ခိုင်ကြည်သစ် ● ဗလကြီးလည်း ဝဖီးနိုင်ပါစေ

  ခိုင်ကြည်သစ် ● ဗလကြီးလည်း ဝဖီးနိုင်ပါစေ
(မိုးမခ) မေ ၁၆၊ ၂၀၁၆

(၁)
ကာတွန်းဟောင်းလေးတကွက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖတ်ရသည်။ ဆယ်နှစ်ပတ်ဝန်း ကျင်ခန့်ရှိမည့် ပိန်ကပ်ကပ်ကောင်းလေးက အသားမည်းမည်း တစ်နှစ်၊ နှစ်နှစ်သား ကလေးငယ်ကလေးကို ချီ၍ ထိန်းနေသည်။ ထိုနှစ်ယောက်သည် ညီအစ်ကိုတော်ဟန် ရှိသည်။ ထိုညီအစ်ကို၏မိခင်ဖြစ်သူက ထမင်းအိုး တည်ရင်းလှမ်းပြောသည့်စကားက “ဗလကြီး ဘိုဖြူ့ကို ကြည့်ထိန်းနော်” ဟူ၏။

ပိန်ကပ်ကပ်ကောင်လေးကို ဗလကြီးဟုအမည်ပေးထားပြီး အသားမည်းမည်းကလေးငယ်ကို ဘိုဖြူဟု အမည်ပေးထားခြင်းက ဟာသရသ မြောက်လှသည်။ ကာတွန်းဆရာ၏စေတနာကား ဟာသရသကို ပေးစွမ်းရုံ သာမက “နေ့စဉ်ကြုံတွေ့ရမည့်လူမှုဘဝကိစ္စရပ်များ၊ ပြဿနာရပ်များကိုဖြေရှင်းရာတွင် အမည်နာမကိုအခြေခံ ၍ အဆုံးအဖြတ်မပြုလုပ်ကြရန်” ပညာပေးလိုခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် “အမည်နာမဆိုတာ အရေး မကြီး။ အလုပ်ဖြစ်ဖို့သာ အဓိက” ဟုဆိုလိုရင်းလည်း ဖြစ်နိုင်ပါသည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့်တွေးကြည့်လျှင်မူ ဝိပဿနာသဘောအရ ပညတ်နှင့် ပရမတ်ကို ခွဲခြားသိဖို့လိုကြောင်း အလင်းပြလိုခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါသည်။

(၂)
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှ ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် “ရိုဟင်ဂျာ” ဟူသောအမည်ကို သုံးစွဲခဲ့ခြင်းကြောင့် သံရုံးရှေ့တွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ မရှိကြောင်း၊ တရားမဝင်နေထိုင်သူများအား လူမျိုးတမျိုးအဖြစ်ဖော်ပြခြင်း ကို ကန့်ကွက်ကြောင်း ဆန္ဒပြခြင်း ဖြစ်သည်။ လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို တန်ဖိုးထားသည့် ဒီမိုကရေစီ အစိုးရက အများသူငါ ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ရအောင် ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒပြနိုင်ကြောင်း ခွင့်ပြုခဲ့ သော်လည်း ထိုဆန္ဒပြသူများမှာ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ အမေရိကန်သံအမတ်ကလည်း ရို ဟင်ဂျာဆိုသောအမည်ကို ဆက်သုံးမည်ဟုပြောလိုက်၊ သတိထားသုံးစွဲပါမည်ဟုပြောလိုက်နှင့် မည်သည့်စကား ကိုအတည်ယူရမည်မှန်း မသိရ။

ထို့အပြင် အစိုးရက ရိုဟင်ဂျာဟူသော အသုံးအနှုန်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးအား ကန့်ကွက် ရန်နှင့် ထိုသို့မဆောင်ရွက်ပါက အထွေထွေသပိတ်ကြီးတရပ်ဆင်နွှဲသွားမည်ဟူသောခြိမ်းခြောက်မှုများကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြုလုပ်ခဲ့သည်။ သက်တမ်း တစ်လခန့်သာရှိသေးသည့်အစိုးရကို ဖိအားပေး အကြပ်ကိုင်လိုသူများက ၎င်းတို့ကိုယ်ကိုယ် အမျိုးသားရေးတံဆိပ် ကပ်နှိပ်ထားပေသည်။

