အေးကျော်ကျော် - ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း



အေးကျော်ကျော် - ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း
(မိုးမခ) မေ ၁၃၊ ၂၀၁၆


ကိုယ်တိုင် အားပေး၊ ကိုယ်တိုင်တင်မြှေုာက်ခဲ့တဲ့ ကိုယ်ချစ်တဲ့ အစိုးရမို့လို့ တတ်သိနားလည်သူ ပညာရှင်တစ်ယောက်အနေနှင့် မေးပါရစေ၊ ပြောပါရစေ။

၁။ ဒီနေ့အုတ်မြစ်ချတယ်ဆိုတဲ့ ဓာတ်အားပေးစက်ရုံအတွက် ပေးစရာ ဂက်စ်မရှိပါ။ မည်သည့်ဂက်စ်နှင့် လည် မည်နည်း။
၂။ လက်ရှိရှိနေတဲ့ စက်တွေ အပြည့်အဝမောင်းနိုင်အောင်တောင် ဂက်စ်လောက်ငှအောင် မပေးနိုင်ပါ။

၃။ သီလဝါမှာ JICA ချေးငွေနှင့်တည်ဆောက်သည့် ပြီးစီးခါနီး /ပြီးစီးခါစ 50 MW စက်ရုံသည်ပင် 25 MW စက်တစ်လုံးစာအတွက်သာ ဂက်စ်ပေးနိုင်ပါသည်။

၎။ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့်တည်ဆောက်မည့် သထုံဓာတ်အားပေးစက်ရုံသည်လည်း ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်သည်။ သူ့အတွက်ကလည်း လိုပါဦးမည်။

၅။ MOGE ဖက်ကရသောကိန်းဂဏန်းများအရ၊ ပညာရှင်များ၏ တင်ပြချက်များကို လေ့လာကြည့်ပါက လက်ရှိထုတ်လုပ်နေသည့် ရတနာ၊ ရဲတံခွန် ဂက်စ်တွေကအထွက်ကျလာနေပြီ၊ ၂ဝ၁၈ မှ စ၍ ထိုးကျမည်ဟု ဆိုကြပါသည်။ ဇောတိကသည် နဂိုကတည်းက အသေးလေးဖြစ်ပြီး M-3 အကွက်သည်လည်း အလားအလာမျှော်လင့်ထားသည်ထက် နည်းနေခြင်း၊ လောလောဆယ် ဂက်စ်ဈေးကျနေခြင်းတို့ကြောင့် ရပ်နေသည့် သဘောဟု ကြားသိရပါတယ်။ ၂ဝ၂ဝ အထိဘာမှ မသေချာသေးပါ။ တစ်ခုခုသေချာပြီးယင်တောင် တကယ်အလုပ်လုပ်ချိန် နောက် ၂ နှစ် ခန့် ကြာဦးမှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဤသာကေတစက်ရုံနှင့်ပါတ်သက်၍ ဆင်ဟွာသတင်းဌာနက ပထမအဆင့် 106 MW ကို ၂ဝ၁၈ မတ်လတွင် စီးပွားဖြစ်ထုတ်လုပ်မည်ဟု ဆိုသည်မှာ ဖြစ်နိုင်ပါတော့မလား။

၆။ ဂက်စ်ရဖို့ မသေချာသေးသည့်အတွက်လည်း ပုဂ္ဂလိကဓာတ်အားပေးစက်ရုံ IPP (Independent power producer) များ၏ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ဓာတ်အားအရောင်းအဝယ်စာချုပ် PPA (Power purchase agreement) ကိုလည်း လက်မှတ်ထိုး၍ မရသေးပါ။ နိုင်ငံတကာမှာ PPA မထိုးရသေးပဲဘယ်သူမှ စက်ရုံစ မဆောက်ပါ။

၇။ ဒါတွေက Commercial အပိုင်းတွေ၊ နည်းပညာအပိုင်းအနေနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ဆိုတာသုံးမယ့် ဂက်စ်ရဲ့ အရေအသွေးလဏ္ခာ Properties အရ လောင်စာပေးစနစ် Fueling system ကိုဒီဇိုင်းလုပ်ရပါတယ်။ မော်တော်ကားလိုမဟုတ်ပါဘူး၊ ဘယ်လိုဂက်စ်မှန်းမသိတဲ့ဟာကို Fueling system design တရုတ်တွေ ဘယ်လိုလုပ်မှာလဲ ။

၈။ ဂက်စ်ဘယ်ကရမည် မသိသေးသော၊ PPA လည်းမချုပ်ရသေးသော ကိစ္စအတွက် အခုကိုပဲ ဒေါ်လာသန်းရာနှင့်ချီ၍ ရင်းနှီးမြှုပ်နှံမည်ဆိုသည်မှာ အမှန်တကယ် ဟုတ်ပါလေစ။ စဉ်းစားစရာဖြစ်ပါသည်။ (ဂက်စ်ရရင် သေချာပေါက် ရင်းမည်ဖြစ်သော်လည်း မသေချာသေးပဲ ရင်းမည်ဆိုသည်က မေးခွန်းထုတ်စရာပါ။) ပထမအဆင့်ကို ၂ဝ၁၈ အပြီး တည်ဆောက်၍ လာမည့်ဂက်စ်ကို ထိုင်စောင့်နေမည်တော့ မဟုတ်လောက်ပါ။

၇။ ဒီတရုတ်ကုမ္ပဏီဟာ ပြီးခဲ့သည့်အစိုးရဝန်ကြီးနှင့် ပတ်သက်ရာပတ်သက်ကြောင်းမှတဆင့် ဝင်လာသောကုမ္ပဏီပါ။ (မပတ်သက်ပါကလည်းဒီအဆင့်အထိမရောက်ပါ။) လေ့လာကြည့်ပါက ၎င်းတို့လုပ်မည့်နေရာသည် လျှပ်စစ်ဌာနပိုင် မြေနေရာဖြစ်ပါသည်။ မြေငှားခရသည်ဆိုဦးတော့ ဌာနကနောင်တချိန် ကမ္ဘာ့ဘဏ်၊ ADB၊ JICA ချေးငွေတွေရလာလို့ ကိုယ်ဖါသာကိုယ် စက်ရုံဆောက်မည်ဆိုပါက သာကေတမှာ မြေနေရာမကျန်တော့ပါ။ သာတေကဆိုသည်မှာရန်ကုန်နှင့် အနီးဆုံးဖြစ်သော မဟာဗျူဟာကျသည့်နေရာ Strategic Location ဖြစ်ပါသည်။

ဖြစ်သင့်သည်က အစိုးရပိုင်မြေနေရာတွင် အစိုးရပိုင် စက်ရုံကိုသာ တည်ဆောက်သင့်ပါသည်။ ပုဂ္ဂလိက ကုမ္ပဏီများ မိမိမြေမိမိတို့ စီစဉ်သင့်ပါသည်။ အထူးသဖြင့် သာကေတလို Strategic Location တွင် ဌာနပိုင် စက်ရုံသာ ရှိသင့်ပါသည်။

၈။ နောက်တစ်ခုက နိုင်ငံတကာမှာ IPP ဆိုတာတင်ဒါစနစ်နဲ့ သွားရတာပါ။ IPP လုပ်ဖို့ကိုအစိုးရကလိုအပ်တာတွေ ထည့်ရေးပြီးတင်ဒါခေါ်တယ်။ လုပ်ချင်သူတွေ ပြိုင်ရတယ်။ အခုဟာကဝန်ကြီး (ယခင်ဝန်ကြီး) နှင့် ပိုင်လို့ ဘာမှ ပြိုင်စရာမလိုပဲလုပ်ခွင့် ရထားတာပါ။

