ညိုထက်ညို ● ‘မင်္ဂလာပါ’ ရှာပုံတော်


ညိုထက်ညို ● ‘မင်္ဂလာပါ’ ရှာပုံတော်
(မိုးမခ) မေ ၉၊ ၂၀၁၆

လွန်ခဲ့သောခြောက်လလောက်က အင်တာနက်တွင် ဒေါ်ညိုညိုသင်းနှင့် သတင်းမီဒီယာတခု တွေ့ဆုံသော အင် တာဗျူးအတို လေးတပုဒ် ကြည့်လိုက်ရပါသည်။

အင်တာဗျူးစစချင်းတွင် အင်တာဗျူးသူက ဒေါ်ညိုညိုသင်းကို ‘ဒေါ်ညိုညိုသင်း မင်္ဂလာပါရှင်’ ဟု စတင်နှုတ်ဆက်ပါသည်။ ဒေါ်ညိုညိုသင်းက ‘မင်္ဂလာပါ’ ဟု တုံ့ပြန်ပါသည်။

ကျွန်တော် ‘မင်္ဂလာပါ’ အကြောင်း စဉ်းစားမိပါသည်။

‘မင်္ဂလာပါ’ နှင့် စတင်တွေ့ဆုံသည်မှာ ကျွန်တော်သူငယ်တန်းစတက်သော ၁၉၈၂ ခုနှစ်တွင် ဖြစ်ပါသည်။ အတန်းမစမီ အ တန်းထဲဆရာမ၀င်လာသည်နှင့် ကျွန်တော်တို့ကျောင်းသားများ အားလုံးထပြီး ‘မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ’ ဟု နှုတ်ဆက်ရပါသည်။ ထို့အပြင်တော့ ပြင်ပလောကတွင် ‘မင်္ဂလာပါ’ ဟု နှုတ်ဆက်တာ လုံးဝမရှိပါ။ ကျွန်တော်တို့ မြန်မာလူမျိုးများနှုတ်ဆက်နည်းအတိုင်း ကြုံသလိုနှုတ်ဆက်ကြတာပဲ တွေ့ပါသည်။ ရုပ်မြင်သံကြားမှသော်လည်းကောင်း ရေဒီယိုမှသော်လည်းကောင်းလည်း ‘မင်္ဂလာပါ’ ဟု ထုတ်လွှင့်ခြင်းမရှိသေးတာ ကောင်းစွာမှတ်မိနေပါသည်။

ထို့နောက် အရေးအခင်းဖြစ်ပြီး နဝတအစိုးရတက်လာပါသည်။ သို့သော် ကျွန်တော် မှတ်မိနေတာတခုမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များအထိ ‘မင်္ဂလာပါ’ ကို တွင်တွင်ကျယ်ကျယ်သုံးခြင်း မရှိသေးဟု မှတ်မိနေပါသည်။ ၁၉၉၂ လောက်တွင် ကျွန်တော်မဂ္ဂဇင်းများကို ပုံမှန်ဖတ်ရှုနေပြီဖြစ်ရာ မဂ္ဂဇင်းများတွင်ပါရှိသော အင်တာဗျူးများတွင် ‘မင်္ဂလာပါ’ ဟု သုံးနှုန်းတာ သိပ်မတွေ့သေးဟု ထင်ပါသည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင်မူ စတင် သုံးစွဲနေပြီထင်ပါသည်။ ထို့ပြင် ကျွန်တော့် အထင် ထိုင်းလူမျိုးများနှုတ်ဆက်ကြသော ‘ဆဝါဒီခပ်’ ကို အတုယူပြီး မြန်မာများက ‘မင်္ဂလာပါ’ ဟု အာလုပ်ပြု နှုတ်ဆက်ကြဟန်လုပ်လာကြပုံပေါ်ပါသည်။

