သုအိုင်စံ - မှော်ကသိုဏ်း


ပန်းချီ သန်းဌေးမောင်

သုအိုင်စံ -  မှော်ကသိုဏ်း
(မိုးမခ) မေ ၄၊ ၂၀၁၆

Happy Birthday လုပ်ရမလား၊
Free Aung San Suu Kyi လို့အော်ရမလား၊
Down With Dictatorship လို့ကျိန်စာတိုက်ရမလား။

ရန်ကုန်မြို့ထဲ အမှိုက်ဆို့ရေလျှံ ခြင်တွေတ၀ီဝီ၀ဲပျံနေတယ်။

တပ်မတော်သားတစ်ဦး ဂျီသရီးကိုကျည်ထိုးပြီးတောက်ခေါက်တယ်၊
ဧရာဝတီမြစ်ထဲ လှိုင်းတစ်လုံးတိုးလာသလိုမျိုး။

နာဂစ်ဖြတ်နင်းခဲ့တဲ့လယ်ကွင်းတွေဆီကနေ မရှိတော့တဲ့ကျောင်းလေးဆီ
ကျောင်းသားလေးတွေ မလာတော့တာ ၁နှစ်ရှိပြီ၊
ဒီပန်းချီဆိုးဟာ ပိုးစိုးပက်စက် ဆေးစက်ထဲ့သူမဲ့နေ။

ကျွန်းသစ်လုံးတွေ အပြည့်တင်ထားတဲ့ ၁၀ ဘီးကား ၁၀ စီး နယ်စပ်မျဉ်းကို
မောင်းနှင်ကျော်ဖြတ် တရုတ်ပြည်ထဲက စက်ရုံတစ်ရုံရဲ့ အ၀မှာရပ်တယ်၊
ထမင်းမ၀တဲ့ ရိုးမကတော့ ဒုက္ခ၀နေတဲ့ ပြည်သူတွေကို ရင်ခွင်ပိုက်လို့။

ဆိုက်ရောက်လာတဲ့လူငယ်မှာ ရင်နာစရာ အဖြစ်ဆိုးတွေတနင့်တပိုးနဲ့၊
ထွက်ခွာနေတဲ့လူငယ်ဟာ ယုံကြည်မျှော်လင့်ရာတွေ အသစ်ပျိုးလျှက်၊
ဗိုက်ဟာလာနဲ့တိုင်းပြည်ထဲ ဗိုက်ဆာနေတဲ့မိခင်ဟာ
ရင်နာနေတဲ့ မျက်ရည်စက်တွေကို နေ့စဉ်ရက်ဆက်ကြွေလို့ရယ်။

ဘ၀။


ညီမလေးရေ...မင်းပန်းချီရေးတဲ့အခါ
မင့်ပါးပြင်လွလွနှစ်ချပ်ပေါ်က
လွပ်လပ်မှုကိုဆာလောင်နေတဲ့ မင်းပါးချိုင့်လေး နှစ်ပွင့်ကိုပါအောင်ရေး၊
အဲဒီအခါ မင်းလက်ထဲက စုတ်တံဟာ အာဏာရှင်ကို တော်လှန်တဲ့ လှံတစ်လက်ဖြစ်ပြီး
မင်းရှေ့က ကင်းဘတ်စ်စဟာ လွတ်မြောက်ရေးတပ်ဦးအတွက် အလံတစ်ရွက်ဖြစ်လေရဲ့၊
အနာဂတ်ပြခန်းထဲမှာ
မင်းရဲ့အနုပညာဟာ ပြည်သူတွေရဲ့အောင်ပွဲလို သပ်ရပ်တင့်တယ်ခမ်းနားလို့။

ဘုရားသခင် မုန့်ဖိုးပေးလိုက်တဲ့ ဒုက္ခတရားတွေနဲ့
ဘုရားသခင်ဖွင့်ထားတဲ့ဖဲဝိုင်းထဲ ငါတို့ဝင်ခဲ့တယ်၊
ဘုရားသခင်ရဲ့ အသုဘပွဲမှာ၊
ဘ၀ဆိုတာ
(ငါ+မင်း=ငါတို့) ဆိုတဲ့ အဓိပ္ပါယ်ရအောင် နေထိုင်ရှင်သန်ခြင်းအနုပညာ၊
လူကလူကို ဖဲခိုးမရိုက်နဲ့၊
လူကလူကို ဂုတ်သွေးစုတ်မအုပ်ချုပ်နဲ့၊
ဖဲဝိုင်းကြီးတစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်။

စက်တင်ဘာရဲ့ လမ်းမြေပေါ် ဦးနှောက်သားပြဲရဲ ပွင့်ထွက်နေတဲ့ ဦးခေါင်းတစ်လုံး၊
ခြေပြတ်တစ်ဖက်ကို မရှာနိုင်တော့တဲ့ ခြေပြတ်တစ်ဖက် မွကြေ၊
ရေပုတ်မြောင်းထဲက မှောက်ခုံသေ သံဃာတော်အလောင်းပုတ်ပွ၊
လူသတ် ထရပ်ကားတွေ ဖြတ်မောင်းသွားတဲ့ ရန်ကုန်မြေ၊
သာသနာ့သားတော်တွေ လှမ်းလျှောက်လမ်းဖောက်ခဲ့တဲ့တိုက်ပွဲ၊
အာဏာရှင်တွေ မိုက်မဲမိုက်ကန်းခဲ့တဲ့သမိုင်း၊
အမိမြေကို သွေးမုန်တိုင်းက ခွပ်နေရဲ့...
လူထုရဲ့ ရွှေဝါရောင်အောင်ပွဲဟာ ရောင်စဉ်ခြည် လက်ကြွပြသ...
အမှန်တရားနဲ့ သွေးလှည့်ပတ်စီးတဲ့ အနာဂတ်မှာ။

ရဲရင့်ရိုးသားဖြောင့်မှန်တဲ့ ကျည်တစ်တောင့်က
မွဲညစ်ပိုးစားဖောက်ပြန်နေတဲ့ ဦးနှောက်ကို ပစ်ဖောက်ဖွင့်ထွက်သလိုမျိုး၊
လူဖြစ်ကျိုးနပ်ဖို့ ဒီခေတ်ဆိုးကို ပစ်သတ်တာဟာ မွန်မြတ်တယ်၊
အဲဒီကျည်ဆံတွေ သန်းပေါင်း ၅၀ကျော်ရှိတဲ့နိုင်ငံမှာ သတ္တိတွေ ယမ်းအ နေလို့မဖြစ်ဘူး၊
ကိုယ့်ဘ၀ကို ကိုယ်ခူးရမယ်၊
ကိုယ့်ဘ၀ကို ကိုယ်ဦးချမယ်၊
ဘုရားများ။


