ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညိုထက်ညို ● ‘နှမ’ ပျောက် ရှာပုံတော်

ညိုထက်ညို ● ‘နှမ’ ပျောက် ရှာပုံတော်
 
(မိုးမခ) မေ ၁၃၊ ၂၀၁၆

ခေါင်းစဉ်အရ စာဖတ်သူတို့က စာရေးသူတယောက် ကြီးတောင့်ကြီးမားကျမှ ဘယ်ကဘယ်လို နှမပျောက်ပြီး လိုက်ရှာနေရပါသလဲ ဟု မေးဖွယ်ရှိပါသည်။ မဟုတ်ပါ။

ကျွန်တော့်ဘဝတွင် ‘နှမ’ ဆိုသောစကားလုံးကို မသိခင် ‘ညီမ’ ဆိုသောစကားလုံးကို စတင်သိခဲ့ရခြင်း ဖြစ်ပါ သည်။ ထိုအချိန်တွင် ကျွန်တော်အသက် သုံးနှစ်ကျော်ကျော်ရှိပြီဖြစ်၍ ထိုတနေ့တွင် ကျွန်တော့်အဖေ ဖြစ်သူက ကျွန်တော့်ကိုကျွန်တော့်တွင် ညီမလေးတယောက်ရပြီဖြစ်ကြောင်းပြောကာ ထိုညီမလေးကိုကြည့်ရန် ဆေးရုံသို့ ခေါ်သွားပါသည်။ ကျွန်တော်လည်း အဖေနှင့်ဆေးရုံသို့လိုက်သွားရာ ဆေးရုံတွင် ကျွန်တော့်အမေနှင့်တကွအနှီး ဖြင့်ထုပ်ထားသော အလွန်သေးငယ်သည့် ကလေးလေးတယောက်ကို တွေ့ပါသည်။ အဖေက ထိုကလေးလေး မှာ ကျွန်တော့်ညီမလေးဖြစ်ကြောင်း ပြောပါသည်။ ထိုအခြင်းအရာမှာ နောက်ပိုင်းကြီးပြင်းလာသည့်အခါ ပြန် လည်စဉ်းစားကြည့်ရာတွင် ကျွန်တော့်ဘဝတွင် ပထမဆုံးမှတ်မိသောအခြင်းအရာ ဖြစ်ပါသည်။

ထို့နောက် အသက်ငါးနှစ်ကျော် ခြောက်နှစ်ခန့်တွင် ကျွန်တော်သူငယ်တန်း စတက်ပါသည်။ ကျွန်တော့်ဘဝတွင် ပထမဆုံးအနေဖြင့် ကျွန်တော်နှင့် ရွယ်တူအတန်းဖော်သူငယ်ချင်းများနှင့် စတင် သိကျွမ်းရပါသည်။ ကျွန်တော် က သူငယ်ချင်းများအား ကျွန်တော့်မိသားစုအကြောင်းပြောပြသလို သူတို့ကလည်း သူတို့မိသားစုအကြောင်း ကျွန်တော့်အား ပြန်ပြောကြပါသည်။ ကျွန်တော်က ကျွန်တော်တို့မိသားစုတွင် ကျွန်တော်အပါအဝင် မောင်နှမ သုံးယောက်ရှိပါကြောင်း၊ အစ်ကိုတယောက်နှင့် ညီမတယောက်ဖြစ်ပါကြောင်း သူတို့ကိုပြောလေ့ရှိပါသည်။ ဤ နေရာတွင် ‘မောင်နှမ’ ဆိုသောစကားလုံးမှာ ‘ညီမ’ သို့မဟုတ် ‘အစ်မ’ ရှိသူယောက်ျားလေးများအတွက်ဖြစ်ပြီး မရှိသူများအတွက် သုံး၍မရကြောင်း ကျွန်တော်နားလည်ပြီး ဖြစ်ပါသည်။ သူငယ်ချင်းများကလည်း သူတို့တွင် အစ်ကို၊ အစ်မ၊ ညီ၊ ညီမ စသဖြင့် ရှိကြပါကြောင်း ကျွန်တော့်ကိုပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်သတိပြု မိသည်မှာ ‘နှမ’ သည် ညီမကိုကော အစ်မကိုပါကိုယ်စားပြုခြင်း ဖြစ်ပါသည်။ ကျွန်တော့်တွင် ညီမတယောက်ရှိ ၍‘မောင်နှမ’ ဟူသောစကားလုံးကိုကျွန်တော်သုံးလေရာ အစ်မတယောက်ရှိသော သူငယ်ချင်းကလည်း ‘မောင် နှမ’ ဆိုသော စကားလုံးကို သုံးတာကို ကျွန်တော် သတိပြုမိပါသည်။
ထိုသို့ ကျွန်တော့်တွင်ညီမတယောက်ရှိသည်ဟု ကျွန်တော်သိမှတ်ထားခဲ့ရာမှ ထိုအချိန်တွင် အပတ်စဉ်ထုတ်ရွှေ သွေးဂျာနယ်ကို ကျွန်တော်စတင် ဖတ်ရှုရပါသည်။ ရွှေသွေးဂျာနယ်ထဲတွင်ပါသော ပန်းချီဦးဘကြည်၏ ကာ တွန်းများမှတဆင့် ရှေးယခင် ဘုရင်ခေတ်ကသုံးစွဲသည့် ‘နှမတော်’ ‘မောင်တော်’ အစရှိသည့် စကားလုံးများနှင့် ကျွမ်းဝင်လာပါသည်။ သို့သော် ထိုဇာတ်လမ်းများတွင် ‘နှမတော်’ ကို ဘုရင်များ၏ ကြင်ယာတော်အဖြစ် သုံးစွဲ ထားခြင်း ဖြစ်ပါသည်။

ထို့ပြင် ကျွန်တော်မှတ်မိနေသည်မှာ ထိုစဉ်က တနင်္ဂနွေနေ့နေ့လယ်ပိုင်း ၁၂ နာရီတွင် ရေဒီယိုမှလာသော ကလေးများအတွက် ပုံပြင်အစီအစဉ်ဖြစ်၍ ထိုအစီအစဉ်၏အစတွင် အသံလွှင့်သူအမျိုးသမီးက ‘မောင်လေး ညီမလေးတို့ရေ’ ဟူသော စကားဖြင့်အစပြုကြောင်း မှတ်မိနေပါသည်။ သို့သော် ဤနေရာတွင်မူ အသံလွှင့်သူ မှာ အမျိုးသမီး ဖြစ်သောကြောင့် ‘ညီမလေး’ ဟုသုံးစွဲခြင်းမှာ အမှန်ဖြစ်ပါသည်။

ထို့နောက် ကျွန်တော်ဆယ်နှစ်သားခန့်တွင် ဆရာကြီးရွှေဥဒေါင်း၏ အတ္ထုပ္ပတ္တိကို စတင်ဖတ်ရှုရာမှ စာအုပ်တနေ ရာတွင် ‘ကျွန်ုပ်တွင် နှမကလေးတယောက်ရှိရာ’ ဟူသောစကားစုကို တွေ့ရပါတော့သည်။ ထိုစကားစုကို တွေ့ တွေ့ချင်း ကျွန်တော်ဘာမှဘူးလုံးနားမထွင်းဖြစ်မနေဘဲ ဆရာကြီးတွင် ညီမတယောက်ရှိကြောင်း ချက်ချင်းနား လည်ပါသည်။ သို့သော် ယခုခေတ်တွင်မူ ‘နှမ’ အစား ‘ညီမ’ ဟုပြောင်းလဲခေါ်ဝေါ်နေပုံရသည်ဟုယူဆလိုက်ပါ သည်။ ထို့ပြင် ထိုအချိန်၌ အလွန်နာမည်ကြီးသော ‘မြနန္ဒာ’ သီချင်းကိုလည်း ကျွန်တော်သိနေပြီဖြစ်ရာ သီချင်း အစ စာသား၌ ‘ချိုပြုံးရွှင်သောနှမပျိုရယ်’ နှင့်အစချီပြီး ‘နှမ’ ဟု သုံးစွဲထားတာလည်း သတိပြုမိပါသည်။

သို့သော် ထို ‘နှမပျို’ ဟူသောစကားလုံးကိုမူ သွေးသားတော်စပ်သော ‘နှမ’ ဟုမယူဆမိဘဲ ငယ်ရွယ်နုပျိုသော မိန်းမပျိုလေးကို ညီမအနေနှင့်ယဉ်ယဉ်ကျေးကျေးခေါ်ဝေါ်ခြင်းဖြစ်သည်ဟုယူဆခဲ့ပါသည် (ထိုယူဆချက်က တော့ အမှန်ဖြစ်ပါသည်)။ ထို့ပြင် ထိုသီချင်းတွင် ‘မောင်နှမအရင်းနှယ်’ ဟုလည်း ပါပါသည်။ ဒါကတော့ သွေး သားတော်စပ်သော ‘ညီမ’ ကိုဆိုလိုကြောင်း ကျွန်တော်သိပြီးဖြစ်ပါသည်။ ပြန်ကောက်ရလျှင် ဆရာကြီး၏စာကို ဖတ်ပြီး ကျွန်တော်နားလည်လိုက်သည်မှာ ရှေးယခင်က ‘နှမ’ ဟုခေါ်၍ ယခုခေတ်တွင် ‘ညီမ’ ဟု ခေါ်သည်ဟု ဖြစ်ပါသည်။

ထို့နောက် ကျွန်တော်လည်း အထက်တန်းကျောင်းသားဘဝသို့ ရောက်လာပါသည်။ ထိုအချိန်တွင် ပန်းဆိုးတန်း စာအုပ်တန်း၌ ကျွန်တော်ကောင်းစွာကျင်လည်နေပြီဖြစ်ရာ ယခင်ကကြားရုံကြားဖူးသော တက္ကသိုလ်ဘုန်းနိုင်၏ ‘ညီမလေးရယ်စိုးရိမ်မိတယ်’ ဟူသောဝတ္ထုစာအုပ်ကို စတင်တွေ့ရှိခဲ့ပါသည်။ ထိုစဉ်က ထိုစာအုပ်ကိုမဖတ်ဖူးခဲ့ သော်လည်း ကျွန်တော်သိမှတ်ပြီးဖြစ်သော ‘ညီမ’ ဆိုသောစကားလုံးသည်အမှန်သာဖြစ်သည်ဟူသော ကျွန် တော့်သိမှတ်မှုကို စာရေးဆရာကြီးတဦးဖြစ်သော တက္ကသိုလ်ဘုန်းနိုင်၏ခေါင်းစဉ်စကားလုံးက ထပ်လောင်း အတည်ပြုလိုက်သလို ဖြစ်သွားပါသည်။

ထိုအချိန်ကာလပိုင်းတွင် ကျွန်တော်အသက်ဆယ့်ခုနစ်နှစ်ဆယ့်ရှစ်နှစ်လောက်တော့ ရှိပြီဖြစ်ပါသည်။ ထိုအချိန် အထိ ကျွန်တော့်ဘဝတလျှောက်လုံးတွင် ‘နှမ’ ဟုသုံးစွဲခြင်းကို တရံတဆစ်မျှကြားခဲ့ရခြင်းဖတ်ခဲ့ရခြင်း (ဆရာ ကြီးရွှေဥဒေါင်း စာအုပ်တွင်ဖတ်ဖူးခဲ့သည်က လွဲ၍) မရှိဘဲ ‘ညီမ’ ဟုခေါ်ဝေါ်သုံးစွဲရေးသားကြသည်ကိုသာ ကြုံခဲ့ ရပါသည်။ ဖြစ်ပုံမှာ ကျွန်တော့်အသက်အရွယ်မဆိုထားနှင့်၊ ထိုအချိန်က အသက်ငါးဆယ်ကျော်လောက် ရှိနေပြီ ဖြစ်သော ကျွန်တော့်ဖခင်မိခင်တို့ထံမှပင် ‘နှမ’ ဟု ခေါ်ဝေါ်သုံးစွဲသည်ကိုမကြားဖူးခဲ့ခြင်း ဖြစ်ပါသည်။ တိတိ ကျ ကျဆိုရလျှင် ကျွန်တော့်ဘဝတလျှောက်လုံးတွင် ‘နှမ’ ဟုတခြားလူတယောက်ယောက်က ပြောဆိုသည်ကိုတခါ မှ မကြားဖူးခဲ့ခြင်း ဖြစ်ပါသည်။

ထို့အချိန် အပိုင်းအခြားလောက်တွင်ပဲ ထင်ပါသည်။ ကျွန်တော်တနေရာ၌ ဒေါက်တာမောင်မောင်ညို၏ ခရီးသွား မှတ်တမ်းစာအုပ်ထဲတွင်လားမသိ၊ ပါသောစာတပိုဒ်ကို ဖတ်မိပါတော့သည်။ စာထဲ၌ ဒေါက်တာမောင်မောင်ညို က အောက်သူအောက်သားများ ယောက်ျားလေးတယောက်ထက် အငယ်မောင်နှမမိန်းကလေးကို ‘နှမ’ ဟု သုံး စွဲရမည့်အစားမသုံးစွဲဘဲ မိန်းကလေးတယောက်ထက် အငယ်ညီအစ်မ မိန်းကလေးကိုသုံးစွဲသည့် ‘ညီမ’ ဟု မှား ယွင်းသုံးစွဲကြပုံကို ရေးသားထားပါသည်။ ရှင်းအောင်ဆိုရသော် ကိုယ့်ထက်အငယ်မိန်းကလေးကို ယောက်ျား လေးတယောက်အတွက် ‘နှမ’ ဟုသုံးစွဲရမည်ဖြစ်ပြီး မိန်းကလေးတယောက်အတွက် ‘ညီမ’ ဟု သုံးစွဲရမည် ဖြစ် ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ ‘ညီမလေးရယ်စိုးရိမ်မိတယ်’ ဝတ္ထုကိုလည်း နမူနာပြပါသည်။ ထိုအခါမှ ကျွန် တော်လည်း ကျွန်တော်တို့မြန်မာစကားတွင် ‘နှမ’ နှင့် ‘ညီမ’ လူတယောက်တည်းပင်ဖြစ်သော်လည်း သူ့နေရာ နှင့်သူ သုံးစွဲရပုံကို သဘောပေါက်သွား ပါသည်။

သို့သော် ထိုသို့သဘောပေါက်ချိန်မှာ အလွန်နောက်ကျခဲ့ပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် ရန်ကုန်မြို့၌ ‘နှမ’ ဆို သောအသုံးကို ‘မောင်နှမ’ ဟု သုံးနှုန်းခြင်းမှအပ နည်းမှန်လမ်းမှန် လုံးဝသုံးစွဲခြင်းမရှိတော့ကြောင်း ကျွန်တော် အမှတ်ရနေပါသည်။ အမှန်ကိုသိပြီဖြစ်သော ကျွန်တော်သည်လည်း မွေးကတည်းကကျိုးခဲ့သောနှုတ်ကို ဘယ် လိုမှ ပြင်မရတော့ပါ။ တယောက်ထီးတည်း ပြင်ပြောရန်မှာလည်း တွေ့သမျှ ကြုံသမျှလူအားလုံးက ‘ညီမ’ ဟုသာ သုံးစွဲနေကြသည့်အတွက် အချည်းနှီးလို ဖြစ်နေပါသည်။

ထို့နောက်ပိုင်းတွင်မှ ‘နှမ’ ဆိုသောအသုံးအနှုန်းကိုစာများထဲတွင် ဂရုပြု၍ ရှာဖွေဖတ်ရှုတတ်လာပါသည်။ ဟို ယခင်က ဈေးချိုသူများပြောလေ့ရှိသည်ဆိုသော ‘မဝါပါဘူးမောင်ကြီးရယ်၊ မောင်ကြီးနှမ ကျားကိုက်ရစေရဲ့’ ဆို သောစကားလေးကိုလည်း မှတ်သားမိပါသည်။ သွေးသားတကယ် မတော်စပ်သော်လည်းယဉ်ကျေးဖွယ်ရာ ‘နှမ’ ‘မောင်ကြီး’ အစရှိသဖြင့် ရှေးက (ရှေးကဆိုသော်လည်း အလွန်မဝေးပါ) ပြောဆိုခဲ့ကြသော အသုံးအနှုန်းလေး များကိုလည်း မှတ်သားမိပါသည်။ ယခုခေတ်တွင်မူ ‘နှမ’ ‘မောင်ကြီး’ အစား ‘အစ်ကို’ ‘ညီမ’ ဟု ပြောင်းလဲ သုံးစွဲနေကြခြင်း ဖြစ်ပါသည်။

ထို့နောက် ‘နှမ’ မှ ‘ညီမ’ သို့ မည်သည့်အချိန်က စတင်မှားယွင်းသုံးစွဲလာကြကြောင်း ခြေရာကောက် ကြည့်ပါ သည်။ ဆရာကြီးရွှေဥဒေါင်း၏အတ္ထုပ္ပတ္တိမှာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းချိန်တွင် အဆုံးသတ် ထားသော်လည်း ထိုစာအုပ်ကို မည်သည့်အချိန်တွင် ဆရာကြီးစတင်ရေးသားခဲ့ကြောင်း ကျွန်တော်သေချာမသိ ပါ။ တက္ကသိုလ်ဘုန်းနိုင်၏ ‘ညီမလေးရယ် စိုးရိမ်မိတယ်’ မှာမူ ပါလီမန်ခေတ် ၁၉၅၀ အလယ်ပိုင်းလောက်ကို အခြေခံထားပြီး တတိယအကြိမ်ပုံနှိပ်ခြင်းအမှာ၌ တက္ကသိုလ်ဘုန်းနိုင်က (၈-၈-၆၁) ဟု ရေးသားထားသည်ကို တွေ့ပါသည်။ ကျွန်တော်စဉ်းစားကြည့်ရာတွင် ဆရာကြီးရွှေဥဒေါင်းမှာ ၁၈၈၉ ခုနှစ်တွင် မွေးဖွားသူဖြစ်၍ ၁၉၇၃ တွင်ကွယ်လွန်လေရာ သူ့အတ္ထုပ္ပတ္တိကိုရေးသောအချိန်တွင် အသက် ၇၀ တဝိုက်လောက်တော့ ရှိလောက်ပြီဖြစ် ပါသည်။ ဆရာကြီးမှာ စာရေးဆရာဖြစ်သည့်အပြင် မြန်မာစကားကြွယ်ဝသော မန္တလေးသားလည်းဖြစ်သော ကြောင့် ‘နှမ’ ကို ‘နှမ’ ဟုသုံးစွဲမည်သာ ဖြစ်ပါသည်။ ထိုမှဆက်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်မှာ ဆရာကြီး နှင့်ရွယ်တူဖြစ်သော ထိုစဉ်က အသက် ၇၀ တဝိုက် မြန်မာပြည်တလွှားမှ အဘိုးကြီးများကော ‘နှမ’ ဟုပဲ သုံးစွဲ ကြလား၊ ‘ညီမ’ ဟုမှားသူတွေမှားနေကြပြီလားဆိုတာ ဖြစ်ပါသည်။ အနုမာနအနေဖြင့်  ‘နှမ’ ဟု မှန်မှန်ကန်ကန် သုံးစွဲသူများ ရာခိုင်နှုန်းအတိအကျမသိသော်လည်း အတော်များများရှိနေသေးသည်ဟု ယူဆမိပါသည်။

သို့သော် တဖက်မှလည်း ၁၉၆၀ လောက်ကတည်းက တက္ကသိုလ်ဘုန်းနိုင်က ‘ညီမ’ ဟု မှားယွင်းသုံးစွဲမိပြီး ဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ်ဘုန်းနိုင်၏အသက်မည်မျှရှိပြီ ကျွန်တော်မသိပါ။ အကြမ်းဖျင်းအားဖြင့်အသက် သုံးဆယ်ကျော်ဟု ခန့်မှန်းမိပါသည် (ကျွန်တော်မှတ်မိနေသည်မှာ ၁၉၈၈ အရေးအခင်းဖြစ်ချိန်တွင် တက္ကသိုလ် ဘုန်းနိုင်ပင်စင်မယူသေးဘဲ မော်လမြိုင်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်နေဆဲဟု မှတ်မိနေပါသည်။ သိပ်တော့ မသေချာလှပါ)။ တက္ကသိုလ်ဘုန်းနိုင်မှားရေးသည်မှာလည်း စာအုပ်ရေးမှ မှားခြင်းမဟုတ်၊ စကတည်းက သူ လည်း အမှတ်မှားပြီး ‘ညီမ’ ဟု သိမှတ်သုံးစွဲနေပြီဖြစ်သောကြောင့် စာအုပ်ရေးသောအခါတွင်လည်း မှားရေး လိုက်မိခြင်းဟု ထင်ပါသည်။ ထို့ကြောင့် ထိုစာအုပ်မထွက်ခင် အတော်စောစောကတည်းက ‘နှမ’ ကို ‘ညီမ’ နှင့် မှားသုံးနေကြပြီဟု ယူဆမိပါသည်။ အနီးစပ်ဆုံးခန့်မှန်းကြည့်ရာတွင် ၁၉၅၀ တဝိုက်လောက်ကတည်းက မှားတဲ့ သူတွေ စမှားနေကြပြီဟု ယူဆ၍ရနိုင်ပါသည်။ သာဓကအားဖြင့် ၁၉၄၀ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့သော ကျွန်တော့်အဖေနှင့် အမေလည်း ‘နှမ’ ဟုမသုံးစွဲဘဲ ကျွန်တော့် ညီမနှင့်ပတ်သက်၍ ‘ညီမ’ ဟုသာ ညွှန်းဆိုတာ ကျွန်တော်ငယ်ငယ်ကတည်းက သိခဲ့ရကြောင်း အထက်တွင် တင်ပြခဲ့ပါပြီ။ သို့သော် တခုရှိသည်မှာ ကျွန်တော့် အဖေနှင့် အမေမှာ တောရွာများတွင် မွေးဖွားကြီးပြင်းခဲ့ခြင်းမဟုတ်ဘဲ မြို့ငယ်များနှင့် ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့ သူများ ဖြစ်ပါသည်။ ယေဘုယျ ကျွန်တော်ခန့်မှန်းကြည့်မိရာတွင် အထူးသဖြင့် အောက်အရပ်ရှိ မြို့ကြီးပြကြီး များတွင် ၁၉၅၀ တဝိုက်လောက်ကတည်းက ‘နှမ’ ကို ‘ညီမ’ ဟု အားလုံးက လိုက်မှားခြင်းမရှိသေးသော်လည်း ‘နှမ’ နေရာတွင် ‘ညီမ’ သုံးစွဲခြင်း စတင် တည်ရှိနေပြီ ဖြစ်ပါသည်။

သို့သော် ထိုသို့ ‘နှမ’ ကို ‘ညီမ’ ဟု ပြောင်းလဲသုံးစွဲသော်လည်း နဂိုရှိရင်းစွဲ ‘နှမ’ နှင့်ပတ်သက်သည့် အသုံး များမှာမူ ပြောင်းလဲခြင်းမရှိဘဲ နဂိုအတိုင်းသာ ဆက်လက်သုံးစွဲကြတာ တွေ့ရပါသည်။ ဥပမာအားဖြင့် လူကြီး များက ယခုတိုင် ‘ကိုယ့်နှမလေးတွေလို စောင့်ရှောက်ကြကွယ်’ ဟု သုံးစွဲကြပါသည်။ နောက်တခုမှာ ယောက်ျား လေးချင်း အပြောင်အပြက်ပြောရာတွင်လည်း ‘နှမပေး’ ဟုလည်းကောင်း ‘နှမပေးယောက်ဖ’ ဟုလည်းကောင်း သာ သုံးစွဲကြပြီး ‘ညီမပေး’ ဟုသုံးစွဲခြင်းမရှိကြောင်း တွေ့ရပါသည်။ တနည်းအားဖြင့်ဆိုရသော် ယောက်ျားလေး များနှင့် ‘ညီမ’ ဆိုသောစကားလုံးမှာ ပတ်သက်ခြင်းမရှိကြောင်း သက်သေဖြစ်ပါသည်။

ဤသည်တို့ကား ‘နှမ’ ဆိုသော စကားလုံးပျောက်ကွယ်သွားရပုံကို ကျွန်တော်လက်လှမ်းမီသလောက် ခြေရာ ကောက်ကြည့်ခြင်း ဖြစ်ပါသည်။ သို့သော် မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင်မူ ‘နှမ’ ဆိုသောစကားလုံးမှာ မပျောက် ကွယ်သေးဘဲ စကားလုံး၏အဓိပ္ပာယ်ကိုလည်း အမျိုးသားထက် အငယ်မိန်းကလေးဟု မှန်ကန်စွာဖွင့်ဆိုထားဆဲ ဖြစ်ပါသည်။ ‘ညီမ’ ကိုလည်း အလားတူ အမျိုးသမီးထက် အငယ်မိန်းကလေးဟု မှန်ကန်စွာ ဖွင့်ဆိုထားပါသည်။ ဒေါက်တာ မောင်မောင်ညိုက သူ့စာထဲတွင် အောက်သူအောက်သားများ ‘နှမ’ နှင့် ‘ညီမ’ ကို မှားသုံးကြပုံကို ရေးသားခဲ့ပါသည်။ သို့သော် ထိုသို့ရေးသားခဲ့သည်မှာလည်း ဟိုးအတော်စောစောကတည်းကဖြစ်၍ ကျွန်တော့် အဖေအမေခေတ်လောက်ကို ထင်ဟပ်နိုင်သော်လည်း ကျွန်တော့်အမြင် ကျွန်တော်တို့ကြီးပြင်းလာရသော ယခု ခေတ်ကို ထင်ဟပ်နိုင်ခြင်း မရှိတော့ပါ။ ကျွန်တော့်အထင် ကျွန်တော်ကြီးပြင်းလာခဲ့သောခေတ်တွင် (ယနေ့ အသက်လေးဆယ်တန်းများကို ဆိုလိုသည်) အောက်သူအောက်သား အတော်များများ (အထူးသဖြင့် မြို့ ကြီးပြကြီးများတွင်) ‘နှမ’ အစား ‘ညီမ’ ဟု မှားသုံးနေကြပြီဟု ထင်ပါသည်။ အထက်သူ အထက်သားများလည်း (အနည်းဆုံး) မှားတန်သလောက်တော့ မှားနေကြပြီ ထင်ပါသည်။

လွန်ခဲ့သော ခြောက်နှစ်ခုနစ်နှစ်လောက်ကတော့ ကျွန်တော် ခင်ခင်ထူး၏ ‘အညာသူ အညာသား ကျွန်မဆွေမျိုး များ’ စာအုပ်ကိုဖတ်မိပါသည်။ စာအုပ်မှာ ခင်ခင်ထူး သူ့ဇာတိအညာကရွာကလေးသို့ အလည်ပြန်သွားသော အကြောင်းကိုရေးထားသောစာအုပ်ဖြစ်၍ ထိုစာအုပ်မှတဆင့် အညာကရွာကလေးတွင်မူ ‘နှမ’ ဆိုသောအသုံး မပျောက်ကွယ်သေးဘဲ ဆက်လက်သုံးစွဲနေကြကြောင်း ကျွန်တော်သိရပါသည်။

ထို့နောက် ကျွန်တော်လက်လှမ်းမီရာ အပေါင်းအသင်းများကိုလည်း သူတို့ဘယ်လိုခေါ်ကြကြောင်း စူးစမ်းကြည့် ပါသည်။ ထိုအခါ သူတို့ထံမှအချက်အလက်တချို့ ထပ်မံသိရပါသည်။ မိတ္ထီလာတွင်နေထိုင်သောတယောက်က မလှိုင်နယ်၊ မိတ္ထီလာနယ်ဘက်တွင်လည်း (အထူးသဖြင့် အသက်ငါးဆယ်ကျော်အရွယ်များတွင်) နှမအသုံးကျန် နေပါသေးကြောင်း ပြောပါသည်။ အသက်သုံးဆယ်ကျော်အရွယ်ရှိသော မန္တလေးသားနှစ်ယောက်ကမူ ‘ညီမ’ ဟုပဲ ခေါ်ပါကြောင်းပြောပါသည်။ သူတို့အပြောများမှတဆင့် ကျွန်တော်ကောက်ချက်ချမိသည်မှာ ယေဘုယျ အားဖြင့် အထက်အောက်မရွေး မြို့ကြီးများတွင်နေထိုင်သော အသက်လေးဆယ် လေးဆယ့်ငါးအောက် လူ လတ်ပိုင်းများ၏ပါးစပ်မှ ‘နှမ’ အသုံး ပျောက်ကွယ်သွားပြီဟူ၍ ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ပျောက်သွားသောကျွန်တော့် ‘နှမ’ ကို ‘မြို့ကြီးပြကြီး’ များတွင်ပြန်လည်ရှာတွေ့ရန်ကား အတော် ခဲယဉ်းခဲ့ပြီထင်ပါသည်။ မြို့သိမ်မြို့မွှားလေးများနှင့် အနည်းဆုံးအားဖြင့် အညာက ကျေးလက်တောရွာ များတွင်မူ ပျောက်သွားသော ကျွန်တော့် ‘နှမ’ တယောက် ယနေ့တိုင်အသက်ရှင်နေထိုင်လျက်ရှိဦးမည်ဟု မျှော် လင့်မိပါသတည်း။   ။

ညိုထက်ညို