ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သစ်ထူးဆက် ● တံလျှပ်

 
သစ်ထူးဆက် ● တံလျှပ်
(မိုးမခ) မေ ၂၁၊ ၂၀၁၆

အပူရှိန်ပြင်းလွန်းသဖြင့် အဝေးကိုမျှော်ကြည့်မိသည်တွင် လယ်ကွင်းပြင်ထဲ တံလျှပ်များထနေသည်ကို ကျွန်တော်တွေ့ရသည်။ ထိုင်နေသောကျွန်တော့်ဘေးမှရုပ်ရှင်တွေထဲကလို သူဌေးက သုံးလေးပတ်ပတ် လျှောက်နေသည်။

"မင်းကသခင်လား ကျွန်လား။ ငါတို့ဆီမှာ ကျွန်မရှိဘူးကွ။ သခင်တွေပဲရှိတယ်။ တကယ်လို့ မင်းမှာခိုင်းမှလုပ်မယ်ဆိုတဲ့ ကျွန်စိတ်ဓာတ်တွေပါလာရင် ဟောဒီနေရာမှာတင် လုးံချေပြီး ဟိုးအရှေ့ကလယ်ကွင်းတွေထဲ ကန်ထုတ်ပစ်လိုက်ကွာ။ ကြားလားငါ့ညီ"

ကျွန်တော် သူ့ကို ခေါင်းညိတ်ပြလိုက်မိသည်။ သူကအလုပ်ရှင်ကျွန်တော်က အလုပ်သမားဖြစ်၍ ကျွန်တော် ဘာမှပြန်မ ပြောမိပါ။
*******

သူတို့အလုပ်က ဘာမှခမ်းခမ်းနားနားမဟုတ်ပါ။ အမှန်တော့မြေကြီးရောင်းစားသည့် အလုပ်ဖြစ်သည်။ ကုမ္ပဏီဟုဆိုလျှင် လည်း မြေကြီးရောင်းစားသည့် ကုမ္ပဏီဟုသာ ဆိုရမည်။ သူတို့အခေါ် စခန်း (အမှန်တော့ တဲတန်းရှည်ကြီး) တွင် အလုပ် သမားနှစ်ဆယ်လောက်ရှိသည်။ မြေကြီးသယ်ယန္တရားမောင်းနှင်သူများ ထမင်းချက်နှင့် ကျွန်တော့်လို အချိန်မှတ် အလုပ် သမားများ ရှိသည်။ ယန္တရားကုမ္ပဏီမှငှားထားသော ဂေါ်များပါသော ယန္တရားကြီးများကို ကျွန်တော်အပါအဝင် အခြားအချိန် မှတ်လုပ်သားများက အချိန်မှတ်ရသည်။ စက်နိုးသည့်အချိန် စက်သိမ်းသည့်အချိန်များကို စနစ်တကျ မှတ်ရသည်။ အလုပ် က ပင်ပင်ပန်းပန်း ဘာမှမလုပ်ရပါ။ နာရီပတ်ပြီး အချိန်မှတ်ရုံသာ ဖြစ်သည်။

ကျွန်တော်တို့အလုပ်ခွင်မှာ တွံတေးတနေရာမှ ရှုမဆုံးနိုင်သော လယ်ကွက်များ ရှိရာတွင် ဖြစ်သည်။ လယ်ကွက်ဆိုသော်လည်း ဘာပင်မှမစိုက်ထားသောပက်ကြားအက် လယ်ကွက်များဖြစ်သည်။ ကျွန်တော်တို့အလုပ်က ဆည်ကြီးတဆည် တူးဖော်နေ ရခြင်းဖြစ်သည်။ နေကပူလိုက်သည်မှာ ခြစ်ခြစ်တောက်။ ကွင်းခေါင်ခေါင်မို့ ဘာအရိပ်အာဝါသမှမရှိ။ မနက်မိုးလင်းတာနဲ့ ရေဘူးတဘူးကိုဆွဲ ဦးထုပ်ဆောင်း၍ ထိုကွင်းခေါင်ခေါင်ကိုသွားရသည်။ မြေတူးသည့်စက်ကြီးနားမှ ကျွန်တော်လည်း နားရ သည်။ အလုပ်ကမပင်ပန်းသော်လည်း ညနေစခန်းပြန်ရောက်လျှင် လူတကိုယ်လုံး နှုန်းချိနေလေသည်။

ကျွန်တော်တို့စခန်း၏ ဘေးတွင် ချောင်းငယ်လေးတခုရှိသည်။ အလုပ်သိမ်းပြီး ခန္ဓာကိုယ်အပူချိန်လျော့သွားလျှင် ထိုချောင်း လေးမှာ ရေချိုးကြရသည်။ ထမင်းချက်အပါအဝင် စခန်းရှိအလုပ်သမားများမှာ ယောကျာ်းလေးများသာဖြစ်၍ တချို့က မိမွေးတိုင်းဖမွေးတိုင်း ချိုးကြသည်။ ရေမိုးချိုးထမင်းစားသောက်ပြီးလျှင် လှဲချင် လှဲ၊ ကော်ဖီသောက်ချင်သောက်၊ စကားပြော ချင်ပြော သဘောရှိနေနိုင်သည်။ တနေကုန်ပင်ပန်းသမျှ လေတဖြူးဖြူးတိုက်ခတ်နေသောစခန်းပေါ်တွင် ကျွန်တော်ကတော့ လှဲလိုက်တာနှင့် အိပ်ပျော်သွားသည်က များ၏။

တညတော့ ကျွန်တော်မအိပ်ချင်ဘဲဖြစ်နေ၍ ထမင်းချက်နှင့် စကားထိုင်ပြောဖြစ်သည်။ ထမင်းချက်က ကျွန်တော်တို့ အခု အလုပ်လုပ်နေသောနေရာသည် ယခင်က လူမျိုးခြားမိသားစုတစုပိုင်သောမြေဖြစ်ကြောင်း ယခင်ကအခြောက်အလှန့် အလွန်ကြမ်းသော နေရာဖြစ်ကြောင်း တခါတရံသူတို့ကို တွေ့မြင်ရလေ့ရှိကြောင်း ပြောပြသည်။ ထိုညက ကျွန်တော် အပေါ့ ထမသွားဖြစ်ပါ။ တဟူးဟူးတိုက်နေသောလေထဲတွင် အသံတစုံတရာများ ကြားရလေမလား နားစွင့်ရင်း ကျွန်တော်အိပ်ပျော် သွားခဲ့လေသည်။
********

အလုပ်လုပ်ရသည်မှာ တဖြည်းဖြည်းနှင့်နေသားကျလာသည်။ နေပူဒဏ်ကြောင့် ပင်ပန်းသော်လည်း အလုပ်ဝင်ကာစက ထက်တော့ ခံနိုင်ရည်ရှိလာလေပြီ။ မနက်ကွင်းထဲမှာ အလုပ်လုပ်၊ ညကျစခန်းပြန်အိပ်နှင့် လုံးလည်ချာလည် လိုက်နေသည်။
တရက်တော့ မျှော်လင့်မထားသောကိစ္စတခု ဖြစ်လာသည်။ မြေတူးသည့်ယန္တရားစက်ကြီး၂ လုံး ရုတ်တရက် ထပျက်သည်။ စက်ပြင်နှစ်ယောက်လည်း တနေကုန် ချွေးဒီးဒီးကျအောင် ပြင်သည်။ ထမင်းချက်က ရွာထဲကသတင်းတခုကို ယူလာသည်။ ရွာထဲတွင် အမျိုးသမီးတယောက်ကို ဝင်ပူးနေသည့်အကြောင်း၊ ထိုအမျိုးသမီးက သူ့ကိုယ်သူ ချောင်းစောင့်ရှင်မဟု ဆိုနေ သည်တဲ့။ ထူးဆန်းသည်မှာ မြေတူးသည့် ယန္တရားစက်ကြီးများကို နှိုးမရအောင်သူလုပ်ထားသည်ဆိုခြင်းပင်။ ချောင်းထဲတွင် ရေချိုးကြသည့်အခါ ကိုယ်လုးံတီးဖြင့်ချိုးသဖြင့် အလွန်ဒေါသထွက်မိ၍ အရှက်ကင်းမဲ့သော အပြုအမူအတွက် ပြန်တောင်းပန် စေကြောင်း ပူး၍ပြောပြသည်ဟု ထမင်းချက်က သူဌေးကို တဆင့် ပြောပြသည်။ သူဌေးက ခေတ်ပညာတတ်တယောက်ဖြစ်၍ ထမင်းချက်ပြောစကားကို သိပ်အယုံအကြည်မရှိ။ စက်ပြင်နှစ်ယောက်ကလည်း ထူးခြားမူမရှိသေး၍ သူဌေးခဏတွေသွား သည်။ နောက်တော့မှ ထမင်းချက်ကို ရွာကဘုန်းကြီးငါးပါး ပင့်ခိုင်း၍ မနက်ဖြန်စခန်းတွင် မုန့်ဟင်းခါးဆွမ်းကပ်ဖို့စီစဉ်ရန် ပြောပြီး ပိုက်ဆံထုတ်ပေးသည်။ ကျွန်တော်တို့အလုပ်သမားများအားလုံးကိုလည်း မနက်ဖြန်အလုပ်တရက်နားမည်ဖြစ် ကြောင်း ကြေညာလိုက်သည်။ ကျွန်တော်တို့အားလုးံ ပျော်ရွှင်သွားကြသည်။ ထိုညက အိပ်ရတာ ဇိမ်အလွန်ရှိပါသည်။ မနက်လင်းတော့ ဘုန်းကြီးဆွမ်းကပ်ပြီး ချောင်းစောင့်ရှင်မဆိုသူကိုပါ တောင်းပန်၍ အမျှအတန်းပေးဝေလိုက်သည်။

အလုပ်နားသဖြင့် စားသောက်ပြီး ကျောဆန့်ရင်း မှေးခနဲ ကျွန်တော်အိပ်ပျော်သွားသည်။ ဟေးခနဲအော်လိုက်သံများကြောင့် ရုတ်တရက် အိပ်နေရာမှ လန့်နိုးလာမိသည်။ မြေတူးစက်ကြီးနှစ်လုံးလုံးနှိုးသံက စခန်းတခုလုးံဆူညံနေသည်။ ဆက်အိပ်မရ တော့သဖြင့် ကျွန်တော်ထထိုင်ရင်း စခန်းအပြင်ကိုကြည့်လိုက်မိသည်။ စခန်းအပြင်ဘက်တွင် အပူရှိန်ကြောင့် တံလျှပ်များထ နေသည်ကို ကျွန်တော် မြင်လိုက်ရလေသည်။    ။

(သစ်ထူးဆက်)