၉။ ထို့ကြောင့် အုတ်မြစ်ကလေး အချပြပြီး မဟာဗျူဟာကျသောနေရာနှင့် အခွင့်အရေးကို အရယူ ဦးထားသည့်သဘော ဖြစ်နေပါသည်။ စဉ်းစားစရာ ဖြစ်ပါသည်။ (သူတို့ တကယ်မလုပ်ဟု ဆိုလိုခြင်း မဟုတ်ပါ၊)

၁ဝ။ သုံးသပ်ကြည့်ပါက ဤလုပ်ရပ်များသည် ပြီးခဲ့သည့် အစိုးရများလက်ထက် မသေချာသေးပဲလုပ်ခဲ့သည့် လုပ်ငန်းပြ၊ နေရာယူ၊ ဦးထားဆိုသည့် နည်းဗျူဟာများလို ဖြစ်နေသည်ဟု မထင်ဘူးလား။ ဝန်ကြီးချုပ်က ရန်ကုန်ကို မီးပေးချင်ဇောနှင့် သတိမမူမိဘူးလား ထင်မိပါသည်။ ကျွန်တော်တို့က ၎င်းတို့ကို ၂ဝ၁၈ ပထမ 106 MW အပြီးပြုလုပ်ရမည်ဟုလည်း အကြပ်ကိုင်၍ မရပါ။ PPA စာချုပ်ချုပ်ကြရာမှာ မိမိဖက်က ဂက်စ်မပေးနိုင်ပါက လျော်ကြေးပေးရပါသည်။ မရှိသည့် ဂက်စ်အတွက် ကျွန်တော်တို့ မည်ကဲ့သို့ ကတိပေးမည်နည်း။ ထို့အတွက် ၎င်းတို့ဖက်ကလည်း ဤအချက်ကို အလိုလို လိုက်နာစရာ မလိုတော့ပေ။

(၎င်းတို့ တကယ်အလုပ်လုပ်မည်မဟုတ်ဟု ကျွန်တော်စွတ်စွဲခြင်း မဟုတ်ပါ။ မဖြစ်နိုင်သည်ကို အလွယ်ပြော၊ လျှောက်ပြော သည်ကို ထောက်ပြခြင်း ဖြစ်ပါသည်။)

၁၁။ ဝန်ကြီးချုပ်ခင်ဗျား၊ ဝန်ကြီးချုပ်၏ စေတနာကို နားလည်ပါသည်။ လူတွေ မီးလိုတာမှန်ပါသည်။ သို့သော် မဖြစ်နိုင်သောနည်းတွေ၊ ယုတ္တိမရှိသည့်နည်းတွေ၊ နည်းလမ်းမကျသည့်နည်းတွေ အလောသုံးဆယ်နည်းတွေနှင့်တော့ မဟုတ်ပါ။ တိုင်းပြည်ရဲ့ သမိုင်းတစ်လျှောက် ဒီလိုလုပ်ခဲ့ကြတာမို့ အခုလိုဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ နောက်မှ ကြုပ်ကျက်လိမယ်ဆိုတာတွေ များလှပါပြီ။

တကယ်တော့ ကျွန်တော်တို့ အလိုအပ်ဆုံးက MW မဂ္ဂဝပ်တွေ၊ mmcfd တွေ မဟုတ်ပါ။
" စနစ် " ဖြစ်ပါသည်။ MW တွေ mmcfd တွေဆိုတာစနစ်တစ်ခုရဲ့ အသီးအပွင့်မျှသာ ဖြစ်ပါတယ်။ထို့ကြောင့် စနစ်ကောင်းကို တည်ဆောက်ဖို့ ပိုမိုလိုအပ်သည်ဟု အကြံပေးချင်ပါသည်။

လေးစားရပါသော ဝန်ကြီးချုပ်ကိုဖြိုးတစ်ယောက် ကျွန်တော့် စေတနာကို နားလည်နိုင်မည် ထင်ပါသည်။ အကယ်၍ မကြိုက်ခဲ့သည်ရှိသော် " ချစ်လို့ပြောတဲ့ မုန်းစကားတွေ" လို့သာ မှတ်ယူပေးပါ ခင်ဗျာ။

လေးစားလျက်