ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဘဝ တသက်တာ စဉ်ဆက်မပြတ်

သန်းဌေးမောင်၏ ပန်းချီ


ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဘဝ တသက်တာ စဉ်ဆက်မပြတ်

(မိုးမခ) မေ ၁၀၊ ၂၀၁၆

ချစ်သူငယ်ချင်းတို့ရေ

ဒီရက်အတွင်း အိမ်အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ မင်းတို့ဆီ စာမရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ခင်မင်ရတဲ့ ညီမငယ်တယောက်က ပြန်လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို ဖွဘုတ်မှာ စစ်အစိုးရ ဒလန်တွေ၊ နောက်မြီးဆွဲတွေက အငြိုးတကြီးနဲ့ တိုက်ခိုက်ပြောဆိုနေတဲ့ ငါ မသိသေးတဲ့ ပြောဆိုချက်တချို့ ကို ပေးပို့လာလို့ ကြည့်လိုက်တော့ အမျိုးသားပညာရေးတိုက်ပွဲ ဦးဆောင်ကျောင်းသားအဖွဲ့ထဲက အသက်အကြီးဆုံးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း ကိုေ--ာက်သက်ကကြီးနေပြီ အခုထိ ကျောင်းသားလို့ ပြောနေတုန်း။ေ--ာက်ရုပ်က … စတဲ့ မယုံနိုင်လောက်တဲ့ စကားလုံးတွေနဲ့ ချိုးချိုးဖဲ့ဖဲ့၊ ပစ်ပစ်နှစ်နှစ် ဆဲဆိုထားတာကို တွေ့ရတယ်။

ဒါနဲ့ တလောက မိုးမခမှာ ကာတွန်းရွှေလူရဲ့  “တိုင်းပြည်ကနုနု အဆဲကသန်သန်” ထိထိမိမိ ဖော်ပြချက်ကို ပြန်သတိရပြီး၊ တွေးမိတာက ကာတွန်းရွှေလူ ပြောလဲပြောစရာ … ဒို့မြန်မာပြည်လောက် ဓမ္မသဘင်ပွဲတွေ (ကျောင်းသားတွေ စာကျက်ပျက်တဲ့)၊ ဘုရားပွဲတွေ ခြိမ့်ခြိမ့်သည်းကျင်းပနေပြီး၊ လူတွေ ဒီလောက် အဆဲအဆိုသန်တာကို အံ့သြလို့မဆုံး (ဘုရားပေါ်တက် ဟီရိသြတ္တပ္ပကင်းမဲ့ မဟုတ်မဟတ် လုပ်ရပ်တွေကိုလည်း တွေ့မြင်ကြားနေရ)။ ပြောရင်လဲ ကြိုက်မှာမဟုတ်ဘူး … ဒီနေ့ မြန်မာတွေရဲ့  လူမှု့ကွန်ရက်မှာ လေလည်တာကို ဗုံးကွဲတာဆိုတဲ့ ဖွချက်ကို အလွယ်ယုံကြတဲ့ .. ဒို့လူလေးများ ဆိုသလေ “ဝေလေလေးတွေ” က ခပ်များများ - တချက်မတွေး၊ မစမ်းစစ်ဘဲ Like နှိပ်၊ ညစ်ညစ်ညမ်းညမ်း မှတ်ချက်တွေ ရေးနေကြတာ ပြောင်းလဲသင့်ပြီ၊ ရပ်တန့်သင့်ပြီ။

တကယ်တော့ ငါပြောချင်တာက တားမရဆီးမရ ဖွဘုတ်ပေါ်က အဆဲအဆိုကိစ္စ မဟုတ်ပါဘူး။ အဓိက ပြောချင်တာက ကိုအောင်မှိုင်းဆန်းတို့လို အသက်အရွယ်ကြီးမှ ကျောင်းတက်နေသူတွေကို ပိုးဆိုးပက်စက် ပြောဆိုတာနဲ့ ပတ်သက်ပြီး ဟိုအရင်ကတည်းက ပြောချင်နေတဲ့ စဉ်ဆက်မပြတ် ဘဝတသက်သာ သင်ကြားလေ့လာရေး (3L – Lifelong Learning) အကြောင်းကို အခုတော့ တိုက်ဆိုင်လာလို့ ငါ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ပြန်ပြောပြချင်တာပါ။

