ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၂


မောင်မောင်စိုး - တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၂
( ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ )
(မိုးမခ) မေ ၃၁၊ ၂၀၁၆


ရှမ်းတို့အတွက် တွန်းအားတခု
ရှမ်းပြည်၌ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့သည် ရှမ်းနိုင်ငံရေးလှုပ်ရှားမှုများနှင့် အတူ ပေါ်ပေါက်လာရာတွင် မြန်ဆန်စွာဖြစ်ပေါ်စေသည့် အခြားတွန်းအားလည်း တခုပါသည်ဟု ဆိုရမည်။ ၎င်းမှာ ပအို့ဝ် လက်နက်ကိုင်ပုန်ကန်မှုဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးတောင်ဖက်ရှိ ဆီဆိုင် ပင်လောင်း ကျောက်တလုံးဒေသများတွင် ပအို့ဝ်လူမျိုး အများအပြား နေထိုင်ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးအရ တက်ကြွနိုးကြားသော ပအို့ဝ် လူမျိုးများသည် ပအို့ဝ်ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ သထုံခရိုင်ကိုသိမ်းသော အခါတွင် ပအို့ဝ်ခေါင်းဆောင် တဦးဖြစ်သူ သထုံဦးလှဖေသည် ကရင် (KNDO ) တို့နှင့်ပူးပေါင်းခဲ့သည်။ ၁၉၄၉ ခုနှစ် KNDO တို့ တောင်ကြီးအားသိမ်းပိုက်ရာတွင် သထုံဦးလှဖေလည်း လိုက်ပါလာပြီးနောက် ရှမ်းပြည်နယ်ရှိ ပအို့ဝ် များအား စည်းရုံးကာ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း၍ လက်နက်ကိုင် လှုပ်ရှားမှု စတင်ခဲ့သည်။

ထိုစဉ် ပအို့ဝ်အဖွဲ့ခေါင်းဆောင်များမှာ သထုံဦးလှဖေ ဗိုလ်ချန်းဇုံ ဗိုလ်စံသိန်းနှင့် ဗိုလ်စပါယ်ရှယ် ခေါ် တာတီးကလိုး ( စောတာကလယ်၏အကို) တို့ဖြစ်ကြသည်။ ရှမ်းပြည်နယ်တွင်း စောစီးစွာ အစိုးရအား လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေသော ပအို့ဝ်တို့၏လှုပ်ရှားမှုများသည် ရှမ်းနိုင်ငံရေး လှုပ်ရှားသူများ အတွက် တွန်းအားတခု ဖြစ်စေခဲ့သည်ဟုဆိုရပေမည်။

ရှမ်းပြည်နိုင်ငံရေးအပြောင်းအလဲ
ပထမအပြောင်းအလဲမှာ ရှမ်းပြည်စော်ဘွားများ အာဏာစွန့်လွှတ်ရခြင်းဖြစ်သည်။ အဂ်လိပ်လက်အောက်တွင် စောဘွားများ၏ အုပ်ချုပ်မှုကို အသိမှတ်ပြုထားသည်ဖြစ်ရာ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၁၅၄ နှင့် ၁၈၁ အရ ရှမ်းပြည်စော်ဘွား ၂၅ ဦး နှင့် ကယားပြည်နယ်မှ စော်ဖျာ ၃ ဦးအား ရွေးကောက်ပွဲဝင်စရာမလိုဘဲ လူမျိုးစုလွှတ်တော်တွင် သီးသန့်အမတ်နေရာ ပေးထားခဲ့ သည်။ ၎င်းအချက်အား လွတ်လပ်ရေးရပြီး ၃ နှစ်ကြာလျှင် ဤအချက်အား ပြည်လည်သုံးသပ် ပြင်ဆင်မည်ဟူ၍ ပြည်နယ်ဆိုင်ရာအခြေခံဥပဒေ ရေးဆွဲရေးဆပ်ကော်မတီက ၁၉၄၇ သြဂုတ်လ ထဲတွင် ဆုံးဖြတ်ခဲ့သည်ဟုဆိုပါသည်။ သို့သော် ၁၀ နှစ်ကြာသည်အထိပြင်ဆင်ခဲ့ခြင်းမရှိပေ။ ပြည်ထောင်စုမြန်မာနိုင်ငံညီညွတ်ရေးတပ်ပေါင်းစု ပမညတ ကသာ အခြေခံဥပဒေပြင်ဆင်၍ ပဒေသရာဇ်အကြွင်းအကျန်များ ဖယ်ရှားပေးရန်ဟူသောခေါင်းစဉ်အောက်တွင် စော်ဘွားတို့၏ အခွင့်အရေးကိုရုပ်သိမ်းရန် ပါလီမန်တွင် တင်ပြခဲ့ဖူးသည်။ ဖဆပလက မူသဘောအရ လက်ခံသော်လည်း ပါလီမန်တွင် မဲခွဲရာ၌ ပမညတတို့ အဆို ရှုံးနိမ့်ခဲ့သည်။