ဆင်းလာတဲ့ ဆိုက္ကားပေါ်က ငါက တက်လာတဲ့ ဆိုက္ကားပေါ်ကကောင် ကို ကိုယ်ချင်းစာမိရဲ့၊
ဘ၀ဆိုတာ မင်းလိုပဲ ရှေ့ဆက်ရုန်းတက်ရဦးမဲ့ တကယ့်ကုန်းအတက်တွေနဲ့ပေါ့ကွာ၊
ခက်တာက အစိုးရမချစ်အားလို့ ပစ်ထားတဲ့ရပ်ကွက်ထဲက ငါတို့ဘ၀တွေ ဂွေခွင်ခဲ့ရအခါခါ
ဘီးပေါက်ခဲ့ရအခါခါ တိမ်းမှောက်ခဲ့ရအခါခါ၊ ပေါက်ပြဲစုတ်ပြတ်နေတဲ့ ရာစုလမ်းတွေပေါ်၊
ရေလျှံဗွက်ထနေတဲ့ ခရောင်းလွင်ပြင်ဘ၀တန်ဖိုးခပ်ဆိုးဆိုးတွေပေါ်၊
သံသရာလိုပဲ လည်ပတ်နေတဲ့အရာတွေကို မရပ်လိုက်နဲ့၊
လည်ပတ်နေတဲ့ကောင်တွေကို သတ်ကြ၊ သမိုင်းဘီးကြီးလိမ့်နေသည်။

မိုးလင်းခဲ့ပြီ၊
အဲဒီမှာ မနက်စာမရှိလည်း အိပ်ယာထရပေဦးမည်၊
အလုပ်လိုက်ရှာနေတုန်း ဗိုက်ဆာလာဦးမည်၊
စားစရာမရှိသော်လည်း ခံနိုင်ရည်ရှိရဦးမည်၊
မိုးချုပ်ခဲ့ပြီ၊
အဲဒီမှာ အိပ်ယာမရှိလည်း အိပ်ရပေဦးမည်၊
မိဘကမွေးပြီး နိုင်ငံတော်က ပစ်ထားသော
ခလေးများရဲ့ အနာဂတ်မဲ့ရောဂါ မြို့ကြီးများတွင် ကူးစက်ပျံ့နှံ့နေသည်။

ကျော်ကျော်သည် နွားနို့ခွက်ကို သွန်မသွားခဲ့ပါ။

စာသင်ယူဖူးသူနှင့် စာသင်ပေးဖူးသူတို့
ကျောင်းတော်ကြီးအားလွမ်းနေတုန်း
အလွမ်းခံနေရသော ကျောင်းတော်ကြီးရဲ့ မုဒ်ဦးဝတံခါးအား
စစ်ခမောက်တစ်လုံးနှင့်တူသော သော့ဂလောက် တစ်လုံးချိတ်ဆွဲထားစဉ်
စစ်တက္ကသိုလ်ထဲမှာ
ဗိုလ်လောင်းတွေ တစ်အုပ်ပြီးတစ်အုပ် သင်တန်းဆင်းသွားခဲ့ကြပြီ၊
မိုးရွာစဉ်လူအချို့ ငွေနှင့်အ၀ယ်ခံရပြီး လုံခြုံခဲ့သော်လည်း
လူအချို့မှာငွေနှင့် အကန်ခံရသောကြောင့် စိုရွှဲ စုတ်ပြတ်နေသောဘ၀များ၊
မောင်းတင်ကျည်ထိုးထားတဲ့ ယုံကြည်ချက်နဲ့၊
ကောင်းကင်ဆိုးအား ပစ်ချပစ်သတ်သွားမဲ့ မျိုးဆက်များရဲ့ စိတ်ဓါတ်
လွတ်မြောက်ရေး ဓါးတစ်လက်လို ကျစ်လစ်လက်ပထက်ရှ နေတယ်။

ရန်နဲ့ငါကြား ချန်ထားစရာ အချစ်မရှိပါ။

ဒါဏ်ရာတစ်သောင်းနားတဲ့ အတိတ်
ယုံကြည်ချက်တစ်သောင်းနားတဲ့ တိုက်ပွဲ
အနာဂတ်တစ်သောင်းနားတဲ့ အောင်ပွဲ
ထောင်ထဲက ၆၅ နှစ် မိခင်တွေမွေးသမျှ
တော်လှန်ရေးသမားတွေဖြစ်တဲ့မြေရဲ့ chamberထဲက ကမ္ဘာမကျေဘူး ဟိန်းထ၊
လမ်းကိုယ်တိုင်ချီတက်နေရတဲ့လမ်းပေါ်က ချီတက်နေကြတဲ့ပြည်သူ့ဘ၀များ (တရားသဖြင့်)။


 ပြည်တွင်းစစ် အစွဲမကျွတ်တဲ့ အရိုးစုဝိညာဉ် ၃ ကောင်
သံလွင်မြစ်ထဲ ရေရှပ်ပြေးကစားရာကနေ
ဒေါနတောင်တန်းပေါ် လွှားကနဲ ၀ဲပျံခုန်တက်လိုက်စဉ်၊
တစ်ကောင်က look over there လို့ပြောတယ်
နောက်တစ်ကောင်က where လို့မေးတယ်
နောက်ထပ်တစ်ကောင်က there ညွှန်ပြတယ်၊
အဲဒီမှာ သွေးအိုင်ထဲ လဲပြိုသေနေတဲ့ သင်တိုင်းဖြူပျို
မြန်မာ့တပ်မတော်သုံး စစ်ဖိနပ်ခွာရာများ
တောင်ယာစပါးခင်းပျက်ထဲက အနိဌာရုံ ပြည်တွင်းစစ်ရဲ့ထွက်ကုန်များ
ဆယ်စုနှစ်များစွာဟာ အစိုးရဆိုးရဲ့ ဂုဏ်သိက္ခာဆိုးတွေကို လိုက်ပါသယ်ဆောင်လို့။

ရွာထိပ် ရေတံခွန်က လျှပ်စစ်ဓါတ်တွေထုတ်လုပ်ပြီး မြို့ကြီးပြကြီးတွေဆီ ပို့ဆောင်နေချိန်မှာ
လောပိတရွာလေးကတော့ ဆီမီးခွက်လေးထွန်းပြီး ကကြီး ခခွေးတွေအလွတ်ကျက်နေရကြောင်း
တေးတစ်ပုဒ်ရေးဖွဲ.ခဲ့ကြတယ်၊
ဒီနေ့တော့...ထင်းခုတ်သွားသူဟာ တပါးမြေဆီစီးဆင်းနေတဲ့
ဂက်စ်ပိုက်လိုင်းကြီးနဲ့ ခလုပ်တိုက်လဲ မေ့မျောအံ့သြ၊
ကိုယ့်ချမ်းသာမှုထဲမှာကိုယ်ဆင်းရဲမှောင်မိုက်နေတဲ့ ဘ၀နဲ့ ကကြီး ခခွေး လူ့အဓိပ္ပါယ်တွေ၊
ကောင်းကင်ဟာမြေပြင်ကို သေနတ်ဒင်နဲ့ ဆန်ရင်းနာနာထောင်းနေလေရဲ့
(ဖြစ်သင့်လို့လား) (ဖြစ်ပျက်နေခဲ့/လျှက်/တယ်)၊
ကောင်းကင် ကို မြေမြိုဖို့
ပြည်သူတွေရဲ့ ဟက်တက်ကွဲ နှလုံးသားအက်ကြောင်း
စိတ်ဓါတ်မီးတောင်တွေ ဓါတ်လိုက်ပေါင်းစည်းပြီ။


လူတယောက်ဖြစ်ဖို့  သူဘယ်လောက်ကျင့်ရမှာလဲ
လူတယောက်ဖြစ်လာရန် သူဘယ်လောက်အနစ်နာခံရမှာလဲ
ဗန်းမော်တင်အောင်ပြောတဲ့ ဘ၀တန်ဖိုးကို ယုံလို့ 
မျိုးဆက်တို့ တခုပြီး တခုချရင်း
လူဆန်သူဆန်တဲ့ ပျိုးခင်းလေးဆီ၊
စတေးတယ်လို့ မပြောရဘူး၊ ရွေးချယ်တယ်လို့ ပြောရမယ်လား
ပညာတတ် စကားလုံးဒသနတွေကြားက ငါတို့  ငတုံးငအ တွေ၊ ဘာဖြစ်လဲ။

တိုက်ကြားထဲ ဆိုက်ထားတဲ့ ညငှက်တစင်းဆီ
ရိုက်စားရဲတွေ ယင်းထနေတဲ့လောဘတွေနဲ့ ကပ်သီလာရဲ့
တရားဝင်ကောက်တော့အခွန်၊ အတင်းကောက်တော့ဘာလဲ၊
အမှောင်ထဲက ထမင်းတနပ်၊ ညငှက်တွေရဲ့တောင်ပံခတ်သံ
ပြင်းထန်လာပြီ။

ရိုးရိုးသားသား ခိုးစားမဲ့ သူခိုးဟာ ဆာလောင်နေတဲ့ အစာအိမ်ကို အားပြုပြီး
ကြောင်တကောင်လို မီးဖိုချောင်ထဲ ခုန်ဝင်လိုက်တယ်
ပြီးတော့...ထမင်းအိုးထဲက ထမင်းတုံးကိုနှိုက်
ကြောင်တကောင် ငါးကြော်ကိုက်ချီပြေးသလို ထွက်လာလိုက်တယ်
သိပ်တော်တဲ့ ဆားပုလင်းနှင်းမောင်ဟာ၊ သူခိုးကို ၅ နာရီအတွင်းမှာ မိအောင်ဖမ်းပြီး
၅ ရာတန် ၅ ရွက် ထုတ်ပေး၊ နောက်မလုပ်ဖို့ တားမြစ် အမှုပိတ်ပစ်ခဲ့တယ်
တိုး...တက်...နေ...ပါ...တယ်...ဆို...တဲ့...တိုင်း...ပြည်...ထဲမှာ၊
(p.s. ထမင်းခိုးခြင်းသည် အစစ်ဖြစ်၍ ငွေပေးခြင်းသည် အတုဖြစ်သည်။)

သင်လာတဲ့ သင်္ချာဟာ မှားခဲ့ပြီ
လူသတ်ဗုံးတလုံးထဲမှာ အမုန်းတရား ဘယ်နှရာခိုင်နှုန်း
စစ်ပွဲတခုထဲမှာ ငြိမ်းချမ်းရေး ဘယ်နှရာခိုင်နှုန်း
ယုံကြည်ချက်တခုထဲမှာ ဒါဏ်ခံနှုန်းအား ဘယ်လောက်
ကြိုးစားအားထုတ်မှုထဲမှာ အောင်မြင်မှု ဘယ်နှခု
ရလဒ်အဖြေထဲမှာ ပြုန်းတီးမှု ဘယ်နှခု
အတည်ပြုရခက်တဲ့ သီအိုရီအတုတွေကြား
မြင်လာတဲ့ အမြင်ဟာ ၀ါးခဲ့ပြီ
(လူ့ သမိုင်းဆန်ဆန်တော့ သူ့ အတိုင်းသူမှန်နေတာပေါ့ကွာ။)

နေဓါးလို ရေသွားလို လေအားလို
သတ်ကွင်းကို ဖြတ်ရင်းနဲ့ ထိုးတက်
ပဲ့ကြွေပေမဲ့ ဆက်ဝေနေတဲ့ မျိုးဆက်တွေ
.................................................
အောင်မြေမှာပွင့်တဲ့ ပိတောက်ပန်းတွေဝေလို့ 
ပြည်သူ့ ပီတိမျက်ရည်တွေနဲ့ သင်္ကြန်ရေပက်မယ်
ပြည်သူ့ လက်ခုပ်သံတွေနဲ့  မဏ္ဌာပ်လှည့်မယ်
(အနာဂတ်တိုင်း...အနာဂတ်တိုင်းမှာ)။



စစ်တပ်က စစ်တပ်ကို ပစ်သတ်ပြီး အသစ်စမယ် လို့ 
ကဗျာဆရာက အဝေးကကြပ်ပေးနေတယ်
ပြန်
ပြန်လာ
ပြန်လာကြ
ပြန်လာကြပါ
ပြန်လာကြပါဦး
ပြန်လာကြပါဦး ဒီကို
ဒီမှာ..၅ သန်းလောက်ဟာ မဟုတ်မဟတ်တွေနဲ့  အဆင်ပြေနေပေမဲ့
သန်း ၅၀ လောက်ဟာ ဒုက္ခတွေနဲ့  ရှင် သေ နေခဲ့တယ်၊ မင်းဘယ်မလဲ။

သံချောင်းဟာ ဓါး တလက် လောက်ပဲ တောင့်တ ခဲ့ပေမဲ့
ဓါးတလက်ဟာ သံချောင်းလက်ထဲမှာ အမြဲရှိမနေခဲ့ဘူး
မေခလာကယ်တဲ့ ဇါတ်လမ်းတွေကို မေ့ပြီး
သေချာတဲ့ ဘ၀လမ်းတွေပေါ် ရွေ့ ကြ
မီးပင်လယ်ကို ကိုယ်တိုင် လှော်ခပ်နေကြစဉ်။

ငါ့အိမ် ငါ့အမေ ငါ့ရွာ ငါ့ရွာသား၊ အားလုံး ရှင်ပျောက် သေပျောက် ပျောက်သွားကြပြီ
ငါမမြင်ဖူးသေးတဲ့ ငါ့ညီမလေးက ခလေးတယောက်နဲ့  ငိုပြတယ်
မင်းတောင်းတဲ့ မုန့် ဖိုးအတွက် သူပုန်ရဲ့ အိပ်မက်ဆိုးတွေပဲ ရင့်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ပြီး မျက်ရည်ကိုနှလုံးသားထဲ ငါသောက်ထဲ့ပစ်လိုက်တယ်
မင်းထွက်လာစရာမလိုဘူး၊ ငါပြန်ခဲ့မယ် ညီမလေး၊ ဒါ...ငါတို့ တိုင်းပြည်
ဒီစစ်ခွေးတွေကို အဆိပ်ကျွေးသတ်ဖို့ လေ့လာနေပါ။


ကျည်ဖူးကိုဖွင့် ယမ်းကိုသွန် ပြန်ပိတ်
သူလျှိုစိတ်တွေ ဒီသေနတ်ထဲလွှမ်း နေတယ်၊
စာအုပ်ကိုထုတ် အလယ်ကဆွဲဆုတ် သင်ရိုးညွှန်းတမ်းလုပ်
ဆရာယုတ်စိတ်တွေ ဒီကျောင်းခန်းထဲ ရမ်းနေတယ်၊
သဘောထားလွဲရုံနဲ့ ရထားလမ်းကို ခုတ်ခွဲရရောလား
ငါတို့ မှာ ရှေ့တန်းစခန်းရော နောက်တန်းစခန်းရော ပေါင်းမှ
ဒီသံလမ်းလေး ၂ ချောင်းပဲရှိတာ
ငါတို့ မှာ ယုံကြည်ချက်ရော တိုက်ပွဲရော ပေါင်းမှ
ဒီတော်လှန်ရေး ၁ ခုပဲရှိတာ
သောက်သုံးလည်းမကျ၊ မလုပ်တတ၊် ဘာမှမတိုက်တတ်တဲ့ ခေါင်းဆောင်တွေ
နောက်ဆုံးတွဲကနေ အပုတ်ချ အာရိုက် လိုက်ခဲ့ပါ
ရထားဟာ မျိုးဆက်သစ်အားတွေ တနင့်တပိုးနဲ့ သယ်ဆောင်ထိုးတိုက် လို့ ။

ဟုတ်ပါတယ်
အမှုန်အစလို(လက်ဖြာတဲ့ကြယ်) အတွက် သုံညလို စကြ၀ဠာဟာ ကျယ်ခဲ့တယ်
အရုးရင့် အရွယ်အို (ညနေကြယ်) တွေက
လူထုမေးခွန်းကို မှောင်အောင်ဖြေလို့ မဖြစ်ဘူး
အမေ့အပြုံးလေး တုတ်ကောက်နဲ့  ပုဂံလမ်းပေါ် လျှောက်နေတဲ့ဆီ
အမေ့မြေးလေး ကတုံးဆံတောက်နဲ့  မူကြိုတေးဆို ခုန်ပေါက်နေတဲ့ဆီ
လင်းလက်ခဲ့
ဖူးပွင့်တဲ့ ကြယ်ပျိုတွေက အမွေဆက်ခံ လင်းတောက်မယ်
ဒီ..စစ်ဖိနောင့်သံသည် ဂီတမဟုတ်ပါ။

ဓါးမြောင်တလက်လို ရောခ့်ကဗျာဆရာ ရောက်ချလာတယ်
ပြီးတော့...စားပွဲပေါ်ကို ညီမျှခြင်းတခု၊ မြွေဟောက်တကောင်လို ပေါက်ချလိုက်တယ်
(မနေ့ ကအကြောင်း + ဒီနေ့ အကြောင်း + မနက်ဖန်အကြောင်း = ဖတ်မရတော့ပါ) တဲ့
အရက်ပုလင်းတလုံးရဲ့ ရှေ့မှာ လ္ဘက်ရည်တခွက်ရဲ့ ရှေ့မှာ
မြို့ပြစိတ်ကျရောဂါဟာ မြို့ပြနံနက်နေရောင်လို အမောက်ထောင်လန်းဆန်းလို့ 
စာပေနယ်က အလုပ်ဖြုတ်ချိုးသတ်ခံလိုက်ရတဲ့ ကဗျာတွေနဲ့ 
ရွာလည် ပုတ်သိုးနေသော ဘ၀များ။