ထို့နောက်ပိုင်းတွင်မူ ယခင်ကထက် ပိုမိုသုံးစွဲလာကြသည်ထင်ပါသည်။ စာရေးသူမှတ်မိနေသည်မှာ ထိုကာလတဝိုက်က ထုတ်ဝေခဲ့သော ဘဝသစ်ဦးအောင်ကျော် (မောင်ကြာညို) ၏ ‘မြန်မာမှု အင်္ဂလိပ်စာ’ စာအုပ်အဖုံးတွင် ကာတွန်းမောင်မောင် အောင်ရေးဆွဲထားသော ကျောပိုးအိတ်လွယ်ထားသော နိုင်ငံခြားသားတယောက်က သျှောင်ပေစူးနှင့် အင်္ကျီဗလာ မြန်မာ ကလေးငယ်များအား ‘မင်္ဂလာပါ’ ဟု နှုတ်ဆက်နေပြီး ကလေးငယ်များက ‘Hi’ ဟု ပြန်လည်နှုတ်ဆက်နေသော ကာတွန်း ပုံဖြစ်ပါသည်။ ထို့နောက် တစတစ ‘မင်္ဂလာပါ’ ကို ဧည့်ခံပွဲများတွင်လည်းကောင်း၊ အင်တာဗျူးများတွင်လည်းကောင်း ‘ဘုံ’ စ ကားလုံးအနေဖြင့် စတင်သုံးစွဲလာကြသည်ကို တွေ့ရပါသည်။ စင်မြင့်ဖျော်ဖြေပွဲများတွင်လည်း အဆိုတော်များသုံးစွဲလာ သည်ကို တွေ့ရပါသည်။ အချို့ဟန်များသော လူများ ‘လုပ်ပြော’ ပြောကြတာလည်း ကြားလာရပါသည်။ သို့သော် လူအများစု သုံးစွဲသောအဖြစ်သို့ကား မည်သည့်အခါကမျှ မရောက်ပါ။ တိတိကျကျပြောရလျှင် ‘မြန်မာစကား’ ထဲသို့ ရောက်ရှိခြင်းတော့ မရှိဟုဆိုရပါမည်။ ထို့နောက် အကြောင်းအားလျော်စွာ ‘မိုးမခ’ အင်တာနက်စာမျက်နှာတွင် ကျွန်တော် မဖတ်ရသေးသော ခင်မောင်စော (ဘာလင်) ၏ဆောင်းပါးများကို ရှာဖွေဖတ်ရှုရာမှ မြန်မာစာဝေဖန်ချက် ဆောင်းပါးတပုဒ်တွင် ‘အသုဘမှာ မင်္ဂ လာပါ တဲ့’ ဟူသော ခေါင်းစဉ်ငယ်ဖြင့် ‘မင်္ဂလာပါ’ အကြောင်း အတော်စုံစုံလင်လင် ရေးထားတာ ဖတ်ရှုရပါသည်။

ဆရာ့ဆောင်းပါးထဲက ‘မင်္ဂလာပါ’ အကြောင်းကို ကောက်နုတ်ဖော်ပြရလျှင် ‘၁၉၆၅ ခုနှစ်တွင် ကျောင်းပေါင်းစုံကို ပြည်သူပိုင် သိမ်းလိုက်ရာတွင် ယခင်က ´Good morning Sir/ teacher` စသည်ဖြင့် နှုတ်ဆက်ခဲ့ကြသော အင်္ဂလိပ်ကျောင်းများနည်း ကိုယူပြီး အာဏာရှင်ဗိုလ်နေ၀င်းက ‘မင်္ဂလာပါ’ ဟူသောစကားကို ထွင်ပေးလိုက်ကြောင်း (ဗိုလ်နေဝင်းက သတ်မှတ်ပေးလိုက် သည်ဆိုလျှင် ပိုမှန်မည်ဟု ထင်သည်။ စာရေးသူ)၊ “မင်္ဂလာပါ ဆရာ/ဆရာမ”ဟု ကျောင်းတိုင်းတွင်နှုတ်ဆက်ခိုင်းတော့ ကြောင်း၊ ထို ၁၉၆၅ ခုမှ စထွင်သည့် “မင်္ဂလာပါ ဆရာ/ဆရာမ” ကို ထိုစဉ်က ကျောင်းသား ကျောင်းသူများက လူပျိုဆရာ/ အပျိုဆရာမများကို နောက်ပြောင်ပြီး “မင်္ဂလာဆောင်ပါ ဆရာ/ ဆရာမ” ဟုနှုတ်ဆက်ကြလေရာ ဆရာ/ဆရာမတို့ကလည်း “ဘယ်မှာလဲ သတို့သား/ သတို့သမီး” ဟုပြန်နောက်ကြကြောင်း၊ သို့သော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကမူ ၁၉၈၈ ခုနှစ်အထိ ‘မင်္ဂလာ ပါ’ ဖြင့် မစသေးကြောင်း၊ ထို့နောက်ပိုင်းတွင်မှ ‘မင်္ဂလာပါ’ မှာ အာဏာပိုင်များ၏ အလိုအတိုင်း တွင် ကျယ်လာပြီး နောင်လာ နောက်သားတို့မှာ တကယ့်မြန်မာ့ယဉ်ကျေးမှုကြီးသဖွယ် လိုက်နာနေကြရပါတော့ကြောင်း ရေးသား ထားပါသည်။

