အောင်ခိုင်မြင့် ● တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ....

 
 အောင်ခိုင်မြင့် ● တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ....
(မိုးမခ) မေ ၁၊ ၂၀၁၆

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးဖြစ်ပွားနေစဲတိုင်းပြည်မှာ ရွေးကောက်ပွဲကတက်လာတဲ့ အနိုင်ရပါတီကို အာဏာလွှဲ ပြောင်းပေးမှုတွင်လည်း အရှည်ကြာဆုံးအဖြစ် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြပြန်ပါတယ်။ အမှောင်ခေတ်ကြီးမှာ ရုပ်ပိုင်း စိတ်ပိုင်း အရာတွင် အောက်ကျ နောက်ကျ သိမ်ငယ်မှုတွေအောက်၌ ကျနော်တို့မြန်မာလူမျိုးတွေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ဖို့မေလျော့နေသည်မှာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။

အမေရိကန်သမ္မတအိုဘားမားက ကမ္ဘာကလေးစားရတဲ့ နိုင်ငံရေး ခေါင်းဆောင်စာရင်းဝင်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှောင်ကိုခွင်းတဲ့အလင်း မီးအိမ်ရှင်အဖြစ်တင်စားခဲ့သလို မြန်မာစစ်ခေါင်းဆောင်များ တိုင်းရင်း သားခေါင်းဆောင်များကပါ တိုင်းပြည်ရဲ့ ရေရှည်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်မဲ့ ငြိမ်းချမ်းရေးမိခင်အဖြစ် မြင်တတ်ဖို့ လိုမယ်ထင်ပါတယ်။ ဆိုလိုသည်မှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက လေးစားချစ်ခင်ရတဲ့ တိုင်းပြည်ရဲ့  အမျိုးမှန် အဖိုးတန်ရတနာတပါးလို ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်နဲ့လူမျိုးအတွက် ရရှိလာတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ကောင်းကောင်းမွန်မွန် အသုံးမချတတ်လျှင် နောင်လာနောက်သားများ ကျနော်တို့မျိုးဆက်လို အမှောင်ခေတ်ကြီးထဲ တ၀ဲဝဲ လည်လည် ဇာတ်လမ်း အခန်းဆက်ရှည်ထဲ ဆက်လက်မစီးမျှော စေချင်တော့လို့ပါ။

ကျနော်တို့မျိုးဆက် ကံကြမ္မာမကောင်းပုံက မလွှဲနိုင် မရှောင်နိုင် စစ်အာဏာရှင်စနစ်အောက် လူလာဖြစ်ပြီး ရွဲ့နေတဲ့ခေတ်ကြီး နဲ့ ပက်ပင်းတိုးခဲ့တယ်။ ခေတ်ကိုယ်တိုင်က အနေအထိုင်မတတ်တာလား၊ ခေတ်ကိုပုံဖော်တဲ့လူတွေကပဲ အလွဲလွဲ အချော် ချော်တွေကိုလုပ်ဆောင်ဖို့တဖက်ကမ်းခတ် ကျွမ်းကျင်နေလို့လားတော့ မပြောတတ်တော့ပေ။ အားလုံးသိပြီးသည့်အတိုင်း အိမ်နီးချင်းနိုင်ငံတွေမှာ နောက်ဆုံးဘိတ်ဖြစ်ယုံနဲ့ အားမရပဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲ ပက်လက်မှောက်ခုန် ဂျွမ်းပစ်ဝင်ခဲ့ တယ်..။

