ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းဝေ (နတ်မောက်) ● ဘာလင်တံတိုင်းပန်းချီ

 ဆောင်းဝေ (နတ်မောက်) ●  ဘာလင်တံတိုင်းပန်းချီ
(မိုးမခ) မေ ၂၄၊ ၂၀၁၆

ငါ အော်နေတယ် အသံကိုလမ်းမပေါ် ညှစ်ချပြီး
ငါ ကင်းဗတ်စ်တခုလုံး အဖြူရောင်ကနေ စယူတယ်
ငါဟာ ဖုန်းမှာဝင်သလို ရောက်လာတာမဟုတ်ဘူးဆိုတာ
စုတ်တံကိုအသက်နဲ့ရင်းပြီး ဝှေ့ရမ်းနေခဲ့တယ်
တဖြည်းဖြည်းနဲ့ ငါ အ၀ါရောင်ဘက်ရောက်လာ
(ဗန်ဂိုးရဲ့နေကြာတပွင့်တောင် ငါ့ထောင့်စွန်းထဲ ထည့်ဆွဲလိုက်သေးတယ်)
အပြင်ဘက်ကနေရောင်ကိုဆွဲယူပြီး
အခန်းထောင့်ထဲ အသာထိုးဖွ ပုံချထားလိုက်တယ်
အလင်းရောင်ဆိုပေမယ့် လှိုင်းတွေကမ်းကိုပြေးရိုက်သလို ဝေ့တက်နေရမယ်
ချက်ဗ်ကော့ရဲ့သေနတ်ကို ငါနံရံပေါ်မှာ အမြဲချိတ်ထားပြီး
ပြီးတော့ အပေါ်ကနေအနက်ရောင်ဆေးထူထူ သုတ်ထားလိုက်တယ်
(ဇာတ်လမ်းအဆုံးမှာ သူပစ်ဖို့လိုက်ရှာရင်မတွေ့အောင်လို့)
ဘယ်သူ့ကိုမှ နံရံနားမကပ်စေရဘူး၊ နားတွေကိုအဝေးကြီးမှာထားရမယ်
အရွယ်ရောက်တဲ့နေ့ကစပြီး ငါ့သွားလေရာမှာ
အပြာရောင်ကို အမြဲယူသွားခဲ့တယ်
လမ်းတလျှောက် ဒီအရောင်ကိုတစက်စက် အမြဲချခဲ့တယ်
ငါထွန်းညှိဖယောင်းတိုင်လေးတောင် အပြာလဲ့လဲ့တောက်နေစေတယ်
"ဟေ့ ဂျွန် မင်းကောင်မလေးကအဖြေပေးဖို့စောင့်နေတယ်"
ထောင့်ကိုးရာရှစ်ဆယ့်ကိုး နိုဝင်ဘာရှစ်ရက်
ဘာလင်တိုင်းတံတိုင်းပြိုကျတဲ့နေ့ကအချစ်အကြောင်းကိုနားလည်သွားတယ်
ချောင်းနားထောင်စရာ ခိုကပ်ပုန်းကွယ်စရာ တံတိုင်းမရှိတော့ဘူးဆိုတော့
မစ္စစပီ၊ နိုင်း၊ သိမ်းနဲ့ ဧရာဝတီနာမည်တွေခွာချပြီး
ရေတွေဟာ ငါ့တို့ဆီအတူတူစီးလာခဲ့ပြီပေါ့
( ရေဟာရေပါပဲလို့လည်း ဂျွန့်ရဲ့ကောင်မလေးက ပြောတယ်)
ငါ့ဘက်အခြမ်းက နိုဝင်ဘာရှစ်ရက်ကိုတော့
အနီရောင်ကိုအရဲရင့်ဆုံး ငါဆွဲထားတယ်
တံတိုင်းအပြိုထဲကအုတ်ခဲနီအပိုင်းအပြတ်တွေနဲ့
အားလုံးစည်းလုံးပါဝင်လို့ရပြီဆိုတာ တသွေးတသားတည်းဖြစ်သွားပြီဆိုတာ
နေရာလွတ်တမှာ ဘာမှဆွဲမထားခြင်းနဲ့ကျယ်ပြန့်ထားလိုက်တယ်
ရှိပြီးသားအစိမ်းရောင်ကိုတော့ မျက်ရည်နဲ့လှမ်းထောက်ပြီး
ဘေးကိုငါအသာသပ်ချလိုက်တယ်
သန်းခြောက်ဆယ်+၂၀၁၅ = ဒီမိုကရေစီနားမှာ ငါရပ်စဉ်စား
မိုးချိန်းသလို လေပြင်းတိုက်သလို မုန်တိုင်းလာသလို
ဒီတခါကလွဲရင် နောက်မှပဲငါနူးညံ့တော့မယ်ဆိုပြီး
ပန်းချီကားကို အနီရောင်ပင်လယ်ထဲ ပစ်ချလိုက်တယ်
လူသားတွေကပဲ ကျောက်ခေတ်ကနေ ဒီအထိကမ္ဘာကြီးကိုသယ်လာပြီး
လူသားတန်ဖိုးစံကို လူသားတွေကပဲ မေးခွန်းပြန်ထုတ်တယ်
အပြာရောင်ကတော့ သွေးစက်အလိမ်းလိမ်းနဲ့
ပျံတတ်သွားတဲ့နာကျင်နေသူ ငှက်ကလေးပေါ့
နောက်ထပ်တံတိုင်းတခုထပ်ပြိုရင် အရောင်တခုမွေးဖွားလာတာပေါ့
အရောင်တွေကတော့ ရှိနေမှာပဲ
ငြိမ်းချမ်းရေးရရင်တောင် အရောင်တွေက တိုက်ပွဲဝင်နေကြမှာပဲ
လူသားတွေကသာ ကင်းဗတ်စ်ထောင့်စွန်းကနေ
ဆေးစက်တွေလို တယောက်ပြီးတယောက်ကျကျသွားကြတာ ။  ။

ဆောင်းဝေ (နတ်မောက်)
13.11.2015