ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● ဖက်မှာလားမောင်ရဲ့… ကြောက်တယ်ရှင်

သာထက်အောင် ● ဖက်မှာလားမောင်ရဲ့… ကြောက်တယ်ရှင်
(မိုးမခ) မေ ၁၄၊ ၂၀၁၆

မြန်မာစကားမှာ “သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ” ဆိုတဲ့ စကားပုံကို အသုံးအတော်များ ကြပါတယ်။   ကြားရဖန်များလို့ ရိုးသလိုတောင် ဖြစ်နေပါပြီ။  စကားပုံက ရိုးကောင်းရိုးပေမယ့် နေ့စဉ်ဘဝမှာတော့  သူများ ယောင်လို့ ရောယောင်လုပ်နေပြီး ကိုယ်လုပ်တဲ့  အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ တိတိပပ သိတဲ့လူက ခပ်ရှားရှားပါ။

သူများနိုင်ငံကလူတွေ ဆံရှည်ထားတယ်၊ တချို့က ပိုနီတေးလ် (Ponytail) နောက်မှာချည်ထားတယ်။  ရွှေပြည်ကြီးက လူငယ်အချို့လိုက်လုပ်တယ်။  လုပ်ခွင့်ရှိပါတယ်။  ကိုယ့်ဆံပင်ပဲ သျှောင်ထုံးပဲ ထားထား၊ ခေါင်းတုံးပဲ ရိတ်ရိတ် ဘယ်သူ့မှ မထိခိုက်သရွေ့ ဘာပြဿနာမှ မရှိပါဘူး။  သူတို့ ဆံပင် အရှည်ထားတယ်ဆိုတာက သူတို့ရာသီဥတုရဲ့ တောင်းဆိုမှုကြောင့်။  ဆောင်းမှာဆိုရင် သုညအောက်ရောက်နေတတ်လေတော့ ဆံပင်ရှည်ထားရုံတင်မကဘဲ သိုးမွှေးဦးထုပ်တို့ ခေါင်းစွပ်တို့တောင် ဆောင်းထားရသေးတာကလား။

အဲ… ရွှေပြည်ကြီး ရာသီဥတုကတော့ သိတော်မူကြတဲ့အတိုင်း .. နွေဆိုရင် ရန်ကုန်မှာတောင်  စင်တီဂရိတ် ၄၀ လောက် ရှိတော့ စဉ်းစားသာကြည့်ကြပါတော့။  ဆံပင်အရှည်ကြီးနဲ့ ခေါင်းထဲ ချွေးတစိုစိုနဲ့  ဖုန်တထောင်းထောင်းနဲ့၊ ဒီကြားထဲ ဘတ်စ်ကားကျပ် အတင်းတိုးတက် တိုးဆင်း၊ အိမ်မှာနေတော့လည်း  မီးကမလာ၊ ရေကမမှန်၊ ဒီဆံရှည်ကြီးနဲ့ ရာသီဥတုနဲ့ ကိုယ့်လူမှုဘဝနဲ့ လိုက်ဖက်၏ မလိုက်ဖက်၏ စဉ်းစားဖို့တော့ လိုတယ်။  ဆံရှည်ထားပြီဆိုရင် ဆပ်ပြာကောင်းကောင်း၊ ခေါင်းလျှော်ရည်ကောင်းကောင်း Hairdryer ကောင်းကောင်းတော့ ရှိဖို့လိုတယ်။  အဲသလိုမှ မသန့်ရှင်းနိုင်ရင်တော့ ကိုယ့်ခေါင်းက ထွက်လာမည့် အနံ့က သူများကို အနှောင့်အယှက်ပြုလိမ့်မယ်။  တကိုယ်ရေသန့်ရှင်းရေး မလုပ်နိုင်ဘဲနဲ့  ဆံရှည်ထားကြသူတွေ တချို့ဆို တော်တော်လေးကြမ်းတဲ့ အလုပ်မျိုးနဲ့ ဝမ်းစာရှာနေတဲ့ကြားက ဆံရှည်ကြီးနဲ့ သူ့အစား ခေါင်းယားလိုက်တာ။

နိုင်ငံခြားရုပ်ရှင်တွေထဲ၊ ဗီဒီယိုတွေထဲ မင်းသားက၊ အဆိုတော်က နားကပ်နဲ့ဆို ကိုယ်ကလည်း နားကပ်နဲ့။  ကမ္ဘာကျော် ဘောလုံးသမားတွေက သူ့ဘာသာ ပိုက်ဆံပေါပြီး သူတို့ဆီမှာ ခေတ်စားလို့ လက်တပြင်လုံး တက်တူး (Tattoo) ထိုးထားတာကို အားကျပြီး ကိုယ်ကလိုက် တက်တူးထိုးတော့ အသားနာတာနဲ့ ပိုက်ဆံကုန်တာပဲ အဖတ်တတ်တာပေါ့။

ဝတ်စားဆင်ယင်ပုံ ဟန်ပန်စတိုင်တွေကို သူများဆီက အတုယူ အတတ်သင်တယ်ဆိုတာ အသက်အားဖြင့် ငယ်ရွယ်သေးတဲ့သူတွေ၊ အသိဉာဏ်အားဖြင့် မရင့်ကျက်သေးတဲ့သူတွေ၊ ပညာအခြေခံအားနည်းတဲ့သူတွေမှာ အဖြစ်များလေ့ရှိပါတယ်။  ကိုယ်ခံအားနည်းရင် အခြား ရောဂါတွေကူးစက်လွယ်သလို အသိဉာဏ်ပညာ ကိုယ်ခံအားနည်းရင်လည်း တခြားမလိုလားအပ်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ အကူးစက်ခံရတတ်ပါတယ်။

ဒါဖြင့်… ရှေးမြန်မာများလိုပဲ တောင်ရှည်နဲ့ ရင်ဖုံးနဲ့ ထိုင်မသိမ်း အင်္ကျီနဲ့ပဲနေရတော့မလား မေးစရာရှိပါတယ်။  မပူပါနဲ့… လောကကြီးမှာ ဘယ်အရာမဆို အသင့်တော်ဆုံးသာ ကျန်နေရစ်မှာပါ။  “The survival of the fittest.” ခေတ်ကြီးနဲ့ အံမဝင်တော့တဲ့အခါ တောင်ရှည်လည်းကြာရှည်မခံပါဘူး။  သျှောင်ထုံးကြီးလည်း ဖြတ်ရတာပါပဲ။  ရာသီဥတု အပူကိုလျှော့ချနိုင်မယ်၊ အိမ်မှာ၊ ရုံးမှာ တက္ကစီကားထဲမှာ ဘတ်စ်ကားထဲမှာ လေအေးစက်နိုင်နိုင် ပေးနိုင်၊ ရနိုင်မယ်ဆိုရင် ပုဆိုးဆိုတာလည်း ပြောင်းရမှာပါပဲ။  တကယ်တမ်း အားကြိုးမာန်တက် လုပ်ကိုင်ကြရတော့မယ့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ တဝုန်းဝုန်း လုပ်ကြရပြီဆိုရင် ဒီပုဆိုးတို့ ထဘီတို့ဆိုတာလည်း အလုပ်ဖြစ်ချင်မှ ဖြစ်တော့မှာပါ။

