၁၀ (က) နှင့် ဘကြီးမိုး



၁၀ (က) နှင့် ဘကြီးမိုး

(ဘကြီးမိုး ကုမုဒြာ သတင်းဂျာနယ်) မိုးမခ ၊ မေ ၄၊  ၂၀၁၆

ဘကြီးမိုးဘ၀မှာ သုံးကြိမ်သုံးခါ ဖမ်းဆီး ထိန်းသိမ်းခံရဖူးပါတယ်။ ၁၉၅၈ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဒုတိယဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်နေ၀င်း အိမ်စောင့်အစိုးရ တက်တဲ့အခါက အဖမ်းခံရခြင်းဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် တဖွဲ့လုံးနီးပါး ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်။ ဘာပုဒ်မနဲ့ အဖမ်းခံရသလဲ ဘကြီးမိုး မသိပါ။အချုပ်ထဲတွင် ၁၀ လကျော် နေခဲ့ရသော်လည်း ဖမ်းတဲ့ ပုဒ်မကတော့ ၅(ည) ဆိုလားပါပဲ။ အဲ ဦးနု ပထစ အစိုးရ တက်လာချိန်တွင် ဘကြီးမိုး လွတ်ပါတယ်။

ဘကြီးမိုး ၁၀ လ ကျော် အဖမ်းခံရပေမဲ့ ထောင်ထဲမရောက်ပါ။ ပထမဆုံး နန်းရှေ့က မင်္ဂလာဥယျာဉ်အချုပ်၊နောက် မြို့မအချုပ်၊ နောက်ဆုံးနဲ့ အကြာဆုံးကတော့ စိန်ပန်းရဲစခန်း အချုပ်ထဲမှာ ဖြစ်ပါတယ်။

စိန်ပန်းအချုပ်ထဲမှာ ရှိစဉ် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာများ၊ စာများ ရေးခဲ့တဲ့ မောင်သက်ဦးဆိုတဲ့ ကလောင်နာမည် သုံးလို့မရတဲ့အတွက် ကြည်အေးရဲ့ ကဗျာတပုဒ်မှာသာ သုံးစွဲဖူးတယ်လို့ မှတ်သားဖူးတဲ့ မမိုးသူ ဆိုတဲ့ ကလောင်နာမည်ကို `မောင်မိုးသူ ´ လို့ပြောင်းလဲရေးသားသုံးစွဲခဲ့ရာကနေ ထိန်းသိမ်းခံရာမှ လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း မောင်မိုးသူ ဆိုတဲ့ ကလောင်နာမည်ကို သုံးခဲ့ကာ၊ အခု အသက် ၇၉ နှစ်အချိန်အထိ ဆက်လက်သုံးစွဲ ရေးသားနေဆဲ ဖြစ်ပါတယ်။

အဲ ဘကြီးမိုး ဆိုတဲ့ ကလောင်အမည်ကတော့ အင်န်အယ်လ်ဒီအဖွဲ့ချုပ် တည်ထောင်စဉ်က လူငယ်ကလေးများက ချစ်စနိုး `ဘကြီးမိုး ´လို့ အခေါ်ခံခဲ့ရတာပါ။န၀တ စစ်အစိုးရလက်ထက်မှာ မောင်မိုးသူ ဆိုတဲ့ ကလောင်ကိုသုံးခွင့်မရှိ၊ နာမည်ကိုတောင် Black List လုပ်ထားလို့ ` ဘကြီးမိုး ´ ဆိုတဲ့ နာမည်ဝှက်ကလောင် ယူခဲ့မိတာဖြစ်ပါတယ်။

ရယ်ရတာက ဘကြီးမိုးဆိုတဲ့ ကလောင်နာမည်နဲ့ စာစရေးချိန်မှာ ကာတွန်းရွှေမင်းသားက ဘကြီးမိုးရဲ့ ပုံ ကယ်ရီကေးချားရေးလိုက်တော့ အားလုံးပေါ်သွားတာပေါ့လေ။

ယခု အချိန်ထိလည်း ဘာနဲ့ ဘကြီးမိုး၊ ညာနဲ့ ဘကြီးမိုးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကုမုဒြာမှာ ရေးပါတယ်။ စိတ်ကူးရတဲ့ ခေါင်းစဉ်ကို အော်ပီကျယ်ကိုပြောပြ၊ ဘကြီးမိုးကလည်း ရေးချင်သလိုရေး၊အော်ပီကျယ်ကလည်း သူဆွဲချင်သလိုဆွဲနေခဲ့တဲ့ ပုဒ်ရေ ၂၀၀ ကျော် ၃၀၀ လောက်ရှိထင်ပါ့။ ပုဒ်ရေ ၁၀၀ ပြည့်စဉ်က လုံးချင်းတအုပ်၊ ၇၇ နှစ်ပြည့်မှာ တအုပ်၊ ၇၈ နှစ်ပြည့်မှာ တအုပ်၊ ယခု ၇၉ နှစ်ပြည့်မှာ တအုပ်ဆိုတော့ ဘကြီးမိုး ၊အော်ပီကျယ် ၊ကုမုဒြာလုံးချင်းများလည်း လေးအုပ်မြောက် ရှိခဲ့ပြီပေါ့။

အဲ သည်အပတ်ခေါင်းစဉ်က ဘာတဲ့။ အဲ ပုဒ်မ ၁၀ (က) နဲ့ ဘကြီးမိုးလေ။ ဘာဖြစ်လို့လဲဆိုတော့ ၈၉ ပထမအကြိမ် အဖမ်းခံရစဉ်ကလည်း ၁၀(က)နဲ့ စဖွင့်တာပဲခင်ဗျ။ နောက် ၉၆ မှာ အဖမ်းခံရတော့လည်း ၁၀(က)နဲ့ အဖမ်းခံရတာပါပဲ။

အင်န်အယ်လ်ဒီ စတင်တည်ထောင်စဉ်က ပါဝင်ခဲ့ကြတဲ့ ရှေ့နေကြီးလေးယောက်အနက် ဦးတင်ရွှေက ထောင်ထဲမှာ ကွယ်လွန်၊ ဦးထွန်းတင်ကတော့လွတ်ပြီးခါမှ ကွယ်လွန်၊ ဦးကိုယုကတော့ ဘကြီးမိုး ဒုတိယအကြိမ် ထောင်ထဲမှာ ရှိစဉ် ကွယ်လွန်ပါတယ်။ စတုတ္ထမြောက် ရှေ့နေကြီးကတော့ ဒေါ်မြင့်မြင့်ခင်ပဲ ဖြစ်ပါတယ်။ ယခု အမေရိကားမှာ ရောက်နေပါတယ်။ ဘကြီးမိုးဘ၀မှာ ရှေ့နေတွေ အများကြီးမှ အများကြီး ပေါင်းခဲ့ပါတယ်။ ရှေ့နေကွန်ရက်က ဦးအောင်သိန်းတို့၊သိန်းသန်းဦး တို့လည်း ဘော်ဒါတွေပေါ့။ ဦးကိုနီ လည်း လုပ်ဖော်ကိုင်ဖက်ပါပဲ။ ဒါပေမဲ့ ဥပဒေတွေ၊ပုဒ်မတွေ အကြောင်း ဘာမှ မသိဘူးခင်ဗျ။

