ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခက်မာ ● အမေ့ပင်စည်ထဲက ကျမကိုကိုက်တဲ့ပိုး

 
ခက်မာ ● အမေ့ပင်စည်ထဲက ကျမကိုကိုက်တဲ့ပိုး
(IDEA မဂ္ဂဇင်း / မိုးမခ)
မေလ ၈ ရက်၊ ၂၀၁၆

ကျမ အသက် ၁၅ နှစ်သမီးအရွယ် ၁၀ တန်းကို ရန်ကုန်မှာ ကျောင်းတက်ပြီးဖြေဖို့ ရွာကထွက်တဲ့နေ့မှာ အင်မတန်မျက်ရည် ကျခဲလှတဲ့အမေ မျက်ရည်ကျခဲ့ပါတယ်။ ‘ဒီနေ့ကစပြီး မိသားစုနဲ့ စခွဲရပြီဲ။ နောက်ဆို အရင်ကလိုနှစ်နဲ့ချီပြီး အတူပြန်နေရဖို့ မလွယ်တော့ဘူး။’ လို့ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေ နဲ့ ပြောခဲ့ပါတယ်။ ကျမကတော့ ဆယ်ကျော်သက်ပီပီ နေရာသစ်ကိုမျှော်လင့်ရင်ခုန်နေတာမို့ အမေနဲ့ခွဲရတော့မယ်ဆိုတာသိပြီးဝမ်းနည်းပေမဲ့ သိပ်တုန်တုန်လှုပ်လှုပ်ကြီးတော့ မဟုတ်လှ ပါဘူး။ ‘ကျောင်းပိတ်ရင် ရွာမှာပြန်နေမှာပဲ အမေရယ်’ လို့ စိတ်ထဲက နှစ်သိမ့်နေမိခဲ့ပေမဲ့ အမေ့လိုပဲ နှုတ်နည်းတဲ့ဗီဇအခံနဲ့ ကျမပါးစပ်က ဖွင့်ဟမပြောမိခဲ့ပါဘူး။

ကျမငယ်ဘဝမှာ အတူကြီးပြင်းခဲ့ရပြီး ကျမဘဝရဲ့ဖြစ်တည်မှုအပေါ်မှာ သိပ်လွှမ်းမိုးတဲ့ အမေနဲ့ အဘွား ဟာ ရုပ်ရည်လည်းတူ၊ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်တတ်ပုံခြင်းလည်းတူပေမဲ့ အမူအကျင့်ကတော့ မတူပါ ဘူး။ အဘွားက ရပ်ရေးရွာရေးနားစွင့်တတ်ပြီး မျက်ရည်ကျလွယ်၊ ရယ်မောလွယ်သူပါ။ သားသမီးတွေ မြေးတွေကို ချော့ချည်တစ်ခါ ခြောက်ချည်တလှည့် စကားတတွတ် တွတ်ပြောပြီး ဆုံးမနားချတတ်သူပါ။ အမေကတော့ နှုတ်စလျှာစနည်းသလို စကားကို ဖွယ်ဖွယ်ရာရာမပြောတတ်တဲ့သူ။ ညိုမှောင်တဲ့မျက် လုံးတွေက ရီဝေနေသလိုရှိပေမဲ့ မျက်ရည်ကျခဲသူ။ ကိုယ်တိုင်က အကွေ့အဝိုက်မရှိ တသမတ်တည်း၊ အရှိအတိုင်း ပြုမူနေထိုင်တတ်သလို သူများတွေက ကွေ့ကွေ့ကောက်ကောက်ဆက်ဆံလာရင်လည်း သိပ်နားမလည်တတ် ဘဲ နားလည်ဖို့လည်း မကျိုးစားသူ၊ ဝမ်းနည်း ဝမ်းသာကို ဖော်ပြခဲတဲ့သူပါ။