ထို့ပြင် နိုင်ငံခြားသားများကပါ တကယ်မှတ်ပြီး ‘မင်္ဂလာပါ’ ဟု လိုက်နှုတ်ဆက်ရာတွင်  လူအများစုက ပြုံးရုံမှအပ မည်သူက မျှပြန်ပြီး ‘မင်္ဂလာပါ’ မလုပ်ကြ၍ အူကြောင်ကြောင်ဖြစ်ကုန်ကြပါကြောင်း၊ တခါက မြန်မာစာရေးဆရာ မကြီးတဦး၏ အသုဘ တွင် မြန်မာစကားနှင့်စာပေကိုလေ့လာနေသူ နိုင်ငံခြားသူတဦးက အသုဘလာသူများကို လက်အုပ်ချီပြီး ‘မင်္ဂလာပါရှင့်’ ဟု လိုက်လံနှုတ်ဆက်နေသဖြင့် ငိုအားထက် ရယ်အားသန်ဖြစ်ရပါကြောင်း ရေးသားထားပါသည်။

ဤနေရာတွင် ကိုယ်တွေ့နှင့်ယှဉ်၍ပြောရလျှင် တလောက ကျွန်တော် စင်ကာပူတရုတ်တယောက်နှင့် မိတ်ဆွေဖြစ်ပါသည်။ ထိုတရုတ်က ရန်ကုန်မှာလည်း ငါးနှစ်လောက်နေခဲ့ဖူးပါသည်။ ကျွန်တော်နှင့် သူနှင့် စတင်မတွေ့ဆုံမီကတည်းက ကျွန်တော် မြန်မာဆိုတာသူသိပြီး ဖြစ်ပုံပေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူက ကျွန်တော့်ကို တွေ့တွေ့ချင်း လက်အုပ်ချီ၍ ‘မင်္ဂ လာပါ’ ဟု နှုတ်ဆက်ပါသည်။ ကျွန်တော်ပြုံးပြီး ဘာပြန်ပြောရမှန်းမသိဘဲ ဖြစ်နေပါသည်။ နောက်မှ ‘မင်္ဂလာပါ’ ဟု အတော်ကြိုးကြိုးစားစား ပြောလိုက်ရပါသည်။ နောက်တခါ နှစ်ခါ ထိုတရုတ်နှင့်ထပ်တွေ့ရာမှာလည်း ကျွန်တော် ‘မင်္ဂလာပါ’ ဟု ပြန်မနှုတ်ဆက်မိတော့ဘဲ အင်္ဂလိပ်လိုသာ ပြန်ပြီးနှုတ်ဆက်ပါတော့သည်။ ကြည့်ရတာ မြန်မာပြည်ရောက်ဖူးသော မြောက်မြားလှစွာသော နိုင်ငံခြားသားများအတိုင်း တယောက်ယောက်က မြန်မာတွေနှုတ်ဆက်ရင် ‘မင်္ဂလာပါ’ လို့ နှုတ် ဆက်တယ်ဟု သူ့ကို သင်ပေးလိုက်ဟန် ရှိပါသည်။

အမှန်စင်စစ် ကျွန်တော်စဉ်းစားကြည့်ရာတွင် ကျွန်တော်တို့ မြန်မာလူမျိုးများသည် တယောက်နှင့်တယောက် တွေ့၍ နှုတ် ဆက်ရာတွင် အခြေအနေအချိန်အခါအတိုင်း ကြုံသလို နှုတ်ဆက်ကြတာပဲ ဖြစ်ပါသည်။ ပုံသေမရှိပါ။ ‘နေကောင်းလား’ ဟု နှုတ်ဆက်သည်ဟု အလွယ်တွေးနိုင်သော်လည်း ‘နေကောင်းလား’ ဟုလည်း အမြဲ သုံးစွဲ နေသည်မဟုတ်ဘဲ ‘နေကောင်းလား’ ကို နေ့စဉ် သို့မဟုတ် အပတ်စဉ်မှန်မှန် တွေ့နေသည့် လူများအကြားတွင် သုံးစွဲခြင်းမရှိဘဲ မတွေ့တာ အတိုင်းအတာတခု ကြာနေပြီဖြစ်သည့်သူများတွေ့ရာမှာသာ သုံးစွဲကြတာဖြစ်ပါသည်။ ‘မတွေ့တာကြာပြီ’ နှင့်တွဲ၍သုံးလေ့ရှိခြင်းက ဤအချက်ကို သက်သေခံနေပါသည်။ တခါတခါ တစိမ်းတယောက် ယောက်နှင့်တွေ့သောအခါ ‘တွေ့ရတာ ဝမ်းသာပါတယ်’ နှင့် တွဲ၍လည်း သုံးလေ့ရှိပါသည်။

အမှန်မှာ မြန်မာစကားတွင် အင်္ဂလိပ်လိုပြောဆိုသုံးစွဲသော ‘Hello’ လို လူတယောက်နှင့်တယောက် နှုတ်ဆက်ရာတွင် အာ လုပ်ပြု သုံးစွဲသည့်စကားမရှိပါ။ သို့သော် ထိုစကားမရှိ၍လည်း မည်သည့် မြန်မာမျှ ဒုက္ခ မရောက်ပါ။ ပြောဆိုဆက်ဆံရာတွင် အနှောင့်အယှက်အခက်အခဲ မရှိပါ။ ယခုအချိန်ကာလအထိလည်း ‘မင်္ဂလာပါ’ မှာ မြန်မာများသုံးစွဲကြသော ‘မြန်မာစကား’ ထဲသို့ မရောက်ကြောင်း တွေ့ရပါသည်။ ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရသော်လည်း ‘မင်္ဂလာပါ’ ၏ နေရာမှာ အဓိကအားဖြင့် အသံလွှင့်မီဒီယာများနှင့် ဧည့်ခံပွဲများတွင်သာဖြစ်သည်ကို တွေ့ရပါသည်။ ထို့ထက်ကျော်၍ လမ်းပေါ်က လူအချင်းချင်း ပြောရလောက်သည့်အဆင့်သို့ကား မရောက်ကြောင်း တွေ့ရပါသည်။