ပုဒ်မ ၁၀ (က)တို့၊ (ခ)တို့ဆိုတာ ဘကြီးမိုးတို့၊ဒေါ်အောင်ဆန်းစုကြည်တို့ တတွေကိုဖမ်းပြီး ဘကြီးမိုးကိုတော့ ၁၀(က) ထောင်ထဲပို့ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ၁၀(ခ)ကတော့ အကျယ်ချုပ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ၁၀(ခ)နဲ့ အကြိမ်ကြိမ် ထိန်းသိမ်းခံရပေမဲ့ အစောင့်အရှောက်တွေနဲ့ အကျယ်ချုပ်ခံရစဉ်အတွင်း အင်းလျားကန်ဖြတ် ရေကူးပြီး လာတဲ့ ယက်တောကို လက်ခံမှုနဲ့ ထောင်သုံးနှစ် ဒေါ်စုကျပါတယ်။

၈၉ မှာ ဘကြီးမိုးတို့ အင်န်အယ်လ်ဒီ ခေါင်းဆောင်အားလုံးကို ၁၀(က) နဲ့ ဖမ်းတာပါ။ ၁၀(က) ပုဒ်မဆိုတာ အချုပ်ပုဒ်မ ဖြစ်တဲ့အတွက် ထောင်ကျ မဟုတ်ဘဲ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်မရှိပါ။နှစ်ပတ်တကြိမ် မိသားစုက ပေးပို့သော ပါဆယ်တော့ ရပါတယ်။

ဘကြီးမိုးကို ဖမ်းဆီးစဉ်က ၁၀(က) ဆိုတော့ အချုပ်ပေါ့ခင်ဗျ။ အချုပ်သား အဖြစ် ၉၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးအောင်လွင်နဲ့ ဘကြီးမိုးတို့ကို ၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အရွေးခံဖို့ သဘောတူလက်မှတ် ထောင်ထဲမှာ အဲသည်တုန်းက ထောက်လှမ်းရေး ဗိုလ်မှူးကြီးသန်းထွန်းက လက်မှတ်လာထိုးခိုင်းပါတယ်။ ဘကြီးမိုးတို့ လေးယောက်စလုံး အရွေးခံပါ့မယ်ဆိုပြီး လက်မှတ်ရေးထိုးလိုက်တာနဲ့ နောက်နေ့ ထောင်ချလိုက်လို့ ၉၀ ရွေးကောက်ပွဲမှာ အရွေးမခံလိုက်ကြရပါ။

၁၀(က) က အချုပ်အဖြစ် အရွေးခံခွင့် ရှိပေမဲ့ ပုဒ်မ၅(ည) ပြောင်းပြီး ထောင်ချလိုက်ရင် ထောင်ကျဆိုတာ ပြစ်ဒဏ်ချမှတ်ခံရပြီးသူ ဖြစ်တဲ့အတွက် အရွေးခံခွင့် မရှိဘူးဆိုလားပဲ။ ဘာပဲပြောပြော အင်န်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အရွေးခံမယ်လို့ လက်မှတ်ရေးထိုးလိုက်တဲ့ ဘကြီးမိုးဟာ ထောင်သုံးနှစ်ကျပါတယ်။ အဲသည်တော့မှ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရပါတယ်။

ဘကြီးမိုး ထောင်ထဲမှာ နာမည်ရေးထားခံရတာက မိုးသူ(ခေါ်) စိန်မြင့်ပါတဲ့။ဒါပေမဲ့ မှတ်ပုံတင်မှာပါတဲ့ဘကြီးမိုးရဲ့ နာမည်ရင်းက စိန်မြင့်ဖြစ်ပါတယ်။ မိုးသူဆိုတာ ကလောင်နာမည်ပါ။ အင်န်အယ်လ်ဒီမှာ ဗဟိုကော်မတီအဖြစ်ပါတော့ လူနာမည် မဟုတ်တော့ဘဲ မောင်မိုးသူ၊ ဦးမိုးသူ ဖြစ်နေပါပြီ။ ဒါကြောင့် အဖမ်းခံထားလေတော့ မိုးသူ(ခေါ်)စိန်မြင့် ဖြစ်နေပါတယ်။ တကယ်ဖြစ်ရမှာက မှတ်ပုံတင်ထဲမှာပါတဲ့ အမည်ရင်း စိန်ုမြင့် (ခေါ်) မိုးသူ ဖြစ်ရမှာပါ။ ဒါပေမဲ့ သူတို့ ဖမ်းဆီး ထောင်ချချင်တဲ့သူက မိုးသူ ဖြစ်သလား မသိပါဘူး။ မိုးသူ (ခေါ်) စိန်မြင့် ဆိုပြီးတော့ ထောင် သက်တမ်း နှစ်ကြိမ်စလုံးမှာ မိုးသူ ထောင်ကျခဲ့ရပါတယ်။

မိုးသူ ပြစ်ဒဏ်ကျခံရတာက သုံးနှစ်ပါ။ အဲ ထောင်ထဲမှာ သုံးနျစ်နေပြီးတော့ ၉၂ မှာ ထောင်ထဲက အခမ်းအနားနဲ့ လွှတ်ပေးခြင်းကို ခံခဲ့ရပါတယ်။

ထောင်ထဲက ထွက်ပေမဲ့ မောင်မိုးသူ ကလောင်နာမည်ကတော့ Black List မှာ ရှိနေဆဲဖြစ်လို့ စာများရေးသားစဉ်မှာလည်း မောင်မိုးသူ နာမည် သုံးစွဲခွင့်မရှိပါ။ ထိုနည်းတူ မောင်မိုးသူ နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးခွင့် မရပါ။ သည်တော့ မောင်မိုးသူဆိုတဲ့ နာမည် မသုံးရဘဲ ဓနမဂ္ဂဇင်းအယ်ဒီတာ နာမည်ကို နာမည်ရင်း ဦးစိန်မြင့်လို့ ဖော်ပြခဲ့ပြီး ကလောင်ဝှက်ဆိုပြီး ဘကြီးမိုးဆိုတဲ့ ကလောင်အမည်ကို မောင်ဝံသ ထုတ်တဲ့ တော်ဝင်လား မသိပါဘူး။ မဂ္ဂဇင်းမှာ စတင်သုံးစွဲရေးသားခဲ့တာပါ။

အဲ ၉၂ မှာ လွတ်ပြီး စာလည်းရေးခွင့်မရ၊ ရုပ်ရှင်လည်း ရိုက်ခွင့်မရ၊ မောင်မိုးသူ ဘာသာပြန်စာအုပ်ဟောင်းတွေလည်း ထုတ်ခွင့်မရဘဲ ရှိနေစဉ်မှာပဲ ၉၆ ကျတော့ နောက်တကြိမ် ၁၀(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ သည်တကြိမ် အတူအဖမ်းခံရသူပေါင်း ငါးဦးကတော့ ဦးညီ (ခေါ်) ဦးထွန်းဝင်း(ဦးဘ၀င်းရဲ့ သားဒေါ်စုရဲ့ အကို) ၊ဦးကျော်မင်း၊ မောင်ဝံသနဲ့ ကိုသိန်းတင်တို့ ဖြစ်ပါတယ်။

ဘကြီးမိုးတို့ အဖမ်းခံရစဉ်က ၁၀(က) ရဲ့ အချုပ်သက်တမ်းကြမ်းခင်းဈေးဟာ သုံးနှစ်ဖြစ်ပါတယ်။ ဘကြီးမိုးတို့ ဖမ်းပြီးခါမှ သုံးနှစ်ကနေ ငါးနှစ် ကြမ်းခင်းဈေး သတ်မှတ်ပါတယ်။ ကိုသိန်းတင် ထောင်ထဲမှာပဲ ဆုံးပါတယ်။ ဦးကျော်မင်း ဆေးကုမရတော့တဲ့ အသည်းရောဂါဖြစ်ခါမှ ထောင်ထဲက လွှတ်ပေးပြီး အပြင်မှာဆုံးပါတယ်။

ဘကြီးမိုးထောင်ထဲမှာ ရှိစဉ် ဇနီးသည် မအမာ ၁၉၉၉ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကွယ်လွန်တော့ ဘကြီးမိုး အမာရဲ့ ဈာပန ရက်တွေမှာ အသုဘအိမ်မှာ မနက်သွား ညနေထောင်ထဲပြန်ပို့ ၊ဈာပန ရက်မှာလည်း ဈာပန လိုက်ပါပို့ဆောင်ခွင့်ရပြီး ထောင်ထဲပြန်ဝင်ရပါတယ်။အဲဒါပေမဲ့ ထောင်ထဲက တဦးဦးရဲ့ ဇနီးအပြင်မှာ ကွယ်လွန်ရင် တလအကြာမှာ လွတ်ခဲ့တဲ့ အစဉ်အလာ ရှေ့နေကြီး ဦးထွန်းတင်ရဲ့ ဇနီး မမဥ ကွယ်လွန်ပါတယ်။ မမဥ ကွယ်လွန်ပြီး တလအကြာမှာ ဦးထွန်းတင် ထောင်ထဲက လွတ်ပါတယ်။ထိုနည်းအတူပါပဲ မအမာ ကွယ်လွန်တဲ့ ၁၉၉၉ ဒီဇင်ဘာ ၃ ရက်နေ့ကနေ တလတင်းတင်းပြည့်တဲ့ ၂၀၀၀ ဇန်န၀ါရီ ၃ ရက်နေ့မှာ ဘကြီးမိုး ထောင်ထဲက အခမ်းအနားနဲ့ လွှတ်ပေးပါတယ်။ ဒါကြောင့် ၁၀(က)နဲ့ ငါးနှစ် ကျခံရတဲ့ ဘကြီးမိုးဟာ လေးနှစ်နေပြီး လွတ်လာပါတယ်။ မောင်ဝံသနဲ့ ဦးညီတို့ကတော့ ငါးနှစ် တင်းတင်း နေပြီးမှ လွတ်ပါတယ်။

အခမ်းအနားနဲ့ လွှတ်ပေးချိန်မှာ ဘကြီးမိုးကို ဘာအကူအညီပေးရမလဲလို့ အာဏာပိုင်များက မေးပါတယ်။ ဘကြီးမိုးရဲ့ အနုပညာလုပ်ရပ်များမှာ မောင်မိုးသူ အမည်နဲ့ လုပ်ခွင့်ပေးပါဆိုတော့ စီစဉ်ပေးပါ့မယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးတပ်မှူးရုံးရောက်တော့ စာရေးရင် သူတို့ကို အရင်ပြရမယ်ဆိုတော့ မဖြစ်နိုင်ပါဘူး။ စာပေစိစစ်ရေး ရှိနေတာပဲ။ မဟုတ်ရင် မကြိုက်ရင်စိစစ်ပေါ့။ဖြုတ်ပေါ့ဆိုတာနဲ့ ထောက်လှမ်းရေးက လိုက်လျောပါတယ်။

ဒါနဲ့ ၂၀၀၀ ဇန်န၀ါရီ ၃ ရက်နေ့မှာ လွတ်တဲ့ ဘကြီးမိုးဟာ သူငယ်ချင်းစန္ဒရားလှထွတ်ရဲ့ အသုဘကို ၅ ရက်နေ့ စပြီး ပို့ရပါတယ်။ အဲသည်မှာ သရဖူမဂ္ဂဇင်းမှာ လွမ်းတော်မူလို့ စာကိုစီတယ် ခေါင်းစဉ်နဲ့ စန္ဒရားလှထွတ်နှင့် မောင်မိုးသူ စရေးပါတယ်။ စာပေစိစစ်ရေးက မောင်မိုးသူက black list လို့ ဆိုသေးတယ်။ သရဖူက တဆင့် ထောက်လှမ်းရေး မေးကြည့်ဆိုတော့မှ ရေးခွင့်ပြန်ရတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၀(က) နှင့် ဘကြီးမိုးပါ။