အမေကနေ ကျမကိုမွေးဖွားလာတော့ ကျမရဲ့ရုပ်ရည်ဟာ အမေနဲ့ ဘယ်နေရာမှမတူခဲ့ပါဘူး။ ကြံဖန် ပြောရရင် မျက်ခုံး ကောင်းတာ၊ မျက်လုံးနက်တာခြင်းတူပေမဲ့ အမေ့မျက်ခုံးက နက်နက် တန်းတန်းဖြစ် ပြီး ကျမမျက်ခုံးက ကွေးကွေးမည်းမည်းပါ။ အမေ့မျက်လုံးက ရီဝေနက်မှောင်တာမျိုးဖြစ်ပြီး ကျမမျက် လုံးကတော့ အေးစက်နက်မှောင်တာမျိုးပါ။ ဒါပေမဲ့ ကျမ စိတ် ဓါတ်ကတော့ အမေနဲ့ အတော့်ကိုတူပါ တယ်။ ခံစားချက်ကိုမဖော်ပြတတ်တာ၊ နှုတ်စလျှာစနည်းတာ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာ တွေအပေါ် စိတ်ဝင်စားမှုနည်းတာ၊ ကိုယ်ကလည်း ကွေ့ကွေ့ဝိုက်ဝိုက်ဆိုလိုချက်တွေမပြောတတ်သလို သူများတွေကကွေ့ဝိုက် ဆက်ဆံလာရင်လည်း နားမလည်ပါးမလည် ဖြစ်ရတတ်တာ၊ ဘဝမှာကြုံလာသမျှရင်ဆိုင်ဖို့ နှုတ် ဆိတ်စွာနဲ့ပဲ အဆင်သင့်ဖြစ်နေတတ်တာ၊ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေ ထင်ရှားအောင်မပြတတ်တာတွေပေါ့။

အဘွားကတော့ ‘ညည်းတို့သားအမိက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲ စပ်စပ်စုစု လေးတော့ရှိဦးမှပေါ့။ မစပ်စုဘဲနေတိုင်းလည်း ကောင်းတာမဟုတ်ဘူး။’ လို့ ပူးတွဲပြီး မြည်တွန်တောက် တီးလေ့ရှိပါတယ်။ အဲဒီအခါ အမေက ‘သူများအကြောင်းတွေ မသိချင်ပါဘူးအမေရယ်။ အာရုံနောက်လွန်းလို့’ ဆိုပြီး ပြန်ပြောလေ့ရှိပါတယ်။ ကျမနည်းနည်းအရွယ်ရ လာတော့ အဘွားနဲ့ ဆွေမျိုးသားချင်း တချို့က ကျမစပ်စပ်စုစုမရှိတာ၊ နှုတ်နည်းတာကို အားမရလို့ မြည်တွန်တောက်တီးတိုင်း အမေပြောခဲ့ တဲ့စကားနဲ့ပဲ ကျမ သူတို့ကိုတုန့်ပြန်လေ့ရှိခဲ့ပါတယ်။ အာရုံနောက်ရတာကို အမေရော၊ ကျမပါ မကြိုက် ပါဘူး။

ကျမအမေက အဲဒီလိုအမေမျိုးမို့ ကျမနဲ့ခွဲရတဲ့နေ့မှာ အမေမျက်ရည်ကျပြီး အဲဒီလောက်စကားဖွဲ့ဖွဲ့နွဲ့နွဲ့ ပွင့်အံကျလာတာကိုက အမေ ဘယ်လောက်ခံစားနေရသလဲဆိုတာ သိသာပါတယ်။ အမေ့ခံစားမှုကို သိပေမဲ့ အမေ ခံစားခဲ့ရသလောက် ကျမ မခံစားခဲ့မိတာလည်းသေချာနေပါတယ်။

အမေပြောသလိုပဲ အဲဒီကတည်းကကျမဟာ မိသားစုအသိုက်အမြုံကခွဲထွက်ခဲ့တဲ့ ငှက်ကလေး တစ် ကောင်လိုဖြစ်ခဲ့ပါတယ်။ ဘဝမှာ လေပြင်းမုန်တိုင်းနဲ့ရင်ဆိုင်ရချိန်တွေမှာ အမေရှိရာ အသိုက်အမြုံဆီ မကြာခနပြန်လည်ခိုလှုံမိတတ်ပေမဲ့ ဧည့်သည် နေ၊ ဧည့်သည်စား သာသာပါပဲ။ ကျမတို့ရွာနဲ့ ရန်ကုန်က သင်္ဘောစီးရင် ၆ နာရီဝန်းကျင်ဆိုရောက်တာမို့ ရန်ကုန်မှာနေသားမကျသေးတဲ့ကာလတွေမှာကျောင်း သုံးလေးရက်ဆက်ပိတ်ပြီဆိုတာနဲ့ ကျမ အမေ့အိမ်ပြန်ပြေးတာပါပဲ။ တိုးမြစ်တ လျှောက် တအိအိမောင်းသွားတဲ့သင်္ဘောကြီးက ကျမတို့ရွာကို ညဦး ၆ နာရီ ၇ နာရီလောက်မှာ ရောက်တတ်တယ်။ လမိုက် ရက် လိုမျိုးဆိုရင်ဖြစ်ဖြစ်၊ ပစ္စည်းပစ္စယ များများပါလာတဲ့အခါမျိုးဖြစ်ဖြစ် ကျမက ရွာလမ်းအတိုင်း အိမ်ကို လမ်းလျှောက်မပြန်ဘဲ ချောင်းရိုးတလျှောက် အိမ်တိုင်ယာရောက်လိုက်ပို့ပေးတဲ့ သဗ္ဗာန်ကိုစီးပြီးပြန် ပါတယ်။ မှောင်မဲနေတဲ့ ချောင်းရိုးတလျှောက် ကျွိကျွဲ့၊ ကျွိကျွဲ့နဲ့ သဗ္ဗာန်တက်ခတ်သံကိုနားထောင်ရင်း ရေနံဆီမီးအိမ် မှိတ်တုတ်မှတ်တုတ်လင်းနေတဲ့ သူငယ်ချင်းတွေ အိမ်ရှေ့ရောက်ရင် “ဟေး..ကြည်ကြည်လှိုင်ရေ… ဝင်းနိုင်ရေ၊ ချန်းတိတ်ရေ၊ နေကောင်းကြလားဟ’ ဆိုတာမျိုး အော်ဟစ်နှုတ် ဆက်ရတာ ပျော်စရာကောင်းလှပါတယ်။

အိမ်ကမ်းနားရောက်လို့ သဗ္ဗာန်ခတ်တဲ့အကိုကြီးက “ဆရာမကြီးတို့… ဆရာမကြီးတို့၊ ဧည့်သည်ပါ တယ်။’ လို့အော်လိုက် တဲ့အခါ ရေနံဆီမီးခွက်မှိန်မှိန်အောက်မှာ မြေပဲပြုတ်စားရင်း၊ ပြောင်လက်နေ အောင်တိုက်ထားတဲ့ သစ်သားကြမ်းပြင်မှာ လူးလိမ့်လှဲလျောင်းရင်း ရေဒီယိုဇာတ်လမ်းနားထောင်နေကြတဲ့ အမေတို့၊ အဘွားတို့၊ ကျမမောင်နဲ့ညီမတို့ ဝုန်းကနဲ ချောင်း ကမ်းနားစပ်ကို ရောက်လာပါတော့တယ်။ တချို့အိမ်နားနီးချင်းသူငယ်ချင်းတွေက မီးခွက်ကလေးတွေကိုင်လို့ ကျမတို့အိမ် ဘက်ကို ကူးလာကြတယ်။ အဘွားက ကျမပါလာတဲ့ လိမ္မော်သီးလေး၊ ကနစိုးသီးလေးတွေဝေမျှပေးရင်း စကား လက်ဆုံကျ တတ်တာမို့ အဲဒီညဆို အိပ်ရာဝင်နောက်ကျတတ်တာချည်းပါပဲ။

ကျမက ငါးဟင်းအကြိုက်ဆုံးဖြစ်သလို ရွာကလည်းငါးရှာ၊ ဖားရှာသူတွေရဲ့ရွာဆိုတော့ ကျမတို့အိမ်မှာ ငါးဟင်းက မပြတ် သလောက်ပါပဲ။ ကံမကောင်းလို့ အိမ်မှာ ငါးဟင်းမရှိတောင် အိမ်နီးချင်းတစ်အိမ် အိမ်မှာတော့ ငါးဟင်းတစ်မျိုးမျိုးက ရှိကိုရှိနေတာပဲမို့ ကျမထမင်းစားပွဲပေါ် ရောက်လာတာပါပဲ။ ရေချို ငါးဟင်းတမျိုးမျိုးရယ်၊ အမေ့လက်ဖြစ် ငါးပိရည်ကျိုရယ်၊ အိမ်အနီးအနားမှာပေါက်နေတဲ့ အပင်တွေက သဖန်းသီး၊ သဖန်းရွက်၊ ရွဲယိုရွက်တွေနဲ့ နှစ်ပေါက်စိမ်ထားလို့ အဆင်သင့်ရှိနေ တတ်တဲ့ သရက်သီး၊ မရမ်းသီးရေစိမ်တို့စရာတွေနဲ့ ကျမ ခေါင်းမဖော်တမ်းထမင်းစားနေရင် ကျမထမင်းဝိုင်းဘေးမှာ လူတွေ အပြည့်ပေါ့။ ကျမထမင်းစားတာကိုကြည့်ပြီး တယောက်တပေါက်မေးခွန်းတွေမေးကြ၊ ရယ်ကြမောကြပေါ့။ သူများတွေ အုတ်အုတ်ကျက်ကျက်စကားတွေပြောနေပေမဲ့ အမေကတော့ ကျမထမင်းစားနေတာကို စကားတစ်ခွန်းမှဝင်မပြောပဲ ပြည့် ပြည့်ဝဝကြီးကိုပြုံးလို့ ကြည့်နေတတ်တာပါပဲ။ ပြီးမှ အိမ်ပေါ်မှာရှိ နေသူထဲက ငါးနဲ့နီးစပ်သူတစ်ယောက်ယောက်ကို မနက်ဖန် ငါးရံ့အူ ဘယ်မှာရနိုင်မလဲ။ ငါးပြေမဘယ် မှာရနိုင်မလဲ စနည်းနာပါတော့တယ်။

ဧည့်သည်တွေရှင်းသွားလို့ အိမ်နောက်ဖေးက မလက်တိုချောင်းကိုခေါင်းပေးထားတဲ့ ကျမအိပ်ရာထဲကို ရောက်ပြီဆိုရင်တော့ သင်ဖျူးဖြာပေါ်မှာ အမေနဲ့အတူဝမ်းလျှားမှောက်ရင်း တငြိမ့်ငြိမ့်စီးနေတဲ့ချောင်း ရေပြင်ကို အသံတိတ်ကြည့်နေမိတတ်ကြပါ တယ်။ အမေရော၊ ကျမရောက သီချင်းမညည်းတတ်ကြသူ တွေဆိုတော့ ငြင်ငြင်သာသာစီးနေတဲ့ ချောင်းရေစီးသံကသာ ထင်ရှားတဲ့ဂီတဖြစ်လို့ နေတတ်ပါတယ်။ အခုအချိန် နောက်ပြန်တွေးကြည့်လိုက်ရင် အဲဒီအခိုက်အတန့်လေးတွေဟာ ကျမ ဘဝမှာ အငြိမ်းချမ်းဆုံး၊ အပူအပင်အကင်းဆုံး အခိုက်အတန့်တွေဖြစ်သလို ပြန်ရဖို့မလွယ်ကူတော့တဲ့ အခိုက်အတန့်တွေ လည်း ဖြစ်နေပြန်ပါတယ်။

ကျမမှတ်မိနေတဲ့အဖြစ်အပျက်တစ်ခုရှိပါသေးတယ်။ ကျမ ၉ တန်းကျောင်းသူအရွယ်မှာ အူယောင်ငန်း ဖျားဖြစ်ပြီး ဆေးရုံ တက်ရပါတယ်။ ရောဂါနည်းနည်းပြင်းထန်တာကြောင့် ဆေးရုံမှာ ၁၀ ရက်ဝန်းကျင် နေခဲ့ရပါတယ်။ အဖျားပြင်းထန်လွန်းနေတဲ့အချိန်မှာတောင် အသံထွက် မငြည်းညူတတ်ခဲ့တဲ့ကျမက အံကြိတ်ပြီး ဝေဒနာကိုတင်းခံနေချိန်မှာ အမေကလည်းစိုးရိမ်ရိပ်ကဲတဲ့မျက်လုံးတွေနဲ့ ကျမဘေးမှာ တချိန်လုံးရှိနေပေမဲ့ စကားတစ်ခွန်းမှမပြောပါဘူး။ ကျမရဲ့လူနာကုတင်လေးဟာ ဧည့်သည်မရှိတဲ့အချိန် ဆိုရင် အမြဲလိုလို တိတ်ဆိတ်နေတတ်ပါတယ်။ တစ်ယောက်မှအသံမထွက်ကြပေမဲ့ ကျမရောဂါပြင်း ထန်နေတာ အမေသိသလို၊ အမေစိုးရိမ်ပူပန်နေတာကိုလည်း ကျမသိပါတယ်။ အဘွား ရွာကနေ ကျမကို လာတွေ့တဲ့နေ့မျိုး မှာတော့ အဘွားရဲ့မေးခွန်းမေးသံတွေနဲ့ ကျမရဲ့လူနာကုတင်လေး စည်ပင်နေတတ်ပါတယ်။ ‘ညည်းတို့သားအမိ တစ်နေ့ တစ်နေ့ ဘာတွေပြောကြသလဲ။’ လို့ အဘွားကမေးတော့ ‘ဘာမှမပြောဘူး’ လို့ ကျမကဖြေပါတယ်။ အဘွားက တကယ်အံသြ ဟန်မပေါ်ပေမဲ့ မျက်စောင်းပါးပါး ထိုးပြီး ပြောခဲ့ပါတယ်။ “ညည်းတို့မို့ တစ်နေ့လုံးအတူတူရှိနေပြီး စကားမပြောပဲနေနိုင်ကြတာ အံ့သြပါ့ အေ။’ တဲ့။ အမေနဲ့ ကျမကတော့ အဘွားပြောတာနားထောင်ပြီး ပြုံးစေ့စေ့ပေါ့။


ကျမ သားဦးလေးမွေးလာတော့ သားက စကားဝေဖြာပြောတတ်လွန်းတာမို့ ငါနဲ့မတူဘူးရယ်လို့ ဝမ်းသာခဲ့ဖူးပါတယ်။ သားငယ်ငယ်က စကားတွေအဆက်မပြတ်ပြောတဲ့အခါဖြစ်စေ၊ ပါးစပ်ထဲတွေ့တာကို သီချင်းလုပ်ဆိုနေတဲ့အခါဖြစ်စေ၊ လူကြီးတွေပြောစကားကို ချက်ကျလက်ကျတုန့်ပြန်တတ် တာကိုတွေ့တဲ့အခါဖြစ်စေ သားကိုကြည့်ပြီး ကျမ ကြည်နူးပျော်ရွှင် ရပါတယ်။ သားနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ကျမငယ်ငယ်တုန်းက၊ ကျမနဲ့ပတ်သက်ပြီး အမေ ဘာကိုများကြည်နူးခဲ့ရလေသလဲရယ်လို့ တွေး မိပါတယ်။ ‘စကားတစ်ခွန်းမှမပြောဘဲ ငြိမ်ကုတ်ပြီး လုပ်စရာရှိတာတွေ တကုတ်ကုတ်လုပ်နေတာကို ကြည့်ပြီး ကြည်နူးရတာပေါ့’ ဆိုတဲ့ အမေ့အဖြေကိုရဖူးပါတယ်။

ကျမဟာ သားတွေနဲ့အတူရှိနေချိန်မှာတော့ အမေနဲ့အတူရှိနေချိန်ကထက် စကားပိုပြောတယ်လို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်ဟာလည်း မိခင်တစ်ယောက်အနေနဲ့တော့ လုံလောက်ဟန် မပေါ် ပါဘူး။ ကျမသူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ‘ငါသာနင့်နေရာ မှာဆိုရင်တော့ သားတွေနဲ့ လုံးထွေးနေမှာပဲ’ တဲ့။ နောက်တစ်ယောက်ကတော့ ‘ငါသာဆိုရင် တစ်ချိန်လုံး သားတွေနဲ့ စကားပြော နေမှာပဲ’ တဲ့။

ကျမဟာ ကျမသားတွေအတွက် လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးဖို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်ဆိုတာ ကျမကိုယ်ကျမ သံသယမရှိပါဘူး။ ဒါပေမဲ့ မိခင်တစ်ယောက် အနေနဲ့ လိုအပ်သလောက် သားတွေကို စကားပြောခဲ့ရဲ့လားဆိုတာတော့ ကျမကိုယ်ကျမ သံသယရှိပါ တယ်။ စကားနဲ့မပြခဲ့တဲ့ အမေ့မေတ္တာတရားကို ကျမ သေသေချာချာနားလည်ခဲ့ပေမဲ့ စကားအနည်း ငယ်နဲ့သာဖော်ပြခဲ့တဲ့ ကျမရဲ့မေတ္တာကိုရော ကျမသားတွေ နားလည်ကြ ရဲ့လား ကျမ မပြောနိုင်ပါဘူး။

ကျမသားတွေ အားရပါးရထမင်းစားနေတာမြင်တိုင်းလည်း ကျမထမင်းအားရပါးရစားနေတဲ့အခါ ထမင်းစားပွဲဘေးမှာ အပြုံးပြည့်ပြည့်ဝဝနဲ့ ထိုင်ကြည့်နေတတ်ခဲ့တဲ့ အမေ့ကိုသတိရ,ရ ပြန်ပါတယ်။ အဲဒီအပြုံးထဲကနေ အမေမပြောပြ တတ်တဲ့စကားတွေကို ကျမကြားနိုင်ခဲ့ပါတယ်။ သားတွေထမင်းကောင်းကောင်း မစားရင် ကျမ စိတ်ပူ၊ စိတ်မကောင်း ဖြစ်ရသလို အမေလည်းဖြစ်ခဲ့မှာပါပဲ။ ဒါပေမဲ့ ကျမရဲ့မပြောပြဖြစ်တဲ့ စိတ်မကောင်းမှုတွေကို ကျမသားတွေကြားနိုင်ဖို့တော့ ကျမ မမျှော်လင့်ရဲပါဘူး။

အခုဆို ကျမသားကြီးက ၁၆နှစ်ကျော်ပါပြီ။ ဆယ်ကျော်သက်ဗီဇအရပဲလား၊ သူနေထိုင်ကြီးပြင်းရတဲ့ နေရာဒေသရဲ့ယဉ်ကျေးမှု အရပဲလား မသိ၊ သားဟာ ငယ်ငယ်ကလို စကားဝေဖြာတဲ့ကလေး မဟုတ် တော့ပါဘူး။ ကျောင်းကပြန်လာလို့အိမ်ရောက်ရင် တီဗီကြည့်ချင်ကြည့်၊ အိပ်ချင်အိပ်၊ တယ်လီဖုန်းတစ် လုံးနဲ့ အလုပ်ရှုပ်ချင်ရှုပ်လို့ ငြိမ်သက်တိတ်ဆိတ်နေတတ်ပါတယ်။ သားကိုကြည့်ပြီး တစ်ခုခုဆုံးရှုံးသွားသလို ကျမခံစားရပါတယ်။ သားတွေအတွက် တစ်ခုခုခံစားရတဲ့အခါ အမေ့ကို သတိရမိ တတ်တဲ့ အတိုင်း ကျမ ၁၆ နှစ်အရွယ်ကို အမေ့နေရာက ပြန်ခံစားကြည့်မိပါတယ်။ ကျမ ၁၆နှစ်မှာ အမေ့ရဲ့ အဝေးကို ရောက်နှင့်နေပါပြီ။ ကျမက ငယ်ငယ်ထဲက စကားနည်းခဲ့သူမို့ ၁၆ နှစ်သမီးမှာလည်းထူးပြီး စကားမပြောတာမျိုးဖြစ်ခဲ့မှာမဟုတ်လေတော့ ကျမခံစားရသလို အမေ ခံစားခဲ့ရမယ်မထင်ဘူးလို့တွေး ပြီး အမေ့အတွက် တစ်နည်းတဖုံ စိတ်သက်သာသလို ခံစားမိပါတယ်။ ဒါပေမဲ့ အမေပြောခဲ့သလို ၁၅ နှစ်သမီးထဲက အမေဦးဆောင်တဲ့မိသားစုရဲ့ မိသားစုဝင်အဖြစ် ကျမ ရက် ရှည်ရှည်ပြန်လည်နေခွင့်တော့ မရတော့ပါဘူး။

ပြီးခဲ့တဲ့ တစ်ပါတ်လောက်က သားကြီးကပြောပါတယ်။ “နောက် နှစ်နှစ်ဆို သားက တက္ကသိုလ်တက်ဖို့ အိမ်ကထွက်ရတော့မှာ။” တဲ့။ သားစကားကိုနားထောင်ပြီး အမေ့ကိုစူးစူးနင့်နင့် သတိရမိပြန်ပါတယ်။ အမေနဲ့စိတ်ချင်းတူလွန်းတဲ့ကျမ အမေခံစားသလို ခံစားရတော့မှာပါလား။ သားအိမ်ကထွက်တဲ့နေ့ကျ ရင် အမေကျမကိုပြောခဲ့သလို ‘ ဒီနေ့ကစပြီး မိသားစုနဲ့ ခွဲရပြီ။ နောက်ဆို အရင်ကလိုနှစ်နဲ့ချီပြီး အတူ ပြန်နေရဖို့ မလွယ်တော့ဘူး။’ လို့မှ ပြောနိုင်ပါ့မလား။ အနာဂါတ်ထဲတိုးဝင်ချင်နေတဲ့အရွယ်မို့ သားကြီးက ကျမရင်ထဲမှာခံစားရတာကို သိမှာမဟုတ်ပါဘူး။ သိရင်တောင် ကျမတုန်းကလိုပဲ နေရာသစ်ကိုမျှော် လင့်ရင်ခုန် စိတ်က သူ့ရဲ့စိတ်မကောင်းဝမ်းနည်းစိတ်ကို ဖုံးလွှမ်းနေမှာပါ။ အဲဒီိအတွက်လည်း သားကို အပြစ်မတင်သင့်ဘူးဆိုတာ ကျမသိပါတယ်။ ကျမသားက နောက်နှစ်နှစ်၊ သူ့အသက် ၁၈ နှစ်မှ ပညာ ဆက်ရှာဖို့ မိခင်ရင်ခွင်ကထွက်ခွာမှာမို့ ကျမထက် မိခင်နဲ့ ၃ နှစ်ပိုနေနိုင်တယ်လို့ ပြောရမှာပါ။

အဲဒီခံစားမှုပေါ်လာတော့ ကျမကိုယ်ကျမ မေးခွန်းထုတ်မိပါတယ်။ ကျမကတော့ အမေနဲ့စိတ်တူသူမို့ အမေနှလုံးသားထဲ ကပြောခဲ့ပြီး ပါးစပ်ကမပြောခဲ့တဲ့စကားတွေကို ကြားခဲ့နိုင်တယ်ပဲထားပါတော့။ ကျမ သားတွေကိုတော့ ကျမနဲ့ထပ်တူခံစားနိုင်မယ်လို့ မျှော်လင့်နေမိတာများလား။ အဲဒါဆိုရင်ရော ကျမက တရားပါ့မလား။ “မေကြီးမပြောခဲ့တာ တွေကို သားတို့က ဘယ်လိုလုပ်ကြားမှာလဲ။” လို့ သူတို့ တုန့်ပြန်လာလို့ ကျမဝမ်းနည်းမိမယ်ဆိုရင်တောင် သူတို့ အမှား မှမဟုတ်တာလေ။ ဒါဆို ကျမက ဘာကြောင့် သူတို့ကိုကြားစေချင်တဲ့စကားတွေကို မပြောဖြစ်တာလဲ။ ကျမဟာ အမေနဲ့ စိတ်တူသူသမီးရယ်လို့ ကိုယ့်ဘာသာ သတ်မှတ်မိတာတစ်ခုထဲနဲ့တော့ သားတွေကိုကြားစေချင်တဲ့စကားတွေ မပြောဘဲနေမိ တာ မဟုတ်ပါဘူး။ ကျမက အမေ့အပင်က ဖူးလာတဲ့ပန်းမို့ အမေပွင့်သလောက်ပဲပွင့်မိတာ ထင်ပါရဲ့။

ကျမတို့မောင်နှမတတွေ ကိုယ့်ဘဝကိုယ်ကျောင်းဖို့ အမေ့ရင်ခွင်ကထွက်လာပြီးနောက်ပိုင်းမှာ အမေဟာ ကျမတို့ကြီးပြင်း ခဲ့ရာရွာနဲ့ အိမ်ထောင်သည်သမီးတွေရှိတဲ့ ရန်ကုန်ကို ကူးချည်သန်းချည်လုပ်နေ တဲ့ရက်တွေကလွဲလို့ ကျန်တဲ့ရက်ပေါင်း များစွာမှာတော့ ရွာက ကျမတို့တတွေနဲ့ အုန်းအုန်းကျက်ကျက် အတူနေခဲ့တဲ့ အိမ်ထဲမှာ တစ်ယောက်တည်းပါ။ “ တစ်ချို့ညတွေ တရေးနိုးလာလို့ တစ်အိမ်လုံး ငါတစ် ယောက်ထဲရှိပါလားလို့တွေးမိရင် အထီးကျန်ပြီး အားငယ်လိုက်တာ။ မိုးသည်းသည်းထန်ထန်ရွာတဲ့ည တွေဆို ပိုဆိုးတယ်။ ပြန်အိပ်လို့မရတော့ဘူး” လို့ မျက်ရည်ဝေ့ဝိုင်းတဲ့ မျက်လုံးနဲ့ တဆတ်ဆတ်တုန်နေ တဲ့ နှုတ်ခမ်းတွေနဲ့ အမေပြောခဲ့တာကို ကျမအာရုံထဲကဖျောက်ဖျက်လို့မရပါဘူး။ ကျမလည်းအဲဒီစကား မျိုး ဘယ်အချိန်ပြောရမလဲမသိဘူးလို့တွေးမိတော့ ကြိုတင်သက်ပြင်းချပြီး ရင်ဆိုင်ဖို့ ကြိုတင်အားတင်း မိပါတယ်။ အမေ့ သစ်ကိုင်းတွေမှာ သီးခဲ့တဲ့အသီးတွေ ကျမပိုင်ဆိုင်ရပါတော့မယ်။

မနှစ်က နွေညတစ်ည မှာ ကျမသားကြီးက သူ့ဗိုက်ထဲမှာ ရောဂါတစ်ခုဖြစ်နေပြီထင်တယ်လို့မျက်ရည် ဝေ့ဝေ့နဲ့ပြောလိုက်တော့ ကျမ တစ်ခါမှမခံစားခဲ့ရဖူးတဲ့ ခံစားမှုတစ်ခု ထူးဆန်းစွာခံစားလိုက်ရပါတယ်။ တကိုယ်လုံးတောင့်ကနဲ ဖြစ်သွားပြီး ငယ်ထိပ်တည့်တည့်ကို မီးစနဲ့ထိုးလိုက်သလိုပါပဲ။ ကျမဘဝမှာ မိုးတွင်းရေစီးသန်တဲ့မြစ်လည်ခေါင်မှာ မော်တော်မှောက်တဲ့ အထဲပါခဲ့တာလို အသက်ဘေးက သီသီကလေးလွတ်ခဲ့တာမျိုး၊ အစာအိမ်သွေးကြောပေါက်ပြီး သတိလစ်သွားတာလို သေ လုမျောပါးဝေဒနာ ဖြစ်ခဲ့ရတာမျိုးတွေရှိခဲ့ပေမဲ့ အဲဒီလို ခံစားမှုမျိုးမခံစားခဲ့ရပါဘူး။ သားကိုဖက်ထားပြီး “မဖြစ်နိုင်ပါဘူးသား ရယ်။ တကယ်လို့ဖြစ်ခဲ့ရင်တောင် ဒီလောက်ဆေးပညာထွန်းကားတဲ့တိုင်းပြည်မှာ ဘာမှကြောက်စရာ မလိုပါဘူး။” လို့ ပြော လိုက်မိပေမဲ့ အဲဒီညက သားအိပ်ပျော်သွားသည်ထိ စိုးရိမ်ပူပန်စိတ်နဲ့ ကျမလက် တွေတဆတ်ဆတ်တုန်နေခဲ့ပါတယ်။ ည လည်ခေါင်ကြီးမှာ ကမ္ဘာတခြမ်းစာဝေးတဲ့တိုင်းပြည်က သူငယ်ချင်းဆရာဝန်တွေဆီ ဖုန်းမဆက်စဖူးဆက်ပြီး အပူကိုဝေ ငှမိပါတယ်။ အိပ်ရာထဲမှာ အိပ်မပျော်တဲ့ညကို လူးလိမ့်ဖြတ်သန်းနေစဉ် တလျှောက်လုံး စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ တိတ်ဆိတ် စွာကြည့်နေခဲ့တဲ့ ဆေးရုံ ပေါ်က အမေ့မျက်ဝန်းတွေကို မြင်ယောင်မိခဲ့ပါတယ်။

တလောက အမေ့ဆီဖုန်းဆက်လို့ အမေ ဘာလိုသေးလဲမေးမိတော့ အမေကပြန်ပြောပါတယ်။ “ အမေ့ အတွက် ဘာမှမပူနဲ့။ အမေက ကိုယ့်တိုင်း ကိုယ့်ပြည်မှာ ဆွေတွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့နေနေရတာ။ နင်တို့က သူများတိုင်းပြည်မှာ ဆွေမရှိ၊ မျိုးမရှိနေနေရတာ။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ကြ။” တဲ့။ ကျမ ရင်ထဲမှာ ဆို့နင့်နေတာမို့ အမေ့ကို စကားမပြန်မိပါဘူး။ ကျမ သားတွေအရွယ်ရောက်လာလို့ ကျမအမေ့ကို မေးခဲ့သလိုများ သူတို့ကမေးလာခဲ့ရင် အမေကျမကို ပြောသလိုတောင် သူတို့ ကို ကျမ ပြန်ပြောနိုင်ပါ့မလား။

ကျမဟာ အမေ့ပင်စည်ကခွဲထွက်လာတဲ့ အကိုင်းတစ်ကိုင်းမို့ အမေ့ကိုထိုးခဲ့တဲ့ပိုးတွေလည်း ကျမဆီမှာ ရှိမှာပါပဲ။ ကျမက အမေ့လောက်မကြံ့ခိုင်သူမို့ အဲဒီပိုးတွေက အမေ့ရဲ့အကိုင်းခွဲ ကျမခန္ဓာကိုယ်ထဲမှာ ပိုလို့တောင် ပျော်ဦးမယ်ထင်ပါရဲ့။ ဒါပေ မဲ့ အမေ့အမြစ်ကပွားခဲ့တဲ့ကျမမို့ အမေ့လိုပဲ ဖြတ်ကျော်နိုင်မှာပါ။ အဲဒီလိုဖြတ်ကျော်နိုင်ဖို့အင်အားတွေကိုလည်း အရင်တုန်း ကလို မနုပျို၊ မကျန်းမာတော့ပေမဲ့ သက်ရှိ ထင်ရှားရှိနေဆဲအမေက အာကာသတခွင်ကိုဖြတ်သန်းပြီးတိုးဝင်လွင့်မျောလာတဲ့ တယ်လီဖုန်းအသံ လှိုင်းထဲက မပီမသစကားတွေက တဆင့် ပေးနေဦးမှာပါ။

ခက်မာ

(ဧပြီ၊ ၂၀၁၄ ထုတ် IDEA မဂ္ဂဇင်း ဆရာမ ခက်မာ၏ အက်ဆေးကို ဆရာမ၏ လူမှုကွန်ရက်ဖေ့စ်ဘွခ်စာမျက်နှာ https://web.facebook.com/khettmar ကတဆင့် ထပ်ဆင့် ကူးယူ ဖော်ပြပါသည်။ ဆရာမနှင့် မူရင်း ပုံနှိပ်ခဲ့သည့် IDEA မဂ္ဂဇင်းကို မိုးမခက ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။)