ကျနော်တို့မြန်မာလူမျိုးတွေကလည်း အခက်သားလား ၊ ခေတ်ဟောင်းကာလတုန်းက ဒို့ ဗမာနိုင်ပြီဆိုတဲ့ သီချင်းလေးကြးရင် အရာအားလုံးကို ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်တော့ အာဏာရှင်တွေကလည်း မြန်မာလူမျိုးတွေရဲ့အားနည်းချက်ကို ပိုင်ပိုင် နိုင်နိုင် နင်းကာ နှစ်ပေါင်း (၆၀) ကျော် မျက်စိပိတ် နားပိတ်အုပ်ချုပ်ကာ ထင်ရာစိုင်းခဲ့ကြတယ် မဟုတ်လား။ အာဏာရှင်တွေက ပေါက်ဖော်ကြီးတွေနဲ့လည်ပင်းဖက်ပြီး တိုင်းပြည်သယံဇာတတွေကို သူခိုးဈေးနဲ့ရောင်းစားနေပေမဲ့ ပါးစပ်ကတော့ ပြည်ပ အားကိုး ပုဆိန်ရိုးလို့ တွင်တွင်အော်ခဲ့ကြသလို ပေါင်းစား ရောင်းစား ခိုးစား ဝေစား မျှစား နှိုက်စား ဗြောင်စား စားနည်းပေါင်းစုံကို ကျွမ်းကျင်အောင် တတ်မြောက်ခဲ့ကြလို့ တိုင်းပြည်ငွေတွေကို သူတို့နာမည်တွေနဲ့ နိုင်ငံတကာဘဏ်တွေမှာ ခိုးကြောင်ခိုးဝှက် လျို့ဝှက်သိမ်းထားကြပေမဲ့ ရွှေပါးစပ် ငွေပါးစပ်တွေက အမေကျော်ပြီး ဒွေးတော်မလွမ်းကြပါနဲ့ဟု သတင်းစာခေါင်းကြီး ပိုင်းကတဖုံ ရေဒီယိုကတမျိုး ဆိုင်းဘုတ်ကြီးတွေထောင်လျှက်တဖန် တနေ့တမျိုး မရိုးရလေအောင် နိုင်ငံရေးဇာတ်ခုံပေါ် ကပြ အသုံးတော်ခံခဲ့ကြတယ်။

ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေသဘောမတူတာဘာအရေးလဲ ပေါက်ဖော်ကြီး သဘောကျဖို့က အဓိက အဖြစ်လုပ် ဆောင်ခဲ့ကြသလို၊ လယ်သမား အလုပ်သမားတွေ မျက်ရည်ကျနေတာကို ဘေးချိတ်ကာ သားဝ မယားဝ ဆွေမျိုးကောင်း စားရေးသား ဦးထိပ်ပန်ဆင် အသုံးတော်ခံခဲ့ကြပေတယ်။

အာဏာရှင်တွေက မကောင်းတဲ့ဖက်မှာ သိပ်တော်ခဲ့ကြသလို အချိုကြိုက်သူကို အချိုကျွေးခဲ့ကာ စီးပွားရေးလုပ်ငန်းရှင် ခရို နီကြီးတွေအား လုပ်ပိုင်ခွင့်ပေးလျှက် သပိတ်ဝင် အိပ်ဝင် အိပ်ကပ်ဖောင်းကားအောင် ကိုယ်ကျိုးအတွက် စွမ်းစွမ်းတမံ ခိုးယူ ခဲ့ကာ တိုင်းပြည်နဲ့လူမျိုးကို ဆင်းရဲတွင်း ချောက်ထဲတွန်းချခဲ့ကြတယ်..။

ကမ္ဘာကြီးက ဘိန်းဘုရင်လို့သတ်မှတ်ထားသူတွေနဲ့ တူတာတွေတွဲလုပ်ခဲ့သလို သူခိုး ကြမ်းပိုး လူသတ်သမား မုဒိန်းသမား ပြစ်မှု ကြီးငယ်များပါမကျန် မကောင်းမှုလုပ်သူများအား လွတ်ငြိမ်းချမ်းသာမှုများ အကြိမ်ကြိမ်ပေးလျှက် မီးမရှိတဲ့နေရာမှာ မီးလောင်၊ ရေမရှိတဲ့နေရာမှာ ရေကြီးလျှက် ဟီးထနေတဲ့ နေပြည်တော်ကြီးကို အကြွေးနဲ့တည်ဆောက်ပြီး မျက်နှာပြောင် တိုက်ခဲ့တော့ ကမ္ဘာကြီးက အံ့သြကာ သက်ပြင်းအကြိမ်ကြိမ်ချလျှက် ပြည်သူလူထုကတော့ ဘုရားအခါခါတခဲ့ကြလို့ ကု သိုလ်တွေရခဲ့ကြတယ်မဟုတ်လား..။ နိုင်ငံရေးလုပ်တဲ့သူတွေကို နောင်ကျဉ်သွားအောင် ထောင်နှစ်ရှည်ချခဲ့ယုံမက တော် လှန်ရေး နိုင်ငံ့ေ၇းသမားတွေ၇ဲ့ ဆွေးမျိုးသားချင်းများပါမကျန် စီးပွားရေး လူမှုရေးနလံမထူနိုင်အောင် ရုပ်ပိုင်း စိတ်ပိုင်း ဒုက္ခ ပေါင်းစုံပြည့်ပြည့်၀၀ ပေးအပ်ခဲ့ကြတယ်..။

လူမှန် မူမှန်ဖို့အရေးထက် ဥပဒေအထက်မှာ တက်ထိုင်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ်ကြီးမရှိစဉ်က အခုတမျိုး တော်ကြတမျိုး ဥပဒေနှစ်မျိုးကို သေနတ်ခါးကြားထိုးပြီး အုပ်ချုပ်ခဲ့တာ ရှိသလို၊ တဖက်သတ် ဇာတ်တိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ကြီးပြီးတော့လည်း လွတ်တော်ထဲ တမတ်သားတွေ ခပ်တည်တည် ၀င်ထိုင်တဲ့အထိ လူထုအပေါ် အတင့်ရဲ အကဲစမ်းနေကြ တယ်..။

ဒါတွေကို အကြောင်းမဲ့ အပြစ်ရှာ ရန်စပြီး မဟုတ်က ဟုတ်က သွားပုတ်လေလွင့် အချိန်ကုန်ခံပြီး ပြောနေတာတော့မဟုတ်ဘူး ။ နိုင်ငံတကာဖြစ်စဉ်တွေကိုကြည့်ရင် ရွေးကောက်ပွဲမှာ  ရှုံးနိမ့်သွားတဲ့ပါတီတွေက ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ပြုပြင်ပြောင်း လဲဖို့ ပါတီညီလာခံတွေကို ကျင်းပပြီးပါတီခေါင်းဆောင်သစ် မူဝါဒ လမ်းစဉ်သစ်တွေချမှတ်ဖို့ကြိုးစားနေကြတယ်..။ ကနေဒါ နိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ လစ်ဗရယ်ပါတီကအနိုင်ရတော့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတဲ့ ပါတီတွေဖြစ်တဲ့ ကွန်ဆာဗေး တစ်ပါတီနဲ့ NDP ( New Democrat Party) က ပါတီခေါင်းဆောင်သစ်တွေတင်ဖို့ ကြိုးစားနေကြပါတယ်..။

အလုံးစုံ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါဝက်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

http://www.conservative.ca/
http://www.huffingtonpost.ca/2016/04/09/ndp-convention-president-candidates_n_9648322.html

ဆိုလိုချင်တာက ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ပါတီတွေက နောက်တကြိမ် ရွေးကောက်ပွဲ အောင်နိုင်ပြီး ပြည်သူလူထု၇ဲ့ အသဲကြားက ထောက်ခံ မဲပြားတွေ ပြန်လည် ရရှိဖို့လူထုနဲ့ တိုင်းပြည်ကို ကောင်းစားစေရမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်ယုံမက တိုင်းပြည်နဲ့ လူထုက လေးစားမဲ့ ပါတီခေါင်းဆောင်သစ်ကို မကြေက်မရွံပြန်လည်ရွေးချယ်နေကြတာဖြစ်တယ်။ သေချာတာ တခုကတော့ စီးပွားရေး နိုင်ငံ့ရေး ခေတ်မီ ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကိုကြည့်ရင်  မြန်မာပြည်လို မင်းမဲ့စရိုက်ဆန်ဆန် ဘာသာရေး ဆူပူမှုအပါအ၀င် မလိုလားအပ်တဲ့ နိုင်ငံ့ရေးမတည်ငြိမ်မှုတွေကို အောက်လမ်းပယောဂနည်းတွေသုံးပြီး တိုင်း ပြည်နဲ့လူမျိုးကို မီးလောင်တိုက်မသွင်းဘူး။

အမေရိကန်နိုင်ငံလို ဒီမိုကရေစီနိုင်ငံကြီးမှာလည်း ထောင်ဖောက်ပြီး ထွက်ပြေးတဲ့ ရာဇ၀တ်မှုကြီးကြီးတွေ ကျူးလွန်သူနှစ် ယောက်ကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ရာ နယူးယောက်ပြည်နယ်တခုလုံး ပိုက်စိပ်တိုက်ရှာယုံမက နယ်စပ်ခြင်းထိစပ်နေတဲ့ က နေဒါနိုင်ငံကိုပါ တရားခံတွေကို ကူညီရှာဖွေပေးဖို့ကမ်းလှမ်းခဲ့ကြတယ်။ အမေရိကန်လို တိုင်းပြည်မှာ နိုင်ငံ့ရေးအကျဉ်းသား တွေမရှိပေမဲ့ ပြစ်မှုကျူးလွန်သူတွေကတော့ ပြစ်ဒဏ်အတိုင်း ကျခံကြရမှာဖြစ်တယ်။