ရိုဟင်ဂျာဖြစ်ခြင်း ဘင်္ဂါလီဖြစ်ခြင်းဆိုသည့်အမည်သညာများထက် ၎င်းတို့အား မြန်မာနိုင်ငံသားများ အဖြစ် လက်ခံသည်လက်မခံသည်က ပို၍အရေးကြီးပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အစိုးရ မဖြစ်မီကပင် နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းမှာ ၁၉၈၂ လဝကဥပဒေအရသာ အဆုံးအဖြတ်ပြုကြောင်း ၎င်းတို့၏ မူဝါဒကို ပြောဆိုခဲ့သည်။ ထိုသူများကို လူသားများအဖြစ်ရှုမြင်ပြီး ကူညီရိုင်းပင်းရမည်မှန်သော်လည်း လူမျိုး တမျိုးအဖြစ် နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်မှာ ဥပဒေနှင့်ညီညွတ်ရန်လိုအပ်ကြောင်းလည်း သဘောထား မှတ်ချက်ပေးခဲ့ပါသည်။ ထို့ပြင် လူထုခေါင်းဆောင်ကိုယ်တိုင်အားလည်း ထိုကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံ များ၏ဝေဖန်ပြောဆိုမှုများကို ခံခဲ့ရသည်။

ရိုဟင်ဂျာဟူသော အမည်နာမကိစ္စထက် တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း က ပို၍အရေးကြီးပါသည်။ အမျိုးသားရေးဟူသော အမည်နာမထက် တိုင်းပြည်ကိုအမှန်တကယ်စေတနာထား နိုင်ဖို့ လိုအပ်ပါသည်။

(၃)
အစိုးရသစ်လက်ထက်တွင် တပ်မတော်အနေဖြင့် ကြေညာချက်ထုတ်ပြန်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာ သည်ကို တွေ့ရှိရပါသည်။ ပြည်သူနှင့် တပ်မတော်၏ ပိုမိုထိတွေ့လာခြင်းအဖြစ် ဝမ်းမြောက်ကြိုဆိုမိပါသည်။ တချိန်က တပ်မတော်အနေဖြင့် မည်သို့သဘောထားသည်၊ မည်သို့ရပ်တည်မည်ဆိုသည်ကို ခန့်မှန်းချက်များ ဖြင့်သာသုံးသပ်ခဲ့သော်လည်း ယခုအခါ တပ်မတော်၏အသေးစိတ်သဘောထားများကို ထုတ်ပြန်ပေးခြင်းဖြင့် ပြဿနာတရပ်ချင်းအပေါ် တပ်မတော်၏သဘောထား၊ ရပ်တည်ချက်ကို ပြည်သူများ ပိုမိုသိရှိလာရခြင်းမှာ ကောင်းသောလက္ခဏာပင်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ရုပ်သံမီဒီယာတခုက သတင်းဖော်ပြရာ တွင် တပ်မတော်ကို “အစိုးရတပ်” ဟူ၍လည်းကောင်း၊ AA အဖွဲ့ကို “ရခိုင့်တပ်မတော်” ဟူ၍လည်းကောင်း သုံးစွဲ ဖော်ပြခဲ့ပါသည်။ ထိုအသုံးအနှုန်းများနှင့်ပတ်သက်၍ တပ်မတော်က ကြေညာချက်တရပ်ထုတ်ပြန်ကာ “အစိုးရ တပ်” မဟုတ်ဘဲ “တပ်မတော်” သာဖြစ်ကြောင်း၊ “ရခိုင့်တပ်မတော်” မဟုတ်ဘဲ “သောင်းကျန်းသူ” ဖြစ် ကြောင်း ၎င်းတို့၏သဘောထားကို ဖော်ပြခဲ့ပါသည်။ ရုပ်သံမီဒီယာအနေဖြင့်လည်း သတင်းဖော်ပြချက်ပါ အသုံး အနှုန်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ဤနေရာတွင်လည်း “တပ်မတော်” “အစိုးရတပ်” ဟူသည့်အသုံးအနှုန်း အမည်နာမထက် ပို၍အရေး ကြီးသည့် တပ်မတော်သည် မည်သို့သောအဖွဲ့အစည်းဖြစ်သည်က ပို၍အရေးကြီးသည်ဟု ယူဆမိပါသည်။ လွပ် လပ်ရေး ကြိုးပမ်းမှုမှသည် ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် မည်သည့်ကိစ္စရပ်များ ဆောင်ရွက်ခဲ့သည်၊ အရေးကြုံလာသည့်အခါ မည်သည့်ဘက်က ရပ်တည်ခဲ့သည်၊ ပြည်သူလူထုမျက်နှာကို မည်မျှကြည့်ခဲ့သည်ဆို သည့်အချက်များကထားရှိအပ်သော တန်ဖိုးများပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာ ကိုစောင့်သိရိုသေသူများဖြင့် ဖွဲ့စည်းအပ်သောတပ်မတော်သည် နိုင်ငံသားအားလုံး၏တပ်မတော်ဖြစ်သည်ဟု ခံ ယူနိုင်ပါသည်။ နိုင်ငံသားများက ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်အစိုးရသည် နိုင်ငံသားအားလုံးကို ကိုယ်စားပြု ပေါ်ပေါက်လာခြင်းဖြစ်သည်နှင့်အညီ ပြည်သူ့ရင်သွေးတပ်မတော်သည်လည်း ပြည်သူ့အစိုးရ၏ မူဝါဒများဖြစ်သော အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရူသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေး တို့ကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက် နိုင်ရေးက ပို၍ အရေးကြီးပါသည်။

