ဆောင်းယွန်းလ - “စိတ်ကူးထဲမှာ”


ဆောင်းယွန်းလ -   “စိတ်ကူးထဲမှာ”
(မိုးမခ) မေ ၂၀၊ ၂၀၁၆
 
  လေငြိမ်နေတဲ့အခါ
  စိတ်ကူးထဲမှာ ကျနော်ပျော်ပါတယ်…
  စိတ်ကူးထဲမှာ
  ကူးခွေတွေထဲက ပြန်ကူးထားတဲ့
  သီချင်းတချို့ကို နားထောင်ရင်း
  အသံမဲ့ပန်းချီကားချပ်ထဲက မြစ်တစင်းအကြောင်းကို
  အသံထွက်အောင် စာလုံးပေါင်းဖတ်ရင်း
  လက်ရေးမူထဲက ပြန်ကူးယူရေးထားတဲ့
  ကဗျာတချို့ကိုဖတ်ရင်း ပျော်ပါတယ်….
  စိတ်ကူးထဲမှာ
  စိတ်ကူးနဲ့ အားလပ်တဲ့ အားလပ်ရက်တချို့
  အပျော်ခရီးထွက်ရဖို့ စိတ်ကူးနဲ့ဇယားဆွဲရင်း
  ကောင်းကင်တိမ်တိုက်တွေပေါ် ဖြတ်ပျံသွားတဲ့
  လေယာဉ်ပျံကြီးစီးရင်း
  ခြေဖ၀ါးအောက်ရောက်သွားတဲ့
  တောင်ကြီးတချို့ပေါ်လမ်းလျှောက်ရင်းလည်း ပျော်ပါတယ်….
  စိတ်ကူးထဲမှာ
  ပြန်မရောက်ဖြစ်တာကြာတဲ့ မြို့တမြို့ရဲ့
  မီးထိန်ထိန် လင်းနေပုံကို ကြည့်ရင်း
  ပြန်မကူးဖြစ်တဲ့ မြစ်တလျှောက်က
  မိုးစက် မိုးပေါက်တွေနဲ့ညကို ကြည့်ရင်းလည်း ပျော်ပါတယ်…
  စိတ်ကူးထဲမှာ
  ငြိမ်သက်တဲ့ ရင်ပြင်တော်ပေါ် ဆီမီးပူဇော်ရင်း
  စနေဒေါင့် ပန်းလှူရတာကိုလည်း ပျော်ပါတယ်…
  စိတ်ကူးထဲမှာ
  အကြိမ်ကြိမ်ပြန်တင်တဲ့ ဇာတ်ကားအဟောင်းကို
  ရုပ်ရှင်လက်မှတ်တိုးပြီး ပြန်ကြည့်ရတာကိုလည်း ပျော်ပါတယ်…
  စိတ်ကူးထဲမှာ
  ဆယ်စုနှစ်သုံးခုစာရဲ့ အစာမကြေမှုကို
  လေချဉ်ပြန်အန်ထွက်ရတာကိုလည်း ပျော်ပါတယ်…
  စိတ်ကူးထဲမှာ
  စိတ်ကူးထားတဲ့ အကိုင်းထက်ကို
  စိတ်ကူးထားတဲ့ ငှက်ကလေးရောက်မလာခဲ့တော့
  စိတ်ဟာ စိတ်ကူးထဲမှာ မပျော်ပါဘူး…
  ဒီလိုပဲ..ဘ၀ဆိုတာ
  မပျော်ရွှင်ခြင်းတွေကို
  စိတ်ကူးထဲမှာ ပျော်စရာဖြစ်အောင် ရောစပ်ထည့်ဖျော်ရင်း
  အိပ်ရာထ သတင်းစာတစောင် ဖတ်နေရတဲ့
  အိပ်ရာဝင် ပုံပြင်တပုဒ်ကို နားထောင်နေရတဲ့
  တခဏတာရဲ့ တဒင်္ဂပါပဲ…
  ဆန္ဒတွေအပြည့်နဲ့ မျှော်လင့်ခြင်းဆီဖြည့်မောင်းလာတဲ့
  ဘ၀ကုန်တင်ကားကြီးပေါ်မှာ
  အဖိတ်အစဉ်များလွန်းတဲ့စိတ်ကို အလုံပိတ်ရင်း
  လေငြိမ်နေတဲ့အခါ
  စိတ်ကူးထဲမှာ..ကျနော် ပျော်ခဲ့ပါတယ်…။

  ဆောင်းယွန်းလ (မေ ၁၈၊ ၂၀၁၆)
Illustration - Aung Htet