ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဒဂုန်တာရာရဲ့ မေ ၀ထ္ထုထဲက အရောင်များ


ဒဂုန်တာရာရဲ့ မေ ၀ထ္ထုထဲက အရောင်များ
(စာတမ်းပြုစုသူ သားကြီးမောင်ဇေယျ) မိုးမခ၊ မေ ၆၊ ၂၀၁၆


ရသ ဖန်တည်းသူတွေဟာ သူတို့ ခံစားချက်တွေကို နမိတ်ပုံတွေ၊ သင်္ကေတ တွေ ၊ နဲ့ ဖေါ်ပြလေ့ရှိပါတယ်။ တနည်းပြောရင် ခံစားမှုတွေ ၊ အရောင်တွေ၊ ပုံသဏ္ဍန်တွေ အဖြစ်အပျက်တွေ ကို ဝေါဟာရ အက္ခရာတွေ အဖြစ်ဖန်တည်းပြီး ရေးသားဖေါ်ပြလေ့ရှိပါတယ်။ ဆရာဒဂုန်တာရာရဲ့ အရောင်ကနေ တဆင့် ဖေါ်ပြတဲ့ အဖွဲ့ အနွဲ့တွေနဲ့ ခံစားချက်တွေကို လေ့လာပြီး ပြန်ပြောတဲ့အခါ ကျနော့်အနေနဲ့ တိတိကျကျ ပြန်မပြောနိုင်ခဲ့ပါဘူး။ မထိတထိ၊ မပီမပြင်၊ ၀ိုးတိုးဝါးတား၊ မပြတ်မသား ဖြစ်ခဲ့ရပါတယ်။ ဆရာစာတွေကိုဖတ်ရင်း အက္ခရာတွေနဲ့ ဖေါ်ပြလို့ မစွမ်းနိုင်တဲ့ ခံစားမှုတွေ ကျနော်ရရှိခဲ့ပါတယ်။ အဲဒါကိုက အနုပညာ လို့ ဆိုရမလား မသိပါ။ အရောင်ကနေတဆင့် ဆရာဖေါ်ပြတဲ့ ခံစားမှုတွေ ကို တဆင့်ဖေါက်သည် ချ တဲ့ ကျနော်ဟာ အ အ တစ်ယောက်က သူ့အိပ်မက်ကို ကြီုးစားပြောနေရသလို ခံစားမိပါတယ်။ အချို့သော ခံစားမှုတွေဟာ အက္ခရာ အဖြစ် အကူးအပြောင်းမှာ ပြုတ်ကျ ကျန်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ကြိုးစား ပြောခဲ့ပါတယ်။ အားနည်းချက်တွေကို ထပ်မံဖြည်းဆည်းပေးစေလိုပါတယ်။


ဂွမ်းဆိုင်များလို အဆုပ်လိုက် အခဲလိုက် အိနေသော နှင်းပွင့်များမှာ သစ်ကိုင်အခက်အလယ်ဝယ် တွဲလဲခိုကာ နောက်ဖက် အင်းလျှားလမ်းဆီမှ ထိုးလာသော နေရောင်ခြည်ဦးဝယ် ငွေသွေးအလှကို ရွှေရေးပြနေကြလေသည်။
(မေ။ အခန်း၁။ စာမျက်နှာ ၁၅၊ )

ဆောင်းနံနက် နေထွက်ချိန် မှာ မြင်တွေရတဲ့ အင်းလျှားလမ်း ရူခင်းကလေးကိုရေးဖွဲ့ထားတာပါ။


စကားဝါပွင့်များကား ဖုံထူသောလမ်းဘေးဝယ် ရွှေအိုရောင် တောက်နေကြ၏
(မေ။ အခန်း၂။ စာမျက်နှာ ၂၁၊ )

ဖုံနှင့် ညနေ နေခင်းနေရောင်တို့ ရိုက်ခတ် ခံထားသော စကားဝါပန်းအရောင်ကို ရွှေအိုရောင် အဖြစ် စာရေးသူက မြင် ပါတယ်။ ဆရာ ဒဂုန်တာရာ အကြောင်းပြောကြလျှင် ရွှေအိုရောင် ဆိုတဲ့ စကားလုံးလည်း မပါမပြီးပါ။

ကျောက်စိမ်းရောင် ပင်လယ်ပြင်ကြီး
လယ်တောကြီးမှာ စပါးများနှင့် စိမ်းစိမ်းစို နေလျှက် ကျောက်စိမ်းရောင် ပင်လယ်ပြင်ကြီး နှင့် တူနေလေ၏
(မေ။ အခန်း၂။ စာမျက်နှာ ၃၉၊ )

