ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညိုထက်ညို ● ချစ်ဗျူဟာ ခင်းကြ တူမောင်မယ်

 
ညိုထက်ညို ● ချစ်ဗျူဟာ ခင်းကြ တူမောင်မယ်
(မိုးမခ) မေ ၂၁၊ ၂၀၁၆

ရှေ့ဆက်သွားရင် ကားရပ်ဖို့နေရာမရမှာစိုးတာနဲ့ လှိုင်ဦး ကားကို ရေကျော်လမ်းမကြီးပေါ်က ၀ိုင်အမ်ဘီအေအကျော်မှာပဲ လမ်းဘေးချရပ်လိုက်တယ်။ ပူလိုက်တဲ့နေဆိုတာတော့ မီးလောင်နေ သလားတောင် မှတ်ရတယ်။ နာရီကို ကြည့်လိုက်တော့ နေ့လယ်တစ်နာရီခွဲတော့မယ်။ ရေသန့်ဘူးထဲက ရေပူပူကိုတငုံမော့သောက်ပြီး လှိုင်ဦး ကားပေါ်ကဆင်းလိုက်တယ်။ ကားထိုင်ခုံနောက်မှီနဲ့ တချိန်လုံးဖိကပ်ထားခဲ့လို့ သူ့ကျောတပြင်လုံး ချွေးတွေနဲ့ အင်္ကျီကကျောမှာ အပြားလိုက်ကပ်နေတယ်။ အင်္ကျီအပေါ် ကြယ်သီးနှစ်လုံးကိုဆွဲဖြုတ်လိုက်ပြီး နေရိပ်တဲ့ဘက်ဆီ လှိုင်ဦး ခပ်သွက်သွက်လျှောက်သွားမိတယ်။ လျှောက် လာရင်း ဆေးလိပ်သောက်ချင်စိတ်ပေါက်လာ ပြန်တာနဲ့ ရှေ့မှာတွေ့တဲ့ လမ်းဘေးကွမ်းယာဆိုင်ကလေးက လန်ဒန် နှစ်လိပ် ၀င်ဝယ်လိုက်တယ်။ တစ်လိပ်ကိုမီးညှိရင်း ပိုက်ဆံအိတ်ကို ခါးကြားပြန်ထိုးထည့်ပြီး လှိုင်ဦး ရှေ့ဆက်မသွားသေးဘဲ ကွမ်းယာဆိုင်လေး ဘေးမှာပဲရပ်နေမိတယ်။ ဒီလောက် ပူပူလောင်လောင်ကြီးနဲ့ ဆက်သွားလို့မှ ဖြစ်ပါ့မလား မသိဘူး။ သူ ငယ်ချင်းက ညွှန်လိုက်လို့သာ လာရတယ်။ တကယ်က သူ အရင်က ရောက်ဖူးတာမဟုတ်ဘူး။

“ဗုဒ္ဓဟူးသားတွေ စုတ်ကော လာဘ်ကောဝင်တော့မယ်နော်၊ သင်္ကြန်စာရပြီ၊ ၁၃၆၂ မှာ ဘာဖြစ်မလဲ၊ အကြောင်း အကျိုးအကောင်းအဆိုးတွေ” တဲ့။

သင်္ကြန်စာရောင်းတဲ့ ဦးလေးကြီးရဲ့အသံကြောင့် လှိုင်ဦး အတွေးတွေ ပြတ်တောက်သွားတယ်။ ပြီးတော့ လာပြီးမှတော့ သွားလိုက်ပါတော့မယ်ဆိုတဲ့အတွေးနဲ့ လှိုင်ဦးရပ်နေရာက ရှေ့ဆက်လျှောက် လာလိုက်တော့ တယ်။ အရေးထဲ မနက်ကမှဝယ်လာတဲ့ဖိနပ်ကပေါက်လာလို့ ခြေထောက်က နာလာရ သေးတယ်။ လှိုင်ဦး လျှောက်လာရင်းနဲ့ ပျံကျဈေးကလေးထိပ် ရောက်လာတယ်။ ဈေးထဲကိုကြည့်လိုက်တော့ ညာဘက်မှာ ကုန်စိမ်းသည်သုံးလေးယောက် ဟင်းရွက်ဗန်းတွေရှေ့ချပြီး ထိုင်နေကြတာတွေ့တယ်။ လှိုင်ဦးဈေးလမ်းကလေး အတိုင်း ဟိုဘက်ကလမ်းမကြီးကို ဖြတ်ထွက်သွား မယ်လုပ်ပြီးမှညစ်ပတ်နေတဲ့ဈေးလမ်းကလေးကြောင့် လမ်းမအတိုင်းပဲ ဆက်လျှောက်လာမိတယ်။ ရေကျော်လမ်းမကြီးဆုံးတော့ လှိုင်ဦးညာ ဘက်က အောက်ပုဇွန်တောင် လမ်းဘက်ကိုချိုးလိုက်တယ်။ နေရိပ်ကျတဲ့ဘက်ခြမ်းမို့ ဒီဘက်မှာတော့ သိပ်မပူတော့ဘူး။ လေအေးကလေး တချက် ဝေ့ခနဲတိုက်လိုက်လို့ လှိုင်ဦး  အမောနည်းနည်းပြေသွားတယ်။ ပြီးတော့ ဈေးကလေးထိပ်ကို ကျော်လာတယ်။ လှိုင်ဦးဆက်လျှောက်လာရင်းနဲ့ လက်ထဲကစီးကရက်ကို နောက်ဆုံးအကြိမ်ရှိုက်ဖွာရင်း  ပလက်ဖောင်းပေါ် လွှင့်ပစ်လိုက်တဲ့အချိန်မှာပဲ သူငယ်ချင်းညွှန်လိုက်တဲ့နေရာနားရောက်လာပြီဆိုတာ လှိုင်ဦး သိလိုက်တယ်။ ရှေ့မှာ ပုဇွန်တောင် ဈေးရဲ့နာမည်ကြီး ကာစင်ဘိုင် ကြက်သားသုပ် တွန်းလှည်းလေးကို တွေ့နေရပြီကိုး။ ဒါနဲ့ပဲ လှိုင်ဦး တွန်းလှည်း ရဲ့နောက်တည့်တည့်က တိုက်နံပါတ်ကို တချက် ကြည့်လိုက်တယ်။ ပြီးတော့ တိုက်လှေကားအတိုင်း လှိုင်ဦးတက်လာ လိုက်တယ်။

တိုက်ကတော့ တော်တော်ဟောင်းနေပါပြီ။ အဖြောင့်သစ်သားလှေကားအတိုင်းတက်လာရင်း အောက်သိုးသိုး အနံ့တမျိုးကို လှိုင်ဦးရတယ်။ သြော် တချိန်ကတော့ တော်တော်နာမည်ကြီးခဲ့တာပဲ။ သူ့ခေတ်သူ့အခါလို့ ဆိုချင်ဆိုပေါ့လေ။ ဗိုလ်တထောင် ကားပွဲစားတန်းရှိတုန်းက ဗိုလ်တထောင် ပုဇွန်တောင်တ၀ိုက် “ကြီးမေ” ဆို ရင် မသိသူမရှိသလောက်ပဲဟာ။ ပွဲစားအချင်းချင်း၊ ကာလသား အချင်းချင်း စရင်နောက်ရင်လည်း “ကြီးမေ” ဆိုတာ မပါမဖြစ်။ လှိုင်ဦးသာမရောက်ဖူးတာ၊ အဲဒီလောက်နာ မည်ကြီးခဲ့တာပဲဟာ။ နောက်ပိုင်း ပွဲစားတန်းလဲ ပျောက်၊ ခေတ်တွေလဲပြောင်းလာ၊ နတ်သမီးကလေးတွေ ဆိုတာလဲ “ဘိ” မှာမှ ရှိတတ်တဲ့ အမျိုးမဟုတ်တော့ဘဲ လမ်းပေါ်အထိပါ ဈေးကွက်ရောက်လာတဲ့ ဒီဘက်ပိုင်းမှ ကြီးမေနည်းနည်းမှိန်သွားခဲ့တာကိုး။ လှေကားကတက်လာရင်း စဉ်းစားလာတဲ့ လှိုင်ဦး ဒုတိယထပ်ဘယ်ဘက်က အခန်းတံခါးရှေ့ရောက်မှပဲစဉ်းစား ခန်းကို ဖြတ်လိုက်ရတယ်။ အထဲက အသံဗလံကို အပြင်ကနားစွင့်ကြည့်ရင်း သစ်သားတံခါး ညိုညစ်ညစ်ကြီးကို ခေါက် လိုက်တယ်။ ခေါက်ပြီး ခဏစောင့်နေတုန်းပဲ  အထဲကဘယ်သူလဲဆိုတဲ့ မိန်းမသံကြီးကြီး ထွက်လာတယ်။

“ကျွန်တော် ဧည့်သည်ပါ”

လို့ လှိုင်ဦး ခပ်အုပ်အုပ်ပြောလိုက်တော့ ချောက်ခနဲအသံနဲ့အတူ တံခါးပွင့်သွားတယ်။ လှိုင်ဦး သူ့ကိုတံခါး ဖွင့်ပေးလိုက်တဲ့ အသက်ခြောက်ဆယ်လောက် ပိန်ပိန်ပါးပါး မိန်းမကြီးဘေးကဖြတ်ရင်း အ၀မှာ ဖိနပ်ချွတ်လိုက်တယ်။ ပြီးတော့ ကော်ဇော အ၀ါရောင်ခင်းထားတဲ့ စိုထပ်ထပ်ကြမ်းပြင်ပေါ် ဖြတ်လျှောက်လာပြီး တံခါးနဲ့ အနီးဆုံးက  ထိုင်ခုံတစ်လုံးမှာဝင်ထိုင်လိုက်တယ်။ သူ့ ဘယ်ဘက်လှမ်း လှမ်းမှာ အဖြူရောင်တီရှပ် လက်ပြတ်ဝတ်ထားတဲ့ အသက်သုံးဆယ်လောက် လူတယောက်နဲ့ ကိုးနှစ်ဆယ်နှစ်သားလောက်ရှိမယ့်  ချာတိတ်တယောက် အိမ်ရှေ့ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ချာတိတ် ဘေးမှာတော့ နိုင်ငံခြားမျိုးစပ်ဟန်တူတဲ့ လျှာတန်းလန်းထွက်နေတဲ့ ရွှေရောင်နဲ့အနက် စပ်ထားတဲ့ ခွေးကြီးတ ကောင်ဝပ်နေတယ်။ တခြားဧည့်သည်တော့ ရှိပုံမရဘူး။ ဖိနပ်ချွတ်မှာလည်း သူ့ဖိနပ်တရံတည်း။ မိန်းမကြီးက လှိုင်ဦးကို ခဏနော်လို့ပြောပြီး ခန်းဆီးကိုဖယ်ပြီး အိမ်ထဲဝင်သွားတယ်။ ခဏနေတော့ ခန်းဆီးစကလေးပြန်လှုပ်သွားပြီး အထဲက အနီရောင် တီရှပ်ပွပွ ၀တ်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့အမျိုးသမီးခပ်ရွယ်ရွယ်တယောက် ဖန်ခွက်ကလေးကိုင်ပြီး ရှေ့ကို ထွက်လာတယ်။ လှိုင်ဦးထက်တော့ နည်းနည်းကြီးမလားပဲ။ လှိုင်ဦးကြည့်နေတုန်း ရေသောက်ပါဦး ဆိုပြီး ဖန်ခွက်ကလေးကို  လှိုင်ဦးရှေ့ကစားပွဲကလေးပေါ်လာချတယ်။ ရေဆာနေတာနဲ့ လှိုင်ဦးလဲ ဖန်ခွက်ကလေးကိုယူပြီး သောက်လိုက်မိတယ်။ အမျိုးသမီး ကတော့ ခန်းဆီးစကလေးကို ပြန်ဖယ်ပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။ ရှေ့က ချာတိတ်ကလေးကတော့ ခွေးကြီးကိုပဲ ပွတ်ကာသပ်ကာ ဆော့နေတယ်။ လူခပ်ရွယ်ရွယ်ကတော့ ဘောလုံးဂျာနယ်တစောင်ကိုပဲ သဲကြီးမဲကြီး ဖတ်နေတယ်။ ဘေးနားမှာချထားတဲ့ စာရွက်ကလေးမှာလဲ ဘာတွေလဲမသိမှတ်နေသေးတယ်။ နံရံပေါ်မှာတော့ နန္ဒာလှိုင့်ပုံနဲ့ ၂၀၀၀ ခုနှစ် ပြက္ခဒိန်တစောင်က တိုးလို့တွဲလောင်း ကျနေတယ်။  ဘေးကနံရံပေါ်မှာ သစ်သားနဲ့ကပ်ရိုက်ထားတဲ့ ညစ်ထေးထေးဘုရား စင်ပေါ်မှာတော့ ကြေးဆင်းတုတော်တဆူက ပလ္လင်ခပ်ရွယ်ရွယ်ကလေးပေါ်မှာ မျက်လွှာချပြီး စံပယ်နေတယ်။ ပလတ်စတစ် ပန်းတွေကလဲ မူရင်းအရောင်တောင် မပေါ်တော့ဘူး။ ညိုညစ်ညစ်နဲ့။ ဘုရားစင် အောက်မှာကတော့ နံကရိုင်း မယ်တော်ရယ်၊ တခြား လှိုင်ဦးမသိတဲ့နတ်ရုပ်တွေရယ်၊ အဲအဲ ကျားတကောင်တောင် ပါလိုက်သေးတယ်။ လှိုင်ဦး ဟိုဟိုဒီဒီလျှောက်ကြည့် နေတုန်း စောစောကအထဲဝင်သွားတဲ့ မိန်းမကြီး အတွင်းခန်းထဲက ပြန်ထွက်လာတယ်။ အရင်လာဖူးလားလို့ မိန်းမကြီးက လှိုင်ဦးကိုမေးတော့ သူငယ်ချင်းနဲ့ တစ်ခေါက်ရောက်ဖူးပါတယ်လို့ပဲ လှိုင်ဦး ဖြေလိုက်မိတယ်။   ရှန်သားအင်္ကျီလေးဝတ်ထားတဲ့ မိန်းမကြီးက ရှိရင်းစွဲ အသက်ထက်ပိုအိုစာနေသလိုပဲ။

“ လောလောဆယ်တော့ အခြေအနေမကောင်းလို့ ခုနက တယောက်ပဲရှိတယ်၊ သူနဲ့ပဲ သွားလိုက်ပေါ့ ” လို့ မိန်းမကြီးဆီက အသံထွက်လာမှ လှိုင်ဦးလဲ သတိပြန်ဝင်လာတယ်။ ကြီးမေဆိုတာ သူပဲဖြစ်မယ်။ ဒါနဲ့ပဲ

“ရတယ် ကြီးမေ ဖြစ်ပါတယ်”

လို့ပဲ လှိုင်ဦးပြောပြီး ခါးကြားက ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။ သူငယ်ချင်းကတော့ ထောင့်ငါးရာလို့ ပြောလိုက်တာပဲ။ လှိုင်ဦးလဲ ဈေးမေး မနေတော့ဘဲ ငွေထောင့်ငါးရာကို မိန်းမကြီး လက်ထဲ ထည့်လိုက်တယ်။
“ဒါဆိုလဲ လာလေ”

 ဆိုပြီး မိန်းမကြီးကပဲဦးဆောင်ပြီး လှိုင်ဦးကို အတွင်းခန်းဘက် ခေါ်သွားတယ်။ ခန်းဆီးစကလေးကို လှန်ပြီး ခပ်မှောင်မှောင် စင်္ကြန်လမ်းလေးအတိုင်း ခြေနှစ်လှမ်းလောက်လှမ်းမိတာနဲ့  အခန်းတခန်း ရှေ့ရောက်လာတယ်။ မိန်းမကြီးက အခန်းတံခါးကို ဖွင့်ပေးလိုက်ရင်း

“ခဏနေ နွယ်နွယ်လာလိမ့်မယ် အခန်းထဲကပဲ စောင့်နေ”

 ဆိုပြီး ပြန်ထွက်သွားတယ်။ လှိုင်ဦးလဲ အခန်းထဲဝင်ပြီး တံခါးပြန်ပိတ် လိုက်တော့တယ်။

အခန်းကလေးက ခပ်မှောင်မှောင်ပဲ။ မျက်နှာကြက်မှာတော့ မီးလုံးတလုံးက တွဲလောင်းကျနေတယ်။ မီးတော့ ဖွင့်မထားဘူး။ အခန်းကိုကြည့်ပြီး လှိုင်ဦး တော်တော်စိတ်ဓာတ်ကျသွားတယ်။ မွေ့ရာလေး ဘာလေးတောင် ခင်းမထားပဲကိုး။ ခေါင်းအုံး နှစ်လုံးနဲ့ ဖျာတချပ် ဒါပဲရှိတယ်။ ဖျာဘေးမှာက စားပွဲတစ်လုံး။ စားပွဲပေါ်ကကလပ်သေးသေးလေးမှာ ဖယောင်းတိုင်လေးတတိုင် ထွန်းထားတယ်။ ကလပ်ရှေ့မှာတော့ လက်တမိုက်လောက် ရုပ်တုသေးသေးလေး တခု။ ရုပ်တုကလေးကို ကြည့်လိုက် တော့ လှိုင်ဦး လန့်သွားတယ်။ နတ်ရုပ် တော်တော်များများကို သူ မြင်ဖူးပေမယ့် ဒီလို ရုပ်တုမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး။ ရုပ်တုကလေးက ဆောင့်ကြောင့်ထိုင်နေတဲ့ ကိုယ်လုံးတီးနဲ့ အဖြူရောင် မိန်းမ ရုပ်တုကလေး။ ဆံပင်အရှည်ကို ကျောဘက်မှာ ဖားလျားချထားတဲ့ ပုံစံထုထားတယ်။ ပိုပြီး ထူးခြား တာက မိန်းမရဲ့လက်နှစ်ဖက်က သူ့မျက်လုံးနှစ်ဖက် ကို ပိတ်ထားတယ်။ ရင်သားနှစ်မြွာနဲ့ ခန္ဓာကိုယ် အောက်ပိုင်းကလည်း ထင်ထင်ရှားရှား။ ဘယ်လိုလူက ဘာကိုကိုယ်စားပြုပြီး ဒီရုပ်တုကို ထုထား တာလဲ မသိဘူး။ တော်တော်လေးတော့ အသက်ဝင်တယ်။ လှိုင်ဦး အခန်းမှောင်မှောင်ကလေးထဲက စားပွဲပေါ်က ရုပ်တုကလေးကို အနုလုံပဋိလုံ ကြည့်နေတုန်းပဲ ကျွီခနဲ တံခါးဖွင့်သံကြားလို့ လှိုင်ဦး လန့်တောင်သွားတယ်။ လှည့်ကြည့် လိုက်တော့ စောစောက ရေခွက်လာချပေးတဲ့အမျိုးသမီး။

ဘာတဲ့.. နွယ်နွယ်ဆိုလား။ တံခါးကိုချက်ချပြီး လှိုင်ဦးဆီလျှောက်လာတယ်။ လက်ထဲမှာလဲ မဖောက်ရသေးတဲ့ကွန်ဒွန်တခုကို ကိုင်လို့။ လှိုင်ဦးလဲ ရုပ်တုရှေ့က ထပြီး ဖျာပေါ်ထိုင်လိုက်ရတယ်။  နွယ်နွယ်က လှိုင်ဦးဘေး ၀င်ထိုင်တယ်။  ဒီတော့မှ အခန်းကလေးရဲ့အပေါ် ဘယ်ဘက်မှာ ထပ်ခိုး သေးသေးလေးရှိနေတာ လှိုင်ဦးတွေ့လိုက်ရတယ်။ အဲဒီမှာပဲ

“နွယ်နွယ်လား ညီမ နာမည်က”  လို့ လှိုင်ဦး မေးလိုက်တော့

“ဟုတ်တယ် ဘယ်လိုသိလဲ”

 ဆိုပြီး နွယ့်နွယ့်ဆီက အသံထွက်လာတယ်။

“စောစောက ကြီးမေ ပြောလို့ပါ”  လို့ ဖြေပြီး “ထပ်ခိုးပေါ်က တစ်ယောက်ယောက် ကြည့်နေရင်တော့ ပြဿနာပဲဗျာ” လို့ တဆက်တည်းပြောလိုက်တော့ နွယ်နွယ့်ဆီကရယ်သံ ခစ်ခနဲ ထွက်လာတယ်။ ပြီးတော့

“မကြည့်ပါဘူး အစ်ကိုရဲ့ ဘယ်သူမှလဲ မရှိပါဘူး အားလုံး အိမ်ရှေ့ခန်းမှာပဲဟာ”
 လို့ ပြန်ဖြေတယ်။ ပြီးတော့

“ကဲပါ လာပါ အင်္ကျီချွတ်လေ”

ဆိုပြီး နွယ်နွယ်က ပြောပြောဆိုဆို လှိုင်ဦးရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးတယ်။ လှိုင်ဦး အင်္ကျီချွတ်ပြီးတော့ နွယ်နွယ်က လဲ ၀တ်ထားတဲ့တီရှပ်ကိုချွတ်လိုက်တယ်။ အဲဒီမှာပဲ နွယ်နွယ့်ကို ဆေးလိပ်သောက်လိုက်ဦးမယ်လို့ လှိုင်ဦးပြောပြီး အိတ်ထဲ ခုနကကျန်နေသေးတဲ့ လန်ဒန်တလိပ်ကို မီးညှိလိုက်တယ်။ ဆေးလိပ်သောက်နေရင်း စောစောက ရုပ်တုကလေးအကြောင်း ပြန်သတိရ လာတာနဲ့

“စားပွဲပေါ်က ရုပ်တုကလေးက ဘာနတ်လဲ ညီမ” လို့ နွယ်နွယ့်ကို မေးလိုက်တော့

“ညီမလဲ သေချာမသိဘူးအစ်ကိုရဲ့ ဧည့်သည်များများလာအောင် ပူဇော်ထားတာ ထင်တာပဲ”

 လို့ နွယ်နွယ်က ပြန်ဖြေတယ်။ ဒါနဲ့ လှိုင်ဦး အိပ်နေရာကထပြီး ရုပ်တုကလေးကို သေချာ ကြည့်မိပြန် တယ်။ ရုပ်တုကလေးက တော်တော်အသက်ဝင်တာကိုး။ လှိုင်ဦး ကြည့်နေတုန်း

“လာပါအစ်ကိုရဲ့ တော်ကြာ ကြီးမေ တံခါးလာခေါက် နေဦးမယ်၊ ကြည့်ပါဦး၊ ချွေးတွေလဲ ထွက်လို့”

 ဆိုပြီး နွယ်နွယ်ကထလာပြီး အပေါ်ပိုင်းဗလာကျင်းနေတဲ့လှိုင်ဦးကို ယပ်တောင် တစ်ချောင်းနဲ့ တဖျပ်ဖျပ်ခတ်ပေးတယ်။ ဒါနဲ့ လှိုင်ဦးလဲ လက်ထဲကဆေးလိပ်ကို ဖျာဘေးနားမှာ တွေ့တဲ့ ပြာခွက်ထဲ ထိုးထည့်လိုက်ပြီး ဖျာပေါ်ပြန်လှဲလိုက်တယ်။ နွယ်နွယ့်ရဲ့လက်တဖက်က လှိုင်ဦးရင်ဘတ်ပေါ် ရောက် လာတယ် ။ ဒီမှာတင်..

ဟိုးအပြင်ဘက်က တံခါးကိုခပ်ဆတ်ဆတ် ခေါက်လိုက်တဲ့အသံကိုကြားလိုက်ရလို့ လှိုင်ဦး ငေါက်ခနဲ ထထိုင်လိုက်တယ်။ ဘာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အပြင်ကိုနားစွင့်မိတယ်။ အသံကတော့ အိမ်ရှေ့ဧည့်ခန်းဘက်က လာတဲ့အသံ။ နားစိုက်ထောင် နေတုန်းမှာပဲ တံခါးခေါက်သံက ထပ်ပေါ်လာတယ်။ အဲဒီမှာ လှိုင်ဦး အခန်းအပြင်ဘက်က တဖျတ်ဖျတ်ခြေသံကိုလဲ ကြားလိုက်ရပြီး ...

“ဟဲ့ ဘယ်သူလဲ နေဦးနေဦး ငါဖွင့်မယ်”

ဆိုတဲ့ စောစောကမိန်းမကြီးအသံကို လှိုင်ဦး ကြားရတယ်။ နွယ်နွယ့်ကို ကြည့်လိုက်တော့ သူလဲ လန့်နေပုံပဲ။ တီရှပ်တောင် ပြန်ဝတ်ပြီးနေပြီ။ ဒီတော့မှ လှိုင်ဦးလဲသတိရပြီး ဖျာဘေးကရှပ်အင်္ကျီကို ကမန်းကတမ်း ပြန်ဝတ်လိုက်ရတယ်။ ပြီးတော့ ဖျာပေါ်ကထပြီး သုံးထပ်သားပြားနဲ့ အဖြစ်ကာထားတဲ့ တံခါးနဲ့ကပ်လျက်မှာ ရပ်ပြီး အသံဗလံကို ဆက်နားစွင့် နေတုန်းပဲ

“ဘယ်သူလဲ”

ဆိုတဲ့ မိန်းမကြီးရဲ့ခပ်အုပ်အုပ်အသံကို လှိုင်ဦးကြားရပြန်တယ်။ တဆက်တည်း ကျွီခနဲ တံခါးဖွင့်သံ နဲ့  အခန်းထဲကို ၀င်လာတဲ့ ခြေသံပြင်းပြင်းကို လှိုင်ဦး ကြားတယ်။ ဘုရား ဘုရား..ရဲတွေများလား ဆိုတဲ့ အတွေးနဲ့ လှိုင်ဦး ချွေးတွေပျံလာတယ်။ အာခေါင်တွေခြောက်လာတယ်။ ထပ်ပြီး နားစွင့်နေတုန်းပဲ

“ခင်ဗျားဗျာ၊ စီမံချက် ရှိပါတယ်လို့ ဒီလောက် ပြောထားလျက်နဲ့ ဆက်ပြီးလုပ်ဖြစ်အောင် လုပ်နေသေးတယ်”

ဆိုတဲ့ ယောက်ျားသံ ခပ်မာမာကို ကြားလိုက်ရတယ်။ ပြီးတော့ တဆက်တည်း

“နားထားပါတယ်ကွယ်၊ ဟိုးတနေ့ကပဲ ကောင်မလေးတွေလဲ အကုန်ပြန်လွှတ်ထားပါတယ်”

လို့ မိန်းမကြီးရဲ့ ခယ၀ယနိုင်လှတဲ့အသံက ခပ်သဲ့သဲ့ ပြန်ထွက်လာတယ်။ လှိုင်ဦးလဲ တံခါးနား မှာရပ်ပြီး ဆက်နားစွင့်နေရတယ်။ အဲဒီမှာပဲ
“ဘာနားထားပါတယ်လဲ၊ ကျုပ် အခု ၀င်ရှာရမလား” ဆိုတဲ့ အသံကိုထပ်ကြားရတော့ လှိုင်ဦး ရင်တွေပမ်းတွေ တုန်သွားတယ်။ အခန်းထဲ ဝေ့၀ိုက်ကြည့်မိတော့လဲ ပုန်းစရာဆိုလို့ တနေရာမှ မတွေ့ဘူး။ နွယ်နွယ်ကလဲ တုန်တုန်ရီရီနဲ့ သူ့ နားမှာကပ်ရပ်လို့။ နောက်တော့ အချီအချဗလုံးဗထွေး ထပ်ပြောတဲ့ စကားသံတွေကြားရပြန်တယ်။ ခဏနေတော့မှ မိန်းမကြီး ဘယ်လိုဖြေရှင်းလိုက်တယ် မသိဘူး။

“တပတ်လောက်တော့ နားထားဦးဗျာ၊ ကျွန်တော်တို့လဲ ဟိုဘက်ဒီဘက် အဆင်ပြေအောင် ကြည့်လုပ်နေရတာ"

ဆိုတဲ့ ဟိုပုဂ္ဂိုလ်ရဲ့ အသံထပ်ထွက်လာတယ်။ တော်သေးရဲ့ ဒီတခါတော့ လေသံ ပျော့သွားလို့။ မကြာပါဘူး။ ကျွီခနဲ တံခါးပြန်ဖွင့်တဲ့အသံနဲ့ တံခါးပြန်ပိတ်တဲ့အသံပါ  တဆက်တည်း ကြားလိုက်ရ တယ်။ လှိုင်ဦး ခဏငြိမ်နေမိပြီးမှ နွယ်နွယ်က

“အပြင်ကို  ခဏသွားကြည့် လိုက်ဦးမယ်နော်”

ဆိုပြီး ပြောပြောဆိုဆိုထွက်သွားတယ်။ ဒါနဲ့ လှိုင်ဦးလဲ ဖျာပေါ်ပြန်ထိုင်နေလိုက်တယ်။ ခဏပဲကြာတယ်၊ နွယ်နွယ် ပြန်ရောက် လာတယ်။

“လန့်သွားလား ဘာမှ မဖြစ်တော့ပါဘူး”

ဆိုပြီး နွယ်နွယ်ပြောပေမယ့် လှိုင်ဦး ဒီမှာတစ်မိနစ်တောင် ဆက်မနေချင်တော့ပါဘူး။ စောစောက စိတ်တွေလဲ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပြီ။ အမှန်က တံခါးဖွင့်ပြီး ဒီအိမ်ပေါ်က ဆင်းပြေး သွားချင်လှပြီ။ ဒါနဲ့ပဲ နွယ်နွယ့်ကို ပြန်တော့မယ်လို့ပြောပြီး ပိုက်ဆံအိတ်ထဲက နှစ်ရာတန်တရွက် ထုတ်ပေးလိုက်တယ်။

“နောက်လာခဲ့ပါဦး၊ ညီမ ရှိဦးမှာပဲ”

လို့ပြောတဲ့ နွယ်နွယ့်ကို ခေါင်းတချက်ပုတ်ပြီး နှုတ်ဆက်လိုက်တယ်။ ပြီးတော့ တံခါးကိုဖွင့်ပြီး ဧည့်ခန်းဘက်ကို လှိုင်ဦးထွက်လာလိုက်တော့တယ်။

ဧည့်ခန်းမှာတော့ မိန်းမကြီးက ကြမ်းပေါ်မှာ ဒူးတဖက်ထောင် တဖက်ချပြီး ပယ်ပယ်နယ်နယ် ထိုင်နေလေရဲ့။ ပါးစပ်ကလဲ တဖျစ်တောက်တောက်နဲ့။

“တို့မလဲ ရှင်ကြီးကြောက်ရ ရှင်ငယ်ကြောက်ရနဲ့ သားရေ၊ အဆင်မပြေတာရှိရင် တောင်းပန်ပါတယ်ကွယ်၊ နောက်လဲ လာခဲ့ပါဦး”

 ဆိုပြီး လှိုင်ဦးကို လှမ်းပြောတယ်။ လှိုင်ဦး

“ရပါတယ် ကြီးမေ၊ ကိစ္စမရှိပါဘူး”  လို့ ပြောရင်း

“သွားလိုက်ဦးမယ် ကြီးမေ”  လို့  နှုတ်ဆက်ပြီး ဖိနပ်ပြန်စီးပြီး တံခါးဖွင့်ထွက်ခဲ့တော့တယ်။

လှေကားက ခပ်သုတ်သုတ်ဆင်းလာပြီး တိုက်အောက်ရောက်တော့မှပဲ လှိုင်ဦးဟင်းချနိုင်တော့တယ်။ အကျဉ်း စခန်းကလွတ် လာတဲ့ လူတစ်ယောက်လိုပဲ သူ့ကိုယ်သူ ခံစားလိုက်ရတယ်။ အပြင်မှာက နေကပူကောင်းတုန်း။ နဖူးပေါ်က ချွေးတွေကို လက်ခုံနဲ့သုတ်လိုက်ရင်း ဖြစ်ခဲ့သမျှတွေကို ပြန်တွေးရင်းနဲ့ လှိုင်ဦး ဒေါသတလိပ်လိပ် ထွက်လာတယ်။ စိတ်ပျက်ပျက်နဲ့  တိုက်မျက်စောင်းထိုး လမ်းဘေးကွမ်းယာဆိုင်က ဆေးလိပ်ဝင်ဝယ်မိတယ်။ မောမောနဲ့ အဲဒီကွမ်းယာဆိုင်ရှေ့မှာ ဆေး လိပ်သောက်နေတုန်းပဲ ထီရောင်းတဲ့ စက်ဘီးတစီးက လှိုင်ဦးရှေ့က ပလက်ဖောင်း တလျှောက် တရွေ့ရွေ့ဖြတ်လာတယ်။ ကက်ဆက်က သီချင်းတစ်ပုဒ်ကိုဖွင့်လို့။ ထီနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ ရှေးသီချင်းတပုဒ်ပါပဲ။ ဘာတဲ့..

“အိစက်ညက်ညောတဲ့ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်း ခေါ်တယ် ချစ်ဗျူဟာကျင်းတဲ့ တူမောင်မယ်” တဲ့..။ ဒီတုန်း လေပူကြီးက တချက် ဖြတ်တိုက်လိုက်လေရဲ့။ အပူခိုး အပူငွေ့တွေနဲ့ ။ လှိုင်ဦးတကိုယ်လုံးချွေးတွေရွှဲလို့။ မြင်မကောင်းရှုမကောင်း ။     ။

ညိုထက်ညို