အမှန်မှာ မြန်မာများ တစိမ်းတယောက်နှင့် စတင်တွေ့ဆုံရာတွင် ပြောသော နှုတ်ဆက်စကားသည် ‘တွေ့ရတာ ဝမ်းသာပါ တယ်’ ဖြစ်သည်ဟု ယေဘုယျသဘောပြော၍ ရပါသည်။ ကျွန်တော့်အမြင် ယခုအတိုင်း အလွယ်တကူ မစဉ်းမစားနှင့် နိုင် ငံခြားသားများကို မြန်မာတွေ နှုတ်ဆက်လေ့မရှိသော ‘မင်္ဂလာပါ’ ဟု သင်ပေးမည့် အစား ‘တွေ့ရတာ ဝမ်းသာပါတယ်’ ဟု ပြောင်းသင်ပေးလျှင် မည်သည့်မြန်မာမျှ အူကြောင်ကြောင်ဖြစ်စရာမရှိတော့ဘဲ အဆင်ပြေမည် ထင်ပါသည်။ ထိုစကားလုံးက နိုင်ငံခြားသားများကို သင်ပေးရန် ‘ရှည်’ နေပါသည်ဟုဆိုပါက ‘နေကောင်းလား’ ဟု သင်ပေးခြင်းက ‘မင်္ဂလာပါ’ ဟု သင် ပေးခြင်းထက် ပိုအဆင်ပြေမည် ထင်ပါ သည်။ မှန်လည်း မှန်မည် ထင်ပါသည်။ လက်ငင်းအကျိုးအနေဖြင့် အနည်းဆုံးတော့ အပြောခံရသူများ အူကြောင်ကြောင်အဖြစ် သက်သာမည်ထင်ပါသည်။ ယခုတော့ နိုင်ငံခြားသားများက ထိုင်းများ၏ ဆဝါဒီခပ်လို၊ ဂျပန်များ၏ ကိုနီချီဝါလို၊ အင်္ဂလိပ်များ၏ ဟဲလို လို၊ ‘မင်္ဂလာပါ’ ကို မြန်မာများ၏ နှုတ်ဆက်စကားလုံးအဖြစ် အထင်မှားနေကြပါသည်။ အမှန်မှာ မြန်မာစကားတွင် ထိုသို့သောအဓိပ္ပါယ် မယ်မယ်ရရ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  စ ကားအစတွင် အာလုပ်ပြု နှုတ်ဆက်သည့်စကားလုံး မရှိပါ။ ထိုသို့သော အာလုပ်စကားလုံးအပြီးတွင် လူတိုင်း ဆက်လက် ပြောဆိုလေ့ရှိသည့် ‘တွေ့ရတာ ဝမ်းသာပါတယ်’ ‘နေကောင်းလား’ ‘မတွေ့တာ ကြာပြီ’ စသော စကားမျိုးဖြင့်သာ နှုတ် ဆက်ကြပါသည်။

နိုင်ငံခြားသားများအတွက်ကိစ္စမှလွဲ၍ ကိုယ့်မြန်မာအချင်းချင်းပြောဆိုရန်အတွက်မူ ဘာမှစဉ်းစားနေစရာမလိုပါ။ ဤဆောင်း ပါး အထက်တွင် ဖော်ပြခဲ့သော ဒေါ်ညိုညိုသင်းနှင့် အင်တာဗျူး ကို မြန်မာများပြောသလို ကျွန်တော် ပြန်ရေးပြပါမည်။

အင်တာဗျူးသူက ဒေါ်ညိုညိုသင်းကို ‘ဒေါ်ညိုညိုသင်းရှင့် တွေ့ရတာ ဝမ်းသာပါတယ်’ ဟု စတင်ပြောရုံဖြစ်ပါသည်။ ဒေါ်ညို ညိုသင်းကလည်း ‘ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်’ ဟု ပြန်ဖြေရုံသာ ဖြစ်ပါသည်။ သမားရိုးကျ အမေမွေးကတည်းက ပြောရိုးပြောစဉ် ပြောလိုက်ရုံသာ ဖြစ်ပါသည်။ မ ‘ထွင်’ ရဟု မပြောပါ။ မလိုအပ်ဘဲ မထွင်ရန်သာ ဖြစ်ပါသည်။ ဤနေရာတွင် ထိုင်းတို့၏ ‘ဆဝါဒီခပ်’ သည်လည်း ‘ထွင်’ ထားတာသာ ဖြစ်ပါသည်ဟု စောဒနာရန်ရှိသော်လည်း ထိုင်းတို့၏ ‘ဆဝါဒီခပ်’ မှာ ယဉ်ကျေးစွာလက်အုပ်ချီပြီး နှုတ်ဆက်ခြင်းဟူသော အမူအရာ gesture နှင့်တွဲထားခြင်းဖြစ်၍ မြန်မာများ ‘ထွင်’ သော မင်္ဂလာပါနှင့် ကွဲပြားပါသည်။ တကယ်တော့မူ မြန်မာစကားတွင် ဟဲလိုတို့ ကိုနီချီဝါတို့လို အာလုပ်စကားရှိမနေခြင်း ဖြစ်ပါ သည်။ ယခု ‘ထွင်’ လာတာ ၁၉၆၅ ခုနှစ် မှ စတင်ရေတွက်လျှင် နှစ်ငါးဆယ်၊ ၁၉၈၈ မှ စတင်ရေတွက်လျှင် နှစ်သုံးဆယ်လောက် ရှိပြီဖြစ်သော် လည်း ယခုအထိ မြန်မာစကားထဲသို့ ‘မင်္ဂလာပါ’ မရောက်ခြင်းက မြန်မာစကားတွင် ‘မင်္ဂလာပါ’ အတွက် ‘နေရာ’ မရှိကြောင်း သက်သေပြနေပါသည်။ ပြောလေ့မရှိသော ‘မင်္ဂလာပါ’ ကိုပြော၍ ထူးပြီး မင်္ဂလာလည်း ရှိလာမည် မဟုတ်ပါ။ ‘လုပ်’ ပြော ပြောနေရသည်သာ အဖတ်တင်ပါသည်။ ဧည့်ခံပွဲများတွင်လည်း ‘မင်္ဂလာပါ’ အစား ဟိုယခင်ကတည်းက သုံးစွဲခဲ့သည့် “ ရွှေပွဲလာပရိသတ်များ ခင်ဗျား/ရှင်။ ဧည့်သည်တော်များရှင်/ခင်ဗျား’ ဟု ပြန်လည်သုံးစွဲရုံသာ ဖြစ်ပါသည်။ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့တွင်လည်း ဟိုအရင်က မြန်မာ့အသံတွင် မာမာအေးသုံးစွဲခဲ့သလို “သောတရှင်များ ကျန်းမာ တော်မူကြပါရဲ့လားရှင်” စသဖြင့် ပြန်လည်သုံးစွဲရုံသာ ဖြစ်ပါသည်။ ‘မင်္ဂလာပါ’ အစား အလျဉ်းသင့်သလို ယဉ်ကျေးဖွယ်ရာသော စကားလုံးများဖြင့် အလွယ်တကူ အစားထိုး သုံးစွဲနိုင်ပါသည်။