လယ်ကွင်းစိမ်းစိမ်း ကိုကျောက်စိမ်း နဲ့ ခိုင်းနှိုင်းထားတာ ပါ။

ထိုည ၌ မေသည် အပြာရောင် ပန်းပွင့်ကလေး သစ်ရွက်အကြားမှ ဖူးနေသည်ကိုမြင်ရသည် ဟု အိပ်မက်လေသည်။ သစ်ရွက်ကလေးမှာ ပန်းပွင့်အပြာကလေးကို ပွေ့ဖက် ၍ ထားလေသည်။
(မေ။ အခန်း၎။ စာမျက်နှာ ၄၈၊ )

မေကိုစိတ်ဝင်စားနေတဲ့ ကိုကျော်မြင့် က မေ ကို အကာအကွယ်ပေးမယ့်သူအဖြစ် စိတ်ကူးအိပ်မက် နေပုံကိုရေးဖွဲ့ထားတယ် လို့ ခံစားရပါတယ်။ အပြာရောင်ပန်းပွင့် ဆိုတာ နူးညံတဲ့ မေတ္တာ ကို ကိုယ်စာပြုထားတာတယ်လို့ ယူဆနိုင်ပါတယ်။

နီရဲသော ချည်မျှင်တို့သည် အရောင်မျိုးစုံ မွန်းထားသော ပန်းပွင့် အခက်အလက်သဏ္ဍန်များထဲတွင် ရက်ဖေါက် ၍ သွားကြ၏။
(မေ။ အခန်း၈။ စာမျက်နှာ ၇၀။၊)
အမျိုးမျိုးသော ဘ၀ အနှောင်အဖွဲ့များကို စန္ဒယား တီးကာ ဖေါ်ကြူးနေပုံ ကို ရေးဖွဲ့ထားတည်။

တရုပ်ကပ်အကြားမှ နေရောင်ခြည်သည် ရွှေရည်လဲ့လဲ့ဝင်းကို ပက်ဖျန်း၏။ ရက်စက်သော အရောင်။ သူ့အရောင်အောက်တွင် အားလုံးသော အရာတို့သည် အရှက်မရှိကြ။ ဣနြေ္ဒ မရှိကြ။
(မေ။ အခန်း၁၃။ စာမျက်နှာ ၉၃။၊)

ကိုဘညွန့်နေတဲ့ အခန်း ၊ မေ ကို ဖျက်စီးလိုက်တဲ့ အခန်း။ အခန်းကို အရောင်တွေနဲ့ ဖေါ်ပြထားပါတယ်။


ရှိသမျှအရာတို့မှာ ပြာနေကြ၏။ ကောင်းကင်သာမဟုတ်။ သစ်ပင်ပန်းပင် အားလုံးအပင်။ တောအလှကို တွေ့ရအုံးတော့မည်။
(မေ။ အခန်း၁၃။ စာမျက်နှာ ၉၇။)

မေ က ကိုကျော်မြင့် နဲ့ အတူ ပဲခူး ကို အလည် ပြန်သွားဖို့ပြောတယ်။ ပဲခူး မြို့ဟာ သူတို့ သူတို့နှစ်ယောက်စတင်ဆုံတွေ့တဲ့နေရာ။ ကိုကျော်မြင့်က သဘောသူတဲ့ အခါ မေပျော်သွားတယ်။ ဒါကို မြင်မြင်သမျှ အားလုံး အပြာရောင် ဖြစ်သွားတယ်လို့ ရေးဖွဲ့ထားတာပါ။

မေမှာ အစိမ်း လိမ်မော်ရောင် အပြာ တို့ကိုဆင်ယင်လျှက် ပြုံးနေလေသည်။
(မေ။ အခန်း၁၅။ စာမျက်နှာ ၁၀၇။)

မေ အိပ်မက်ထဲမှာ ၀တ်ထားတဲ့ အရောင်ပါ။ ကလေးမွေးခါနီး စိတ်ကယောင်ချောက်ခြား ဖြစ်နေတုန်းမြင်ရတဲ့ အရောင်ပါ။ စိတ်ကဆင့်ကလျှား ဖြစ်နေတာကို အရောင်တွဲ တွေနဲ့ ဖေါ်ပြလိုက်တာပါ။

ဘသိန်းကိုမူ သူမမုန်း။ ပန်းနုရောင်တိမ်တိုက်များ လွင့်ပါနေသည့်အခါ ညည့်ဦးကြယ်များ လက်ကနဲ လက်ကနဲ မျက်တောင် ခတ်နေသည့်အခါ ဘသိန်းကို ချစ်စိတ် ပေါ်လာတတ်လေသည်။
(မေ။ အခန်း၁၆။ စာမျက်နှာ ၁၀၉။)

စိတ်ကြည်လင်နေချိန်၊ သာယာနေချိန်မှာ ကိုဘသိန်း ကို သတိရတယ်လို့ဆိုလိုတာပါ။ စိတ်ကြည်လင်မှု သာယာမှုကို ပန်းနုရောင်တိမ်တိုက်၊ နဲ့ ကိုယ်စားပြုဖေါ်ပြ လိုက်တာပါ။

သားကြီးမောင်ဇေယျ (၅-၄-၂၀၁၆)