ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - အညာနွေပူနှင့် လျှပ်စစ်ဝန်ဆောင်မှုအခက်အခဲ

ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် Brighter Future Myanmar Foundation ကဲ့သို့သော ဒေသတွင်း လူမှုရေး အဖွဲ့အစည်းများက ကျေးရွာများသို့ သောက်သုံးရေများ စတင်ဝေငှပေးနေစဉ်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ကိုသန်းလွင် - အညာနွေပူနှင့် လျှပ်စစ်ဝန်ဆောင်မှုအခက်အခဲ

(မိုးမခ) မေ ၄၊ ၂၀၁၆



(၁)

“သဘင်ဂိမာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖန်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ကုန်စွမ်းပြသော်”

အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော်က နွေရာသီ၏ သာယာပုံကို သစ်ရွက်တွေဖြင့်ရောင်စုံလှနေသော တော တောင် သဘာဝဖြင့် စာပန်းချီရေးချယ်ခဲ့ပါ သည်။ ရာသီကားမှန်ပါ၏၊ သို့သော် ကျွန်တော်သည် ဤကဗျာ၌ သိင်္ဂါရ ရသကိုမမြင်နိုင်တော့ပေ၊ ပူလွန်းအိုက်လွန်းသောကြောင်း တငွေ့ငွေ့ လေပူထနေသည့် ၀န်းကျင်ကိုသာ မြင်နေရသည်။

ဧပြီလသင်္ကြန်အကြိုနေ့က ဇာတိမြို့သို့ ကျွန်တော်ရောက်သွားပါသည်။ သည်နှစ် အညာနွေမှာ ပူပြင်းလှချေ၏။ ကျွန်တော်တို့မြို့သည်ရွှေဘိုမြို့မြောက်ဖက် ၁၄ မိုင်အကွာမှာ ရှိသည်။ အပူပိုင်းဒေသ မိုးခေါင်ရေရှားရပ်ဝန်းဟု ခေါ်ကြသည်။ မြောက်လတ္တီကျူ ၂၂ ဒီဂရီမှာရှိသောကြောင့် မြောက်ဘက်နေသွားလမ်း ဥတ္တရယဉ်စွန်းတန်း၏ အောက်ဖက်တည့်တည့်ကျသည်ဟု ဆိုနိုင်ပါသည်။

စင်ကာပူသတင်းစာများက ယခုနှစ်နွေရာသီသည် ၁၉၂၉ ခုနှစ်က စ၍ မှတ်သားခဲ့သောမှတ်တမ်းများအရ အပူဆုံးဖြစ်ပါသည်ဟု ဆိုသည်။ ကျွန်တော်တို့မြို့မှာ အပူချိန် သာမိုမီတာ ၄၀ ဒီဂရီ စင်ဒီဂရိတ်ရှိသည်။ ချောက်နှင့်မင်းဘူးတို့၌ ၄၄ ဒီဂရီ ဟုဆိုသည်။ အိန္ဒိယပြည်မှာမူ ၄၈ အထက်မှာ ဟုသိလိုက်ရသည်။ ကျွန်တော်သည် အခုလိုရာသီမြို့၌ သဲကန္တာရအလယ် အလွန်ပူသော အဘူဒါဘီလို နေရာသို့လည်း ရောက်ခဲ့ဖူးပါ၏။ အခုကျွန်တော်ကြုံတွေ့ခဲ့ ရသော အပူဒဏ်လောက်တော့ ပြင်းထန်မည်မထင်မိပေ။

လွန်ခဲ့သော အနှစ် ၄၀ ကစ၍ မှတ်သားတိုင်တာချက်များအရ အမေရိကန်မြို့များမှာ အပူချိန်တိုးလာနေသည်။ နွေဥတုရက်များရှည်၍ ဆောင်းခါများတွင် အရင်ကလို အအေးမပိုတော့ဟု ဆိုသည်။ အဘယ့်ကြောင့် ကမ္ဘာကြီး ပိုပူသလား မပူသလား ကျွန်တော်မဆန်းစစ်လိုပါ။ ယခုလိုနေရာမှာ ကျွန်တော့်တွင် ဤမျှ ဒုက္ခခံနေရလျှင် မြန်မာပြည်တ၀ှမ်းမှ ပြည်သူအပေါင်း ဘယ်လိုဒုက္ခတွေများ ခံနေကြရမည်နည်းဟူသောအတွေးက ကျွန်တော့် ကို အနှောင့်အရှက်ပေးနေပါသည်။ နေပူစပ်ခါး အပြင်ထွက်၍အလုပ်လုပ်ကြရသူအပေါင်းကို စာနာနေမိပါသည်။

နေပူပူမှာ နှစ်ရက်နေသော် ၀မ်းကပျက်လေသည်။ ၀မ်းပျက်တာကို တရက် နှစ်ရက်နှင့် ပြဿနာဟု မထင်မိ။ တတိယနေ့ရောက်သော် လူက နုံးလာသည်၊ အားအင်ကုန်ခန်းလာပြီထင်သည်။ မြို့အနောက်ဘက် သဲပုံစေတီ ဘုန်းတော်ကြီးကျောင်း၌ ထန်းရွက်မိုးထားသော တဲတခုရှိသည်။ မိုးလင်းသည်နှင့် ခင်းထားသော သဲပြင်မှာ ရေဖြန်းထားပါလျှင် တနေကုန် အေးနေသော နေစရာတခုကိုရသည်။ ကျွန်တော်သည် မမျှော်လင့်ဘဲရောက် လာသောဧည့်သည်သာဖြစ်သောကြောင့် ကျွန်တော့အိမ်မှာ ထန်းရွက်တဲ ထိုးမထားနိုင်ပေ။ ကျွန်တော်သည် အညာနွေကို တိမ်းရှောင်ရန်သာ ကြိုးစားရတော့သည်။

ကျွန်တော်တို့သည် ညောင်ဦးမြို့အောင်မြေသာရပ်ကွက်မှအိမ်သို့ သင်္ကြန်အတက်နေ့တွင်ရောက်သွားကြပါ သည်။ ဤတွင် ပို၍ဆိုးသော ဒုက္ခနှင့်တွေ့ရတော့သည်။ ၀မ်းပျက်သော ဝေဒနာက ပျောက်မသွား။ ဓာတ်ဆားရေ ကူတော့ သက်သာသလိုရှိသည်။ သို့ပေမဲ့ လူကလန်းဆန်းမလာ။ မနက် ၁၁နာရီက စပြီး ပူလိုက်သောအပူမှာ ညနေ နေလုံးကြီးပျောက်သွားမှ အနေရသက်သာတော့သည်။

ဤနေရာမှာလည်း ကျွန်တော်သည် ထန်းရွက်တဲထိုးရန် အချိန်မရနိုင်ပြီ။ ကျွန်တော့်နေရာ ပတ်ဝန်းကျင်ကို ရေစိမ်ထားသော စောင်တွေနှင့် ကာရံကြည့်ပါ၏။ နာရီဝက်ကြာသော် ထိုစောင်တို့၌ အစိုဓာတ်မရှိတော့ချေ။ နောက်ဆုံးတော့ ကျွန်တော်တို့သည် ရာသီဥတုကိုလက်မြှောက်အရှုံးပေး ရန်ကုန်ပြန်ရန်ကိုသာ ဆုံးဖြတ်ရ တော့သည်။

(၂)

ကျွန်တော်သည် အညာမှာမွေး၍ အညာအရပ်မှာ ပညာသင်ကာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါသည်။ သို့ပါသော်လည်း ဤမျှ ဆိုးရွားပြီး ပြင်းထန်လှသော အပူကို မပြင်မဆင်ဘဲကြုံတွေ့ခဲ့ရသည်မှာ မေ့နိုင်စရာမရှိတော့ပြီ။ ဤအပူ ဒဏ်ကိုကာကွယ်ရန်နည်းလမ်းများစွာကို ရှာကြည့်မိသည်။ ရာသီဥတုပြောင်းလဲရန်ကိစ္စကိုမူ ကျွန်တော်တို့ ဘာမှမတတ်နိုင်။ သို့ပါသော်လည်း လူက လျှပ်စစ်စွမ်းအင်ကိုဖန်တီးနိုင်သည်။ ထိုလျှပ်စစ် စွမ်းအင်သည် အအေးဓာတ်ကို ဖန်တီးပေးနိုင်ပါလိမ့်သည်။

