဆစ်ဂျပန်တော်လှန်ရေး” လုပ်တာဖြစ်တယ်လို့ ဦးနှောက်ပုံမှန်ရှိတဲ့သူတွေက ဘယ်လိုလုပ် အကဲဖြတ်ဝံ့ မှာလဲ။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက နှစ်ပေါင်း (၁၂၀) ကျော် တစ်ကိုယ်တည်း အပိုင်စားသိမ်းပိုက်ရယူထားတဲ့ သူ့ကိုလိုနီ စားကျက် (ဗမာပြည်)ကိုခုခံကာကွယ်တာဖြစ်ပါတယ်။ ဒီထက်ဘာများပိုပြီးပြောလို့ရမှာလဲ။ ဖက်ဆစ်နယ်ချဲ့နဲ့ကိုလိုနီနယ်ချဲ့တို့တိုက်ကြတဲ့ လုယက် ရေးစစ်ပွဲသာဖြစ်တယ်။

ဒီကနေ တဆင့်ထပ်ပြီး ပြောနိုင်တာက အင်္ဂလိပ်ကိုလိုနီစစ်တပ်မှာ စစ်သားအဖြစ်အမှုထမ်းနေကြတဲ့ တိုင်းရင်းသားတွေ (ကချင်၊ ကရင်၊ချင်း--- စသဖြင့်)တွေက ဖက်ဆစ်ဂျပန်စစ်တပ်တွေကို တိုက်ခိုက်တာကိုလည်း “ဖက်ဆစ်ဂျပန်တော်လှန်ရေး” လုပ်တာ ပါလို့ ကိုယ့်ပညာရပ်နဲ့ ကိုယ့်သိက္ခာ ကိုယ်လေးစားယုံကြည်တဲ့ ဘယ်လိုသမိုင်းသုတေသီ၊ သမိုင်းလေ့လာရေးသမား၊ သမိုင်းစိတ်ဝင်စား သူက မဆို အကဲဖြတ်လိမ့်မယ် မဟုတ်ပါဘူး။ 

ဦးအောင်ခင်ပြောတဲ့အထဲမှာပါတဲ့ “အင်္ဂလိပ်ဗိုလ်မှူး Seagrim ခေါင်းဆောင်တဲ့ ကရင်ပြောက်ကျားတပ်ဖွဲ့” က ဂျပန်ကိုတိုက် ခိုက်တယ်ဆိုတာဟာ ကိုလိုနီစစ်တပ်ထဲက စစ်ဗိုလ်စစ်သားက  သူ့တို့ ကိုလိုနီအင်ပါယာအရှင်သခင်အတွက် တာဝန်အရ စစ်တိုက်တာ ဖြစ်ပါတယ်။ ဒါကို ဖက်ဆစ်ဂျပန်တော်လှန်ရေး လုပ်တာဖြစ်ပါတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။

 ဂေါ်ရခါးတွေဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားအပေါ် သစ္စာရှိရာမှာ စံတင်လောက်တဲ့ သူတွေပါ။ သူ့တို့အရှင်သခင်အတွက် တိုက်ပွဲတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူတွေပါ။ ဂေါ်ရခါးတွေရဲ့အမိန့်နာခံမှု၊သစ္စာရှိမှုနဲ့ပတ်သက်ပြီး အင်္ဂလိပ်နယ်ချဲ့သမား က ဗန်းတင် ပြီး ဝါဒဖြန့်တာတွေလုပ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က သူ့တို့ရဲ့ အခြားသော တိုင်းရင်းသားကိုလိုနီသစ္စာခံစစ်သားတွေထဲကနေ သစ္စာရှိ စံပြကျွန်ကောင်းမွေးထုတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။

 ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း ကိုလိုနီနယ်တွေ လက်လွှတ်ရတဲ့အခါ သူတို့အပေါ် အင်မတန်သစ္စာရှိပြီး အမိန့်နာခံမှု ကောင်းလှပါတယ်ဆိုတဲ့ ဂေါ်ရဂါးတွေကို အင်္ဂလိပ်က ဘိလပ်ကိုခေါ်မသွားပါဘူး။  ဗမာပြည်အနှံ့အပြား(မေမြို့၊ မြစ်ကြီးနား စတာ) မှာ အခုအထိ ရွာအလိုက်တည်ရှိနေတဲ့ ဂေါ်ရခါးတွေဟာ အဲဒီဂေါ်ရခါးတွေပါပဲ။ ဟောင်ကောင်ကျွန်းမှာ ဒီတိုင်းမျက်နှာလွှဲခဲပစ်လုပ်ခဲ့တာနာ တတ်မယ်ဆိုရင် အင်မတန်နာကျည်းစရာပါ။

အင်္ဂလိပ်က ဗမာပြည်ကိုကျွန်ပြုထားချိန်မှာ ဗမာအမျိုးသားကို သူတို့စစ်တပ်ထဲမှာ စစ်သားအဖြစ် လက်မခံပါဘူး။ အခြား တိုင်းရင်းသား တွေကိုတော့ သူတို့စစ်တပ်ထဲ ဝင်ခွင့်ပြုပါတယ်။ ရာထူးရာခံဖြစ်စေပါတယ်။  ဒီရည်ရွယ်ချက်နဲ့ဒီလုပ်ရပ်ကို လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းကို လေ့လာဖူးသူတိုင်း သတိပြုမိပါတယ်။

 ဒါကြောင့် ဒီလို ကိုလိုနီစစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ တိုင်းရင်းသားစစ်သားတွေက သူ့ကိုလိုနီ အရှင်သခင်ရဲ့စားကျက်ကို လုယူဖို့ တိုက်ခိုက်လာတဲ့ ဖက်ဆစ်နယ်ချဲ့သမားကို ပြန်တိုက်တာ ဘာများရေးကြီးခွင်ကျယ်လုပ်စရာရှိလို့လဲ။

ကိုလိုနီနယ်ချဲ့စစ်တပ်ထဲက စစ်ဗိုလ်၊ စစ်သားက သူ့ကိုလိုနီအရှင်သခင်အတွက် အမှုတော်ထမ်းတဲ့ သာမန်ကိစ္စပဲ။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ပဲခူးရိုးမပေါ်က တိုက်ပွဲတွေမှာ ကရင်တိုင်းရင်းသားတွေ ပါဝင်ခဲ့သလို၊ ရခိုင်ရိုးမပေါ်မှာ လည်း ရခိုင်တိုင်းရင်းသားတွေပါဝင်ခဲ့ကြတာပါပဲ။ ဒီလိုပါဝင်တိုက်ခိုက်တာနဲ့ “အင်္ဂလိပ်ဗိုလ်မှူး Seagrim ခေါင်းဆောင်တဲ့ ကရင် ပြောက်ကျား တပ်ဖွဲ့” က တိုက်တာကို တတန်းတည်းထားလို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကရင်၊ ကချင်၊ ရခိုင်၊ မွန်၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသာတွေ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီသမိုင်း ဖြစ်ရပ်ကို ဖျောက်ဖျက်ထိန်ချန်ထားလို့မရပါဘူး။ ချုံပြီးဖော်ပြဖို့မထိုက်သလို၊ တမင်ချဲ့ကားနေဖို့လည်းမလိုပါဘူး အရှိ အရှိတိုင်း သမိုင်းမှာ ရှိခဲ့တဲ့အချက်အလက်အတိုင်း တိတိကျကျဖော်ပြရမှာသာဖြစ်ပါတယ်။

 တချို့က တကိုယ်ရည်တကာယ မျှော်ကိုးချက်တစ်ခုခုနဲ့ “တိုင်းရင်းသား”ကို မျက်နှာလိုအားရလုပ်ပြီး မိုးလားကဲလားတွေရေး သားနေတာတွေဟာ အင်မတန်မှ ရှက်စရာပါ။

အင်္ဂလိပ်နယ်ချဲ့သမားကတော့ ဂျပန်ဖက်ဆစ်တော်လှန်ရေးကို ဘယ်လို ဂုဏ်ပြုချင်ပါ့မလား။ ဖက်ဆစ်ဂျပန်တော်လှန်ရေး ရဲ့ ဦးတည်ချက်က ပြည်ပကျူးကျော်မှုကို ဆန့်ကျင်တွန်းလှန်ပြီး လွတ်လပ်ရေးအရယူဖို့နဲ့ ကိုယ့်အမျိုးသားအစိုးရထူထောင်ဖို့လေ။ ပြီးတော့ ဒီလိုတော်လှန်ရေးလှုပ်ရှားမှုဆိုတာ တိုင်းရင်းသားပြည်တစ်ရပ်လုံးကို လှုံ့ဆော်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နိုးကြားမှုနဲ့တွန်း လှန်ရတာဖြစ်တယ်။ ဒီလိုနည်းနဲ့ ဗမာမြေပေါ်က ဖက်ဆစ်ဂျပန်ကို တိုက်ရင်း တိုင်းရင်းသားပြည်သူတွေဟာ ဖက်ဆစ်တော်လှန်တဲ့ ကမ္ဘာ့ ပြည်သူတွေနဲ့သွေးစည်းမှုကို အခိုင်အမာပြသခဲ့တာဖြစ်ပါတယ်။

မြင်လွယ်အောင်ရှင်းရှင်းပြောရရင် ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ တိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲတိုက်ခိုက်တာက “လွတ် လပ် ရေးရဖို့၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊  ပြည်သူ့အစိုးရ” ဖွဲ့စည်းနိုင်ဖို့ပဲ။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကိုလည်း ထိုစဉ်ကရှိနေတဲ့ထူးခြားချက်တွေနဲ့အညီ စတင်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီအချက်တွေပတ်သက်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူ လေထီးဦးအုန်းမောင် ကိုယ်တိုင် ရေးသား မှတ်တမ်းတင်ထားတဲ့  “ နှစ်ပေါင်းငါးဆယ်ကြာသောအခါ ” စာအုပ်မှ အချက်အလက်အချို့ကို ထုတ်နုတ်ဖော်ပြပါ ရစေ။

“ဆရာတော် ဦးပညာသီဟ၊ဦးညိုထွန်း၊ ဗိုလ်ကြာလှအောင် ဦးဆောင်သော ရခိုင်ပြည်နယ်ဖက်ဆစ်တော်လှန်ရေး(ဇန်နဝါရီလ ၁ ရက်)၊ ဗမာ့တပ်မတော်၊ အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးဗထူးခေါင်းဆောင်သော အထက်ဗမာပြည်ဖက်ဆစ်တော်လှန်ရေး(မတ်လ ၈ ရက်)၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ပြည်လုံးကျွတ်ဖက်ဆစ်တော်လှန်ရေး (မတ်လ ၂၇) ရက်” (စာမျက်နှာ ၃၁၂)

“ကမ္ဘာ့ခေါင်းဆောင်ကြီးများဖြစ်သော စတာလင်၊ရုစဘဲ့၊ချာချီတို့၏တီဟီရန်ကွန်ဖရင့်၏ဆုံးဖြတ်ချက်တွင်လည်း ကမ္ဘာ့ဖက် ဆစ် စနစ်ကိုတိုက်ဖျက်နေသော တိုင်းပြည်တိုင်း၏ လွတ်လပ်ရေးသည် ဖက်ဆစ်ဝါဒကို မည်မျှ တွန်းလှန်တိုက်ခိုက်သည် ဆိုသော အချက်နှင့် အညီဖြစ်စေရမည်ဟုဆိုထားသည် ” (စာမျက်နှာ ၃၁၃)

“ထိုဆုံးဖြတ်ချက်နှင့်အညီ ဗမာပြည် ပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲလိုက်ခြင်းသည် မြန်မာလူမျိုး သည် လွတ်လပ်ရေးနှင့်ထိုက်တန်သော လူမျိုးများဖြစ်ကြောင်း ကမ္ဘာသို့ ပြသလိုက်ခြင်းပင်ဖြစ်သည်” (စာမျက်နှာ ၃၁၃)

ဗမာစစ်တပ်ဆိုတဲ့ကိစ္စ
စစ်တပ်ဟာ လွတ်လပ်ရေးရပြီးနောက် အာဏာရအုပ်စိုးသူတွေရဲ့ လက်ကိုင်ဒုတ်ဘဝ၊ ဗိုလ်နေဝင်းရဲ့ခါးပိုက်ဆောင်တပ်ဘဝ တစတစလျှောကျသွားရတာဖြစ်ပါတယ်။ ဒီကနေ့အထိလည်းစစ်တပ်ဟာစစ်အုပ်စုရဲ့ခါးပိုက်ဆောင်တပ်ဘဝကျရောက်နေဆဲဖြစ်ပါတယ်။