အလုံးစုံ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါ ၀က်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

http://www.nbcnews.com/storyline/new-york-prison-escape/new-york-prison-escape-how-it-happened-how-it-ended-n383426

ဆိုလိုတာက တရားဥပဒေစိုးမိုးရေးနဲ ပြည်သူ့လူထု အသက်အိုးအိမ်ကာကွယ် စောင့်ရှောက်ရေးကို အမေရိကန် အစိုးရက လက်တွေ့ ပြသလို့လည်း အစိုးရကို လူထုက ကြိုက်နှစ်သက်ကြတာဖြစ်တယ်။

မြန်မာပြည်မှာလို မြို့မေတ္တာခံယူမဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တဲ့ ရာဇ၀တ် အကျဉ်းသားတွေကို အစိုးရက ကြက်ငှက်ကလေးတွေ လွှတ်သလို ဖြစ်ကတတ်ဆန်း အကျဉ်းထောင်တွေက မလွှတ်ဘူး။
အဓိက ထားပြီးတင်ပြချင်တာက တိုင်းပြည်နဲ့ လူမျိုး၇ဲ့အနာဂတ် အလားအလာကိုကြည့်ရင် အတိတ်ကို ချန်လှပ်ပြီး တွက် ချက်လို့ မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲကလို လွတ်လပ်ရေးရပြီဆိုတာနဲ့ လမ်းပေါ်တက်ပြီး ဆေးလှမ်းချင်နေကြတဲ့ လူတွေ အခုခေတ်မှာလည်း တွေ့ နေရလို့ ထပ်မံသတိပေးရေးသားနေရတာ ဖြစ်တယ်။

တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို သာယာဝပြောတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့အမျိုးသားပြန်လည်သင့်မြတ်ရင်ကြးစေ့ရေးမူကို စွဲကိုင်ပြီးသွားဖို့လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ၊ လက်ရှိအစိုးရရဲ့တာဝန်ရှိသူ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုနေခြင်းက အလကားတော့ မဟုတ်တန်ရာဘူး။ အာဏာရှင် တွေက တိုင်းပြည်နဲ့လူမျိုးကို  ပဋိပက္ခပေါင်း သောင်းခြောက်ထောင်နဲ့ပစ်ထားခဲ့ယုံမက တဖက်လှည့်နဲ့ဘာသာရေး လူမျိုးရေး ပြဿနာကို မီးခွက်ထွန်းရှာနေတာ တွေ့ နေရလို့ဖြစ်တယ်။

အမှောင်ခေတ်ကြီးထဲ အိပ်မောကျနေသူတွေက လမ်းပေါ်တက်ပြီး ဆူဆူပူပူလုပ်နေခြင်းက တိုင်းပြည်တည်ငြိမ်ရေးကို အ ဟန့်အတားဖြစ်စေနိုင်သလို အပ်နဲ့ထွင်းရမဲ့ပြဿနာကို ပုဆိန်နဲ့ထွင်းရအောင် လုပ်ဆောင်နေတာတွေ မြင်တွေ့ နေရပါတယ်။ သေချာတာတခုကတော့ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရက တိုင်းပြည်ကို တည်ငြိမ်အောင်မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ အ ကြောင်းပြချက် ကောင်းကောင်းအား ယုတ္တိရှိရှိ ဖန်တီးကာ တဖက်က စိတ်တူကိုယ်တူ တကျိပ်ထဲ ခြံပေါက်တွေက ချောက် ထဲတွန်းချမယ်။ ပြီးတော့ကာ ကန့် လန့် ကာ နောက်ကွယ်မှာ ချောက်ထဲက ကယ်တင်ရှင်တွေ ဘာတွေကြိတ်ကြံနေတယ်ဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်သေးတဲ့ အမှောင်ထုကလွန်စ မလင်းမရှင်း အရုဏ်ဦးကာလမို့ သတိထားစေချင်ပါတယ်။

တိုင်းပြည်ဟာ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊ စစ်မှန်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ တိုင်းပြည်ကို ငြိမ်း ချမ်းအောင်လုပ်ဆောင်ပြီး တရားဥပဒေစိုးမိုးရေးအောက်မှာ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ရင် နိမ့်ကျနေတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အချိန်ကာလတခုမှာ မြင့်တက်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမဲ့ နိမ့်ကျနေတဲ့ စိတ်ဓာတ်တွေကိုတော့  နိုင်ငံတကာက လာပြင်ပေးနိုင်မှာမဟုတ်ပဲ မိမိကိုယ်တိုင်က အသိတရားရှိရှိ နည်းမှန်လမ်းမှန် တွေး ခေါ်စဉ်းစားပြီး ပြုပြင်ကြရမှာ ဖြစ်ပါတယ်။

ကျနော်တို့အားလုံး ပြုပြင်ပြောင်းလဲရေးလမ်းကြေင်းပေါ်မှာ အတွေးအခေါ်ပြုပြင်ပြောင်းလဲရေးကိုလုပ်ပြီး ခေတ်ဟောင်း စနစ်ဟောင်းက ကပ်ပါလာတဲ့ အတွေးအခေါ်ဟောင်းတွေကို လက်ပြနှုတ်ဆက် ချန်ထားခဲ့ဖို့မိမိကိုယ်ကို တော်လှန်ရေးကို စတင်ကြရမဲ့ အချိန်ရောက်ပါပြီ။ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးကိုမလုပ်ပဲ လသားတောင် မရှိသေးတဲ့ အစိုးရသစ် လက်ထက်မှာ တွေ့ဆုံဆွေးနွေး အဖြေမရှာပဲ မလိုလားအပ်ပဲ လက်သီးလက်မောင်းတန်းနေရင် လူထုက တင်မြှောက်ထား တဲ့အစိုးရကို ရန်စချင်းက ပြည်သူလူထုကို ရန်စသလိုဖြစ်ကာ လူထုချဉ်ဖတ် ဖြစ်တတ်တဲ့ သာဓကတွေ ရှိပါတယ်..။

ထိုင်တုန်းက အကောင်းသား ၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို မဟာမိတ်မှန်းမသိ ရန်သူမှန်းမသိ မူဝါဒ လက်ကိုင်မရှိပဲ ထင်ရာစိုင်း သောင်းကျန်းတဲ့ ဆင်ကန်း တောတိုး စိတ်ဓာတ်တွေ ပြင်ဆင်ကြဖို့အလေးအနက် စဉ်းစားဆင်ခြင်ရမဲ့ အချိန် ရောက်ပါပြီ။တခါတလေ ကျနော်တို့တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လူထုက တင်မြှောက်ထားတဲ့ လက်ရှိအစိုးရကို

လုပ်ကိုင်ခွင့်လေးပေးကာ ၀ိုင်းရံကူညီအားပေးကြဖို့လိုသလို ချောက်ထဲတွန်းချမဲ့ လက်တွေကိုလဲ သတိထားကြဖို့လိုပါတယ်။

အာဏာရှင်ခေတ်မှာ စာပေဟောပြောပွဲတခု၌ ပြောကြးတဲ့ ဆရာမောင်သော်ကစကားနဲ့ပြောရရင် လွတ်လပ်ရေးရရချင်း အချုပ်ထဲတန်းရောက်တာ ဆရာသော်ကဟာ ပထမဆုံးပဲတဲ့။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည် လွတ်လပ်ရေးရပြီလို့ ကြေငြာတဲ့ ဇန်န၀ါရီလ (၄) ရက်နေ့မှာ ရေတပ်မှာ တာဝန်ကျပြီး ကင်းစောင့်နေတဲ့ ဆရာသော်က က အပျော်လွန်ပြီး သေ နတ်ထဖောက်လိုက်တာ အဲဒီမနက်စောစော အချုပ်ထဲ တန်းရောက်ခဲ့တယ်ဆိုပဲ..။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ လောက မှာ ယခုလဲ ဒီမိုကရေစီရပြီဆိုပြီး အပျော်တွေ မလွန်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဘာကြေင့်လဲဆိုတော့ကာ တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ဘာသာရေးပြဿနာတွေကို သူတော်မကောင်းတွေက ဖန်တီးနေတာကို တွေ့နေရသလို ငြိန်းချမ်းရေးအား လစ်လျူရှုကာ သေနတ်သံတွေ ယမ်းငွေ့  တွေ ကြားနေ မြင်နေရစဲ ကာလမို့ အမှန်တရားနဲ့ ဒီမိုကရေစီမြတ်နိုးသူတွေ လက်တွဲမဖြုတ်ကြဖို့လိုသလို တိုင်းပြည် တည်ဆောက်ရေးကာလမှာ ခါးတောင်းကျိုက် မဖြုတ်ကြဖို့လည်း လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

အောင်ခိုင်မြင့်
၃၀ ဧပြီလ ၂၀၁၆


Photo credit : AFP Photo/Ye Aung Thu