ဒို့ကျောင်းသားတွေ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ၈၈ ပြည်သူ့အရေးတော်ပုံကို အာဏာရှင်တွေက လက်နက်နဲ့ ရက်ရက်စက်စက် နှိမ်နှင်းချေမှုန်းလိုက်ပြီးနောက် မင်းတို့တွေ ထောင်ထဲရောက်၊ ဒို့တတွေ တောတောင်ထဲရောက်ခဲ့ပြီး ကျောင်းပညာရေးနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ကြတယ် မဟုတ်လား။ မင်းတို့တွေ ပိတ်လှောင်ထားတဲ့ နံရံတွေကြားမှာ ထောင်တွင်းပညာရေးနဲ့ ခရီးဆက်နေချိန်မှာ တောတောင်ထဲရောက်ခဲ့သူတွေက စစ်အစိုးရ တိုက်ခိုက်မှုတွေကို ပြေးလွှားရှောင်တိမ်းရင် ဘဝတက္ကသိုလ်ပညာရေးနဲ့ လိုအပ်တဲ့ ပညာအသိဥာဏ်တွေကို ဖြည့်ဆည်းခဲ့ကြတယ်။ နောက် အကြောင်းအမျိုးမျိုးနဲ့ တတိယနိုင်ငံ အနောက်နိုင်ငံတွေကို ဒုက္ခသည်အဖြစ် ရောက်သွားခဲ့သူတွေ ရှိတယ်။

ငါ့အနေနဲ့ (၇) နှစ်လောက် ကျောင်းနဲ့ဝေး၊ တောတောင်၊ ထိုင်းနိုင်ငံထဲမှာ ကြမ်းတမ်းတဲ့ ဘဝစုံကို သက်ရှင်ဖြတ်သန်းပြီး၊ အသက် (၂၅) နှစ်လောက်မှာ အမေရိကန်နိုင်ငံကို တယောက်ထဲ ဘုမသိဘမသိ ယောင်ချာချာနဲ့ ရောက်ခဲ့တယ်။ တခါမှ အိပ်မက်မမက်ခဲ့တဲ့ ရေခြားမြေခြားကိုရောက်ပြီး စိန်ခေါ်မှုများစွာ အခက်အခဲများစွာကို ရုန်းကန်ရင်ဆိုင်ဖြေရှင်းရင် စိတ်ထဲဖြစ်ပေါ်လာတာက ဆုံးရှုံးသွားတဲ့ ပညာရေး (အာဏာရှင်တွေရဲ့  ဖိနှိပ်မပြည့်စုံတဲ့ ပညာရေး) ကို အမေရိကန်နိုင်ငံရဲ့  အဆင့်မြင့် ပညာရေးနဲ့ အစားထိုးဖြည့်ဆည်းဖို့ ဖြစ်တယ်။


တကယ်တမ်း ကျောင်းတက်မယ်ဆိုတော့ အတော်လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ မြန်မာနိုင်ငံက ရရှိခဲ့တဲ့ တက္ကသိုလ်ပညာရေးရဲ့  နှိမ့်ကျမှုကို ပိုသိခဲ့ရသလို၊ ဘာလက်မှတ် အထောက်အထားတခုမှ မရှိ၊ ဒီဘက်ပညာရေးကို နကန်းတလုံးမှ မသိ၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ မတူကွဲပြား လွတ်လပ်တဲ့ Liberal – Free Thinking ပညာရေးစနစ်ကို နားလည်ဆက်စပ်နိုင်ဖို့ အချိန်ပေး ကြိုးစားခဲ့ရတယ်။ အဆိုးဆုံးက အထောက်အပံ့မရှိ၊ ဒီအသက်အရွယ်ရောက်မှ ကျောင်းပြန်တက်မနေနဲ့တော့၊ စီးပွားရှာ၊ အိမ်ထောင်ပြု ဘာညာဆိုတဲ့ ဒို့လူ့အဖွဲ့အစည်းရဲ့  အတွေးဟောင်းကြီးက ခေါင်းထဲမှာ တဝဲလည်လည်၊ ဆုံးဖြတ်ချက်ချမရ ဖြစ်ခဲ့တယ်။

ဒီလိုဟန့်တားမှု၊ တွန့်ဆုတ်မှုတွေ ရှိခဲ့ပေမယ့် ပြင်းပြတဲ့စိတ်ဆန္ဒက လွတ်လွတ်လပ်လပ် လေ့လာသင်ကြားနိုင်တဲ့ အဆင့်မြင့် ပညာရေး ရယူလိုမှုက ပိုကြီးမားလွှမ်းမိုးခဲ့တယ်။ ကိုယ်ရောက်နေတဲ့မြို့ မှာရှိတဲ့ ကောလိပ် တက္ကသိုလ်၊ စာကြည်တိုက်တွေကို သွားကြည့်တော့ လူငယ်လူရွယ်တွေကို တွေ့သလို၊ အိမ်ထောင်သည်၊ အသက်အရွယ်ကြီးသူတွေ ပျော်ပျော်ပါးပါး ကျောင်းတက်နေတာကို တွေ့တော့ ငါလည်း သူတို့နဲ့အတူ သင်ကြားနိုင်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့တယ်။ တချို့  အသိမြန်မာတွေ (နောက်ပိုင်း အိမ်နဲ့ အဆက်အသွယ်ရတော့ အိမ်က လူကြီးတွေ) က ဒီအရွယ်ရောက်မှ ကျောင်းတက်ရင် ဘွဲ့ရရင် အသက်က (၃၀) လောက်ရှိမယ်။ စီးပွားရေး၊ အိမ်ထောင်ရေးတွေ နောက်ကျအခက်အခဲ ရှိမယ်ပေါ့ - စိုးရိမ်ပူပန်၊ အားမပေးခဲ့ဘူး။ ငါကို ကူညီခဲ့တဲ့ အမေရိကန်တွေကတော့ သိပ်ကောင်းတဲ့အကြံ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုပြီး အားပေးအားမြှောက် ချီးကျူးပြောဆိုကြတယ်။