တဖက်တွင်လည်း ပြည်သူများအနေဖြင့် AA အဖွဲ့ကို “ရခိုင့်တပ်မတော်” “သောင်းကျန်းသူ” စသည့် အမည်နာမအပေါ်အခြေခံ၍ အကဲဖြတ်သွားမည်မဟုတ်ဘဲ ဒေသခံများအကျိုး၊ ပြည်သူတရပ်လုံးအကျိုးကို ရှေး ရှုဆောင်ရွက်ခြင်း ရှိမရှိ၊ အဖျက်လုပ်ငန်းများဆောင်ရွက်ခြင်း ရှိမရှိဆိုသည့် အချက်များပေါ်တွင်သာ မူတည်၍ မှတ်ကျောက်တင်သွားကြမည်ဖြစ်ပါသည်။

(၄)
အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန် ခြေလှမ်းသစ်များ စတင်နေပြီဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒုတိယပင်လုံညီလာခံ” ဖြစ်စေ၊ “တတိယပင်လုံညီလာခံ” ဖြစ်စေ၊ အမည်နာမ မည်သို့ပင်ရှိစေကာမူ ၂၁ ရာစု အတွက် “ပင်လုံညီလာခံ” တရပ်ကို လပိုင်းအတွင်းအကောင်အထည်ဖော်လိုကြောင်း ပြောဆိုခဲ့ပါသည်။ အမည် နာမထက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့အတွက် မရှိမဖြစ် လိုအပ် သော ညီလာခံတရပ် ကျင်းပနိုင်ရေးက အဓိကဖြစ်ပါသည်။

(၅)
ပိန်ကပ်ကပ်ကောင်လေးကို ဗလကြီးဟုအမည်မှည့်ခေါ်ရုံမျှဖြင့် အမှန်တကယ် ဗလကြီးပြီး ဝဖီးမလာပါ။ ထို့အတူ အသားမည်းမည်းကလေးငယ်ကို ဘိုဖြူဟု အမည်မှည့်ခေါ်ရုံဖြင့်လည်း အသားဖြူမလာပါ။ သို့သော် ထိုမိသားစုအတွက် ဗလကြီးဟုခေါ်လိုက်လျှင် သားအကြီးကို ခေါ်ခြင်းဖြစ်ကြောင်း၊ ဘိုဖြူဟုခေါ်လိုက်လျှင် သားအငယ်ကို ခေါ်ခြင်းဖြစ်ကြောင်း သိရှိပြီးဖြစ်သဖြင့် နာမည်နှင့် လူမကိုက်သော်လည်း အလုပ်ဖြစ်နေပါပြီ။

ဖြစ်နိုင်လျှင်တော့ ဗလကြီးလည်း အမှန်တကယ် ဝဝဖီးဖီးဖြစ်လာစေချင်ပါသည်။ ဘိုဖြူလည်း အသား ဖြူဖြူ လူခန့်ခန့်နှင့်ကြည့်လို့ ကောင်းစေချင်ပါသည်။ “အမျိုးသားရေး” ဆိုသူများလည်း နိုင်ငံသူနိုင်ငံသားတို့ အရေး စေတနာမှန်မှန် ဉာဏ်ကြီးကြီးဖြင့် ဆောင်ရွက်နိုင်ကြပါစေ။ တပ်မတော်သည်လည်း ပြည်သူ့ရင်ဘတ်ထဲ က ဆန္ဒအမှန်များကို ဖော်ဆောင်ပေးနိုင်သော တပ်မတော်ဖြစ်ပါစေ ဟု ဆုတောင်းမိပါသည်။