ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို - ဘယ်သူ့ အကူအညီမှ မလိုတဲ့ဘဝ ပြည်သူတွေ ရောက်ပါစေ

Photo - facebook # water donation

တူမောင်ညို - ဘယ်သူ့ အကူအညီမှ မလိုတဲ့ဘဝ ပြည်သူတွေ ရောက်ပါစေ
(မိုးမခ) မေ ၂၇၊ ၂၀၁၆


ဒီချုပ်ပါတီအစိုးရ ရဲ့ “ရက်ပေါင်း ၁၀၀ စီမံချက်တွေ” ကို ဘယ်လိုမြင်သလဲလို့ မေးတာကြုံရပါတယ်။ အဖိုးတန်တဲ့ “အတွေ့ အကြုံနဲ့သင်ခန်းစာတွေရလိမ့်မယ်” လို့ ထင်ကြောင်းပြန်ဖြေခဲ့ပါတယ်။

ဥပမာအားဖြင့် ရက်ပေါင်း ၁၀၀ အတွင်း လျှပ်စစ်မီးမှန်မှန်လာဖို့ဆိုတာ ပါးစပ်ကပြောသလို လွယ်လွယ်မဖြစ်နိုင်ဘူး မဟုတ် လား။ ဒီတော့ လျှပ်စစ်မီး ဘာကြောင့်မလာနိုင်ရသလဲဆိုတဲ့ အကြောင်းအချက်(လိုအပ်ချက်) ကို ဒီချုပ်ပါတီအစိုးရ ရက်ပေါင်း ၁၀၀ အတွင်း သိသွားနိုင်တယ်မဟုတ်လား။ ဒါဆိုရင် လျှပ်စစ်မီးမှန်မှန်လာဖို့ဘာလုပ်ရမယ် ဆိုတာကို တိတိကျကျသိရှိသွားမယ်။ ဒီလို သိသွား ပြီဆိုရင် လျှပ်စစ်မီးမှန်မှန်လာဖို့ ထိရောက်ပီပြင်တဲ့ စီမံချက်ရေးဆွဲပြီး လက်တွေ့အကောင်အထည်ဖော်လာနိုင်မယ် မဟုတ်ပါလား။

ဒီလိုပါပဲ သောက်သုံးရေကိစ္စ၊ ကားကြပ်တဲ့ကိစ္စ၊ အမှိုက်စွန့်ပစ်တဲ့ကိစ္စ၊ မိုးရွာတဲ့အခါ လမ်းမပေါ်ရေတွေတင်ကျန်ခဲ့တဲ့ကိစ္စ၊ ဖားကန့်မှာမြေစာပုံပြိုကျပြီး ခဏခဏသေပွဲဝင်နေရတဲ့ကိစ္စ၊ စတာတွေနဲ့ ပတ်သက်ပြီးလည်း စီမံလာနိုင်မယ်မဟုတ်ပါလား။ ဒါက မြို့ပြ ဆိုင်ရာကိစ္စ သက်သက်ကိုသာ ပေါ်လွင်အောင်ကွက်ပြီးပြောပြတာပါ။

ကုန်ဈေးနှုန်းကျဆင်းရေးကိစ္စ၊ လက်ပံတောင်းကိစ္စ၊ မြစ်ဆုံကိစ္စတွေကို ရက် ၁၀၀ စီမံချက်ချပြီး ဘယ်လိုလုပ်နိုင်မှာလဲ။

လက်ရှိကာလမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်နေတာတွေကို ရက်ပေါင်း ၁၀၀ အတွင်း ရပ်စဲ သွားအောင်လုပ်ကြည့်ပါအုံး၊ မလွယ်ပါဘူး။

ဒါတွေအပြင် ဒီထက်ပိုမို ကျယ်ဝန်းပြီး ဒီထက်နက်ရှိုင်းတဲ့ “ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အပစ် အခတ် ရပ်စဲရေး၊ ၂၁ရာစုပင်လုံညီလာခံခေါ်ယူရေး၊ အခြေခံဥပဒေပြင်ဆင်ရေး”စတဲ့ ကိစ္စကြီး တွေကတော့ သံသရာမဆုံး မျှော်ပေအုံး။