ဒီကိုလာပါ၊ ဖတ်ပါ မှတ်ပါ၊ ပြီးရင်ပြန်ထား၊ ငှားခွင့်မရှိ
အမျိုးသားစာကြည့်တိုက် ဖွင့်ထားပေးခဲ့ဖူးတယ်
တိုင်းပြည်မွဲတော့...ပိုးစားခြကိုက်နေတဲ့ အကျင့်စရိုက်တွေက
အမျိုးသားစာကြည့်တိုက်ကို ၀ိုင်းကိုက်စားလိုက်ကြပြီ
ကျောက်စာကို ရေးခဲ့တဲ့ ကျောက်တံတချောင်း
ဈေးကောင်းလို့  ရောင်းချိုးလိုက်ကြပြီ
ပိဋက ၃ ပုံ အာဂုံဆောင်ထားတဲ့ ရဟန်းတပါး
ပုန်ကန် စကားများလို့  ပစ်သတ်လိုက်ကြပြီ
စာကြည့်တိုက်ထဲကို စာရေးဆရာမလေး ၀င်လာတယ်
လာရှာတဲ့ ကိုးကားရမဲ့စာအုပ်ဟာ ပျောက်နေလေရဲ့
သူမသည် ၀တ္ထုကို ရှက်ပြုံးပြုံးသလို အဆုံးသတ်ခဲ့၏။

Gladiator ဖျော်ဖြေတာကိုပဲ ဟေးလားဝါးလား အပျော်လိုက်မနေကြနဲ့
Gladiator လို ကိုယ်တိုင်ဝင်တိုက် ဖျော်ဖြေရမဲ့ ဘဝ
တိုင်းပြည်ရဲ့ ရင်ထဲမှာ အတွင်းလူနာ လာလာလုပ်နေတဲ့ ဆရာဝန်တွေ
တိုင်းပြည်ရဲ့ အ၀င်အ၀မှာ အပြင်လူနာ လာလာလုပ်နေတဲ့ ရောဂါသည်တွေ
ကိုယ့်အသက်ရှူနှုန်းဟာ ကိုယ်ကုထုံး ကိုယ့်နှလုံးသားဟာ ကိုယ့်ဆေးဝါး
လောကဆိုတဲ့လေထုထဲ လူဆိုတဲ့သီချင်းဟာ ပီသခွင့်ဆိုတဲ့ဂီတလို
လင်းပကျုးရင့် အလံတလူလူလွင့်နေရမယ်၊
တခြမ်းပဲ့ ဗလောင်ဆူနေတဲ့ ရောမမြို့ကြီးထဲမှာ
မင်းရောငါရော ပက်လက်မျောနေတဲ့ သင်္ဘောပျက်ကြီးလို
ပင်လယ်ကိုယ်တိုင် ဖွဲ့ စည်းပုံပျက်နေတဲ့ မြန်မာပြည်ရဲ့ အဏ္ဏ၀ါခရီး
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ရွက်လွှင့်လေတော့။



အာဇာနည်နေ့ 
ဘုရားလည်ပင်းကို ကြိုးကွင်းလာမစွပ်နဲ့ 
ကြိုးစင်ပျက်ကျ၊ ကြိုးပြတ်တတ်သည်
အာဇာနည်နေ့ ။

အရိန္ဒမာတို့  ယိမ်းနွဲ့ ပါးတို့ လို
ရာဇ၀င်တွေ အခြံအရံနဲ့  ရှင်သန်ခဲ့ရတာမဟုတ်ဘူး။
ငါ့ဘ၀သမိုင်းစာအုပ်ကို
ငါ့ပထမဆုံးခုတ်ချက်နဲ့ ရေးသားပုံဖော်ဖို့ 
ဓါးအိမ်ထဲကခုန်ထွက်လိုက်တယ်။တိုက်ဓါး။

ရေးချိန် ဖတ်ချိန် မရခဲ့တဲ့ ဗဟုသုတလေးနဲ့ 
သွေးချိန် သချိန် မရခဲ့တဲ့ ပင်ကိုရည်လေးနဲ့ 
တိုက်ရင်းနဲ့ ထက်ခဲ့၊ တိုက်ရင်းနဲ့ ပဲ့ခဲ့
လောကက ခုတ်ပစ်ရမှာတွေ သိပ်များတယ်။

ငါ့ ဓါးရိုးမှာ ငါ့ လက်ဗွေရာ ပဲရှိရဲ့
ငါ့ဓါးသွားမှာ ရန်သူ့ သွေးဟာ နီကျင်စွန်းကပ်နေတယ်။

ရေဆေးမ၀ယ်နိုင်လို့ ရေနဲ့ပဲ ရေးလိုက်ရတဲ့ ပန်းချီကားတွေ
ဆီဆေးတွေ ပိုလျှံနေလို့ အဆီအစ် ဗိုက်ရွှဲနေတဲ့ ပန်းချီကားတွေ
လောကပြတိုက်ထဲက ပန်းချီဟာ နရီ ကာရန် ဆေးစပ်မှန်ရင် မကောင်းဘူးလား
တယောက် အရောင် တယောက် နှိုက်မခိုးနဲ့
တယောက် ဘောင် တယောက် ရိုက်မချိုးနဲ့
မတော်တဆ စိုက်ပျိုးခံရတဲ့ လူ့ ဖြစ်တည်ခြင်းမှာ
လူက လူကို ကိုးကွယ်စရာ လိုလို့ လား
ကိုယ့် ခါးရိုး ကိုယ် အားကိုးတဲ့ ကောင်တွေချည်းပဲ ဟေ့ကောင်။

ရဲဘော်ရိုင်ယန်ကို မေ့လိုက်တော့ကွာ
ငါတို့မှာ စားစရာမရှိတော့ဘူး
ဒါမှမဟုတ်...စားမဲ့လူတောင်မရှိတော့ဘူး
ဒီလိုလည်းမဟုတ်သေးဘူးဆိုရမလား
ဥပဒေအစဉ်အလာတွေနဲ့ပဲ
ကုနေတာကြာလာတဲ့ ကင်ဆာ ဟာရင့်ခဲ့ပြီ။


သရက်ထောင်မှာ ရေးခဲ့တဲ့ကဗျာတပုဒ် လွတ်မြောက်ရေးကဗျာလောကကို အုပ်ချုပ်တယ်
ရဲရင့်နဲ့ရဲသီဟ မောင်းခဲ့တဲ့ လေယာဉ်ပျံတစင်း လွတ်မြောက်ရေးကောင်းကင်နံရံကို ထိမှန်တယ်
စစ်ငြိမ်းအေး ရေးခဲ့တဲ့ ပန်ချီကားတချပ် လွတ်မြောက်ရေးပြတိုက်မှာ ကပ်ထားတယ်
ရဲနည်ရေးခဲ့တဲ့ တေးတပုဒ် လွတ်မြောက်ရေးသံစဉ် notes နဲ့ယက်လုပ်တယ်
တိုးအောင်လွင် လက်ထဲက ကြေးနန်းတရွက် လွတ်မြောက်ရေး ဆိုက်ဘာနဲ့ဖော်ခဲ့တယ်
လွတ်မြောက်ရေးကို ပုံဖော်အသက်သွင်းဖို့ တော်လှန်ရေးဆိုတာ ခရီးပြင်းချီအောင်ပွဲခံရတယ်
မောင်ချောနွယ်က
ကိုဖော်ဝေးရေ ကျနော် နောက်မဆုတ်တော့ဘူးလို့ ကြွေးကြော်ခဲ့တယ်၊ ရေးခဲ့ ရင်းခဲ့တယ်၊
မောင်ချောနွယ်ဟာ မောင်ချောနွယ်ဖြစ်ခဲ့တယ်။ဒါပဲ။

သေနေတဲ့ အေကေစက်လတ်တလက်လို
ဘ၀ကို (လေးလေးနင့်နင့်) ထမ်းထုတ်သွားကြ အနောက်အရပ်ဆီ (လေးလေးနက်နက်)
ဘာဆက်လုပ်ရမယ်ဆိုတာကို မသိတဲ့ အများအတွက်ဗျူဟာတွေနဲ
ဘာဆက်လုပ်ရမယ်ဆိုတာကို သိတဲ့ ငါ့အတွက်ဗျူဟာတွေနဲ့ ၊
အခွင့် အရေးကို siege မလုပ်နိုင်တော့ကွဲပြဲ
အချစ်လေးကို keep မလုပ်နိုင်တော့ အသဲကွဲ၊
ပြည်သူ့ သွေးကို lead မလုပ်နိုင်တော့ ဟိုလွှဲဒီလွှဲ၊

ရွက်ကျပင်ပေါက်လို ရောက်လေရာမှာ ချစိုက်ပေမဲ့၊ ဘ၀ဟာပေါက်ဖို့ သေချာရဲ့လား
အကြိမ်ကြိမ် ပြောင်းရွှေ့ စိုက်ပျိုးခံရတဲ့ သစ်ပင်များစွာ၊ ဥယျာဉ်မှားကြီးထဲမှာတိုင်ပတ်ရွာလည်
မြန်မာနိုင်ငံရဲ့လွတ်မြောက်ရေးကုန်သည်များ။

မြေပုံတချပ်နဲ့ ပထ၀ီဘာသာရပ် မဖြစ်ဘူး၊
ရာဇ၀င်တစနဲ့  သမိုင်းဘာသာရပ်မဖြစ်ဘူး၊
ဗေဒင်ဟောစာတမ်းတရွက်နဲ့  နက္ခတ်တာရာကို ရမ်းဟောလို့မရဘူး၊
ဟော့ကင်းပြောတာကို လက်ညိုးထောင်ခေါင်းငြိမ့်ခဲ့၊ ဟော့ကင်း ပြန်ပြင်တာကို ခေါင်းငြိမ့် လက်ညိုးထောင်ခဲ့၊
ဖောက်ထွက်တဲ့ ကိုယ်ပိုင် ဦးနှောက်လေး တည်ထောင်ကြည့်ရအောင်လား၊
သမိုင်းကတော့ တော်လှန်ရေးတခုနဲ့ လွပ်လပ်ရေးကို ပုံဖော်မွေးခဲ့တယ်။


လိမ္မော်ရောင်တွေ မှိန်မှောင်ပျောက်နေတဲ့ လိမ္မော်သီးတွေ
ဘယ်ကိုမှမရောက်တဲ့ ဟိုင်းဝေးလမ်းမ အစုတ်ကြီးပေါ်က
စစ်တလဘတ်ကြီးအုပ်ကာထားတဲ့ ထရပ်ကားကြီးထဲမှာ
လူမိုက်မျက်ခွက်နဲ့  G3 ၄ လက်က ကင်းစောင့်လို့ 
အမိမြေ...
ရှည်ရှည်လျားလျား စစ်ကားတန်းကြီးတွေ
ဖုန်တထောင်းထောင်းနဲ့ မြန်မာပြည် အလယ်ကြောကို မောင်းတက်လာတယ်
နွား ကျွဲ ခွေး လူ ကြောင် အကုန်ရှောင်၊ မာဖီးယား ဆေးကြောင်တဲ့လမ်းစဉ်နဲ့
ဒီလိုနဲ့...
လူချမ်းသာ မြို့ ၁ မြို့ ဖြစ်လာတယ် လူဆင်းရဲ ရွာ ၁၀၀ ပျက်သွားတယ်
အဲဒီဖိနှိပ်မှု ရေပြင်ထဲမြုပ်သွားတဲ့ ဘ၀တွေ
ဘယ်ဘုရားသခင်ရဲ့ ရင်ပြင်မှာ သွားပေါ်ခဲ့ပါသလဲ
စစ်ကားတန်းကြီးဟာ ပျဉ်းမနားမြို့ကို အဖြတ်
မြို့လေးဟာ တဆတ်ဆတ်တုန်ခါ
ကဗျာဆရာ လက်ထဲက ခွက်ဟာကျကွဲ
စာရွက်ပေါ် ဓါးသွားတွေ ညီညာပြန့်ကြဲလို့
တွေးဆရေးထားတဲ့ကဗျာကို သွေး ဇ နဲ့ဖတ်လိုက်တဲ့အခါ
မင်းဟာ...တော်လှန်ရေး...ပေါ့ကွာ။

ငါက တောမီးအလယ်ခေါင်က ခွေးငယ်လေး တကောင်လို
မင်းက ရေခဲမုန်တိုင်းထဲ ညှပ်ပိတ်မိနေတဲ့ မီးသတ်လေယာဉ် တစင်းလို
ကမ္ဘာဟာ
တဟုန်းဟုန်း ဒေါသတကြီးလောင်နေတဲ့မီးကို
တ၀ုန်းဝုန်း လောဘတကြီးလျှံနေတဲ့ရေနဲ့ မငြိမ်းသတ်နိုင်ခဲ့ဘူး
လူဟာ
လိုလိုလောလောဆာနေတဲ့ဗိုက်ကို ပိုပိုပေါပေါလျှံနေတဲ့အစာနဲ့ မဖြည့်နိုင်ခဲ့ဘူး
အရူးသစ္စာအတ္တနဲ့ ဥပေက္ခာအက ကို ကခဲ့ အခဲ့ တယ်။



ဧရာဝတီဟာ
ရေငန်တွေကို ပြန်အန် မထုတ်နိုင်သေးဘူး
စပါးပင်တွေမှာ အားအင်မရှိသေးဘူး
များပြားလှတဲ့ မိဘမဲ့ခလေးတွေဟာ
အစားစားရဖို့ အရေး အချင်းချင်း ကြီးကြပ်ရှာကျွေးနေရရှာတယ်
အရေးကြီးလွန်းလှတဲ့ မူလတန်းကျောင်းတွေဟာ
ရေကြီးသွားခဲ့တဲ့ အရပ်မှာ ပြန်ပေါ်မလာသေးဘူး
နာဂစ် အလုပ်အကျွေးပြုသွားတဲ့ ၁၁ ဘီလီယံနဲ့ 
ရွာအသစ်အုပ်စုလေးတောင် ပြန်မတည်နိုင်ဘူးလားကွာ။

မိုက်တွင်းနက်နက်နဲ့ တူးထားတဲ့ လှိုဏ်ဂူနက်နက်ထဲမှာ
ပြည်သူတွေ ခူးစားနိုင်တဲ့ သီးရွက်သီးနှံ မရှိဘူး
စစ်အတ္တအတွေးအခေါ်နဲ့ အသစ်လှလှအရေးပေါ် ဆောက်ထားတဲ့မြို့မှာ
ပြည်သူတွေသောက်ဖို့ ကော်ဖီဆိုင် မရှိဘူး
လုပ် ပင်း စားနေတဲ့ စီးပွားရေး သံသရာမှာ
ပြည်သူတွေဟာ မုန့်ဟင်းခါးလေးတောင် အကြွေး မစားနိုင်ဘူး
တခြားဖက်မှာ မြင်းဆေးတွေ ထောင် သောင်း သိန်း နဲ့ ချီထုတ်နေပေမဲ့

ဖျားတဲ့အခါ ကွီနင်းလေး တောင် ဆောင်မသိမ်းထားနိုင်တဲ့ ဆေးရုံမှာ
ခလေးအုပ်တွေ အထွေးလိုက် အထုပ်လိုက် တုပ်ကွေးမိနေရဲ့
ဆရာဝန်တွေက ရေကြည်ရာ မြက်နုရာ ရွက်လွှင့်သွားကြတဲ့အခါ
ဟောဒီ ရေမွဲ မြေမွဲ အဟောင်းအနွမ်းမြေမှာ
ရောဂါတွေ ပွဲတော်လို သောင်းကျန်းနေတာ မဆန်းပါ။


ငါတို့ ထဲမှာကလည်း
အပ်ကွက်နဲ့ ဘ၀ပျက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
ခွချက်နဲ့ အမြတ်ထွက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
အပြီးသတ် endgame ကို အနီးကပ် ထိန်းကစားမဲ့ဗျူဟာလိုပြီ
ဗျူဟာများစွာ ဆွဲခဲ့ပါရဲ့
ဘူတာထဲ ရထား ရောက်မလာတဲ့ ဖြစ်စဉ်တွေနဲ့ 
စောင့်နေသူ ပရိသတ်ကြီးဟာ ခြေညောင်း ဗိုက်ဆာ ရင့်ရော် အိုမင်း
ချခင်းထားတဲ့ ဘ၀သံလမ်းများကို အဆွေးမခံကြနဲ့ ဟေ့
ထပ်ရင်းရမဲ့ ဘ၀မာန်စွမ်းအားများကို ဖြည့်ခဲ့ပါ။

မျက်နှာချင်းဆိုင် ရှေ့ထွက်မိုင်း ၂ လုံးကြားထဲက ပေါ်တာလို
နေ့ ရက်တိုင်း ရော်ဝါနေတဲ့ ကရင်ရွာအိုလေးမှာ ငါနေတယ်
အစိုးရတပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
သူပုန်တပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
မင်းတို့ ပြုတ်ကျကျန်ခဲ့တဲ့ လက်ပစ်ဗုံး
ဘယ်ရွာသားတွေမှ စားသုံးလို့ မရဘူးကွာ
မင်းတို့ မြှုပ်နှံခဲ့တဲ့ အလောင်း ပုတ်နံ့ တထောင်းထောင်းနဲ့ ရွာပတ်တယ်
အစိုးရတပ်သားတွေက
ငါ့သမီးကို နမ်းရှိုက်ဖို့ ခေါ်သွားတယ်
သူပုန်တပ်သားတွေက
ငါ့သားကို အထမ်းလိုက်ဖို့ ခေါ်သွားတယ်
ငါကတော့ နှမ်းငပိ လုပ်ဖို့ နှမ်းစိုက် ကျန်ခဲ့တယ်
ဆန်လုပ်ဖို့  တမံတုတ် စပါးစိုက် ကျန်ခဲ့တယ်
ခရစမတ်အလှူမှာ ကျွေးမဲ့ ၀က် ကြက်တွေ ငါမွေးထားခဲ့ပေမဲ့
စစ်ကပူလာတဲ့အခါ မင်းတို့ တွေကိုပဲ ငါ ပေး ပေးစား လိုက်ရတယ်
မင်းတို့ အခွေပြန်ပြန်ရစ် နားထောင်တဲ့ ပြည်တွင်းစစ် တောင်ကုန်းတောင်ရိုးပေါ်မှာ
ငါလိုကောင် အဖိုးအိုဟာ ရိုးအစွာ လူဖြစ်ရှုံးခဲ့တာ နှစ် ၆၀ ကြာပြီ။

အမှားဦးနှောက်ပျက်လမ်းစဉ်နဲ့ တောက်လျှောက် တည်ဆောက်လာတာ
အများသုံးသောက်မဲ့ ရေချမ်းစင်လေးတောင် မဖြစ်လာဘူးဆိုတော့
နွားတသိုက် နေရီညိုမှာ ခြံသွင်းသွားသလိုမျိုး
ဘားတိုက်တွေဆီကိုသာ ပြန်ဆင်းသွားပါတော့ ဗိုလ်ချုပ်တို့ရေ…

ပြည်သူ့ ဆန္ဒတွေကိုတော့ လူထုသံအမတ်ခန် ခဲ့ပေါ့ကွာ။

ချင်းချင်းနီ သံသရာသမိုင်းဆီက ခရီးပြင်းချီ သံဃာလှိုင်းပြန်လာခဲ့တယ်
ဒဏ်ရာကို မေတ္တာနဲ့ သင်္ကန်းရုံပြီး အနာဂတ် အရုဏ်မှာ ဆွမ်းခံထွက်ခဲ့
ဟောဒီ စနစ်ဆိုး ဆွေးဆွေးကို ဖြုတ်ဖို့ တနင့်တပိုး သွေးကြွေးတို့ ဆွမ်းလှူထွက်ပါ။


အစိုးရတပ်တွေက
ငါတို့ သူပုန်တပ်တွေကို တွန်းထုတ်လိုက်တဲ့အခါ
ငါတို့ အငတ်ခံပြီး တည်ဆောက်ထားတဲ့ အသစ်စက်စက် စာသင်ကျောင်းလေးဟာ
မိဘမဲ့ခလေး တစ်ယောက်လို တဆတ်ဆတ်တုန်ခါ ကျန်ခဲ့လေရဲ့
အမြော်အမြင်ရှိတဲ့ ရန်သူ့ တပ်မှူးဟာ
အဲဒီကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်
ရွာရဲ့ခလေးငယ်တွေကို စာသင်ခွင့်ပေးနိုင်ခဲ့တယ်
(အလံဖြူထောင်လာရင် မပစ်ရ
အရေးပေါ်လူနာတင်ယာဉ် မဖျက်ဆီးရ
လူကြီးလူကောင်းတွေရဲ့ အားပြိုင်ပွဲမှာ သတ်မှတ်ချက်တွေရှိတယ်)
လူ့ ဦးနှောက်ဟာ
နယူးကလီးယားဗုံးကို ဖောက်ခွဲဖို့ အထိ မမိုက်မဲသေးဘူး
ငြိမ်းချမ်းရေးကို လက်မှတ်ထိုးဖို့ လည်း စာမတတ်သေးဘူး
မရင့်သေးသော အရူးရောဂါမှာ မျော်လင့်ချက်တွေဟာ
ကမ္ဘာတွေအထပ်လိုက် ဘ၀တွေအထပ်လိုက်
သတိရ ရပါသော ပင်လယ်ရွာငယ်လေးရေ…
အခုလောက်ဆို…မင်းရင်ခွင်ထဲက ခလေးငယ်တွေ
အလယ်တန်းတွေ..ဆယ်တန်းတွေ.. အောင်နေလောက်ရောပေါ့
ငါတို့ မှာတော့ ယုံကြည်ချက်အတွက် ပုဂ္ဂလအတ္တတွေ ဆယ်စုနှစ်စီပဲ့ကြွေလို့ 
ငါတို့ ရဲ့ ပရဟိတ နေရောင်အောက် အနာဂတ်ဟာ တောက်ပြောင်လာစေရမယ်
စာကြိုးစားပါ ရွာငယ်လေးရေ…
ခေတ်ကို အလွှတ်ရအောင်ကျက်
ဦးနှောက်ကို ရာစုသစ်လို အမောက်ထောင်ဖွင့်ကားထား
ဒီတိုင်းပြည်မှာ
အရင် နှစ် ၆၀ စာ ဆိုးဝါးမှားမိုက်ခဲ့တဲ့ မတိုးတက်မှုတွေအတွက်
နောက်ထပ် အနှစ် ၆၀ ကြိုးစားအားစိုက်ရမဲ့ မျိုးဆက်ထုရဲ့တာဝန်တွေနဲ့ 
ဆွဲယူဖဲ့ထုတ်လွှင့်ပစ်လိုက်လို့ မရတဲ့ နှလုံးသားဟာ မင်းရဲ့ မြန်မာပြည်။

ရွှေတိဂုံဘုရားပေါ်က ဆွမ်းတော်တင်ထားတဲ့ ဒုက္ခတရားတွေကို
ဆွမ်းတော်တင်သူဟာ ပြန်စွန့် စားနေရတဲ့ ဘ၀နဲ့ မြို့ကြီးရေ…
စိတ်စစ် ရုပ်မှန်မှာ သဒ္ဒါပေါက် အမျှဝေ ချင်သလောက်
အတိတ် ပစ္စုပ္ပုန်မှာ အာဏာအောက် ရပ် သေ နေတဲ့ လူထုကို လမ်းပြပါ။



ဒုက္ခက ကျားမာန်နဲ့ ခုန်ဆင်းလာတဲ့ လေယာဉ်ပေါ်ကဗုံးလို ကျလာတယ်
လူက သိပ်တော်တယ်
လေယာဉ်ပစ် လက်နက်ဆီ ပြေးပြီး နဲ့ အပီအပြင် ပစ်ချတယ်
လောကအဓိပ္ပါယ်ဆိုတာ
အဲဒီမှာ ထိမှန်တယ် မထိမှန်ဘူး
သေနတ်က ဂျမ်းဖြစ်တယ် မဖြစ်ဘူး
ဗုံးတွေက ကွဲတယ် မကွဲဘူး
သေနတ်သမားက သတ္တိမဲ့တယ် မမဲ့ဘူး
ကောင်းကင်ကြီးကတော့ မြေပြင်လို ဟား ဟား ဟားနဲ့  ဟားတိုက်ရယ်လို့ ။

ခြင်ကိုက်ခံထားရတဲ့အလင်းမှာ
ခြင်ကိုရိုက်မလား အလင်းကိုပိတ်မလား
မင်းတို့ အားလုံးရဲ့ စိတ်အားလုံး ပြတ်သားဖို့ လိုနေပြီ ဟေ့ကောင်။

ရိုးသား ငေးဆွ ထုံအ ကြောက်ရွံ့ နေတဲ့ ကျင့်စဉ်နဲ့ တော့
အမျိုးသားရေး ဂုဏ်ဒြပ် မြောက်တဲ့ လူ့ ဖြစ်စဉ်ကိုရလိုက်မှာမဟုတ်ဘူး
တိုက်ထုတ်ပစ်ရမယ်
တိုက်။


၁၁.၀၉.၂၀၀၉

(ကဗျာရှည်အတွက် သရုပ်ဖော်ပုံများအဖြစ် ပန်းချီသန်းဌေးမောင်၏ ဖေ့စ်ဘွတ်အယ်လ်ဘန်က ရယူပါတယ်)