မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● တသွေးတသံတမိန့် (သို့) ကြီးနိုင် ငယ်ညှဉ်း



မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● တသွေးတသံတမိန့် (သို့) ကြီးနိုင် ငယ်ညှဉ်း
(မိုးမခ) မေ ၁၄၊ ၂၀၁၆
လူသိရှင်ကြားဖြစ်ခဲ့တာမှ မကြာသေး။ ခုထပ်ကြားသိရတာက အပြီးသပ်နိဂုံးချုပ်သွားတဲ့အဖြစ်ပါ။ အရင့်အရင်က ကြားခဲ့ သိ ခဲ့တာတွေကိုတော့ သိတာ သိစေ မမြင်စေနဲ့ရယ်လို့ ဖုံးကွယ် ဖျောက်ကွယ်ထားတော့ လက်ဆုပ်လက်ကိုင် မပြနိုင်၊ သြော်  အခုများတော့ ဖုံးလို့ပေါ် ပေါ်လာတော့လဲ ငြင်းကွယ်မရနိုင်တဲ့ သက်မဲ့ခန္ဓာကိုယ်ဆိုတော့ ဘယ်သို့ ဘယ်ပုံ ဆင်ဝှေ့ရန် ရှောင်စကားအလှတွေနဲ့ ဖုံးကွယ်နေအုံးမှာလား ...?

နာကျင်ခံစားရသူက နာကျင်ခဲ့ပြီးပါပြီ။ သေဆုံးခဲ့သူလဲ  သေဆုံးခဲ့ပြီးပါပြီ ၊  အဖြစ်သနစ်တွေရဲ့ အဆုံးသပ်ကို  စစ်ဆေးအပြစ် ပေး အရေးယူသွားမယ်ဆိုတဲ့မှတ်ချက်နဲ့တော့ ပြည်ဖုံးကားချပ် ချလို့မရတော့၊ ကာလရှည်အတော်ကြာကြာအချိန်က  စကြား သိလာခဲ့တဲ့   အသံသဲ့သဲ့တိုးတိုးကနေ  ပြည်သူတွေ အလန့်တကြားခေါင်းထောင်ကြည့်မိအောင် ကျယ်လောင်လာတဲ့ စီနီ ယာ ဂျူနီယာဆိုတဲ့ စကားလုံးအပေါ် အလေးအနက်ထားသုံးသပ်မေးခွန်းထုတ်ဖို့ လိုအပ်နေပါပြီ ၊၊

ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုဦးတည်ချက်နဲ့ ဒီအစဉ်အလာဆိုးကြီးကို ခုံခုံမင်မင် မြိန်ရည် ယှက်ရည် သုံးစွဲနေတာလဲ ...။ ဘယ်အချိန် ဘယ်အခါကစလို့ ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲ ... ။ တွေးစရာ မေးစရာအတွက် အဖြေက ကျောချမ်းစရာ ရင်တုန်ချင်စရာ။

စမြစ်ဖျားခံရာဒေသက တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတဲ့ ပြည်သူအပေါ် အုပ်စိုးစံနေ့နံ နှိမ်ထားတဲ့ အရပ်ကဆို တော့ ရေခံ မြေခံက မကောင်း၊ ရှေရှည်အာဏာရှင်အဆက်ဆက်အတွက် နောင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အတွက် ရည်ရွယ်ပြီးသကာလာ တပ်မတော်ကို လက်ကိုင်တုတ်အဖြစ် အသုံးချခဲ့သူရဲ့ တဘို့တည်းဉာဉ်ကဆိုး၊ အင်အားကြီးသူ လက်နက်ကိုင်သူက အမြဲအောင်နိုင်သူဖြစ်ရမယ်ဆိုတဲ့ စစ်ဦး ဘီးလူးရဲ့ ဆင်ခြင်တုံတရားကမဲ့ဆိုတော့ စီနီယာ ဂျူနီယာဆိုတဲ့ ဝေါဟာရကြီးက ကြီးနိုင်ငယ်ညှဉ်း တောရိုင်းတိရိစ္ဆာန်ဥပဒေသ အဆင့်သာ ဖြစ်သွားပါတော့တယ်။

တကယ်တော့ နိုင်ငံသူ နိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ နိုင်ငံတော်အာဏာကို တဦးတည်း တဖွဲ့တည်း မောင်ပိုင်စီး အဓမ္မသိမ်း ယူပြီးနောက် နောင်အစဉ်အဆက်မပြတ် စိုးစံနိုင်ဖို့ ဖိနှိပ်နိုင်ဖို့ ပြည်သူအပေါ် မလှန်နိုင်အောင် အကြောက်တရားနဲ့ စိုးမိုးနိုင် အောင် တသွေးတသံ တမိန့်ဆိုတဲ့ စကားရပ်ကို ပုံဖော်ရင်း တဖက်လှည့်ကြားကောင်းအောင် စီနီယာ ဂျူနီယာဆိုတဲ့ စကားလုံးကို ရှေ့တန်းတင်ခဲ့တာပါ။

အင်အားကြီးသူက အင်အားနည်းသူ၊ အာဏာရှိသူက  အာဏာမဲ့သူ လက်နက်ကိုင်သူက လက်နက်မဲ့သူအပေါ်  ပြောသမျှ  လုပ်သမျှ  စီစဉ်သမျှ  အားလုံးအပေါ်  ငြင်းဆန်ရန်မလို၊ ပြန်လှန်မေးခွန်းထုတ်စရာမလို၊  အစဉ်ထောက်ခံရမယ်  လိုက်နာရ မယ်ဆိုတဲ့အတွေးအခေါ်ကို နောင်တချိန် တိုင်းပြည်ကိုဦးဆောင်အုပ်ချုပ်မဲ့ စစ်အရာရှိလောင်းတွေကို ရင်ထဲ အသဲထဲ ဥ ဏှောက်ထဲ စွဲမြဲသွားအောင်  ရိုက်သွင်းနေတဲ့  စီနီယာ ဂျူနီယာ ဇာတ်လမ်းရည်ရွှယ်ချက်က  ကြောက်စရာ လန့်စရာပါပေ လား ၊၊

နောင်တချိန် တိုင်းပြည်ကိုဦးဆောင်အုပ်ချုပ်မဲ့ စစ်အရာရှိလို့ ရေးလိုက်တာက အမှန်တကယ် သူတို့အဖို့ သူတို့အတွက်   သားစဉ်မြေးဆက်အဆက်ဆက်  တိုင်းပြည်ကြီးကို ဆက်အုပ်ချုပ်ဖို့ စီစဉ်ပြီးသား၊  အစီအစဉ်ဗျူဟာတွေ ဆွဲပြီးသား။ စီမံ ကိန်းဗျူဟာအဆင့်ဆင့် အသင့်ရှိပြီးသား။  နှစ်ရှည်လများ ကြိုကြံစည်ထားလို့ အရာရာအဆင်သင့်ဖြစ်အောင်  ဘက်ပေါင်းစုံ စီစဉ်ထားတဲ့အထဲ  အရေးကြီးဆုံးဖြစ်တဲ့   တသွေးတသံတမိန့်ဆိုတဲ့ကဏ္ဍကို    သွေးချင်း ညီအကိုလိုလို၊  သွေးသောက်ညီ နောင်လိုလို  လိုင်းထဲရိုက်သွင်းပြီး   အကြီးပြောသမျှ အငယ်နားထောင်လိုက်နာရမယ်။  ခွန်းတုံပြန် မပြောရလေအောင်  ထိုး ကြိတ်ကန်ကျောက် ပုံစံသွင်းခြင်းဟာ   အင်မတန်ကြောက်စရာကောင်းလှအောင်  အန္တရာယ်များလွန်းပါတယ်၊၊

ပထမနှစ်ကျောင်းသားတွေကို  ဒုတိယနှစ်တွေက  ထိုးကြိတ်ကန်ကျောက်တယ်၊  ဒုတိယနှစ်ကျောင်းသားတွေကို   တတိယ နှစ်သမားတွေက   ဒီလိုကြမ်းရမ်းပြတယ်၊  တတိယနှစ်တွေကို   နောက်ဆုံးနှစ်က  အရှင်သခင်လို ဆက်ဆံတယ်၊  အဲဒီလို အစဉ်အလာတွေက ကြာလာတော့ထုံးတမ်းစဉ်လာတခုလို ဖြစ်သွားယုံမကဘူး  ငယ်ရွှယ်နုနှယ်တဲ့  စစ်တက္ကသိုလ်အရာ ရှိလောင်းတွေရဲ့  အသွေးအသားဝိညာဉ်ထဲ သေရွှာပါ အစွဲကြီးတခု  စွဲမြဲသွားခဲ့ပြီလေ...။

နောင်တချိန်  ပြည်သူတွေအပေါ်  ဒုတိယနှစ်ကျောင်းသားလို  ထိုးကြိတ်ကန်ကျောက်မယ်၊  တတိယနှစ်ကျောင်းသားလို ကြမ်းရမ်းမယ်၊ အဆုံးစွန်အာဏာအပြည့်ရချိန်မှာတော့ နောက်ဆုံးနှစ်ကျောင်းသားလို အရှင်သခင်လို ဆက်ဆံမယ်.ဆိုတာ က  မလွဲမသွေပါဘဲ။  အရင်းစစ်ရင်  ထိုးကြိတ် ကြမ်းရမ်းတဲ့အရသာကို   သူတို့သိခဲ့ပြီးပြီ၊  အရှင်သခင်လို နေရတဲ့အရသာကိုလဲ မြီးစမ်းကြည့်ပြီးပြီ။

သူတို့အတွက်  နောင်တချိန် တိုင်းပြည်ကိုခေါင်းဆောင်ရမယ်လို့လဲ  လမ်းဖွင့်ထားပြီသား၊  သူတို့အတွက်   ဖွဲ့ စည်းပုံအခြေခံ ဥပဒေကလဲ  နတ်လမ်းညွှန်ပြီးသား ...။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)