ခေတ်ကတောင်းဆိုလို့  မပြင်မဖြစ် ပြင်ရတဲ့ ကိစ္စတွေဟာ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။  ကီမိုနိုဝတ်တဲ့ ဂျပန်အမျိုးသမီးတယောက်ကို တိုကျိုမြို့လယ်မှာ မြင်ရဖို့ မလွယ်တော့ပါဘူး။  အဲဒါကြောင့် ဂျပန်တွေ မျိုးချစ်စိတ်တုံးကုန်ပြီလို့တော့ မထင်လိုက်ပါနဲ့။  ဝတ်စားဆင်ယင်မှုနဲ့ မျိုးချစ်စိတ်ကို အချိုးကျ ထပ်တူပြုမယ့်အစား ကိုယ့်ရာသီဥတု၊ ယဉ်ကျေးမှုနဲ့ လိုက်ဖက်မှု ရှိ မရှိကိုပဲ စဉ်းစားရပါလိမ့်မယ်။  ပင်နီချောနဲ့ယောထဘီဆိုတာ ကိုလိုနီခေတ် သူ့ကျွန်ဘဝလက်အောက်မှာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ‘အား’ တခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခုချိန်အထိ ဒီအစွဲကြီးကျန်နေသေးတယ်ဆိုရင်ဖြင့် ကိုယ့်မရင့်ကျက်သေးကြောင်း ကိုယ့်ဘာသာ ဖော်ပြနေသလို ဖြစ်မှာပါ။

ဒီလောက်ရှည်အောင် နိဒါန်းပြုမိတာကတော့ ခုတလော ဖေ့စ်ဘွခ်မှာတွေ့နေရတဲ့ Free Hug ဆိုတဲ့ လှုပ်ရှားမှုတခု ရွှေပြည်ကြီးမှာ စနေတာတွေ့ရလို့ နည်းနည်းတော့ရေးဦးမှလို့ ထင်လို့ပါ။

သြစတြေးလျက ဆစ်ဒနီမြို့မှာ  ကျွန်တော် အခြေချနေထိုင်လာခဲ့တာ နှစ်ပေါင်း ၂၂ နှစ်ကျော်ပြီမို့ ကျွန်တော် သူများကို ဖက်ဖူးသလို သူများဖက်တာလည်း ကြိမ်ဖန်များစွာ ခံဖူးပါတယ်။  ဘာမှမဆန်းပါဘူး။  အဖက်အရမ်းအနမ်းအရှုံ့ လှိုင်လှိုင်ကြီးသုံးတဲ့ ဘိုနိုင်ငံ၊ ဘိုယဉ်ကျေးမှု ထွန်းကားရာ အရပ်မှာ ချစ်ခင်သူချင်း မိတ်ရင်းဆွေရင်းချင်း ရင်ဘတ်အပ်၊ ပါးအပ်နှုတ်ဆက်တာ မဆန်းပါဘူး။

ဒါကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားတဲ့ ရွှေပြည်ကြီး၊ ရဟန်း၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ရဲ့ ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းရတဲ့ရွှေပြည်ကြီး၊ လိင်ကိစ္စကို ရှက်ရွံ့စရာလို့မြင်တဲ့ ရွှေပြည်ကြီးလို နေရာမျိုးမှာ ဖိုနဲ့မ ရင်ဘတ်ချင်းအပ်ပြီး နှုတ်ဆက်ဖို့ ဖြေသိမ့်ဖို့ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်၊ သင့်၏ မသင့်၏ နည်းနည်းတော့ စဉ်းစားဖို့လိုပါတယ်။  ဒီကိစ္စမှာဘိုတွေ ဂျင်းဘောင်းဘီဝတ်တယ်၊ ဒို့လည်းဝတ်တယ်ဆိုတာလောက် မကျဉ်းမြောင်း မလွယ်ကူပါဘူး။  အင်္ဂလန်မှာ၊ သြစတြေးလျမှာ၊ အမေရိကမှာ သုံးလေးနှစ်နေပြန်လာတော့ ဘိုဆန်ဆန် ခုလို ရင်ဘတ်ချင်းအပ်ရမှ ခေတ်မီတယ်ထင်ရင်တော့…၊  ဒီလိုမျိုး နှုတ်ဆက်တာမျိုးကို လက်မခံနိုင်တာနဲ့ ခေတ်နောက်ပြန်ဆွဲသူကြီးလို့ မြင်ရင်တော့… မြင်တဲ့သူရဲ့ တာဝန်ပဲဖြစ်ပါတယ်။

