ရဲရင့်သက်ဇွဲ - အာဏာရှင်လက်ခုပ်ထဲက ဖန်ကွဲစ (သို့ ) မစိမ်းပင်



ရဲရင့်သက်ဇွဲ - အာဏာရှင်လက်ခုပ်ထဲက ဖန်ကွဲစ (သို့ ) မစိမ်းပင်
(မိုးမခ) မေ ၂၇၊ ၂၀၁၆


ဝိုင်းစက်နေတဲ့ လမင်းကြီးငေးကြည့်ရင်းနဲ့ 
ဘ၀ရဲ့ မညီမျှခြင်းတွေကို လရောင်အောက်မှာ
ကြေကွဲစွာတွေးတောနေတုန်း ဖဘကတက်လာတဲ့
သတင်းတပုဒ်က
အုန်းခနဲ ၀ုန်းခနဲ ငါ့ရင်ကို အလဲထိုးသွားတယ်

သြော် .... မစိမ်းပင် ဆုံးသွားပြီတဲ့
ကျနော်တို ရဲ့ဒီမိုကြယ်တပွင့်
ခွပ်ဒေါင်းကြယ်တပွင့်
ကြွေလင့်ခဲ့ရပြီပဲ....

မစိမ်းပင်ဆိုတာနဲ့ 
ကျနော်ခေါင်းထဲအပြေးဝင်လာ
သူမရဲ့စာတိုတစ ဖျတ်ခနဲ သတိရမိတယ်...

မစိမ်းပင်ရဲ့စကား
အတ္တမဲ့မာနဖြင့်
ဘ၀ကိုထုဆစ်
ခေတ်ကို ထမ်းပိုး
ရိုးသား ရဲရင့်စွာ။


မစိမ်းပင်
သူမဟာ ကျနော်တို့ရဲ့သူရဲကောင်း
သူမရဲ့ကလောင်လက်နက် ထက်မြက်ပုံများ
မိုးကြိုးသွားအလား
ရန်သူအများမှာ ကြောက်ဒူးတုန်ကြ
ဖမ်းဟ ဆီးဟ
နရသိန်ထဲ ဇွတ်အတင်းသွင်းခဲ့ကြတယ်.....

လှေခွက်ချည်းကျန် အလှံမလှဲတဲ့
သူမရဲ့စိတ်ဓာတ်ကို ရိုက်ချိုးချေဖျက်
အရက်စက်ဆုံးနည်းလမ်းတွေနဲ့ 
နှိပ်စက်ညှင်းပန်းခဲ့ကြတယ်......

အာဏာရှင်တို့ရဲ့လူမဆံတဲ့ လုပ်ရပ်တွေကြောင့်
သူမရဲ့ဘ၀တခုလုံး
ကြေမွပျက်သုဉ်းသွားခဲ့ရတယ်
သူမဟာ ကဗျာတွေမရေးနိုင်တော့လောက်အောင်
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ
နလံမထူတော့လောက်အောင်ကိုပဲ
အာဏာရှင်တို့ရဲ့လက်ခုပ်ထဲကရေ

(အို ..မဟုတ်ဘူး...မဟုတ်ဘူး)

အာဏာရှင်တို့ ရဲ့  လက်ခုတ်ထဲက
ဖန်ကွဲစတွေ ဖြစ်ခဲ့ရသူပါ ......

အခုတော့
သူမ ထွက်သွားခဲ့ပြီ
ကောင်းကင်ဘုံမှာပျော်ဖို့ 
သူမ တိတ်တဆိတ်နဲ့ 
လောကကြီးတခုလုံးကို
ချန်ထားခဲ့ပြီ .......

မစိမ်းပင်ရေ.....
ကောင်းကင်ဘုံမှာ
အမကြီး စောမာန် (မန္တလေး)
စောင့်နေရှာပေါ့
ကျနော်တို့ရဲ့ခွပ်ဒေါင်းဇာနည်
ကြယ်နီတွေ
ဘုရားသခင်ထံတော်အပါး
ငြိမ်းချမ်းစွာခိုလှုံပါစေသောဝ် .....။


ရဲရင့်သက်ဇွဲ
၂၂ ၀၅ ၂၀၁၆
နံက် ၄း၅၀