ကျွန်တော်တို့ အထက်တန်းကျောင်းတက်ခဲ့သည့် ကာလတလျှောက်လုံး ရွှေဘိုမီးစက်ကပေးသည့် လျှပ်စစ်မီး ဖြင့်နေခဲ့ရပါသည်။ ရွှေဘိုတွင် ရေနွေးငွေ့ဖြင့် မောင်းသည့်မီးစက်ရှိသည်။ အင်္ဂလိပ်မင်းများလက် ထက်က စတင်တည်ခဲ့သလားမဆိုနိုင်။ ရွှေဘိုကမီးပေးသဖြင့် ကျွန်တော်တို့မြို့မှာ၂၄ နာရီ မီးပျက်သည်ဟုမရှိ။ ငယ်စဉ်က ကျွန်တော်မှတ်မိနေသော ပြဿနာမှာ မီးတိုင်ထိပ်ရှိ ဖြူးစ်ပြတ်သဖြင့် အိမ်မှာ မီးမလာခြင်းသာ ရှိတတ်သည်။

အိမ်မှာမီးပျက်သည်ဆိုလျှင် မီးကို အလွန်အကျွံသုံး၍သော်၎င်း၊ ၀ါယာမှားပြီး ဆက်မိသောကြောင့်၎င်း၊ ဖြူးစ် ပြတ်ပြီဆိုလျှင် မီးစက်က လိုင်းသမားကို သွားခေါ်ရုံသာရှိသည်။ မီးဆရာသည် မီးတိုင်တက်ရန် လှေခါးကို ပခုံးပေါ်တွင်တင်ကာ စက်ဘီးတစီးဖြင့် အရောက်လာတတ်သည်။ မီးတိုင်ပေါ်မှ ဖြူ့စ်ကို ပလာယာတချောင်း ကိုင်ကာ အသစ်တပ်ဆင်ပေးတတ်သည်။ ခြေကြွခ ပေးစရာမလို။ လူမလာမှာလည်း မပူရ။ ခေါ်လျှင် တယောက်မဟုတ်တယောက် ရောက်လာစမြဲပင်။

ညောင်ဦးအနီးမှ အောင်မြေသာမြို့သစ်တည်ထားသည်မှ ၂၅ နှစ်ရှိပါပြီ။ သို့သော် ကျွန်တော်တို့အိမ်ဘေးမှာ အစိုးရက တပ်ဆင်ပေးသည့် မီးတိုင်မရှိ။ အိမ်နီးချင်းများစုပေါင်းကာ ကိုယ်ထူကိုယ်ထ ထူထောင်ထားရသော သစ်သားတိုင် မီးတိုင်သာရှိသည်။ မီးကြိုးဖိုး၊ တိုင်ဖိုး စသည်ဖြင့် ကုန်ကျစရိတ်မှန်သမျှ အားလုံးပေးကြရသည်။ အစိုးရကတပ်ဆင်ပေးသော ထရန်စဖော်မာ ဘယ်ဆီမှာရှိသည်မသိ။ ကျွန်တော်တို့အိမ်နှင့် ကိုက်တစ်ထောင် တော့ အနည်းဆုံးဝေးပါလိမ့်မည်။

ကျွန်တော်တို့အိမ်သစ်ကိုဆောက်နေစဉ်ကာလမှာ အိမ်နီးချင်းအိမ်ထောင်စု ၄ စုပေါင်းကာ ကိုယ်ထူကိုယ်ထ မီးသွယ်တန်းကြသည်။ အိမ်နီးချင်းတွေက အချိုးကျ ပိုက်ဆံလာကောက်ကြပါသည်။ အိမ်ဆောက်နေသူ လက်သမားတွေက ပိုင်ရှင်မရှိဘူး၊ မထည့်နိုင်ဘူးဟုသာ ပြောလိုက်ကြသည်။ လွန်ခဲ့သော ၄၊ ၅ နှစ်က ဖြစ်ပါ လိမ့်မည်။ ကျွန်တော်တို့အိမ်အတွက် မီးသွယ်တန်းရန်ဖြစ်လာသောအခါ လိုင်းမင်းတွေက အိမ်အနီးက ဓာတ်တိုင်တွေပေါ်တက်ခါ မီးချိတ်ကြပါသည်။ ထိုအခါမှ မီးတိုင်ပိုင်ရှင်တွေက မီးမသွယ်ရဘူးဆိုခါ ပြဿနာ လုပ်ခံလိုက်ရပါသည်။ ပိုက်ဆံ ၁ သိန်းပေးမှ ပြဿနာပြေလည်သွားတော့သည်။

ကျွန်တော်နားလည်သည်မှာ ရပ်ကွက်ထဲမှ မိမိနေထိုင်ရာအိမ်သို့ လျှပ်စစ်ဓာတ်အားကို အရောက်ပို့ပေးရန်မှာ Service Provider တွေ၏ တာဝန်ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ဖြစ်ရပ်တွင် အစိုးရ၏ တာဝန်ပင်ဖြစ်ပါသည်။ အင်္ဂလိပ်မင်းများလက်ထက်ကသော်၎င်း၊ ဖ.ဆ.ပ.လ လွတ်လပ်ရေးခေတ်၊ တော်လှန်ရေးကောင်းစီတက်လာခါ စ ခေတ်များက၎င်း၊ ထိုအယူအဆမှာမှန်ခဲ့ပါလိမ့်မည်။ ယခုတော့ ထိုအမြင်မှာ ခေတ်မမီတော့ပါ။ အားလုံး ကိုယ် ထူကိုယ်ထ သာလုပ်ကြရတော့သည်။ အစိုးရမှာ လူထုအတွက် ဘယ်သောအခါကမှ ရန်ပုံငွေမရှိ။ တခါက သတင်းတပုဒ်တွင် ဤကဲ့သို့ ကိုယ်ထူကိုယ်ထ ၀ါယာသွယ်တန်းကြရာတွင် အရစ်ကျပေးသွင်းရမည့်ငွေ ပေးသွင်းရန်ပျက်ကွက်မှုကြောင့် ပြည်သူတွေ ရုံးရောက်ဂါတ်ရောက်ဖြစ်ကြရသည်ကို ဖတ်လိုက်ရဖူးသည်။

ရန်ကုန်မြို့တောင်ဒဂုံတွင်ရှိသောအိမ်ကို မီးသွယ်ရန်လျှောက်ထားသောအခါ ပထမဦးဆုံး ရှစ်သောင်းကျော် ပေးသွင်းလိုက်ရပါသည်။ အိမ်ရှာမတွေ့သောလိုင်းမင်းကို အိမ်ရှာတွေ့ဖို့ ၂ သောင်းကျော် ပေးရပါသည်။ Service ကြိုးအတွက်က ငါးသောင်းကျော် အကုန်ခံရပါသည်။ တကယ်လာပြီးတပ်ဆင်သောအခါ ခြေကြွခ ပေးရပြန်သည်။ လျှပ်စစ်ရုံးသို့ ခြောက်ကြိမ်ထက်မနည်း သွားလိုက်ရပါသည်။

တခါကလည်း Service ကြိုးဖြုတ်အခိုးခံရသောကြောင့် လျှပ်စစ်ရုံးကိုအကြိမ်ကြိမ်ဖုန်းဆက် အကြိမ်ကြိမ်သွား ပြီး ကြိုးဖိုးနှင့် အလုပ်သမားခတွေပါ အကြိမ်ကြိမ်ပေးမှ အိမ်မှာ မီးပြန်ရပါသည်။ ၀န်ဆောင်မှုပေးရန်ပျက်ကွက် သော Service Provider ဖြစ်ပါသည်။ သူတို့သည် မီးအဖွင့်အပိတ် ခလုပ်တွေဘေးမှာထိုင်ခါ၊ လာသမျှ၊ အလုပ် လုပ်ရသမျှ ပြည်သူလူထုထံမှငွေကို ညှစ်ယူနေသလိုဖြစ်နေပါသည်။ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို ၀န်ဆောင်မှု ကုမ္ပဏီများသို့လည်း လွှဲမပေး၊ သူတို့လုပ်ရမည့်အလုပ်များအတွက် အဆင့်တိုင်း အဆင့်တိုင်းမှာ ပိုက်ဆံပေး နေရခြင်းမှာ မဖြစ်သင့်တော့ပါ။

ကျွန်တော် အောင်မြေသာခြံမှာ လေအေးစက်သုံးလုံး တပ်ထားမိပါသည်။ သို့ပေမဲ့ လေအေးစက်တလုံးကိုပင် ဓာတ်အားကမနိုင်။ 15 KVA မီးအားမြှင့်စက် (Step up Transformer) ၀ယ်ပြီးတပ်ဆင်တော့လည်း စက်က Over Load ဖြစ်နေသည်။ လေအေးစက်က လေအေးအေးကိုမပေးနိုင်။ ၂၅ နှစ်သက်တမ်းရှိသော မြို့မှာ လျှပ်စစ်မီးက သည်လိုဖြစ်နေလျှင် ဘယ်နေရာတွေမှာများ မီးအားပြည့်ပါသနည်း။

ညောင်ဦးမှ အသိဟိုတယ်တခုတွင် လေအေးစက် ၁၉ လုံးကို ပြိုင်တူဖွင့်ထားသည်။ ဘာမှ ပြဿနာမရှိ။ သူတို့ ဘယ်လိုလုပ်ထားပြီး မီးရနေသည်မသိ။ လေအေးစက်မနိုင်၍ ကျွန်တော်သည် သံတဲဟိုတယ်သို့ ပြောင်းပြီး တညအိပ် လိုက်ရပါသည်။ ထိုဟိုတယ်မှာ လေအေးစက် အလုံး ၂၀၀ ခန့် ရှိပါလိမ့်မည်။ ထိုစက်တွေကို နိုင်သောမီးအားကို ဘယ်လိုရနေကြပါသနည်း။

ကျွန်တော်တို့သည် တပတ်ခန့်နေရမည့်ခရီးစဉ်ကို သုံးညအိပ်နှင့်အလျှော့ပေးပြီး ရန်ကုန်ပြန်ခဲ့ကြရပါသည်။ ရန်ကုန်မှာ မီး ခဏခဏ ပျက်သည်နှင့်ကြုံလိုက်ရပါသည်။ ကျွန်တော်မိတ်ဆွေများ၏ ရုံးခန်းသို့အရောက်မှာ ဧရာမဘက်ထရီအိုးကြီးများနှင့် ဧရာမ အင်ဗာတာကြီးများကို မြင်ရသည်။ သူတို့ရုံးခန်း မှာလည်း လေပူတွေ မှုတ်ထုတ်နေသော လေအေးစက်ရှေ့မှာသာ ချွေးတပြိုက်ပြိုက်နှင့် ထိုင်ခဲ့ကြရပါသည်။

(၃)

ဤ၀န်ဆောင်မှုကိုပေးရန် ပျက်ကွက်မှုကြောင့် လူသန်းပေါင်းများစွာတို့ ဒုက္ခရောက်လျက်ရှိကြပါသည်။ မြန်မာ နိုင်ငံတွင် Samsung ( သို့ ) SONY ထိုကဲ့သို့ ကမ္ဘာ့အဆင့်အတန်းမီ ကုမ္ပဏီကြီးများ မပေါ်ပေါက်ရခြင်းမှာ အစိုးရက ဤ၀န်ဆောင်မှုကိုပေးရန် (လျှပ်စစ်ဓာတ်ကို လိုသလောက်ပေးရန်) ပျက်ကွက်သောကြောင့်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်တို့နိုင်ငံတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမဖွံ့ဖြိုးမတိုးတက်ရခြင်းမှာ လည်း ဤသို့လျပ်စစ်ဓာတ်အား မလုံလောက်မှုများကြောင့်ဟု ဆိုနိုင်ပါသည်။

ဂျပန်ကုမ္ပဏီကြီးများသည် နိုင်ငံခြားတွင်စက်ရုံဖွင့်ရန် အလွန်ဝန်လေးကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ၏ ( Precisian Techology ) အတွက် လိုအပ်သောပါဝါဆပ်ပလိုင်းကို နိုင်ငံခြားတိုင်းပြည်များမှာ မရနိုင် သောကြောင့်ဟု အကြောင်းပြကြပါသည်။ SEIKO ကုမ္ပဏီက သူတို့စက်ရုံ စင်ကာပူမှာဖွင့်ရန်ဆွေးနွေးကြသော အခါ အလွန်တည်ငြိမ်သော လျှပ်စစ် Supply ကို ပေးနိုင်ရမည်ဟုတောင်းဆိုသည်ဟု ကြားရဖူးသည်။

လူဦးရေ သန်း ၆၀ မျှ ရှိသော ကျွန်တော်တို့နိုင်ငံတွင် မြို့နေလူထုနှင့် ကျေးလက်နေလူထု၏ လျှပ်စစ်သုံးစွဲမှု ပုံစံ၊ လိုအပ်သောလျှပ်စစ်ဓာတ်အားပမာဏ စသည်ဖြင့် ယခုအင်တာနက်ခေတ်ကြီးတွင် အချက်အလက် ရှာဖွေရန် အလွန်လွယ်ကူနေပါပြီ။ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်၊ မီးသွေးနှင့်ရေနွေးငွေ့ သုံးအင်ဂျင်စက် စသည်ဖြင့် လျှပ်စစ်ပါဝါကိုထုတ်ပေးနိုင်သော သဘာဝအရင်းအမြစ်များမှာလည်း မြန်မာပြည် တွင် ဖန်တီး၍ ရနိုင်နေပါပြီ။

အမြင်ကျယ်သော အတွေ့အကြုံ ရှိသောပညာရှင်များကို စုစည်းတာဝန်ပေးသည်နှင့် ကျွန်တော်တို့တနိုင်ငံလုံး ခံစားနေရသော ဒုက္ခဝေဒနာမှာ ပျောက်ကင်းပြေလည်သွားနိုင်ပါသည်။ ကျွန်တော်တို့တွင် လူတို့ဖန်တီးသော ပြဿနာများကို ဖြေရှင်းနေကြရသည့်နည်းတူ လူတို့ကဖြေရှင်းရန် လျစ်လျူရှုထားသောပြဿနာများလည်း ရှိနေကြပါသည်။ လျှပ်စစ်ဓါတ် လုံလောက်အောင်မရှိရခြင်းမှာ တာဝန်ရှိသူများကဤပြသနာကို လျစ်လျူရှု ထားခဲ့ကြသောကြောင့်ဖြစ်ပါသည်၊

နေအပူဒဏ်နှင့်လျှပ်စစ်အားမလုံလောက်မှုများကြောင့် တပြည်လုံး ဒုက္ခခံစားနေကြရခြင်းအတွက် ဖေ့(စ)ဘွတ် တွင် ပြဿနာကိုဖြေရှင်းနိုင်သော နည်းလမ်းအသွယ်သွယ်ကို ပြည်သူအများ အကြံပြုရေးသား သည်များကို ဖတ်ရှုနေကြရပါသည်၊ “မြန်မာနိုင်ငံစွမ်းအင်အသုံးချမှုရှေ့ရေး” ခေါင်းစဉ်ဖြင့် ကွန်ဖရင့်ခေါ်ဆိုကျင်းပပြီး တပြည် လုံးမှ ပညာရှင်ပေါင်းစုံတို့၏အကြံဉာဏ်ကို ရယူသင့်ပါသည်။ နိုင်ငံခြားကုမ္ပဏီများကိုလည်း ဖိတ်ခေါ်လျှင် လာရောက်အကြံဉာဏ်များပေးကြပါလိမ့်မည်။

ယခုအချိန်တွင် နိုင်ငံတော်အစိုးရအတွက် ဤပြသနာကိုဖြေရှင်းရန် အားကိုးလောက်သော စီမံကိန်းများရှိနေ သင့်ပါပြီ။


ကိုသန်းလွင်