ဘာပြုလို့လဲဆိုတော့ အရှေ့နဲ့အနောက်ဟာ ယဉ်ကျေးမှုချင်းမတူပါဘူး။ တန်ဖိုးထားသတ်မှတ်တဲ့ စံချင်းလည်း မတူပါဘူး။  ဘာသာအယူအဆချင်းကိုးကွယ်မှုချင်းလည်း မတူပါဘူး။  ဒါကိုအတင်းပဲဆွဲညှိယူချင်လို့မရပါဘူး။

လွယ်လွယ် ဥပမာတခုကိုပေးပါရစေ။  မြန်မာအမျိုးသမီးတယောက် အသက် ၆၀ကျော်လောက် ရှိပြီဆိုပါတော့.. နှုတ်ခမ်းနီရဲနေအောင်ဆိုး၊ မျက်ခုံးမွှေးသေးသေးလေးဆွဲ၊ မိတ်ကပ်နဲ့ရေမွှေးနဲ့ ခြေသည်းနီ လက်သည်းနီနဲ့ဆိုရင် ပတ်ဝန်းကျင်က ကဲ့ရဲ့အတင်းဆိုချင်ကြတယ်။  လူကဖြင့် သင်္ချိုင်း တဖက်နင်းနေပြီ ခုထိနန့်ချင်နေတုန်း ဘာညာနဲ့ မေးဝင်ငေါ့တဲ့လူက မေးငေါ့ပေလိမ့်မယ်။  အဖျင်းဆုံး ခုထိသမီးတွေနဲ့အပြိုင် အပျိုလုပ်ချင်နေတုန်း ပါလားဆိုပြီး အထင်သေးချင်ကြပေလိမ့်မယ်။  အဲသည်လို မြန်မာအတွေနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်ဟာ အဲသည်လို ကြော့နေအောင် ဖီးလိမ်းပြင်ဆင်ထားတဲ့ ဘိုမအဖွားကြီးတယောက်နဲ့ တခါကဆွေးနွေးဖူးပါတယ်။  သူကဘာပြန်ဖြေတယ်ထင်လဲ….။

“ဟောဒီ့.. ငါ့ခန္ဓာကိုယ်ကြီးဟာ ဘုရားသခင်က ဖန်ဆင်းပေးထားတာ။  ဒါကို ငါက အတတ်နိုင်ဆုံ အလှပဆုံးဖြစ်အောင် ထိန်းသိမ်းပေးရမယ့်တာဝန်ရှိတယ်။  ငါပေပေစုတ်စုတ် ဖြစ်သလိုနေရင် ဘုရားသခင်ရဲ့ကျေးဇူးကို စော်ကားသလို၊ ငါ့ပတ်ဝန်းကျင်က လူတွေရော ငါ့ကိုမြင်ပြီး စိတ်ချမ်းသာပါ့မလား။  မင်းရော ငါ့အနားကပ်ချင်ပါ့မလား…” တဲ့။

သူ့အတွေး သူ့အယူအဆကို မှားတယ်လို့ ပြောလို့မရသလို၊  ကျွန်တော်တို့ အရှေ့က အဖွားကြီးတွေစတိုင်၊ ယောဂီတဘက်လေး ပုခုံးပေါ်တင်၊ ပုတီးလေးတခြောက်ခြောက်စိပ်နေတဲ့သူကိုလည်း မှားတယ်လို့မပြောနိုင်ပြန်ပါဘူး။  ဒါတွေက ကိုးကွယ်တဲ့ဘာသာာ တသက်လုံးဖိစီးလာတဲ့ ယဉ်ကျေမှုတွေဆိုတော့ သူ့အလှနဲ့သူပဲလို့ သဘောထားနိုင်ရင် ပြီးတာပါပဲ။

စောစောကကိစ္စပြန်ကောက်ရရင် မြန်မာအမျိုးသားနဲ့ အမျိုးသမီး တွေ့ဆုံနှုတ်ဆက်ရင် ဖက်ပြီး ရင်ဘတ်ချင်းအပ် နှုတ်ဆက်ဖို့ ပရိဒေ၀သောက ဒုက္ခတွေနဲ့ ကြုံရင် ဖက်ပြီး နှစ်သိမ့်ဖို့ဆိုတာ သိပ်ဝေးပါသေးတယ်။  အသိအကျွမ်းတယောက်က မိတ်ဆက်ပေးလို့ လက်ကမ်းရင်တောင် လက်မထွက်ရဲ မထွက်တတ်တဲ့ မြန်မာအမျိုးသမီးတွေ အခုထိရှိနေဆဲအချိန်မှာ လူထီးနဲ့ လူမ ဖက်ပြီး နှုတ်ဆက်ဖို့ဆိုတာ ဘာမှစိတ်ကူးနေစရာ အကြောင်းမရှိပါဘူး။ မလုပ်ရလို့လည်း ဘယ်သူမှ ၀မ်းနည်းနေမှာမဟုတ်ပါဘူး။

ရေးလက်စနဲ့တခုရေးပါရစေဦး။  လိင်ကိစ္စအပေါ် မြန်မာတွေထားတဲ့ သဘောထား၊ အနောက်ကဘိုတွေနဲ့ အများကြီးကွာပါတယ်။  ဘိုတွေက လိင်ကိစ္စကို ထမင်းစားရေသောက်ကိစ္စ၊ ကျန်းမာရေးကိစ္စလို့ သဘောထားတယ်။  ကျွန်တော်တို့ မြန်မာက ရှက်ရွံ့စရာပြစ်မှုကျူးလွန်တဲ့ကိစ္စ၊ မကောင်းမှုလို့မြင်တယ်။  သူတို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ရင်သား၊ တင်ပါး၊ ပေါင်တံ အလှ ဒါတွေကို ပြစရာကြွားစရာ အလှအပပစ္စည်းလို့ သဘောထားတယ်။  ကျွန်တော်တို့က ဒါတွေကို ဖုံးစရာ၊ ဖိစရာ၊ လူမမြင်အပ်စရာလို့   သဘောထားတယ်။  ပွေ့တာ ဖက်တာ နမ်းတာ ရှုံ့တာ သူတို့အဖို့ မဆန်းပေမယ့် ကျွန်တော်တို့မှာ လူကွယ်ရာမှာ လင်မယား၊ သမီးရည်းစားတို့သာ လုပ်အပ်တဲ့ အရာလို့ ထင်တယ်။  ကျွန်တော်တို့မှာ သမီးမိန်းကလေး အရွယ်လေးရောက်လာလို့ ရည်းစားသနာရှရင် မအေလုပ်သူက အပြစ်မြင်ပြီး ပေါင်တွင်းကြောလိမ်ဆွဲဖို့ ပြင်နေပြီ။  သူတို့မှာ သမီးမိန်းကလေး ‘Boyfriend’ နဲ့ ညအိပ်ထွက်တာ ဘာမှဆန်းတဲ့ ကိစ္စလို့မမြင်ဘူ။  ဒါသဘာဝလို့ပဲ သဘောထားနိုင်ကြတယ်။

တခါတလေ ကျွန်တော်အပြင်ထွက်ရင် ကားမောင်းရမှာ ပျင်းတော့ ဘတ်စ်ကားနဲ့ သွားတတ်ပါတယ်။  ကျောင်းဆင်းချိန်နဲ့ကြုံတဲ့ အခါတွေမှာ အထက်တန်းကျောင်းသူ ကျောင်းသားလေးတွေ တက်လာပြီး ပြောကြဆိုကြ ပြောင်ကြနောက်ကြ၊ တချို့ ကောင်မလေးတွေက ကောင်လေးတွေပေါင်ပေါ် တက်ထိုင် (အပျို လူပျို ဖားဖားကြီးတွေနော်..)။  ကျွန်တော် သူတို့ မျက်နှာလေးတွေကို အကဲခတ်ကြည့်တယ်။  သူတို့ ဖြူစင်တယ်။  ရာဂအခိုးအငွေ့မသန်းဘူး။  သူငယ်ချင်းဆိုတဲ့ အသိပဲ ရှိတယ်။  ဖို-မ ဆိုတဲ့ လိင်ကွာခြားမှုကြောင့် မရိုးမသားစိတ် သူတို့မှာ မရှိဘဘူး။  ကျွန်တော်တို့ အဲဒီအရွယ်တုန်းကများ အဲသလိုလာ ထိုင်ကြည့်ပါ့လား.. ဟင်း.. ဟင်း.. (ဆက်မရေးပါရစေနဲ့တော့ဗျာ..။)

အနောက်ယဉ်ကျေးမှု ထွန်းကားတဲ့ ဘိုနိုင်ငံတွေမှာပဲ တဦးနဲ့တဦးနဲ့ ဖက်နှုတ်ဆက်တယ်ဆိုတာ လူတိုင်း မဟုတ်ဘူး။  အခြေအနေပေါ် မူတည်တယ်။  ဆွေမျိုးတော်စပ်တယ်၊ သိပ်ရင်းနှီးတယ်၊ ကွဲကွာနေတာကြာပြီ ခုမှ ပြန်တွေ့တဲ့ အခါမျိုး။  ပါတီပွဲ၊ ဧည့်ခံပွဲတွေမှာ တစုံတယောက်က မိတ်ဆက်ပေးတဲ့ အခါမျိုး၊ အလုပ်ကိစ္စနဲ့ဖြစ်စေ၊ လူမှုရေးကိစ္စနဲ့ ဖြစ်စေ တွေ့ဆုံဖို့ စောင့်ခိုင်းရင်း ကြာသွားတဲ့အခါ လေးစားရမယ့်သူမို့ တောင်းပန်တဲ့ အနေနဲ့ ပွေ့ဖက်နှုတ်ဆက်တာမျိုး။  အလကားနေရင်း နေ့တိုင်း နေ့တိုင်း တွေ့မြင်နေရတဲ့ လူတွေကတော့ ‘Hello’ ‘Hi’ နဲ့ ပြီးတာပါ။

နောက်ပြီး.. အမျိုးသမီးလုပ်သူက ပွေ့ဖက်နှုတ်ဆက်လိုတဲ့ ဟန်ပန်ရှိ-မရှိ ဆိုတာလည်း အကဲခတ်ရပါသေးတယ်။  အမျိုးသမီးက သာမန်ပဲ နှုတ်ဆက်ချင်တာကို အတင်းကြီး ဝက်ခေါင်းတိုး ပွေ့ဖက်နှုတ်ဆက်လို့ ရတာမျိုး မဟုတ်ပါဘူး။

ရွှေပြည်ကြီးက အင်မတန်ခေတ်မီချင်သူများကို တခု မေးပါရစေ..။

ကိုယ့်မိန်းမ မီးဖွားတဲ့အခါ မီးနေခန်းထဲကို ဝင်ပြီး ကိုယ့်မိန်းမကို အားပေးတဲ့အနေနဲ့ ဝင်ထိုင်ရဲပါသလား။   ဝင်ထိုင်ရင်ကော ပတ်ဝန်းကျင်က ခွင့်ပြုမယ် ထင်ပါသလား။   မိန်းမမီးဖွားတဲ့ ကိစ္စက မိန်းမတွေကိစ္စ၊ ယောက်ျားတွေ ဝေးဝေးမှာနေရမယ်ဆိုတဲ့ အသိက မြန်မာတိုင်းမှာ ရှိတယ်။  ဘိုနိုင်ငံတွေမှာ မီးနေခန်းထဲ ယောက်ျားလက်ကိုင်ပြီး မွေးရမှ၊ ခပ်သည်းသည်းယောက်ျားများက ကလေးထွက်လာတာ အစ အဆုံး ဗီဒီယိုရိုက် မှတ်တမ်းတင်တာတောင် ရှိသေး..။

အဲသလို ယဉ်ကျေးမှု အခြေခံချင်း ကွာခြားတဲ့ ရေခံမြေခံမှာ စောစောကပြောတဲ့ လူထီးနဲ့လူမ ပွေ့ဖက်နှုတ်ဆက်ဖို့ဆိုတာ…။

နောက်ပြီး ဒီကိစ္စက အင်မတန် သိမ်မွေ့ပါတယ်။  လူကြီးလူကောင်းဆန်ရပါတယ်။  ရာဂအခိုးအငွေ့ပါတဲ့ အကြည့်၊ မရိုးမသား အပြုအမူ၊ အမြတ်ထုတ်ချင်တဲ့ ဆန္ဒလုံးဝ မရှိရပါဘူး။  ဖွဖွညင်သာ ပါးချင်းထိတယ်ဆိုရုံလေး၊ ပုခုံးဖက်တယ်ဆိုရုံလေး၊ နှစ်သိမ့်အားပေးတဲ့ အခါမှာလည်း ပုခုံးလေးကို လက်ဖဝါးလေးနဲ့ ဖွဖွလေးပုတ်ပြီး နှစ်သိမ့်အားပေးတဲ့ အပြုအမူပေါ်အောင် နေရထိုင်ရ ဖက်ရတာပါ။  ခေါ်တောထောင့်ငါးရာအကြည့်နဲ့ နှာခေါင်းကြီးရှေ့တိုးပြီး နသားပါယား လာနမ်းလို့ကတော့ ဗမာမကတော့ မသိဘူး၊ ဘိုမကတော့ ပါးရိုက်လွှတ်မှာ သေချာတယ်။  အဆင်မသင့်ရင် အချုပ်ထဲရောက်နိုင်တယ်။

ပထဝီအနေအထား၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှုသက်တမ်း စတဲ့ အချက်တွေအပေါ်မူတည်ပြီး လူမျိုးတမျိုးနဲ့ တမျိုး အနေအထိုင် အစားအသောက် အကျင့်အကြံ မတူကွဲပြားကြတာ သိပ်သဘာဝကျတဲ့ ကိစ္စပါ။  ဘယ်သူ့ ဘယ်သူမှ အထင်ကြီးစရာမလိုသလို အထင်သေးစရာလည်း မလိုပါ။  ဘို-ဘိုချင်းတွေ့ရင် ဘိုလိုနှုတ်ဆက်ပြီး မြန်မာ-မြန်မာချင်းလည်း မြန်မာ့ယဉ်ကျေးမှုအတိုင်း နှုတ်ဆက်ကြရင် ပြီးတာပါပဲ။  ဘယ်ဘိုတယောက်ကမှလည်း မြန်မာမ တယောက်ကို ပွေ့ဖက်မနှုတ်ဆက်ရလို့ မင်းတို့ တယ်ရိုင်းပါ့လားလို့ မမြင်ပါဘူး။  မြန်မာကလည်း ဘိုမတယောက်ကို ဖက်နှုတ်မဆက်ရလို့ ဝမ်းနည်းမနေပါဘူး။

အချုပ်ဆိုရရင် ဆင်းရဲလှတဲ့ ရွှေပြည်ကြီးမှာ လုပ်စရာတွေ တောင်လိုပုံနေတဲ့အချိန် ကြောင်ကိုရေချိုးရင်း လုပ်အားနဲ့အချိန်တွေ မဖြူန်းပါနဲ့ဗျာ…။ 

သာထက်အောင်
မေ ၁၀၊ ၂၀၁၆