စစ်တပ်ကို  နာကျည်းမုန်းတီးမှုဆိုတဲ့ အစွဲအလန်းသက်သက်နဲ့ စစ်တပ်သမိုင်းတစ်ခုလုံးကို သိမ်းကြုံး အဆိုးမြင်တဲ့အမြင်နဲ့ ပြစ်တင်ရှုံ့ချနေတာတွေဟာ သမိုင်းအရလည်းကောင်း၊ ပကတိအခြေအနေများနဲ့လည်းကောင်း မကိုက်ညီတဲ့ ဆန္ဒစွဲ အမြင်တွေနဲ့ သုံးသပ်ချက်တွေပဲဖြစ်နေပါလိမ့်မယ်။

 ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ ဖက်ဆစ် ဂျပန်တော်လှန်ရေးအခန်းမှာ ဗမာ့တပ်မတော်ရဲ့ တောက်ပြောင်ခဲ့တဲ့ ခမ်းနားခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို လျစ်လျူရှုလို့မရပါဘူး။ ဒီအချက်တွေကိုသာ ကွက်ကြည့်ပြီး စစ်တပ်ဟာအားလုံးကောင်းပါတယ်လို့သိမ်းကြုံး အကောင်းမြင်နေတာဟာ လည်း မှားယွင်းပါတယ်။ သမိုင်းကာလ အပိုင်းအခြားအလိုက်၊ တဖွဲ့ချင်း၊ တပါတီချင်း၊ တဦးချင်းလုပ်ဆောင်မှု တွေ အလိုက်ခွဲခြားကြည့်မြင်ပြီး အကဲဖြတ်ရမှာပါ။

စစ်အုပ်စုအပေါ် နာကျည်းမုန်းတီးတဲ့အစွဲကြောင့် “ဗမာပြည်လူမျိုးပေါင်းစုံပြည်သူများရဲ့ ကိုလိုနီဆန့်ကျင်ရေး - ဖက်ဆစ် တော်လှန်ရေး- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သမိုင်း” ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ နွံထဲနစ်ကျွံကျ မသွားမိစေဖို့ ကြပ်ကြပ် သတိပြုရမှာပါ။

ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အင်မတန်အရေးပါလှတဲ့ “ဖက်ဆစ်ဂျပန်တော်လှန်ရေး”အကြောင်းပြောကြတဲ့အခါ ဆန္ဒစွဲကင်း ပြီး ယထာဘူတကျဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဆန္ဒစွဲနဲ့ကိုယ်လိုချင်တာလောက် ဖြတ်တောက်၊ဖဲ့ရွဲ့ပြောနေမယ်ဆိုရင် ဒီသမိုင်းဝင်လှုပ်ရှား မှုကြီးကိုသရုပ်ဖျက်တာ၊သရော်လှောင်ပြောင်တာ၊စော်ကားတာပဲဖြစ်ပါလိမ့်မယ်။ တပြိုင်နက်ထဲမှာ မိမိရဲ့ နလဗိန်းတုံးအမြင်ကို ကြော်ငြာ ထိုးသလိုလည်းဖြစ်နေပါလိမ့်မယ်။

ညွန်း
- လေထီးဦးအုန်းမောင် - နှစ်ပေါင်း ငါးဆယ်ကြာသောအခါ (ရန်အောင်စာပေ - ဒုတိယအကြိမ် -၂၀၁၅)
- မောင်စွမ်းရည်- “ ဖက်ဆစ်တော်လှန်ရေးနေ့”  (မိုးမခ)  မေ ၅ ၂၀၁၅
- ဝင်းတင့်ထွန်း - အမှောင်ကြားက ဗမာပြည် (ပထမအကြိမ် - ၂၀၀၇ )
- သခင်တင်မြ - ဘုံဘဝမှာဖြင့် (ပုဂံစာအုပ်တိုက် - ၁၉၆၄)