‘မင်္ဂလာပါ’ ဟူသော စကား ကျွန်တော်တို့ အပြောစကား ထဲသို့ မရောက်ခြင်း နှင့် ပတ်သက်၍ ကျွန်တော် စဉ်းစားမိတာ တစ်ခုလဲ ရှိပါသည်။ ထိုအချက်မှာ ကျွန်တော်တို့ မြန်မာလူမျိုး တွေ၏ ‘စရိုက်’ ဖြစ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်တော် တွေ့မိသလောက် ကျွန်တော်တို့ လူမျိုးသည် ‘ရှက်’ တတ်သော လူမျိုး ဖြစ်ပါသည်။ စိတ်ပညာ ဝေါဟာရ အနေဖြင့် introvert type ဟု ခေါ်နိုင်ပါသည်။ ဖက်လှဲတကင်း ဝမ်းသာအယ်လဲ အပြုအမူမျိုး ကို တစိမ်းတစ်ယောက် နှင့် မဆိုထားဘိ၊ သွေးသားရင်းချာ မောင်နှမ မိဘ သားသမီး ချင်းတွင်ပင် လုပ်လေ့လုပ်ထ မရှိသော လူမျိုး ဖြစ်ပါသည်။ အချင်းချင်း ‘ခပ်စိမ်းစိမ်း’ နေသည်ဟု အနောက်တိုင်းသားများ အမြင်တွင် ကောက်ချက်ချနိုင် ပါသည်။ လူမျိုးတစ်မျိုး ၏ ဘာသာစကား ဆိုသည်မှာ ထို လူမျိုး တည်ထောင်ဖြတ်သန်း ခဲ့သော ယဉ်ကျေးမှု ကို မူတည်၍ ဖွံ့ဖြိုးလာခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လူမျိုး၏ ထုံးစံအရ တစိမ်းများနှင့် စတင် တွေ့ဆုံရာတွင် ရွံ့တွန့်တွန့် ရှိတတ်လေရာ ကိုယ် နှင့် မသိသော လူတစ်ယောက် နှင့် စတင် တွေ့ဆုံရာတွင် ပြုံးပြရုံ လောက်သာ လုပ်တတ်၍ အထွေအထူး နှုတ်ဆက်ခြင်း မရှိခြင်း မှာ ကျွန်တော်တို့ လူမျိုး၏ သဘာဝစရိုက် ဖြစ်ပါသည်။ အမှန်မှာ အနောက်တိုင်းသား များနှင့် ယှဉ်လျှင် ကျွန်တော်တို့သည် နှုတ်ဆက်တာ အလွန်နည်းသော လူမျိုးတစ်မျိုး ဖြစ်ပါသည်။ တစိမ်းများကို မဆိုထားနှင့် ရင်းနှီးပြီးသား လူများကိုပင် အထူးတလည် နှုတ်ဆက်လေ့ မရှိသော လူမျိုး ဖြစ်ပါသည်။ ယဉ်ကျေးတာ ရိုင်းစိုင်းတာ မဟုတ်ပါ။ လူမျိုး ၏ စရိုက် ဖြစ်နေတာ ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုး တွင် outgoing ဖြစ်ပြီး ကျွန်တော်တို့ထက် ပွင့်လင်းသည့် တခြားလူမျိုးများလို ‘Hello’ ကဲ့သို့ နှုတ်ဆက်စကားလုံး ကျွန်တော်တို့တွင် မရှိသည်မှာ သဘာဝ ကျလေသည်။ ထိုအကြောင်းသည် ‘မင်္ဂလာပါ’ မြန်မာ အပြောစကား ထဲသို့ ဝင်မလာနိုင်ခြင်း ၏ ဇာစ်မြစ် ဟု ကျွန်တော် ယုံကြည်ပါသည်။ ‘မင်္ဂလာပါ’ ကို မြန်မာတို့၏ ပင်ကိုစရိုက် က လက်ခံချင်ပုံ မရ ဟု ပြောနိုင်ပါသည်။

လူတွေမပြောကြတော့သော ဘာသာစကားတွေမှလွဲ၍ လူတွေပြောဆိုသုံးစွဲနေကြသည့် ဘာသာစကားများသည် ထာဝ စဉ်ပြောင်းလဲမှုရှိနေသည် မှန်သော်လည်း အလုပ်မဖြစ် အသုံးမဝင်သောပြောင်းလဲမှုများကို စွန့်ပယ်ကြရမည်ဟု ထင်ပါသည်။

စာရေးသူနှင့် သဘောတူသူလည်း ရှိနိုင်သည်။ မတူသူလည်း ရှိနိုင်ပါသည်။ သို့သော် ‘မင်္ဂလာပါ’ ၏ နယ်ပယ်သည် ဧည့်ခံပွဲ များ၊ အသံလွှင့်ချက်များကို ကျော်၍ လမ်းပေါ်သို့ သော်လည်းကောင်း အမေ့ထံမှ ဘာသာစကားကို စတင်သင်ကြားရသည့် ပုခက်ထဲက မြန်မာစကားပြောမည့် မြန်မာကလေးတယောက်ယောက်ထံသို့သော်လည်းကောင်း ယခုအနေအထားမျှနှင့် တော့ မရောက်နိုင်ဟု စာရေးသူ သုံးသပ်ကောက်ချက်ချမိပါသတည်း။ 

ညိုထက်ညို
ရည်ညွှန်း ။   ။ ခင်မောင်စော (ဘာလင်) ဖစ်မှဖစ်ရလေ
http://moemaka.com/archives/39652