ဒါပေမဲ့ မင်းတို့ သိတဲ့အတိုင်း ဘာသာစကား၊ ငွေကြေးအထောက်အပံ့ များစွာတဲ့ အခက်အခဲတွေကို ရုန်းကန်ကျော်ဖြတ်ပြီး မိမိလိုချင်၊ ရယူသင့်တဲ့ ပညာရေးကို အပတ်တကုတ် ကြိုးစားသင်ယူခဲ့တာ မလွယ်ပေမယ့် အသက် (၃၀) မှာ ဘွဲ့နှစ်ခု ရရှိခဲ့တယ်။ ပြောရရင် ငါ ဘွဲ့ရတဲ့အကြောင်းကို ပြောချင်လို့ မဟုတ်ဘူး။ ပညာသင်ကြားမှုမှာ အသက်အရွယ် အကန့်အသတ် မရှိသင့်ဘူး။ မရှိအောင် ပညာရေးစနစ်၊ လူ့အဖွဲ့အစည်းက ပံ့ပိုးလုပ်ကိုင်ပေးရမယ်။ အားပေးအားမြှောက် လုပ်ကြဖို့ဖြစ်တယ်။ ဘယ်သူမဆို အသက်အရွယ်၊ အချိန်ကာလမရွေး ကျောင်းတက်ပညာသင်ြကြားခွင့် ရှိပြီး၊ ကျောင်းသားလို့ ပြောခွင့်ရှိတယ်။ အသက်ကြီးမှ ပညာရှာဖွေ လေ့လာသူတွေကို လှောင်ပြောင်ရှုတ်ချ ပြောဆိုတာမျိုးတွေ မလုပ်သင့်ဘူး။

အထူးသဖြင့် နှစ်ပေါင်းများစွာ ဆိုးဝါးဆုတ်ယုတ်တဲ့ အာဏာရှင်ပညာရေးစနစ်ကြောင့် လူသားအရင်းအမြစ် ဆုံးရှုံးနည်းပါးခဲ့တဲ့ ဒို့နိုင်ငံ ပြည်သူတွေအနေနဲ့ အဆင့်မြင့်ပညာရေးစနစ်နဲ့ လွတ်လွတ်လပ်လပ် ကျောင်းတက်၊ ပညာ သင်ကြားခွင့်တွေ ရှိရမယ်။ ပြည်သူတွေလည်း ပညာသင်ကြား၊ လေ့လာချင်တဲ့ စိတ်ဆန္ဒတွေ ရှိရမယ်။ ဒီဘက် တိုးတက်တဲ့ နိုင်ငံတွေမှာဆို ကလေးသူငယ်တိုင်း အခမဲ့ ပညာသင်ကြားခွင့် ရှိသလို၊ အသက်အရွယ် အကန့်အသတ်မရှိ လူတိုင်း မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်လေ့လာမှုတွေကို ကောလိပ် တက္ကသိုလ်တွေမှာ သင်ကြားနိုင်တယ်။ ပြီးတော့ မိသားစု၊ လူ့အဖွဲ့အစည်းကလည်း ဒီလို ပညာရှာဖွေလေ့လာသူတွေကို အားပေးသလို၊ ချီးကျူးပြောဆိုကြတယ်။

ငါ ကျောင်းတက်တုန်းက ကိုယ်က အသက်အစိတ်လောက်ရှိတော့ (၁၇) နှစ် (၁၈) နှစ် ပထမနှစ် Freshmen တွေကြားမှာ ကြီးတောင့်ကြီးမားကြီး ဖြစ်နေမယ်လို့ ထင်ခဲ့တာ ကိုယ်ထက်အသက်ကြီးတဲ့ အတန်းဖော်တွေကို တွေ့တော့ အံ့အားသင့်၊ အားတက်ခဲ့တယ်။ မင်းတို့ သိတဲ့အတိုင်း ငါ့မဟေသီလည်း ငါ့နဲ့အိမ်ထောင်ကျပြီးမှ ပါရဂူဘွဲ့ကို ရယူခဲ့တာ။ ငါ့အနေနဲ့လည်း ပညာရေးကို တန်းဖိုးထားတော့ သူ့ပညာရေးကို အားပေးထောက်ပံ့ခဲ့တယ်။ မင်းတို့ မြင်တဲ့အတိုင်း ဒို့နိုင်ငံမှာ အထူးသဖြင့် မိန်းခလေးတွေ အိမ်ထောင်ကျ၊ အသက်အရွယ်ရ (ကျေးရွာတွေမှာ ဒီနေ့အထိ ရေးတတ်ဖတ်တတ်တာနဲ့) ပညာသင်ကြားမှုလည်း ရပ်ဆိုင်း၊ ရပ်နားဖို့ လူ့အသိုင်းအဝိုင်း၊ မိသားစုက ဖိအားပေးကြတယ်။

ဒီလို စဉ်းစားမှု၊ တွေးခေါ်မှု၊ ယုံကြည်မှုမျိုးနဲ့ ဒို့တတွေ ခေတ်မီတိုးတက်တဲ့ တိုင်းနိုင်ငံ၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုမှ မတည်ထောင်နိုင်ဘူး။ အထူးသဖြင့် လေအဟုန်နဲ့အတူ ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ ဒို့တတွေ တိုင်းပြည်လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုတွေအတွက် အမြဲတမ်း သင်ကြားလေ့လာဆည်းပူးနေရမယ်။ ဒီအတွက် အုပ်ချုပ်အစိုးရတွေကလည်း လွတ်လပ်တဲ့ ပညာရေးစနစ်ကို လုံလောက်တဲ့ ဘဏ္ဍာငွေတွေ သုံးစွဲပြီး မြှင့်တင်လုပ်ကိုင်ပေးသလို၊ လူ့အဖွဲ့အစည်းကလည်း စဉ်ဆက်မပြတ် ပညာသင်ကြားမှုကို အားပေးအားမြှောက် ပါဝင်လုပ်ကိုင်မှုတွေရှိဖို့ အရေးကြီးတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းနိုင်ငံတွေမှာ မြေးနဲ့အတူ ဘွဲ့ရတဲ့ အဖိုးအို အဖွားအိုတွေ၊ သမီးနဲ့အတူ ကျောင်းတက်နေတဲ့ အဖေအမေတွေအကြောင်းကို သတင်းတွေထဲမှာ မင်းတို့ ဖတ်ဖူးကြားဖူးမှာပါ။

အချုပ်ပြောရရင် ကလေးတိုင်း အခမဲ့ပညာ သင်ကြားနိုင်ခွင့် ရရှိသလို၊ တိုင်းပြည်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်အတွက် လူတိုင်းစဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့၊ သင်ကြားကြဖို့ ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်။ တချိန်က… အသိဥာဏ်မဲ့တဲ့ အာဏာရှင်တွေကြောင့် အမှောင်တိုက်ထဲမှာ ဒို့ပြည်သူတွေ မျက်စိပိတ်၊ နားပိတ်၊ ချုပ်နှောင်ခံခဲ့ရပြီး အဲဒီအကျိုးဆက်က ဒီနေ့အထိ ကျဉ်းမြောင်းတဲ့ ခေတ်နောက်ပြေး အတွေးအခေါ်၊ စဉ်းစားမှုတွေနဲ့ ကျောင်းသူကျောင်းသားဆိုတာ ဘယ်အသက်အရွယ်၊ ဘယ်အချိန်အထိပဲ ဖြစ်သင့်တယ်ဆိုတဲ့ အမြင်မျိုး၊ အတွေးမျိုးတွေကို ပယ်ဖျက်သင့်၊ ရပ်သင့်ပါပြီ။

ကဲ ကောင်းပါပြီ ... နောက်မှာ ပြောချင်တာတွေ၊ ပြောသင့်တာတွေ ဆက်ပြောကြတာပေါ့။ မင်းတို့လည်း သောက်မကုန်တဲ့ ပင်လယ်သမုဒ္ဒရာရေလို - လေ့လာမကုန်တဲ့ ဗဟုသုတ အသိပညာတွေကို မင်းတို့ကိုယ်တိုင် ဆက်လက် လေ့လာနေသလို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိတ်ဆွေတွေကို သင်ကြားဆည်းပူးကြဖို့ တိုက်တွန်းပြောဆို အားပေးကြပါ။ ဒို့တိုင်းပြည်လူ့အဖွဲ့အစည်း အမှန်တကယ် ပြောင်းလဲဖို့ ဒို့ပြည်သူတွေ အကန့်အသတ်၊ အတွေးအခေါ်ဟောင်းတွေကို ကျော်လွှားပြီး စဉ်ဆက်မပြတ် ဘဝတသက်တာ သင်ကြားလေ့လာမှုတွေကို လုပ်နိုင်စွမ်းနိုင်ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး