ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၁


မောင်မောင်စိုး -  တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၁
(မိုးမခ) မေ ၃၀၊ ၂၀၁၆


( ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ )

ရှမ်းပြည်သည် မြင့်မားသောတောင်တန်းများ လျှိုမြောင်များ သစ်တောများ ကျယ်ပြန့်သော ကုန်းမြေမြင့်များ စိုက်ခင်းများ လက်ဖက်ခင်းများကြည်လင်သော စမ်းချောင်းများ မြစ်ချောင်းများ ရေတံခွန်များ ရေငုတ်များ အင်းအိုင်များ လိုဏ်ဂူများနှင့်အတူ ချယ်ရီပန်းများ လှိုင်လှိုင်ဝေသော ဒေသဖြစ်သည်။

ရှမ်းကုန်းမြေမြင့်မှာ လိမ္မော်ခင်းများ စတော်ဗယ်ရီခင်းများ လက်ဖက်ခင်းများ ရေတံခွန်များ စမ်းရေစီးသံများနှင့်အတူ ချောမောလှပသော ရှမ်းပျိုဖြူများချယ်ရီပန်းများဝေနေသော ရှုမငြီးဖွယ် နှစ်လိုဘွယ် မိန်းမောတသဘွယ် ရှမ်းပြည်၏ အလှအပများကို ရေးဖွဲ့နေချိန်တွင် ရှမ်းစာဆို စိုင်းခမ်းလိတ်နှင့်အဆိုတော် စိုင်းထီးဆိုင်တို့က " တောင်ပေါ်မြေရဲ့တခြားတဖက်မျက်နှာမှာ ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ " ဟူ၍ ညွှန်းဖွဲ့သီဆိုခဲ့ဖူးပါသည်။

လတ်တလောတွင်လည်း ၂၀၁၆ မေလဆန်းတွင် ကျောက်မဲအရှေ့တောင်ဖက် ပုန်းဝိုးတဝိုက်တွင် ၎င်း လားရှိုး မိုင်းရယ်ကြားရှိ နမ့်ပေါင် နမ္မဘောမတဝိုက်တွင် မြန်မာစစ်ဖက်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များကြား ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားပြီး မြန်မာစစ်ဖက်က လေကြောင်းပစ် ကူပါရယူ၍ တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။ ပြင်းထန်သောတိုက်ပွဲများအတွင် ဒေသခံ ရှမ်းရွာများ အချို့ထိခိုက်ပျက်စီးမှုရှိသကဲ့သို့ ဒေသခံရှမ်းလူထု ထောင်နှင့်ချီ၍ ရပ်ရွာကို စွန့်ခွာ ထွက်ပြေး ကြရသည်ဟူသည့် သတင်းများထွက်ပေါ်လာခဲ့ပါသည်။ တိုက်ပွဲများအပြီး မီးရှို့ထားခံရသော မီးလောင်ကျွမ်းခံရသော လူသေအလောင်း အချို့တွေ့ရပြီး အများစုမှာ အရပ်သားများ ဖြစ်ဖွယ် ရှိသည်ဟုဆိုပါသည်။

ယနေ့တိုင်တောက်လောင်နေဆဲဖြစ်သော ရှမ်းပြည်နယ်မှစစ်မီးသည် ကြာမြင့်ခဲ့ပြီဖြစ်သော ကာလက အကြောင်းတရားများကို အခြေခံခဲ့သည်ဟု ဆိုရပါမည်။

ရှမ်းပြည်နယ်
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံနယ်နမိတ်အတွင်း ရှမ်းပြည်နယ်နိမိတ်သည်အကြီးဆုံးဖြစ်၍ ပြည်ထောင်စု၏ လေးပုံတပုံခန့်ရှိသည်ဟုဆိုပါသည်။ ရှမ်းပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၁ သိန်း ၅ သောင်းကျော်ရှိသည်။ လက်ရှိလူဦးရေမှာ ၂၀၁၄ စာရင်းဇယားအရ ၆ သန်း နီးပါးခန့်ရှိရာ မြန်မာပြည်လူဦးရေ၏ ၁၁ % ခန့်ရှိသည်ဟု ဆိုရမည်။

ရှမ်းပြည်နယ်တွင် ဒေသခံတိုင်းရင်းသားအနေနှင့် ရှမ်း၊ ပအို့၊ တအန်း၊ ပလောင်၊ ဝ၊ ဓန၊ု တောင်ရိုး ကချင်၊ လားဟူ၊ လီဆူး၊ အင်းသား၊ ကိုးကန့် စသည်တို့နေထိုင်ကြသည်။ ရှမ်းလူမျိုးအတွင်းတွင်လည်း တိုင်မောဝ်၊ တိုင်းလုံ၊ တိုင်းခုံ စသဖြင့် မောရှမ်း ရှမ်းကြီး၊ ဂုံရှမ်း .. စသဖြင့် နေရာဒေသလိုက်၍ ဖော်ပြလေ့ရှိသည်။ သို့သော်လည်း ရှမ်းမျိုးနွယ်များသာ ဖြစ်သည်ဟု ဆိုရပါမည်။

လွန်ခဲ့သောနှစ်ပေါင်းရာပေါင်းများစွာကတည်းကပင် ရှမ်းပြည်နယ်အုပ်ချုပ်ရေးစနစ်တွင် အမြစ်တွယ်နေသည်မှာ ပဒေသရာဇ်စနစ်ဟုဆိုလေ့ရှိသည့် ရှမ်းစော်ဘွားများအုပ်ချုပ်သည့်စနစ် ဖြစ်သည်။ ရှမ်းပြည်တခုလုံးအား ရှမ်းစော်ဘွားများကပိုင်းခြားပြီး အုပ်ချုပ်ကြသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် သိန္နီစော်ဘွား၊ သီပေါစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ ပန်ယန်းစော်ဘွားတို့ ထင်ရှားပြီး ရှမ်းပြည်တောင်ပိုင်းတွင် ညောင်ရွှေစော်ဘွား၊ ကျိုင်းတုံစော်ဘွား၊ လဲချား၊ စော်ဘွား မိုင်းပွန်စော်ဘွားတို့သည် ထင်ရှားကြသည်။

စော်ဘွားများအောက်တွင် မြို့စား ပူဟိန် (ထောင်အိမ်မှူး) ထမုန်နှင့် ပူကျယ် (သူကြီး) တို့ဖြင့် အုပ်ချုပ်သည်။ စော်ဘွားသည် အုပ်ချုပ်ရေးအတွက် အမတ်ချုပ်နှင့် စော်ဘွားရဲတပ်ဖွဲ့ကို ခန့်အပ် တာဝန် ပေးထားသည်။ ရှမ်းပြည်ရှိ အဆိုပါစော်ဘွားတို့၏ အုပ်ချုပ်ရေးစနစ်သည် နှစ်ပေါင်း ရာပေါင်းများစွာ ကြာခဲ့သည့်စနစ်ဟုဆိုရမည်။

ရှမ်းပြည်အား ရှေးမြန်မာဘုရင်လက်ထက်မှစ၍ အုပ်ချုပ်ရေးအာဏာစတင်သက်ရောက်ခဲ့သည်ဟု ဆိုသည်။ သမိုင်းမှတ်တမ်းများအရ ရှမ်းပြည်နယ်သို့ မြန်မာဘုရင်အုပ်ချုပ်ရေးသြဇာ စတင် သက် ရောက်ခဲ့သည်မှာ ၁၅၅၅ ခုနှစ် ဘုရင့်နောင်လက်ထက်မှစတင်သည်ဟုဆိုကြသည်။ သို့သော် မြန်မာဘုရင်များ၏ ရှမ်းပြည်သို့သြဇာသက်ရောက်ပုံမှာ တိုက်ရိုက်အုပ်ချုပ်သည့်စနစ်မဟုတ်ပေ။ လက်အောက်ခံနယ်အဖြစ်သတ်မှတ်ပြီး လက်ဆောင်ပဏ္ဍာဆက်သသည့် စနစ်ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းပြည်စော်ဘွားများအဖို့ မြန်မာဘုရင်များအုပ်ချုပ်သည့်ကာလတလျောက် လက်ဆောင်ပဏ္ဍာဆက်သရသည်မှအပ မိမိစော်ဘွားနယ်ကို မိမိလွတ်လပ်စွာအုပ်ချုပ်ခွင့် ရခဲ့သည်ဟု ဆိုပါသည်။

ထို့အတူ အင်္ဂလိပ်တို့ရှမ်းပြည်ကိုဝင်ရောက်သိမ်းပိုက်ပြီးနောက်တွင်လည်း ရှမ်းပြည်၏ မူလအုပ်ချုပ်ရေးစနစ်ဖြစ်သော စော်ဘွားတို့၏အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခြင်းမပြု ခဲ့ပေ။ အင်္ဂလိပ်တို့သည် စော်ဘွားများမှတဆင့် ရှမ်းပြည်ကို အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်အရေးပိုင်ရုံးစိုက်ရာ မြို့တချို့သာ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ အကြမ်းပြင်းဆိုရသော် ၁၉၄၈ လွတ်လပ်ရေးရသည်အထိ ရှမ်းစော်ဘွားတို့၏ အုပ်ချုပ်ရေးစနစ်သည် အားကောင်းခဲ့သည်ဟုဆို နိုင်သည်။ သို့ဖြစ်ရာ ရှမ်းစော်ဘွားတို့သည် ရှမ်းပြည်နိုင်ငံရေးတွင် ရှေ့တန်းက ပါဝင်ပတ်သက်နေသူများဟု ဆိုမည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် ရှမ်းစော်ဘွားများအပြင် ရှမ်းလူထု ကိုယ်စားလှယ်များပါ ပါဝင်လာသည်ကို တွေ့ရသည်။ ၁၉၄၇ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ရှမ်းစော်ဘွား ၆ ဦး စော်ဘွားကိုယ်စားလှယ် ၁ ဦးအပြင် ရှမ်းလူထုကိုယ်စားလှယ် ၇ ဦးပါဝင်ခဲ့သည်ကို တွေ့ရသည်။ သို့နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှမ်းပြည်လှုပ်ရှားမှုများတွင် ရှမ်းစော်ဘွားများသာမက
ရှမ်းလူထုကိုယ်စားလှယ်များပါ ပါဝင်လာသည်ကိုတွေ့ရသည်။

လွတ်လပ်ရေးရပြီးရှမ်းပြည်နယ်
ပြည်မနှင့်အတူ လွတ်လပ်ရေးရယူခဲ့သော ရှမ်းခေါင်းဆောင်များသည် ပင်လုံ ကတိကဝတ်များနှင့် အတူ ၁၉၄၇ အခြေခံဥပဒေအရ ဆယ်နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည်ဆိုသည့် အချက်ကို ရရှိခဲ့သည်။
သို့နှင့် လွတ်လပ်ရေးရပြီး ရှမ်းပြည်နိုင်ငံရေးတွင် ထိုအခွင့်အရေးသည် စိုးမိုးသည့်အချက်ဖြစ်ခဲ့ သည်ဟု ဆိုရမည်။

၁၉၅၆ ခုနှစ်တွင် ရှမ်းပြည်နယ်ကောင်စီ၏ သဘာပတိဖြစ်သူ စဝ်မောင်နှင့် ဦးဖိုးမှုန်တို့ဦးစီး၍ ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်ညီလာခံကို မိုင်းရယ်တွင် ကျင်းပခဲ့သည်။ ရှမ်းပြည်အမတ်များ စော်ဘွားတို့၏အမတ်ချုပ်များ၊ အတွင်းဝန်
ကိုယ်စားလှယ်များနှင့် မိုင်းရယ်စော်ဘွားစဝ်ဆေးဟုန်၊ မိုင်းရှူးစော်ဘွားစဝ်မန်ဖတို့၏ ကိုယ်စားလှယ်များတက်ရောက်ကြသည်ဟု ဆိုသည်။

ဒုတိယအကြိမ်ညီလာခံကို လားရှိုးမြို့တွင်ကျင်းပခဲ့သည်။ ၎င်းညီလာခံတွင် ညောင်ရွှေစော်ဘွား၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်း၊ မိုင်းရယ်စော်ဘွား စဝ်ဆေးဟုန်၊ ကျေးသီးစော်ဘွားစဝ်ရွှေမှုန်တို့ ဦးဆောင်၍ ရှမ်း ပြည်ညီညွတ်ရေးအဖွဲ့ကိုဖွဲ့စည်းကာ ရှမ်းပြည်ခွဲထွက်ရေးမူကို ချမှတ်ခဲ့သည်။

ရှမ်းပြည်ခွဲထွက်ရေးကို အစောဆုံးထောက်ခံရေးသားသော အထင်ရှားဆုံးသတင်းစာမှာ သီပေါမြို့ ကျားဖြူ ပုံနှိပ်တိုက်မှထုတ်ဝေသည့် ခေတ်သစ်ရှမ်းပြည်သတင်းစဉ်ဟု ဆိုသည်။ ထို့ပြင် ရှမ်းတော် လှန်ရေးစာပေရေးသားသူဟု အသိမှတ်ပြုခံရသူ စဝ်ခေးဆေသည် ရဟန်းပျိုဘဝက ရှင်ပန္တိတ အမည် ဖြင့် လားရှိုးမြို့ ကျောင်းခေးတိုင်းကျောင်းတိုက်တွင် ကျောင်းထိုင်နေစဉ်အတွင်း ၁၉၄၈ တွင် ရှမ်းပြည် ရှမ်းအမျိုးသားစာအုပ်ကို ရှမ်းဘာသာဖြင့်စတင်ထုတ်ဝေသည်။ ၁၉၅၇ တွင် ပင်လုံကတိအလိမ်ခံရကြောင်း၊ ရှမ်းလူမျိုးများတော်လှန်ဖို့လိုကြောင်း ရေးသားထားသည့် " ရှမ်းလူ
မျိုးများ သိသင့်သည် " ဟူသောစာအုပ်နှင့် " တိုင်းပြည်ကို ပြန်လည်တိုက်ယူနည်း " စသော စာအုပ်များကို ရှမ်းဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည်။

စဝ်ခေးဆေသည် နောက်ပိုင်း အစိုးရ၏ဖမ်းဆီးမှုကြောင့်ထွက်ပြေးရကာ လူလွတ်လဲပြီး ပထမဆုံးသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သော နွမ်စစ်ဟန်တွင် ပါဝင်ခဲ့သည်။ ရှမ်းပြည်နိုင်ငံရေးစာပေများတွင် သြဇာရှိသောသူတဦးတွင် ဗမာစာဖြင့်ရေးသားသော တောင်ကြီးဦးထွန်းမြင့်လည်း ပါဝင်သည်ဟုဆိုသည်။ ထိုစဉ်က ရှမ်းစာနှင့်ရော ဗမာစာနှင့်ပါ ရှမ်းပြည်နိုင်ငံရေးနှင့်ပတ်သက်သည့် စာအုပ်များထွက်ရှိပြီး ရှမ်းနိုင်ငံရေးနယ်ပယ်အား လှုံ့ဆော်ခဲ့သည် ဟု ဆိုရပေမည်။

ဤသို့ဖြင့် ရှမ်းပြည်ခွဲထွက်ရေးကို ရှမ်းပြည်တောင်တန်းသားများစည်းလုံး ညီညွတ်ရေးအဖွဲ့ ( ရတစညဖ ) ကစတင်တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် သီပေါစော်ဘွားနှင့် မိုင်းရယ်စော်ဘွား တို့၏ လူအားငွေအားကူညီမှုများဖြင့် ရှမ်းပြည်ပြည်သူ့ညီညွတ်ရေးအဖွဲ့ (ရပညဖ ) ကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လူတစ်သောင်းခန့်ပါဝင်သော ဆန္ဒပြပွဲပြုလုပ်၍ ယင်းဆန္ဒပြပွဲတွင် စော်ဘွားများ အာဏာမစွန့်ရန် လွတ်လပ်ရေးရ၍ ၁၀ နှစ်ပြည့်ပါက ပင်လုံ ကတိကဝတ်အတိုင်း ရှမ်းပြည်နယ်ခွဲထွက်ရန် ကြွေးကြော်ခဲ့ကြသည်။

၁၉၅၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့၌ မိုင်းရယ်မြို့တွင် ရပညဖကဦးစီး၍ ရှမ်းပြည်ညီညွတ်ရေး ညီလာခံကြီးကို တရားဝင်ကျင်းပခဲ့သည်။ အဆိုပါညီလာခံမှ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ဆိုပါသည်။

၁။ စော်ဘွားများအာဏာစွန့်လွှတ်ရန်အချိန်မကျရောက်သေး။
၂။ ၁၉၄၇ အခြေခံဥပဒေအရ ၁၀ နှစ်ပြည့်မြောက်လျှင် ရှမ်းပြည်အား ပြည်ထောင်စုမှခွဲထွက်ရန်။
၃။ ရှမ်းပြည်တွင်ကျင့်သုံးသော အစိုးရမူဝါဒများသည် ရှမ်းမိရိုးဖလာနှင့်ဆန့်ကျင်ကြောင်း စိုက်ပျိုးရေး စီမံကိန်းများလည်း အောင်မြင်မှုမရှိကြောင်း။
၎။ ဘော်တွင်းသတ္တုမိုင်းအား ပြည်ထောင်စုအစိုးရက လက်ဝါးကြီးအုပ်အမြတ်ထုတ်နေသည်။
၅။ ဂျပန်စစ်လျော်ကြေးကို ရှမ်းတို့တပြားမှ မရသည်မှာ မမျှတဟူ၍ဖြစ်သည်။

ထို့နောက် ရပညဖအင်အားစုများသည် မိုင်းရယ်မှ သီပေါသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ကြသည်။

သို့သော် ဦးထွန်းအေးဦးစီးသည် ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ရပလ ခေါ် ရပလဖ ဆန့်ကျင်ခဲ့သည်ဟုဆိုသည်။ ၁၉၅၇ ဖဆပလ မကွဲမီပင် ရှမ်းပြည်မြောက်ပိုင်း ပါလီမန်အမတ် နမ့်ခမ်းဦးထွန်းအေးက ရှမ်းပြည်စော်ဘွားများ အာဏာစွန့်ရန်နှင့် ၁၀ နှစ်ပြည့်သော်လည်း ရှမ်းပြည်နယ်ခွဲမထွက်ရန် ပါလီမန်အစည်းအဝေး၌တင်ပြခဲ့သည်။ ဤသို့ဖြင့် ရှမ်းပြည်နိုင်ငံရေးတွင် ငြိမ်းချမ်းသောနည်းနှင့် နိုင်ငံရေးလုပ်ပြီး ဖွဲ့စည်းပုံပြင်လိုသော အင်အားစုနှင့် ခွဲထွက်လိုသောအင်အားစုများကြား သဘောထားကွဲလွဲခဲ့သည်။ ထို့ပြင် ဖဆပလ ခေါင်းဆောင်များနှင့် မြန်မာစစ်ဖက်ခေါင်းဆောင်များကလည်း ခွဲထွက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။

ခွဲထွက်လိုသောအင်အားစုများကို နောက်ပိုင်းမှထောက်ခံအားပေးသူများ ဦးစီးဦးရွက်ပြုကြသူများ မှာ သီပေါစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ မိုင်းရှူးစော်ဘွား၊ တောင်ပိုင်စော်ဘွား၊ ကျေးသီးမန်စံ စော်ဘွား၊ မိုင်းလင်းစော်ဘွား၊ မဟာဒေဝီ စဝ်နန်းဟိန်းခမ်း သိန္နီစော်ဘွား၏ကိုယ်စားလှယ် မဟာဝမ်းနှင့် ရပညဖ အမှုဆောင် ၁၅ ဦးဟုဆိုကြပါသည်။

ဒုတိယကမ္ဘာစစ်အပြီး ရေပန်းစားနေသော လက်ဝဲဝါဒ ဆိုရှယ်လစ်ဝါဒများနှင့်အတူ မြေရှင်ပဒေသရာဇ်ဆန့်ကျင်ရေးလေထုက ပြည်မတွင် ခေတ်စားနေချိန်တွင် ရှမ်းစော်ဘွားတို့၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ထိတွေ့ကာ အမှန်အမှားနှင့်ပတ်သက်၍ ဝေဝါးရှုပ်ထွေးနေသည့် ကာလဟု ဆိုရမည်။ ထို့ပြင် ထိုနိုင်ငံရေးသြဇာသက်ရောက်မှုများအောက်တွင် မတူသော အင်အားစုများ မတူသောအယူအဆများ ထွက်ပေါ်လာသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ ရှမ်းစော်ဘွားတို့၏ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဆိုသည်ပင် ရှမ်းတို့၏အမျိုးသားရေးလက္ခဏာ ယှက်နွယ်နေသည်ကို ငြင်းပယ်၍မရပေ။

ခွဲထွက်လိုသော ရှမ်းအမျိုးသားရေးအင်အားစုများသည် တဖက်က မြို့ပေါ်တွင် ပါလီမန်တွင် တောင်းဆိုတိုက်ပွဲဝင်နေရင်း တဖက်ကလည်း လက်နက်ကိုင်အင်အားကိုစုဆောင်းရန် ပြင်ဆင်ခဲ့ကြတော့သည်။

နွမ်စစ်ဟန်
တချိန်တည်းတွင် တက္ကသိုလ်သို့ရောက်နေသော ရှမ်းကျောင်းသားလူငယ်များကြားတွင်လည်း ရှမ်းအမျိုးသားရေးအရ စည်းရုံးဖွဲ့စည်းမှုများဖြစ်လာပြီး လက်နက်ကိုင်ပုန်ကန်ရန် ပြင်ဆင်လာကြတော့သည်။ ဤသို့ဖြင့် ရှမ်းပြည်ခွဲထွက်ရေးအတွက် ပထမဆုံးလက်နက် ကိုင်တပ်ဖွဲ့သည် ၁၉၅၈ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုအဖွဲ့အား ကျိုင်းတုံစော်ဘွား၏ ဦးလေးတော်စပ်သူ စဝ်နွဲ့ကဦးဆောင်သည်ဟုဆိုပါသည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မိုင်းတုန်မြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်း တနေရာ တွင် စဝ်နွဲ့ ခေါ် စောယန္တဦးစီး ရှမ်းလူငယ် ၃၁ ဦးသည် သစ္စာရေသောက်ကာ နွမ်စစ်ဟန် ခေါ် ပထမဆုံးဟုဆိုရမည့် ပြည်မအစိုးရအားပုန်ကန်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ ရှမ်းဘာသာဖြင့် နွမ်စစ်ဟန်၏အဓိပ္ပာယ်မှာ" ရဲရင့်သောလူငယ် စစ်သည်တော် " ဟု အဓိပ္ပာယ်ရသည်ဟု ဆိုပါသည်။

နွမ်စစ်ဟန်အဖွဲ့သာ ထိုင်းမြန်မာနယ်စပ် ဟွေပုဟောတွင် စခန်းချပြီး အင်အား ၄၀၀ ခန့် စုစည်းမိခဲ့ကြသည်။ ရှမ်းတို့အဖို့ ရှမ်းစကားဖြင့် ဆေမြန်မာဘာသာဖြင့် "ကျား" ကို အလေးထား သည် ။ ရှမ်းတို့၏သင်္ကေတလည်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်စေ မြို့ပေါ်နိုင်ငံရေးပါတီဖြစ်စေ အလံတံဆိပ်များတွင် ကျား ကျားခေါင်းများကို ထည့်သွင်းဖော်ပြ ကြသည်။ ထို့အတူ ရှမ်းတို့၏နံမည် အထူးသဖြင့် ရှမ်းခေါင်းဆောင်ပိုင်းများ စော်ဘွားနွယ်များတွင် ကျားဟု အဓိပ္ပာယ်ရသည့် "ဆေ" ကိုထည့်သွင်းမှည့်ခေါ်လေ့ရှိကြသည်။

ပထမဦးဆုံးသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝါ ရှမ်းသူပုန်အဖွဲ့မှ ကျား ၅ ကောင် ထွက်ပေါ်ခဲ့သည်ဟုဆိုကြသည်။ ထို ၅ ယောက်တွင် စဝ်ဆေဝိုင် စဝ်ဆေနွံနှင့် စဝ်ဆေထင်တို့ ပါဝင်ကြသည်ဟု ဆိုပါသည်။ ထိုထဲမှ စဝ်ဆေထင်သည် နှစ်ပေါင်း ၅၈ နှစ်အကြာ ယခုလက်ရှိ အချိန်တွင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်၏ နာယကအဖြစ် ဆောင်ရွက်နေဆဲဖြစ်သည်ကို တွေ့ရပေသည်။


ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )