ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ငြိမ်းချမ်းရေးအခင်းအကျင်းသစ်များ- အပိုင်း ၃


မောင်မောင်စိုး - ငြိမ်းချမ်းရေးအခင်းအကျင်းသစ်များ- အပိုင်း ၃
(မိုးမခ) မေ ၂၄၊ ၂၀၁၆

တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအသစ်ထွက်ပေါ်မည်လော

NCA လက်မှတ်မထိုးသေးသောအဖွဲ့များအနေနှင့် အများစုမှာ UNFC မှ ဖြစ်သဖြင့် UNFC အနေနှင့် နိုင်ငံရေးဆွေးနွေးရန် ပြင်ဆင်ထားရှိ သည်ကိုတွေ့ရသည်။ UNFC တွင် မပါဝင်သောအဖွဲ့များမှာ ULA/AA (လျောက်ထားဆဲ) UWSA/ NDAA တို့ဖြစ်ကြသည်။ NSCN(K) နာဂအဖွဲ့မှာ အိန္ဒိယ
နိုင်ငံနှင့်ပါ လက်နက်ကိုင်ပဋိပက္ခရှိနေသဖြင့် သီးခြားစဉ်းစားရမည့် ခြွင်းချက်ပြဿနာဖြစ်သည်။

၂၁ ရာစု ပင်လုံအတွက် အဓိကဦးစီးနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အားလုံးပါဝင်ရေးဟု ပြောဆိုထားသော်လည်း ၂၀၁၆ မေ ၁၃ ရက်နေ့ မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲတွင် MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ကြောင်း အဆိုပါ ၃ ဖွဲ့ သည်လက်နက်စွန့်ရမည်ဖြစ်ကြောင်း မြန်မာစစ်ဖက်ခေါင်းဆောင်များက ၎င်းတို့၏သဘောထားကို ဖော်ပြခဲ့သည်။

ဤသတင်းထွက်လာပြီးမကြာမီ UNFC မှ MNDAA နှင့် TNLA တို့ နှုတ်ထွက်ခွင့်တောင်းသည်ဟူသော သတင်းထွက်ပေါ်လာသည်။ ULA/AA ကတော့ နဂိုကထဲက UNFC အဖွဲ့ဝင်မဖြစ်သေးပေ။ သို့ဖြစ်ရာ ထိုအဖွဲ့များအနေနှင့် UNFC မှ ထွက်ခွာပြီး မည်သည့်ခြေလှမ်းလှမ်းလာမည်မှာ စိတ်ဝင်စားဖွယ်ဖြစ် သည်။

အမျာစုခန့်မှန်းသည်မှ UWSA နှင့်ပူးပေါင်းသော အရှေ့မြောက်ပိုင်းဒေသ တပ်ပေါင်းစု အသစ်တခု ထွက်ပေါ်လာဖွယ်ရှိသည်ဟူ၍ ဖြစ်သည်။  ၂၀၁၅ ခုနှစ်မှစ၍ UWSA ဌာနချုပ်ရှိရာ ပန်ဆန်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆွေးနွေးပွဲကျင်းပခဲ့သည်။ ၂၀၁၅ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှခေါင်းဆောင်များ၏ပန်ဆန်းဆွေးနွေးပွဲကို ဒုတိယအကြိမ်ကျင်းပခဲ့သည်။ ၂၀၁၆ မတ်လ ၂၆ တွင် မြောက်ပိုင်းရှိ NCA လက်မှတ်မထိုးသည့် အဖွဲ့များဖြစ်ကြသော UWSA/ NDAA/KIA/ SSPP/ MNDAA/TNLA/AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြောက်ပိုင်း ၇ ဖွဲ့တွေ့ဆုံပွဲသည် လက်တွေ့ကျသော စစ်ရေးမဟာမိတ်ဖွဲ့စည်းရေးကို ဦးတည်ပြီး UWSA အနေနှင့် တပ်ပေါင်းစု၏ ခေါင်းဆောင်မှုနေရာကို တောင်းဆိုခဲ့သည်ဆိုသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ UWSA နှင့် NDAA တို့အနေနှင့် NCA လက်မှတ်ထိုးရေးကို အကြောင်းပြချက်၂ ခုနှင့် ငြင်းပယ်ထား သည်။ ပထမအချက်မှာ ငြိမ်းချမ်းရေးအတွက်  လက်မှတ်ထိုးပြီး၍ နောက်တကြိမ် ထပ်ထိုးရန်မလိုဟု၍ ၎င်း ဒုတိယအချက်အနေနှင့် NCA သဘောတူညီချက်ကို ရေးဆွဲရာတွင် ၎င်းတို့အဖွဲ့များမပါဟူ၍၎င်း ဖြစ်သည်။

မေ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာစစ်ဖက်ခေါင်းဆောင်က ယခင်လက်မှတ်ရေးထိုး သည်နှင့် NCA လက်မှတ်ရေးထိုးသည်မှာ မတူကြောင်း ယခု NCA မှာ နိုင်ငံရေးဆွေးနွေးပွဲပါဝင်၍ NCA လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်းဆိုခဲ့သည်။ မဖြစ်မနေ NCA လက်မှတ်ထိုးမှ နိုင်ငံရေး
ဆွေးနွေးပွဲတက်ခွင့် ရမည်ဟုတော့ မဆိုခဲ့ပေ။

သို့ဖြစ်ရာ မြန်မာစစ်ဖက်မှဆွေးနွေးရန် ငြင်းပယ်ခံရပြီး လက်ရှိကာလတွင် မြန်မာစစ်ဖက်နှင့် တိုက်ပွဲ များဖြစ်ပွားနေသော MNDAA/TNLA/AA တို့သည် UWSA/NDAA တို့နှင့် တွဲ၍ တပ်ပေါင်းစု တခု အသစ်ပေါ်ပေါက်ပြီးဆွေးနွေးပွဲအတွက် ပြင်ဆင်လာဖွယ်ရှိသည်။ သို့ဖြစ်ရာ လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် UNFC တွင်မပါ ဝင်သော KNU/RCSS တို့က တဖွဲ့ KIA ခေါင်းဆောင်မှုရနေသည့် UNFC ကတဖွဲ့ UWSA ခေါင်းဆောင်သော တပ်ပေါင်းစုက တဖွဲ့ ဖြစ်ဖွယ်ရှိသည်။ KIA ခေါင်းဆောင်သော UNFC နှင့် UWSA ခေါင်းဆောင်သော တပ်ပေါင်းစုတို့
မှာ နီးကပ်သောဆက်ဆံရေးရှိပေလိမ့်မည်။ အထူးသဖြင့် UNFC တွင်ပါဝင် နေသော KIA နှင့် SSPP တို့သည် UWSA ခေါင်းဆောင်မည့် အရှေ့မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် နီးကပ်စွာရှိလိမ့်မည်ဟု သုံးသပ်ရပေသည်။

NCA နှင့်နိုင်ငံရေးဆွေးနွေးပွဲ
သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ၂၀၁၁ သြဂုတ်မှ စ၍ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်ဟု ဆိုပါသည်။ ၂၀၁၅ အောက်တိုဘာလတွင် NCA လက်မှတ်ထိုးခဲ့သည်ဆိုသော်လည်း ၈ ဖွဲ့သာ ထိုးနိုင်ခဲ့သည်။ ၂၀၁၆ ဇန်နဝါရီတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်သည်ဆိုသော်လည်း စသည်ဆိုရုံမျှသာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အများစုလည်း မပါဝင်ခဲ့ဟုဆိုရမည်။

သမ္မတဟောင်း ဦးသိန်စိန်လက်ထက် ၅ နှစ်နီးပါးရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ကြည့်ပါက တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် NCA နှင့်သာ အချိန်ကုန်ခဲ့သည်ကို တွေ့ရသည်။ ထိရောက်သည့် နိုင်ငံရေးဆွေးနွေးပွဲ မတက်လှမ်းနိုင်ခဲ့ပေ။ သို့ဖြစ်ရာ တိုင်းရင်းသားအရေး ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး လက်တွေ့ဆွေးနွေးဖြေရှင်းရမည့် တန်းတူရေးပြသနာ ပြည်နယ်များ၏ ရပိုင်ခွင့်ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ လက်နက်ကိုင်ပဋိပက္ခပေါ်တွင်သာ အာရုံစိုက်နေသည်ဟု ဆိုရမည်။ တကယ်တမ်းအားဖြင့်ဆိုသော် လက်နက်ကိုင်ပဋိပက္ခဆိုသည်မှာ နိုင်ငံရေးပြဿနာ မကြေ လည်မှုများမှ အစပြုလာသည်ဖြစ်ရာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သရွေ့လက်နက်ကိုင် ပဋိပက္ခ ပြဿနာကို မဖြေရှင်းနိုင်ပေ။

သို့ဖြစ်ရာ အဆိုပါအချိန်ကုန်ကြန့်ကြာနေသည့် NCA ကိုကျော်လွှားပြီး နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် လိုသည်ဟု မိမိဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို ၁ လ ၂ လ အတွင်းစတင်ရန်လုပ်ဆောင်သွားမည်ဆိုစဉ်က မဖြစ်နိုင်ဟု ဆိုသူများသည် NCA လက်မှတ်ထိုး
ရေးကို ထည့်သွင်းတွက်ချက်နေ၍ ဖြစ်သည်။

၂၀၁၆ မေလ ၁ ရက်နေ့က မိမိရေးသားသော " ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယပင်လုံ " ဟူသော ဆောင်းပါးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြောင်းလဲစဉ်းစားရန် လိုအပ်ကြောင်း အောက်ပါအတိုင်းရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။

 ပြောင်းလဲစဉ်းစားခြင်း
လပိုင်းအတွင်း ညီလာခံခေါ်ယူရန်မဖြစ်နိုင်ဟု စဉ်းစားသုံးသပ်ကြသည်မှာ ယခင်အစိုးရဟောင်း သက်တမ်းအတွင်းချမှတ်ထားခဲ့သော မူဘောင်များအတွင်းမှ စဉ်းစားကြခြင်း ဖြစ်ပုံရသည်။ ယခင်အစိုးရ၏ ချမှတ်ထားသောမူဘောင်အရ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ NCA လက်မှတ်ရေးထိုးခြင်းမရှိသေး သည့်အဖွဲ့ ၈ ဖွဲ့ပြဿနာကို အရင်ဖြေရှင်းမှသာ နိုင်ငံရေးဆွေးနွေးပွဲ (ဝါ) ဒုတိယပင်လုံညီလာခံကို စတင်၍ ရမည်ဟု စွဲမှတ်ထားပုံရသည်။

အကယ်၍သာ အပစ်ရပ်လက်မှတ်ထိုးရေးနှင့် လက်နက်ကိုင်တပ်ပြဿနာကို နောက်ပို့ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အရင်ကျင်းပလျှင် မဖြစ်နိုင်စရာအကြောင်းမရှိဟု ယူဆရပေသည်။ လက်တွေ့ကျကျစဉ်းစားလျှင် လက်မှတ်မထိုးသေးသည့် ၈ ဖွဲ့တွင် အဓိက စစ်ဖက်က လက်မခံနိုင် သည်ဟုဆိုသည့်TNLA တအန်းပလောင် MNDAA ကိုးကန့် AA ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့သာအဓိက ကျနေပေသည်။ ကျန်အဖွဲ့များပါဝင်ရေးကိုစစ်ဖက်က လက်ခံပြီး ဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်တွင် ထို ၃ ဖွဲ့နှင့် ပတ်သက်၍လည်း မြန်မာစစ်ဖက်မှ သဘောထား တစုံတရာ ပြောင်းလဲပုံရသည်။ ပြီးခဲ့သောရက်ပိုင်းက ထွက်ပေါ်လာသည့် သတင်းများအရ မြန်မာစစ်ဖက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်တာဝန်ပေးထားသည့် ဦးခင်ဇော်ဦး (ဒုဗိုလ်ချုပ်ကြီးငြိမ်း) နှင့် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့မှကိုယ်စားလည်များ အလွတ်သဘော တွေ့ဆုံရန် စီစဉ်မှုများကို ကြားသိရသည်။ သို့ဖြစ်ရာ ဒေါ်စုခေါ်ဆိုမည့် ပင်လုံညီလာခံတွင် ၎င်း ၃ ဖွဲ့အပါ ကျန် ၈ ဖွဲ့ တက်ရောက်ရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိဟုဆိုရမည်။

ထို့ကြောင့် အပစ်ရပ်ရေးဆွေးနွေးပွဲများကို နောက်ပို့၍ နိုင်ငံရေးဆွေးနွေးပွဲကို အရင်လုပ်မည်ဟု ပြောင်းလဲ စဉ်းစားလိုက်ပါက မဖြစ်နိုင်စရာအကြောင်းမရှိပေ။

အပစ်မရပ်ဘဲဆွေးနွေးခြင်း
တကယ်တမ်းဆိုလျှင် အပစ်မရပ်ဘဲဆွေးနွေး၍ ရသည်ကိုသက်သေပြပြီးဖြစ်သည်။ ပြီးခဲ့သော တနိုင်ငံလုံးအပစ်ရပ်ရေးသဘောတူညီချက် NCA ကို ရရှိအောင် ဆွေးနွေးခဲ့ကြခြင်းသည်ပင် ပစ်ခတ်နေစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အလားတူပင် အပစ်ရပ်ရေး နယ်မြေသတ်မှတ်ရေး ကိစ္စများကို ဒုတိယဖြေရှင်းရမည့်ပြဿနာအဖြစ် နောက်ပို့ပြီး နိုင်ငံရေးပြဿနာကို ပစ်ခတ်နေစဉ် အတွင်း ဆွေးနွေးနိုင်သည်။

ဆွေးနွေးနေစဉ်အတွင်း ဖက်အားလုံးမှ စစ်ရေးလှုပ်ရှားမှုများနှင့် အလုံးအရင်းနှင့် စစ်ဆင်ခြင်းကို လျှော့ချထားပါက တိုက်ပွဲကြီးကြီးမားမား ဖြစ်စရာအကြောင်းမရှိပေ။ တိုက်ပွဲငယ်များ သို့မဟုတ် အချို့ နေရာများတွင် တိုက်ပွဲအချို့ဖြစ်ပွားခြင်းသည် ပြဿနာကြီး မဟုတ်ပေ။ ဆွေးနွေးပွဲတက်ရောက်နေသူများ ညှိနှိုင်း၍ စစ်ပွဲအရှိန်ကို လျှော့ချ၍ ရနိုင်ပါသည်။

ထို့ပြင် နိုင်ငံရေးအရ ဆွေးနွေးပွဲဖြစ်သည့် ဒုတိယပင်လုံညီလာခံကို အရင်ဆွေးနွေးခြင်းဖြင့် အပစ်ရပ် လက်မှတ်ထိုးပြီးပြီဖြစ်၍ နောက်တကြိမ်ထပ်ထိုးရန် မလိုဟုငြင်းပယ်နေသော UWSA ဝ အဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့တို့ပြဿနာကိုကျော်လွှားနိုင်မည်ဖြစ်သည်။ ထို့အတူ KIO/KIA အပါ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုင်စွဲထားသော နိုင်ငံရေးအရဆွေးနွေးသဘောတူခြင်းမရှိဘဲ အပစ်ရပ်လက်မှတ်မထိုးဟူသော အမြင်များကို ကျော်လွှားနိုင်ပေမည်။

တကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြဿနာသည် တိုင်းရင်းသားတန်းတူရေးပြဿနာ ဖက်ဒရယ်ပြဿနာ စသည့်နိုင်ငံရေးပြဿနာက အဓိကပြသနာဖြစ်သည်။ ထိုပြသနာကိုဖြေရှင်းနိုင်ပါက ကျန်ပြဿနာများကို တဆင့်ချင်းဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ ပြီးခဲ့သော ၅ နှစ်သက်တမ်း အတွေ့အကြုံအရ နိုင်ငံရေးပြသနာကို ထိပင်မထိနိုင် စပင် မစနိုင်ဘဲအ ပစ်ရပ်ရေးပြဿနာ လက်နက်ကိုင်တပ်ပြဿနာနှင့်ပင် အချိန်ကုန်ခဲ့သည်ကိုတွေ့ရပေသည်။

သို့ဖြစ်ရာ အပစ်ရပ်ရေးပြဿနာ လက်နက်ကိုင်တပ်ပြဿနာကို နောက်ပို့ပြီး နိုင်ငံရေးပြဿနာကို အရင်ကိုင်တွယ်ဆွေးနွေးခြင်း နိုင်ငံရေးအရ အများသဘောတူမှုရခြင်း ကြေလည်မှုများရခြင်းတို့ပြီး နောက် အပစ်ရပ်ပြဿနာလက်နက်ကိုင်တပ်ပြဿနာများကို ဆွေးနွေးဖြေရှင်းခြင်းက ပိုမိုလွယ်ကူနိုင်မည်ဟု သုံးသပ်ရပေသည်။ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်နေရင်း နိုင်ငံရေးပြသနာဆွေးနွေးခြင်းသည် လုပ်၍ရသည့်ကိစ္စသာ ဖြစ်သည်။ လောလောဆယ်ကာလတွင်ပင် စစ်ပွဲကြီးကြီးမားမားမရှိပေရာ နိုင်ငံရေးဆွေးနွေးပွဲများမှ နားလည်မှုရလေ စစ်ပွဲကိုလျှော့ချနိုင်လေ ဖြစ်ပေလိမ့်မည်။

ပထမပင်လုံ

၁၉၄၇ ခုနှစ်က ဆွေးနွေးခဲ့ကြသည့် ပထမပင်လုံ၏အဓိကရည်ရွယ်ချက်မှာ ဗြိတိသျှတို့ ခွဲခြားအုပ်ချုပ်ခဲ့ သော တောင်တန်းဒေသများပါ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ဖြစ်သည်။ ထိုစဉ် ဗြိတိသျှတို့က ပြည်မတွင်ပေါင်းထည့်ထား၍ ဗမာတို့နှင့်အတူ လွတ်လပ်ရေးပေးမည့် ရခိုင်၊ ကရင်၊ မွန်တို့ ပင်လုံ စာချုပ်တွင် မပါဝင်ခဲ့ပေ။ ဗြိတိသျှတို့က လွတ်လပ်ရေးမပေးဘဲ ချန်ထားမည့်တောင်တန်းဒေသမှ တိုင်းရင်းသားများသာပါဝင်ခဲ့သည်။

ပင်လုံစာချုပ်ကိုဦးဆောင်လက်မှတ်ထိုးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမှာ စာချုပ်လက်မှတ်ထိုးပြီး လပိုင်းအကြာ လွတ်လပ်ရေးမရမီပင် လုပ်ကြံခံခဲ့ရသဖြင့် ပင်လုံကတိကဝတ်များကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။

ဒုတိယပင်လုံ
ယခု ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ဒုတိယပင်လုံသည် တိုင်းရင်းသားအားလုံး ပါဝင်သင့်သူ အားလုံးပါဝင်မည့် ဒုတိယပင်လုံညီလာခံ ဖြစ်သည်။ တိုင်းရင်းသားတန်းတူရေးပြဿနာ ဖက်ဒရယ် ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမည့်ညီလာခံဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း
နှစ် ၆၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်လာကြသည့် တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမည့် ပွဲဖြစ်သည်။

ထိုညီလာခံသို့ အပစ်ရပ်သည်ဖြစ်စေ မရပ်သည့်ဖြစ်စေ ပါဝင်သင့်သူအားလုံးကို ဖိတ်ကြားတက်ရောက် ခွင့် ပေးနိုင်သည်။ နိုင်ငံရေးအရ ပြဿနာကိုဖြေရှင်းနိုင်ပါက လက်နက်ကိုင်တိုက်ခိုက်နေမှုကို လွယ်ကူကောင်းမွန်စွာ ဖြေရှင်းနိုင်သည်ဟူသောမူကို ကိုင်စွဲထားပါက အပစ်ရပ်လုပ်ငန်းစဉ်များ
အငြင်းပွားမှုများကိုကျော်လွှား၍ အဓိကပြဿနာကို ဆွေးနွေးနိုင်ပေလိမ့်မည်။ သို့ဆိုပါက လာမည့် နှစ်လသုံးလအတွင်း ဒုတိယပင်လုံညီလာခံကို မစနိုင်စရာ မရှိပေ။ ဆွေးနွေးဖြေရှင်းသည့်အချိန်တော့ အတန်ငယ်ယူရဘွယ်ရာ ရှိပေသည်။ တထိုင်တည်းနှင့်တော့ ပြသနာအားလုံး ဖြေရှင်းရန်မဖြစ်နိုင်သော်လည်း အဓိကကျသည့် နိုင်ငံရေးပြဿနာကို စတင်ကိုင်တွယ်နိုင်ပေလိမ့်မည်။ ဤနည်းလမ်းသည် အပစ်ရပ်ပါမစ်ပေး၍ ချော့မြူထားပြီး နိုင်ငံ
ရေးပြဿနာကိုမဖြေရှင်းဘဲထားသည်ထက် များစွာ သာလွန်ပေလိမ့်မည်။
လက်တွေ့ကျကျ နိုင်ငံရေးပြဿနာကို ဖြေရှင်းခြင်းသာ ပြဿနာ၏သော့ချက်ဖြစ်ပေမည်။

မည်သို့ဆိုစေ နိုင်ငံရေးအရမူဘောင်များကို တဆင့်ချင်းဖြေရှင်းသွားနိုင်ပါက ကျန်သည့်အပစ်ရပ် ပြဿနာလက်နက်ကိုင်တပ်များကိုနားလည်မှုရှိစွာ ညှိနှိုင်းဖြေရှင်းနိုင်သည့် လမ်းစများ ပွင့်သွားနိုင်ပေလိမ့်မည်။ ""

အထက်ပါသဘောထာအတိုင်း ဖြစ်လာဖွယ်ရှိသည့်သတင်းများကို၂၀၁၆ မေလ ၂၀ ရက်တွင် ကြားသိရသည်။ ၂၀၁၆ မေလ ၁၉ ရက်နေ့ ရန်ကုန်မြို့ MPC ရုံးဟောင်းနေရာတွင် NLD အစိုးရ ကိုယ်စားလည်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲတွင် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုတွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်များအဖြစ် စေ့စပ်ညှိနှိုင်းရေးတာဝန်ခံဒေါက်တာတင်မျိုးဝင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင် ပါဝင်သည်ဟု ဆိုပါသည်။

ထိုဆွေးနွေးပွဲ၏သဘောတူညီချက်အရ ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးသေး သည့်အဖွဲ့များပါ ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး ၂၁ ရာစု ပင်လုံတွင် ဆွေးနွေးမည့်နိုင်ငံရေးမူဘောင်များ ဆွေးနွေးသတ်မှတ်ရာတွင်လည်း NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်သေးသည့်အဖွဲ့များကို ပါဝင် ခွင့်ပြုမည်ဟု KNU မှ ဖဒိုမန်းငြိမ်းမောင် PNLO မှ ခွန်မြင့်ထွန်းတို့၏ပြောကြားချက်များအရ သိရသည်။ သို့သော် MNDAA/TNLA/AA ၃ ဖွဲ့ပါမပါတော့ရှင်းလင်းစွာ မသိရသေးပါ။ ထို့ပြင် မြန်မာအစိုးရမှ တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးတော့ မတွေ့ရသေးပေ။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )
Illustration - Than Htay Maung