တခြားတော့မသိပါဘူး။ ဟိုဟိုဒီဒီ “ရက်ပေါင်း ၁၀၀ စီမံချက်တွေ” ထက် ဖြစ်စေချင်တာ တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ပြည်သူလူထုအပေါ်နှစ်ပေါင်းများစွာဖိစီးနှိပ်စက်နေခဲ့တဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ခြေလှမ်းရှိရှိ စီမံကိန်းရှိရှိ ချပေးစေချင်တာပါ။အထူးသဖြင့် အလုပ်သမား၊လယ်သမားနဲ့မြို့နေဆင်းရဲသားများအပေါ် ဖိစီးနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ချပေးစေချင်တာပါ။ ဦးဝင်းထိန် ပြော ပြောနေ တဲ့ “ဆိုက်ကားဆရာကြီးတွေ” အတွက်လည်း ဘယ်လို အစီအမံတွေရှိပါလဲ။

လုပ်ခ၊လစာနဲ့ ကုန်ဈေးနှုန်းညီမျှရဲ့လား၊ စိုက်ပျိုးထုတ်လုပ်တဲ့သီးနှံအတွက် မြေ၊ ရေ၊ (ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး၊ စက်သုံးဆီ၊ စိုက်ပျိုးစရိတ်ငွေ) မလုံလောက်မှုကို ဘယ်လိုဖြေရှင်းပေးမလဲ။ စိုက်ပျိုးထွက်ရှိလာတဲ့သီးနှံအတွက် အကျိုး အမြတ်တကယ်ရှိတဲ့ ဈေးကွက်ရှိရဲ့လား။ လယ်ကွက်နဲ့ဈေးကွက်ကြားမှာ တားဆီးထားတဲ့ ဝန်ထုတ်ဝန်ပိုးတွေ၊ ခလုပ်ကန်းသင်းတွေက ဘာတွေလဲ။ ဒါတွေကိုလက်တွေ့ကျကျ ကူညီဖြေရှင်းပေးစေချင်ပါတယ်။

ကာလပေါ်၊ ခါတော်မှီ၊ မဲမျှော်တဲ့ အကူအညီပေးနည်းတွေလောက်နဲ့ မတင်းတိမ်စေချင်ပါဘူး။

ဥပမာ- ရေ ဆိုပါစို့။

ရှားပါးချိန်ပြတ်လပ်ချိန်ရောက်ရင် မြို့ပေါ်က“စေတနာရှင်”ကို မျှော်ရတဲ့ ဘဝတွေက ရေရှားတဲ့အရပ်က ပြည်သူတွေ လွတ် မြောက်စေချင်ပါတယ်။ ဒီအတွက်(စိုက်ပျိုးရေးနဲ့သောက်သုံး)ရေကိုဘယ်လိုနည်းနဲ့ မပြတ်အောင် လုပ်လို့ရနိုင်မလဲဆိုတာ ဒေသခံပြည်သူ တွေနဲ့ပညာရှင်တွေ ညှိနှိုင်းဆွေးနွေး ကြံဆပြီး ဖြစ်မြောက်အောင်လုပ်စေချင်တာပါ။ ဒေသခံပြည်သူတွေမှာ သင်ခန်းစာတွေ၊ အတွေ့အကြုံ တွေများစွာရှိပါတယ်။ ဒါတွေနဲ့ ခေတ်မီနည်းပညာတွေပေါင်းစပ်ရမှာပါ။

သယံဇာတတွေ ပေါကြွယ်ဝတယ် ဆိုတဲ့ တိုင်းပြည်ကြီးဟာ အဆက်ဆက်သောအုပ်စိုးသူတွေရဲ့ ဖိနှိပ်သွေးစုပ်မှု၊ တစ်ဖက် သတ်ကိုယ်ကျိုးကြည့်မှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကြောင့် ပြည်သူတွေဟာ ဖောင်စီးရင်ရေငတ်နေကြရပါတယ်။ အကျင့်စာရိတ္တပျက်ပြားမှု ဆိုတာ တကယ်တော့ ဒီလိုဖိနှိပ်သွေးစုပ်မှုမျိုးစုံရဲ့ နောက်ဆက်တွဲ အကျိုးဆက်သက်ရောက်မှုပဲဖြစ်ပါတယ်။ ဒီအခါမှာ ရာဇဝတ်ကျူး လွန်တယ်ဆိုတဲ့ပြစ်မှုနဲ့ထောင်သွင်းအကျဉ်းချခံရပြန်ပါတယ်။ ဒီတော့ “ ဖိနှိပ်သွေးစုပ်မှု -ဆင်းရဲမွဲတေမှု - ပညာမဲ့မှု - ရာဇဝတ်မှုကျူးလွန် မှု” ဆိုတဲ့ သံသရာ စက်ဝိုင်းဟာ ကရွတ်ကင်းလျှောက်သလို မရပ်မနားလည်ပတ်နေတော့တာပါပဲ။ ဒီသံသရာဘေးဆိုးက လွတ်မြတ်ဖို့ သော့ချက်က ဖိနှိပ်သွေးစုပ်မှုကို အကုန်အစင်ဖယ်ရှားရှင်းလင်းပစ်ဖို့နဲ့ ဖိနှိပ်သွေးစုပ်ခံဘဝကနေ အမြန်ဆုံးလွတ်မြောက်စေဖို့ဖြစ်ပါတယ်။ ဒီသံသရာကနေ ပြည်သူတွေကို နာကျင်မှုအနည်းဆုံးနည်းနဲ့ လွတ်မြောက်အောင်လုပ်မယ်ဆိုရင်လည်း လုပ်ပေးပါ။

မြို့ပေါ်က “စေတနာရှင်” ဆိုတာကလည်း နိုင်ငံတကာ(INGOs) သခင်ထံ ပရိုပိုဆယ် တင်ပြီးမှ သူ့ခမျာလာကူရတဲ့ စေတနာ ရှင်မဟုတ်လား၊ ဒါမှမဟုတ် ပြည်တွင်းဖြစ်ခရိုနီသခင်ရဲ့စေတနာ စပွန်ဆာနဲ့လာရတာမဟုတ်လား၊ သူတို့ကလည်း ပြည်သူတွေကို နှစ်စဉ် နှစ်တိုင်းကူညီချင်ပုံရတယ်။ ဒါမှလည်း သူတို့အဖို့ “ကူညီတဲ့အလုပ်” ရှိမှာမဟုတ်လား။ ပြည်သူတွေမှာ အကူအညီမလိုတော့ရင် အကူ အညီ ဘယ်လိုပေးလို့ရတော့မှာလဲ။

ပြည်သူတွေဟာ ပြင်ပအကူအညီ၊ မြို့ပြစေတနာရှင်အကူအညီ၊ ခရိုနီအကူအညီကို (ရာသီကာလ ရောက်လာရင်) ထာဝစဉ် မျှော်နေရတဲ့ဘဝကနေ အပြီးအပိုင်လွတ်မြောက်သွားစေတဲ့ နည်းမျိုးနဲ့ ကူညီကြစေချင်တာပါ။

ကျနော့်သဘောကတော့ ပြည်သူတွေဟာ အကူအညီတွေကို နှစ်စဉ်မျှော်လင့်မနေရတဲ့ ဘဝမျိုးရောက်သွားစေချင်ပါတယ်။ ဒါကြောင့် လက်ငင်း ရလာတဲ့အကူအညီနဲ့ လက်ရှိ လိုအပ်ချက်ရော ရေရှည်လိုအပ်ချက်ကိုပါ ဖြေရှင်းသွားနိုင်စေချင်တာပါ၊ ဒီလို ဖြေရှင်း နည်းမျိုးကို ရှေ့ရှုဖို့ပါ။

ရင့်သီးရိုင်းပြသွားရင်တောင်းပန်ပါတယ်။

စေတနာပေါက်ပြီး ဒန်ပေါက်ထမင်းတစ်နပ် အလှူပေးတာမျိုးထက် နေ့စဉ်ပုံမှန် ထမင်းစားရမယ့် အလုပ်အကိုင်မျိုး ဖန်တီး ပေးဖို့ပါ။ (ဒန်ပေါက်ကျွေးတဲ့အတွက်လည်း သာဓုပါ)

ကျနော်တို့ပြည်သူတွေဟာ လူပျင်းတွေ လူဖျင်းတွေ၊ အကြံတုန်းဉာဏ်တုန်းတွေ လုံးဝမဟုတ်ပါဘူး။ စိုက်ဘဏ်ကချေးငွေ ထုတ်ပြီးမူးယစ်သောက်စားလောင်းကစားလုပ်တဲ့သူတွေမဟုတ်ပါဘူး၊ တချို့တလေရှိကောင်းရှိပါလိမ့်မယ်။ တချို့ကိုကြည့်ပြီး၊တစိတ်ပိုင်း ကိုကြည့်ပြီးတစ်ခုလုံးကို အပြစ်ပြောတာ၊ကဲ့ရဲ့စကားတင်းဆိုတယ်ဆိုတာ မိုက်မဲညံ့ဖျင်းတဲ့သူတွေရဲ့အပြောဆိုနဲ့ အလုပ်သာဖြစ်ပါတယ်။