စော်ဘွားတို့ တကယ်တမ်းအာဏာစွန့်ရသည်မှာ ၁၉၅၈ မှစသည့် ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရ သက်တမ်းအတွင်း ဖြစ်သည်။ ၁၉၅၉ ခုနှစ် မတ်လ ၁၇ ရက်တွင် ပါလီမန်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(ဒုတိယပြင်ဆင်ချက်) ကို ထုတ်ပြန်ပေးခဲ့သည်။ ၎င်းပြင်ဆင်ချက်အရ စော်ဘွားများသည် လူမျိုးစုလွှတ်တော်တွင် သီးသန့်နေရာရပိုင်ခွင့်မရှိတော့ဘဲ ကြိုက်ရာ လွှတ်တော်တွင် အများနည်းတူ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ စော်ဘွားများအာဏာစွန့်လွှတ်၍ အိမ်စောင့်အစိုးရက လျော်ကြေးငွေ ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

ဤသို့ဖြင့် ၁၉၅၉ ခုနှစ် ဧပြီလ ၂၁ ရက်တွင် စော်ဘွားများ အာဏာစွန့် လွှတ်ကြောင်းကြေညာ၍ ၁၉၅၉ ဧပြီလ ၂၉ ရက်တွင် တောင်ကြီးမြို့၌ စော်ဘွားများအာဏာစွန့်သည့် အခန်းအနားကိုပြု လုပ်ခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ ရှမ်းပြည်၌ အခြေခံလာသော စော်ဘွားတို့၏ အုပ်ချုပ်ရေးစနစ်သည် ဗိုလ်နေဝင်းအိမ်စောင့်အစိုးရလက်ထက်တွင် အဆုံးသတ်သွားခဲ့သည်။

ထိုစဉ်က ပဒေသရာဇ်ဆန့်ကျင်ရေး အမြင်များ လေထုများအရ ဤအချင်းအရာကို တိုးတက်သည့် လက္ခဏာအဖြစ် ရှုမြင်ကြသည်။ သို့သော် ရှမ်းပြည်၌ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော အုပ်ချုပ်ရေး စနစ်အား ဖျက်သိမ်းလိုက်ခြင်းသည် ရှမ်းပြည်ကို ကြီးစွာ ဂယက်ရိုက်စေသော အပြောင်းအလဲတရပ်ဆိုသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ နှစ်ပေါင်းများစွာ အခြေတည်နေသော အဆောက်အအုံတခု ဖြိုချခံရသောအခါ ကြာမြင့်စွာ ဂယက်ရိုက်နေတတ်သည်မဟုတ်ပါလော။

ထိုအဖြစ်အပျက်သည် ရှမ်းပြည်ခွဲထွက်ရေးနှင့် ရှမ်းပြည် နိုင်ငံရေးလှုပ်ရှားမှုများကို ဦးစီးကြိုးကိုင်နေ သည့် ရှမ်းစော်ဘွားများအတွက် ထိုးနှက်ချက်တရပ်ဖြစ်ခဲ့ပြီး ၎င်းတို့၏ ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်လာစေခဲ့ပါသည်။ သို့သော် ပါလီမန်နှင့် ပါလီမန်လှုပ်ရှားမှုများရှိနေဆဲဖြစ်ရာ ပြည်ထောင်စုမူ ဖက်ဒရယ်မူများနှင့်ပတ်သက်၍ အကြိတ်အနယ်ဆွေးနွေးငြင်းခုံမှုများနှင့် ထိုသို့ဆွေးနွေးစရာ ပါလီမန်ရှိနေသေးသည်၍ တော်သေးသည်ဟုဆိုရပါမည်။

သို့သော် ထိုအခြေအနေများသည် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းသည်မှစ၍ တခန်းရပ် သွားတော့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပွဲသည် ရှမ်းပြည်နိုင်ငံရေးကို ထိခတ်စေသည့် ဒုတိယအပြောင်းအလဲဖြစ်သည်။ အဆိုပါအာဏာသိမ်းပွဲ၏တခုတည်းသော သွေးထွက်သံယိုအဖြစ် စဝ်ရွှေသိုက်နှင့် မဟာဒဝီ၏သားငယ် သေနတ်မှန်၍ သေဆုံးသည်။ ထို့နောက် ဖဆပလ အစိုးရ အဖွဲ့ဝင်များနည်းတူ စဝ်ရွှေသိုက်အဖမ်းခံရသည်။ မဟာဒေဝီ ထိုင်းသို့ ထွက်ခွာသွားသည်။ ထို့နောက် စော်ဘွားများအားလုံးလိုလို အဖမ်းခံရသည်။ ရှမ်းပြည်နိုင်ငံရေးလှု ပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သူ နိုင်ငံခြားပြန်ပညာတတ်တဦးဖြစ်သူ သီပေါစော်ဘွား စဝ်ကြာဆိုင်ကတော့ အဖမ်းဆီးခံရကထဲက သတင်းအစအနပျောက်သွားသည်။ သေသည်ရှင်သည်ကို သူ၏မိသားစုဝင်များပင် မသိရတော့ပေ။

ဤတွင် ရှမ်းပြည်နိုင်ငံရေးတွင်လည်း အပြောင်းအလဲဖြစ်သွားတော့သည်။ ပြည်မနှင့် ပူးပေါင်းရန် ရပ်တည်သူများက ဗိုလ်နေဝင်းနှင့်ပေါင်းလိုက်ကြသည်။ ခွဲထွက်ရေးအတွက် ပါလီမန်တွင်းမှ ကြိုးစားနေသူများအဖို့ ပါလီမန်လမ်းကြောင်းမရှိတော့သည်ဖြစ်ရာ လက်နက်ကိုင်ပုန်ကန်မှုဆီသို့ ဦးတည်ရောက်ရှိသွားပြီး ရှမ်းလက်နက်ကိုင်ပုန်ကန်မှုများ ရှမ်းပြည်အနှံ့ဖြစ်ပွားလာပေတော့သည်။

အစောပိုင်း ရှမ်းလက်နက်ကိုင်ပုန်ကန်မှုများ
အစောဆုံးဖွဲ့စည်းခဲ့သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် နွမ်စစ်ဟန်သည် တဖြည်းဖြည်း အင်အား ကောင်းလာပြီး နယ်မြေချဲ့ထွင်လှုပ်ရှားလာရာ ရှမ်းပြည်တောင်ပိုင်းသာမက ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းထိပါတိုးချဲ့လှုပ်ရှားလာခဲ့သည်။ သို့သော် နယ်မြေခွဲ၍ လှုပ်ရှားရာမှအဖွဲ့များလည်း ကွဲပြားမှုဖြစ်လာခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ခွန်ကြာနုနှင့် စိုင်းလှအောင်တို့ဦးစီးသည့်အဖွဲ့က " လွတ်ကျောက်ဆောက် " ခေါ် SSIA ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်အမည်ဖြင့်၎င်း ကျိုင်းတုံအရှေ့ပိုင်းတွင်း ကျောက်ငါးခမ်းဦးစီး၍ " စဝ်ဟန်စစ်တိုင်း " SNA ရှမ်းအမျိုးသားတပ်မတော်အဖြစ်၎င်း၊ ရှမ်းပြည် တောင်ပိုင်းတွင် စဝ်နွဲ့ဦးစီး၍ နွမ်စစ်ဟန်အနေဖြင့်၎င်း လှုပ်ရှားခဲ့ကြသည်။ တဖန် နွမ်စစ်ဟန်အဖွဲ့မှ မိုးဟိန်းဦးစီးသည့် SNUF ရှမ်းပြည်လုံးဆိုင်ရာတော်လှန်ရေးကောင်စီဟူ၍ ခွဲထွက်ခဲ့ပြန်သည်။ ဤကား ၁၉၆၀ ခုနှစ်ဝန်းကျင်က အခြေအနေဖြစ်သည်။ 

ထို့ပြင် ၁၉၆၃ နှစ်ဆန်းတွင် နမ့်ဆန် နမ့်ခမ်းတဝိုက်တွင် လှုပ်ရှားနေသော တအန်းပလောင် တပ်ရင် ၅ နှင့် ရင်း ၆ သည် ရှမ်းတပ်ဖွဲမှခွဲထွက်၍ ပလောင်အမျိုးသားတပ်ဦးကို ဖွဲ့စည်းခဲ့ကြသည်။

ဤအခြေအနေများအောက်တွင် ရှမ်းတပ်များပြန်ပေါင်းစည်းရန် ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၆၄ ခုနှစ်တွင် SSIA နှင့် SNUF တို့ ပြန်လည်ပေါင်းစီးပြီး ရှမ်းပြည်တပ်မတော် SSA ကိုပြန်လည် ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါပူးပေါင်းဖွဲ့စည်းသည့် ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်အား ရှမ်းပြည်တပ်မတော် နေ့အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါပြန်လည်စုစည်းသည် SSA ၏နာယက အဖြစ် ညောင်ရွှေ စော်ဘွား၏မဟာဒေဝီ နန်းဟိန်းခမ်းက ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးအရဦးဆောင်နိုင်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်တွင် ထပ်မံဖွဲ့စည်းခဲ့သည်။

ထိုစဉ် SSPP/SSA ၏ ခေါင်းဆောင်များအနက် ဥက္ကဋ္ဌခွန်ကြာနုနှင့် အတွင်းရေးမှူးစဝ်ဆေဝိုင်တို့သည် ထိုင်းနယ်စပ်တွင် အခြေပြုပြီး ဒုဥက္ကဋ္ဌ ခွန်အုန်းဘောင် တွဲဖက်အထွေထွေအတွင်းရေးမှူး စဝ်ဆေထင် နှင့်စစ်ဦးစီးချုပ် စိုင်းလှအောင်တို့သည် ရှမ်းပြည်မြောက်ပိုင်းတွင်ဦးဆောင်သည်။ မြောက်ပိုင်းတိုင်း တွင် ရင်း ၅ ရင်းခန့်ရှိ၍ မိုင်းရယ် ဆောင်ကြဲ နမ္မတူ မိုင်းခေးနယ်မြေများတွင် လှုပ်ရှားသည်။ တောင်ပိုင်းတိုင်း တိုင်း ၂ ကို မိုးဟိန်းဦးစီး၍ တပ်ရင်း ၃ ရင်းဖြင့် လွယ်လင် တောင်ကြီးခရိုင် နယ်မြေများတွင် လှုပ်ရှားပြီး ဌာနချုပ်ကို ထိုင်းနယ်စပ် ပိန်းလုံတွင် အခြေစိုက်ခဲ့သည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် ၁၀ နှစ်ကျော်အချိန်ကာလအတွင်း အတန်ငယ်တည်ငြိမ်လာ သည်ဟု ဆိုနိုင်သော်လည်းအဖွဲ့များအကွဲအပြဲကတော့ မရပ်တန့်နိုင်သေးပေ။ ၁၉၆၄ ခုနှစ်တွင် SSA အဖြစ်ပူးပေါင်းခဲ့သော မိုးဟိန်းသည် ၁၉၆၉ ဇန်နဝါရီလတွင် ရှမ်းပြည်တော်လှန်ရေးတပ်ပေါင်းစု SURA အမည်နှင့် ပြန်လည်ခွဲထွက်ခဲ့သည်။ SURA မိုးဟိန်းအဖွဲ့သည် ပိန်လုံတွင် ဆက်လက်အခြေပြုပြီး ကန်စစ်ဦးစီးသော ရှေ့တန်းဌာနချုပ်သည် စိုင်းပိုင်မိန်းဦးစီး တိုင်း ၁ အင်အား ၃၀၀ ခန့်ဖြင့် လွယ်လင် မြောက်ဖက်နှင့် မိုင်းကိုင်နယ်မြေများတွင်၎င်း စောကာလုံ ဦးစီး တိုင်း ၂ သည် လင်းခေး မောက်မယ် မိုးနဲနယ်များတွင်၎င်း ဆေးဟောက်ဦးစီး တိုင်း ၃ သည် အင်အားအချို့သည် ထိုင်းနယ်စပ် ပိန်းလုံတွင် အခြေပြုလှုပ်ရှားကြသည်။

ကျိုင်းတုံအရှေ့ပိုင်း၌ လှုပ်ရှားနေသော ကျောက်ငါးခမ်းဦးစီး စဝ်ဟန်စစ်တိုင်းအဖွဲ့သည် ၁၉၆၄ ခုနှစ် ဇွန်လခန့်တွင် နွမ်စစ်ဟန်မှ ခွဲထွက်သည်။ ခွဲထွက်ပြီးနောက် တပ်ရင်း ၇ ရင်းဖွဲ့ခဲ့သော်လည်း ၁၉၆၆ နှစ်လည်ခန့်တွင် တပ်ရင်း ၃ ရင်းပျက်သွာစခဲ့သည်ဟုဆိုသည်။ စစ်ရဲတပ်မှတောခိုခဲ့သော ဝ လူမျိုး ဗိုလ်မောင်၏တပ်ရင်းသည် ၁၉၆၆ တွင် စဝ်ဟန်စစ်တိုင်းမှ ခွဲထွက်လှုပ်ရှားပြီးနောက် လက်နက်ချ သွား သည်။ ထို့ကြောင့် မိုင်းမ မိုင်းယန်း ပျက်ကန့်နယ်မြေများတွင် တပ်ရင်းတရင်းစီသာ ကျန်တော့သည်။

၁၉၆၇ ခုနှစ်တွင် စဝ်ဟန်စစ်တိုင်းမှနေ၍ အိုက်မြင့်ခေါ် စဝ်ခွင်းမင်စိုင်းနော်ပန်းတို့မှ " တပ်စင်စစ်တိုင်း " အမည်ဖြင့် ထပ်မံခွဲထွက်သည်။ ထို့နောက်ပိုင်းတွင် စဝ်ခွင်းမင်တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းသွားခဲ့ပြီး CPB အရှေ့မြောက်စစ်ဒေသ တပ်မဟာ ၇၆၈ အဖြစ်ပြောင်းလဲသွားပြီး ဝနယ်နှင့် မိုင်းလားဒေသကြားရှိ ဆီလူးဒေသ၌ စိုးမိုးလှု ပ်ရှားခဲ့ကြသည်။ ၁၉၈၉ CPB ပြို ကွဲသွားသောအခါ NDAA မိုင်းလားအဖွဲနှင့် ပူးပေါင်းသွားခဲ့ကြတော့သည်။

ထို့ကြောင့် ၁၉၇၂ ခုနှစ် မြန်မာစစ်ဖက်၏စာရင်းဇယားဖော်ပြချက်အရ ရှမ်းပြည်ရှိ အဓိက ရှမ်း လက်နက်ကိုင်အဖွဲ့အစည်း ၄ ခု မှာ စဝ်ဆေးဝိုင်စိုင်းလှအောင်ဦးစီး SSPP/SSA အင်အား ၅၀၀ ကျော် ခန့်၊ မိုးဟိန်းဦးစီးအင်အား ၅၀၀ ခန့်၊ အွန်ကျန်းဦးစီးစဝ်ဟန်စစ်တိုင်းမှ အင်အား ၅၀၀ ခန့်၊ အိုက်မြင့် ခေါ် စဝ်ခွင်းမင်ဦးစီး တပ်စင်စစ်တိုင်း အင်အား ၆၀၀ ခန့်တို့ဖြစ်သည်ဟု ဆိုပါသည်။

စဝ်ဟန်စစ်တိုင်း အဖွဲ့မှ ခေါင်းဆောင် ကျောက်ငါးခမ်းသည် ၁၉၆၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီးနောက် ကျိုင်းတုံစော်ဘွား၏ငွေတိုက်မှူးဟောင်းဦးဘသိန်းက ဦးဆောင်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် အွန်ကျန်းက ဆက်လက်ဦးဆောင်သည်။ ၁၉၇၀ ခုနှစ်တွင် စဝ်ဟန်စစ်တိုင်းမှ ဒုခေါင်းဆောင် နန်းဆိုင်ကျောက်နှင့် အင်အား ၆၀ ခန့် အစိုးရထံလက်နက်ချခဲ့သည်။
ထို့နောက် ခေါင်းဆောင်ဖြစ်သူ အွန်ကျန်းနှင့် အင်အားလက်ကျန်များသည် နယ်စပ်ကိုဖြတ်ကူး သွားကြပြီး ထိုအဖွဲ့ပျက်သွားသည်ဟု ဆိုရပါမည်။ အဓိကအားဖြင့် စဝ်ဟန်စစ်တိုင်းမှခွဲထွက်သွားသော စဝ်ခွင်းမင်းတို့ပူးပေါင်းလိုက်သည့် CPB အင်အားစုများသည် ကျိုင်းတုံအရှေ့နှင့် အရှေ့မြောက် ဒေသများတွင် အင်အားကောင်းလာရာ ရပ်တည်ရန်ခက်ခဲလာပြီဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ SSPP/SSA နှင့် ရှမ်းပြည်တောင် ပိုင်းရှိ မိုးဟိန်း၏ SURA တို့သာ ရှမ်းလက်နက်ကိုင်များအဖြစ်ကျန်ခဲ့ပြီး မြောက်ပိုင်းရှိ SSPP/SSA မှာ အခက်အခဲများကြားတွင် ရေရှည်ရပ်တည်လာခဲ့နိုင်သော်လည်း မိုးဟိန်း၏ SURA ကတော့ ရေရှည်ရပ်ခံနိုင်ခြင်းမရှိဘဲ အခြားအဖွဲ့များနှင့်ပေါင်းလိုက်ကွဲလိုက်ဖြင့် ဖြတ်သန်းသည်ကို တွေ့ရပေသည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )