စိုးခိုင်ညိန်း ● ခွက်ထဲက ဘာမှမရှိတဲ့အရာကို ဘယ်လိုယူမလဲ

 
စိုးခိုင်ညိန်း ● ခွက်ထဲက ဘာမှမရှိတဲ့အရာကို ဘယ်လိုယူမလဲ
(မိုးမခ) မေ ၁၂၊ ၂၀၁၆

နေ့စဉ်မှတ်တမ်းကို ပြောပြလိုက်ရင် ဖြစ်မလား
ဖြစ်စဉ်အသေးစိတ်ကို အစိတ်စိတ်အမွှာမွှာ ထပ်စိတ်လိုက်ရင်ရော
လတ်တလော မျက်လုံးထဲ မြင်နေရတဲ့ အရာတွေ
လက်က တပြိုင်နက် လှုပ်ရှားနေတဲ့ လှုပ်ရှားမှု
ကားသံ၊ ဟွန်းသံ၊ City FM ၊ ဘာမှ မသဲကွဲတဲ့ အသံ
ကြောင်တကောင် ပျင်းကြောဆန့်ထုတ်လိုက်သလို
ငြီးငွေ့မှုမှာ အရသာ ရှိပါတယ်
ကုတ်လေ ကုတ်လေ ငတ်မပြေဆိုသလို
ယားယံမှုက အဟန့်အတားမရှိ အရေပြားမှာ ပြေးလွှားနေတယ်
စာလုံးစာသားတွေက ဖြစ်ပေါ်နေတဲ့ အတိုင်း သရုပ်ဆောင်နိုင်မလား
တစ်စက္ကန့်အတွင်း ကမ္ဘာပတ်ပြန်လာတဲ့ စိတ်ကို
ဘာတစ်ခုမှ မမှတ်လိုက်ရခင်မှာပဲ ပြေးထွက်သွားပြန်တယ်
ဘာမှ ပြောစရာမရှိတဲ့ အကြောင်းကို စကားထဲ ထည့်ပြောနေမိတာပါ
သေခြင်းတရားဆိုတာ လှလှပပ သေတတ်ရင် အနုပညာဆန်တယ်။ ။

စိုးခိုင်ညိန်း
29.2.2016