အေးကျော်ကျော် - သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ



အေးကျော်ကျော် - သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ
(သူ့ဖေစ့်ဘွတ်) မိုးမခ၊ မေ ၁၂၊ ၂၀၁၆

မီးတွေလဲအထွက်ကျ၊ ဂတ်စ်တွေလဲခမ်းတော့မယ့် ဆင်းရဲမွဲတေ သင့်တိုင်းပြည်ငယ်လေးအတွက် သင်တစ်ခုခုတော့ လုပ်နိုင်ပါတယ်။ သင့်ဓနအင်အားနဲ့ သင့်စေတနာအပေါ်မူတည်ပြီး အဆင့်လိုက် လုပ်လို့ရကြောင်း ကိုယ်တိုင်လုပ်နေသူ တစ်ယောက်အနေနဲ့ သတင်းစကားပါးလိုက်တယ်။

၁။ LED မီးလုံး၊ မီးချောင်းတွေသုံးပါ။ ကျွန်တော့်အိမ်နဲ့ ရုံးမှာ မီးချောင်းမှန်သမျှ LED ပါ။ ၃ နှစ်ခွဲမှ ၄ နှစ်ရှိပါပြီ။ တစ်ခုမှ မလဲရပါ။ Osram တို့ Philip တို့လို နာမည်ကြီး LED ၄ ပေမီးချောင်း တစ်ချောင်းကို ကျပ် ၁၈,ဝဝဝ ပေးရတယ် ပုံမှန်ထက် 19 W သက်သာတယ်။ သက်သာတဲ့ မီတာခနဲ့ ပျမ်းမျှ ၁ဝ လ ကို တစ်ချောင်းနှုန်းလဲရတဲ့ ရိုးရိုးမီးချာင်း စရိတ်နဲ့ တွက်ကြည့်ယင်တောင် ကြေနေပြီ။ ကိုယ့်အိမ်မှာ ၄ ပေမီးချောင်း ၆ ချောင်းလောက်လဲယင် တစ်သိန်းကျော်ပဲ ကျပါတယ်။ သင့်အတွက်နဲ့ သင်ချစ်လှပါချေရဲ့ဆိုတဲ့ တိုင်းပြည်လေးအတွက် ဒီငွေလောက်ကို တတ်နိုင်သူဖြစ်ယင်အကုန်ခံလိုက်ပါ။ သူငယ်ချင်း ၆ ယောက်လောက် ဝီစကီပုလင်းထောင်ပြီး ညစာစားပွဲ ကျင်းပသလောက်ပဲရှိပါတယ်။


၂။ ထမင်းချက်ယင် လျှပ်စစ်နဲ့ချက်တဲ့ Hot Plate ကို အရံအနေနဲ့သာ သုံး၊ အဓိကကို ဂက်စ်နဲ့ချက်ပါ။ တစ်လကို ဂက်စ်တစ်အိုး ၂၅,ဝဝဝ - ၃ဝ,ဝဝဝ ပါ။ လျှပ်စစ်ထက် တစ်ဝက်လောက် ပိုကုန်ပေမယ့်၊ ဘီယာဆိုင် တစ်ခါထိုင်စာပဲရှိတယ်။

၃။ အဲယားကွန်းကို မီတာခ သက်သာတဲ့ Inverter အမျိုးအစားတွေသုံးပါ။ ဈေးအနေနဲ့ Panasonic ဆိုယင် တစ်ကောင်ခွဲကို ၆ သိန်း၊ တစ်ကောင်ဆိုယင် ၅ သိန်း။ ကျွန်တော့်အိမ်မှာ တပ်ထားတဲ့ အဲယားကွန်း ၄ လုံးစလုံး Inverter နဲ့ လဲတော့မယ်။ အဟောင်းတွေ ပြန်ယူပေးမှာနဲ့ အသစ်အတွက်ဆို ၁၈ သိန်း၊ သိန်း ၂ဝ ကုန်မယ်။ သင်တို့ထဲက တချို့လည်း လုပ်နိုင်ပါတယ်။ ကျွန်တော့်ထက်ချမ်းသာသူတွေ မြန်မာပြည်မှာ အများကြီးပါ။ သိန်း ၂ဝ ဆိုယင် . . ကာရာအိုကေ ၅ ခါ - ၆ ခါ သွား သလောက်ပဲရှိပါတယ်။ သွားနေကြလူတွေ သိပါတယ်။ ဒီနှိုင်းယှဉ်ချက်က သိပ်အကျယ်ချဲ့ ပြောလို့ကောင်းတာမဟုတ်ဘူး။

၎။ နောက်ဆုံးကတော့ လုံးချင်းအိမ်ပိုင်သည့် ငွေရှိသူများ၊ တိုက်ခန်း အပေါ်ဆုံးထပ်မှာနေသူများ Solar စနစ်တပ်ကြပါ။ အပေါ်က ရေးထားတဲ့အချက်တွေကို လုပ်ထားပြီးပြီဆိုယင် သင့်အိမ်ကို Solar နဲ့ မီးပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ခုခေတ်က Solar တွေ ဈေးကျလာနေပါပြီ၊ တရုတ်က ထုတ်ပြီး နိုင်ငံတကာပို့နေသော နာမည်ကြီး Brand များ၊ ထိုင်း၊ အိန္ဒိယနှင့် တပ်နိုင်ပါက ဂျပန်၊ ဂျာမဏီမှ Solar များ ရွေးချယ်နိုင်ပါတယ်။

Inverter အဲယားကွန်းတွေ ပြောင်းတပ်ပြီး တစ်လဓာတ်အား ယူနစ် ၆ဝဝ လောက်အများဆုံး ရှိနိုင်တဲ့ ကျွန်တော့်အိမ်အတွက် ညဖက်မှာပါသုံးလို့ရတဲ့ Off-Grid Solar စနစ်က 5 to 6 KW လောက်ရှိမယ် မှန်းတယ်။ ကုန်ကျစရိတ် သိန်း ၃ဝဝ လောက် ဖြစ်မလားပဲ။ သိန်း ၅ဝဝ တန် ကားစီးမယ့်အစား ၂ဝဝ တန်လောက်စီးပြီး Solar တပ်လို့မရဘူးလား?၊ ဒေါ်စုတောင် Mark II 99 လေးနဲ့ သွားနိုင်သေးယင် ကျွန်တော်တို့လည်း ကိုယ်စီးမယ့်ကားအပေါ်မှာ ချွေတာပြီး အိမ်မှာ Solar တပ်ယင် ပိုအဓိပ္ပါယ်ရှိတာပေါ့ဗျာ။ ငွေတပ်နိုင်သူတွေ စဉ်းစားကြပါ။ ခုခေတ် ကားဆိုတာ စီးပြီးတာနဲ့ ရှုံးပြီ၊ ၅ဝဝ နဲ့ ဝယ်ထားတဲ့ကား ၅ - ၆ နှစ်စီးပြီးယင် အလွန်ဆုံး ၂ဝဝ ပဲပြန်ရမယ်။ ၃ဝဝ ရှုံးပြီ။ Solar က အနှစ် ၂ဝ ခံမယ်။

ကျွန်တော်ကတော့ တိုက်အပေါ်ဆုံးထပ်ဆိုတော့ ကံကောင်းတယ်။ အမိုးမှာတပ်မယ်၊ အမိုးကိုခံနိုင်အောင် အယင်ပြင်ရမယ်။ အမိုးက ခံနိုင်သလောက် Solar ရသလောက်တပ်မယ်၊ စီးနေတဲ့ Mark II 2000 လေးပဲ ဆက်စီးမယ်။ မလဲဘူး။

ကဲခင်ဗျားတို့ကော ဘယ်လိုလဲ?