အုန်းနိုင် - တိမ်မြုပ်ပျောက်ကွယ်နေသော..မြန်မာ့ကျေးလက်ရိုးရာ ကျည်းသားရိုက်ကစားနည်း


အုန်းနိုင် - တိမ်မြုပ်ပျောက်ကွယ်နေသော..မြန်မာ့ကျေးလက်ရိုးရာ ကျည်းသားရိုက်ကစားနည်း
(မိုးမခ) မေ ၃၊ ၂၀၁၆
(သရုပ်ဖော် - နီဇူလိုင်)

မြန်မာအဘိဓာန်တွင် ကျည်းသား/ ကျီးသှား/န- တစ်တောင့်ထွာခန့် တုတ်ချောင်းငယ်ဖြင့် ရိုက်နှက်ကစားရ
သော အဖျားနှစ်ဖက်တွင် တစောင်းစွေဖြတ်ထားသည့် တစ်ထွာခန့် တုတ်ချောင်းငယ်.. ဟု ဖွင့်ဆိုထားပါ
တယ်..။

မြန်မာ့ကျေးလက်ကစားနည်တနည်း ဖြစ်ပြီး ကျနော်တို့ငယ်ရွယ်စဉ် လယ်ကွင်းတွေထဲမှာ ကစားစဉ်
ကတော့ “ကျည်းလစ်ဆန်တောက်”ကစားတယ်လို့ ခေါ်ကြတယ်..။ အဲဒီ ကျည်းလစ်ဆန်တောက် ကစားတာကို အန္တရာယ်မကင်းလို့ လူကြီးတွေက တားမြစ်ပိတ်ပင်လေ့ရှိပါတယ်..။ ဒါကြောင့် လွတ်လပ်မှုရှိတဲ့ ဘုန်းကြီးကျောင်းသားတွေနဲ့ နွားကျောင်းသားတွေ ရဲ့  ကစားနည်းဖြစ်ပါတယ်..။

 ကစားပစ္စည်းကတော့ အထက်က အဘိဓာန်မှာ ဖော်ပြသလို တစ်တောင့်ထွာခန့် ၀ါးရင်းတုတ်တစ်
ချောင်းက ရိုက်တံရယ်.. ၊သစ်သားနဲ့ဖြစ်ဖြစ် ၀ါးနဲ့ဖြစ်ဖြစ် ထိပ်နှစ်ဘက်ကို ခပ်ချွန်ချွန်ဖြတ်ထားတဲ့ ငါးလက်မ ခန့် အရွယ်ရှိတဲ့ ကျည်းလစ်ဆန် ရယ် နှစ်ခုပဲ ဖြစ်ပါတယ်..။ ဒီ ကျည်းလစ်ဆန်ကို ပုံစံအမျိုးမျိုးနဲ့ လေထဲပစ်မြှောက်ပြီး တစ်တောင့်ထွာခန့်တုတ်နဲ့ လွှဲရိုက်ရတာပါ..။ဒီလို ရိုက်ရာမှာ ရိုက်ချက် (ရိုက်ပုံရိုက်နည်း) ခုနစ်မျိုးရှိပါတယ်။

၁။ တာတိုရိုက်ချက် (သို့မဟုတ်) ကျွဲသိုးရိုက်ချက်
၂။ ခြေမရိုက်ချက်
၃။ ဆင်စွယ်ရိုက်ချက်
၎။ ဖယ်လယ်ရိုက်ချက်
၅။ အပြင်း (အဖျင်း)ရိုက်ချက်
၆။ ထမင်းသုတ်ရိုက်ချက်
၇။ စင်္ကြာ ရိုက်ချက် တို့ဖြစ်ပါတယ်..။

 ၁။ တာတိုရိုက်ချက်။
 ပုံ(၁)


တစ်တောင့်ထွာခန့်တုတ်(ရိုက်တံ)ကို ညာလက်ဖြင့် အပေါ်တွင် ထိပ်အစွန်းပေါ်ရုံကိုင်ထားပြီး ၎င်းထိပ်စွန်းနဲ့ ဆုပ်ထားတဲ့ လက်ပေါ်မှာ ကျည်းလစ်ဆန်ကို ကန့်လန့်ဖြတ်တင်ထားရပါတယ်..။

ညာလက်ကို ဆတ်ခနဲမြှောက်လိုက်ရင် ကျည်းလစ်ဆန်ဟာ နဲနဲမြောက်ပြီး အောက်ကျသွားမှာပါ။

အဲဒီလိုအကျကို အောက်ဘက်က တုတ်အရှည်ပိုင်းနဲ့ လှန်ရိုက်လိုက်တာပါ..။ကျည်းလစ်ဆန်နဲ့ရိုက်တံ
လွဲသွားစရာအလွန်နည်းပါတယ်..။ဒါဟာ အလွယ်ဆုံးရိုက်ချက်ပါပဲ..။ကျည်းလစ်ဆန်နဲ့ရိုက်တံလွဲချော်
သွားဖို့ နည်းသလို ရိုက်တံက လွှဲအားကောင်းကောင်းမရှိလို့ ကျည်းလစ်ဆန် ဝေးဝေးရောက်ဖို့လည်း
နည်းပါတယ်..။ဒါကြောင့်လည်း တာတိုရိုက်ချက်လို့ ခေါ်တာဖြစ်နိုင်တယ်..။

ပုံ(၂) ကျွဲသိုးရိုက်ချက်




ကျွဲသိုးရိုက်ချက်ဆိုတာကတော့ တာတိုရိုက်ချက်မှာ ရိုက်တံကိုင်သလိုပဲ ကိုင်ရတယ်..။ဒါပေမယ့်
လက်အောက်ဘက်မှာ ရိုက်တံကို ပေါ်ရုံထားပြီး အပေါ်ဘက်မှာ ရှည်ရှည်ထားရပါတယ်..။ လက်ကို
ဆတ်ခနဲ မြှောက်လိုက်ပြီး လေထဲတက်ပြီး ပြန်ကျလာတဲ့ ကျည်းလစ်ဆန်ကို အားရှိသလောက်
ဝှေ့ ယမ်းပြီး ရိုက်တဲ့ရိုက်ချက်ပါ..။ လွှဲအားကောင်းကောင်းနဲ့ ရိုက်နိုင်တာမို့ ဝေးဝေးပြေးအောင် ရိုက်နိုင်
ပါတယ်..။ ကျွမ်းကျင်မှ ရိုက်နိုင်တဲ့ ရိုက်ချက်မျိုးပါ..။ ဒီရိုက်ချက်ကို တာတိုရိုက်ချက်အစားရိုက်နိုင်ပါတယ်..။

(၂) ခြေမ ရိုက်ချက်

ပုံ(၃) ခြေမရိုက်ချက်


ကျည်းလစ်ဆန်ုကို ညာဘက်(သို့မဟုတ်) ဘယ်ဘက်ခြေချောင်းကလေးတွေ ပေါ်မှာ တင်ထားပြီး
ခြေထောက်ကို ဆတ်ခနဲမြှောက်ပေးလိုက်လို့ ပျံတက်လာတဲ့ ကျည်းလစ်ဆန်ကို ရိုက်တံနဲ့ထိလည်းထိ
ဝေးဝေးလည်း ပြေးအောင် ရိုက်ရမှာပါ..။

 (၃)ဆင်စွယ်ရိုက်ချက်
 

 ပုံ(၄)ဆင်စွယ်ရိုက်ချက်


ဘယ်ဘက်လက်က လက်ချောင်းကလေးတွေမှာ လက်ညှိုးနဲ့ လက်သန်းကိုသာဆန့်ထုတ်ပြီး
ကျန်တဲ့လက်ချောင်းတွေ ကွေးထားမယ်.။ဆန့်ထားတဲ့ လက်ညှိုးနဲ့ လက်သန်းက ဆင်စွယ်နှစ်ချောင်းလို
အနေအထားပေါ်မှာ ကျည်းလစ်ဆန်ကို တင်ထားပြီး လေထဲကို ပင့်မြှောက်မယ်..။ ပြန်အကျမှာညာ
ဘက်က ရိုက်တံတုတ်နဲ့ ရိုက်ရတဲ့ ရိုက်ချက်ပါ..။

(၄)ဖယ်လယ်ရိုက်ချက်
 

 ပုံ(၅)ဖယ်လယ်ရိုက်ချက်


ရိုက်တံတုတ်ရဲ့  တဘက်စွန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရိုက်တံတုတ်ကို မြေပြင်ညီထားလိုက်ပါ။
လက်သီးဆုပ်နဲ့ ရိုက်တံအတို အစွန်းပေါ်မှာ ကျည်းလစ်ဆန်ကို ထောင့်ဖြတ် တင်ထားပြီး လေထဲပစ်မြှောက် လိုက်မယ်.။ ပြန်အကျမှာ ဖမ်းရိုက်ရမယ့် ရိုက်ချက်ပါ..။ တိုက်ရိုက်ဝှေ့ယမ်းရတာ မဟုတ်ပဲ.. ကျည်းလစ်ဆန် လေထဲ ပျံနေတုန်းမှာ ရိုက်တံကို နောက်ပြန်ယူပြီးမှ ဝှေ့ယမ်းရိုက်ရတာမို့ နည်းနည်းခက်ခဲတဲ့ ရိုက်ချက်ပါ။


 (၅) အပြင်း/အဖျင်း ရိုက်ချက်

ပုံ(၆)

ဘယ်ဘက်လက်က ကျည်းလစ်ဆန်ကို အသာချလိုက်ပြီး ညာလက်ကရိုက်တံတုတ်နဲ့ လွှဲရိုက်နည်းပါ။
ရိုက်ချက် လွယ်တယ်..။ ကျည်းလစ်ဆန်ကို လွဲချော်ပြီး ရိုက်စရာ အကြောင်းမရှိဘူး..။ ချိန်သားကိုက်
သလောက် ပြင်းပြင်း ရိုက်နိုင်မယ့် ရိုက်ချက်ပါ..။ ကစားပွဲအနိုင်အရှုံးသိပြီး နိုင်တဲ့သူက အဝေးဆုံးရောက်
အောင် ရိုက်ချင်ရင် ဒီအပြင်း/အဖျင်း ရိုက်ချက်ကို သုံးတယ်..။ ဖျင်းတယ်လို့ ခေါ်တယ်..။

 (၆)ထမင်းသုတ် ရိုက်ချက်။

ပုံ(၇)


ရိုက်တံရော ကျည်းလစ်ဆန်ကိုပါ လက်တဘက်တည်းမှာ ပူးကိုင်ပြီး ကျည်းလစ်ဆန်ကို လေထဲ
မြှောက်ပြီး ရိုက်တံနဲ့ ရိုက်ရတာပါ..။ လက်တစ်ဘက်တည်း ကျည်းလစ်ဆန် မြှောက်တာရော ပြန်ကျလာတဲ့  ကျည်းလစ်ဆန်ကို ရိုက်တံနဲ့ရိုက်ရတာရော နှစ်မျိုးလုပ်ရတာမို့ ရိုက်ချက် ခက်ပါတယ်..။ ထိအောင်ရိုက်ဖို့ကြိုး
စားရတာကြောင့် ဝေးဝေးပြေးအောင် ရိုက်ဖို့ ခဲယဉ်းပါတယ်..။

(၇) စင်္ကြာရိုက်ချက်။
(အပြင်းရိုက်ချက်ကဲ့သို့ လက်တစ်ဖက်စီတွင် ရိုက်တုတ်နှင့် ကျည်းလစ်ဆန်ကို ကိုင်ရိုက်ခြင်း)
ဘယ်လက်က ကျစ်လစ်ဆန်ကိုကိုင်မယ်..။ညာလက်က ရိုက်တံတုတ်ကို ကိုင်ပြီး ဘယ်လက်ထဲက ကျည်းလစ်ဆန်ရဲ့  တစ်ဘက်စွန်းကို ရိုက်တံနဲ့အသာပင့်ရိုက်လိုက်မယ်..။ စင်္ကြာလို လည်ပြီးတက်သွားတဲ့ ကျည်းလစ်ဆန်ရဲ့ အကျကို ညာလက်က ရိုက်တံနဲ့ လွှဲရိုက်ရတဲ့ ရိုက်ချက်ပါ..။ ကျည်းလစ်ဆန်ကို ရိုက်တံနဲ့နှစ်ခါ ထိရပါမယ်..။  ကျစ်လစ်ဆန်ဟာ စင်္ကြာလို လည်တက်ရမယ်ဆိုပေမယ့် လည်လည်.. မလည်လည်.. ကျည်းလစ်ဆန်ကို ရိုက်တံနဲ့ နှစ်ခါထိဖို့ကသာ အဓိကပါ..။

“ ကျည်းလစ်ဆန်(သို့) ကျစ်လစ်ဆန်(သို့) ကျေးလစ်ဆန် ရိုက်ကစားနည်း”

ကစားမည့်သူတွေကို အုပ်စုနှစ်စုခွဲပါတယ်..။ ရိုက်ချက်ညံ့တဲ့သူ..တော်တဲ့သူမျှထားတဲ့ အုပ်စုနှစ်စုကို
ခေါင်သူကြီး (ခေါင်းဆောင်)တစ်ဦးစီက ရွေးယူရတယ်..။ ရိုက်လှည့်နဲ့ဖမ်းလှည့်ကို ခေါင်သူကြီးနှစ်ယောက်က ခေါင်းပန်းမြှောက်ရွေးတယ်..။ အတို အရှည်နှုတ်
တယ်ဆိုတဲ့ ရွေးနည်းနဲ့လည်း ရွေးတယ်..။

ဖမ်းလှည့်ကျတဲ့သူများက ရိုက်မယ့်သူဘက်က ရိုက်ချက်ကို မှန်းပြီး ဒုံတိုင်(အုတ်ခဲ၊ခဲ) ကို မျက်နှာမူပြီး
အနီးအဝေးဖြန့်ပြီး နေရာယူကြရတယ်..။ ရိုက်လှည့်ကျတဲ့သူ ရိုက်လိုက်တဲ့ ကျည်းလစ်ဆန်ကို မြေမကျမီဖမ်း နိုင်ရင် ရိုက်တဲ့သူ သေတယ်..လို့ ခေါ်တယ်..။ ဆက်မရိုက်ရတော့ဘူး..။ ရိုက်ချက်တစ်ခုကို ထိအောင်မရိုက်နိုင်  လို့ လွဲသွားပြန်ရင်လည်း သေတယ်လို့ ခေါ်တယ်.။ ဆက်မရိုက်ရတော့ဘူး..။ နောက်တစ်ယောက် ဆက်ရိုက်..။

ရိုက်တဲ့ဘက်က ရိုက်သူတစ်ယောက်ဟာ စစချင်း တာတိုရိုက်ချက် (သို့) ကျွဲသိုးရိုက်ချက် နဲ့စနိုင်တယ်..။ မြေမကျမီ မဖမ်းမိရင် အဲဒီ ကျည်းလစ်ဆန်ကို ဖမ်းသူများဘက်က တစ်ယောက်က
ဒုံတိုင်ကို မှန်အောင် (သို့မဟုတ်) ဒုံတိုင်နဲ့ ရိုက်တံတကမ်းထက် ပိုနီးတဲ့နေရာ ရောက်အောင် ပစ်ရမယ်..။

 ရိုက်တဲ့ဘက်က အဲဒီကျည်းလစ်ဆန်ကို ဆီးပြီး ရိုက်နိုင်တယ်..။ ဒီနေရာမှာ ရိုက်တဲ့သူမရိုက်နိုင်အောင် ဒုံတိုင်ကို ထိအောင် ဒုံတိုင်နား ကပ်ကျအောင် ပစ်တဲ့သူက ပစ်ရပါတယ်..။ ကျည်းလစ်ဆန်ကို ဆီးမရိုက်
နိုင်လို့ ဒုံတိုင်ကို မှန်ရင်ဖြစ်စေ..။ဒုံတိုင်နဲ့ ရိုက်တံ အလျားထက် တိုတဲ့အကွာအဝေးကို ကျအောင်ပစ်နိုင်ရင်
လည်း ရိုက်သူသေပါတယ်..။

 ဒုံတိုင်နဲ့ ရိုက်တံ တစ်တာထက်ပိုဝေးတဲ့ နေရာမှာရှိတဲ့ ကျည်းလစ်ဆန်ကို ရိုက်တံထောက်ပြီး တိုင်းပါ
တယ်..။ တိုင်းတဲ့အခါမှာ တစ်တာဆိုရင် “ခြေမ”  ၊နှစ်တာဆိုရင် “ ဆင်စွယ်” ၊ သုံးတာဆိုရင် “ဖယ်လယ်”.။ ဒီလို တိုင်းပြီး ကျတဲ့ရိုက်ချက်နဲ့ နောက်တခါ ရိုက်ရပါတယ်..။ အဲဒီလို တိုင်းတဲ့အတိုင်းအတာအရ ခုနစ်တာပြည့်ရင်  တစ်ဆယ်လို့ ခေါ်ပြီး အဲဒီအရေအတွက်တွေကို မှတ်ထားရပါတယ်..။

 ဖမ်းတဲ့ဘက်က ဖမ်းမမိလို့ အောက်ကျသွားတဲ့အခါ ကျည်းလစ်ဆန်ကို ဒုံတိုင်ဆီ ပြန်ပစ်ပေးတဲ့အခါ
ရိုက်တဲ့သူက ဆီးရိုက်နိုင်တယ်..။ မြေမကျမီ ရိုက်ရပါတယ်..။ မြေလှိမ့်ပေးတဲ့ ကျည်းလစ်ဆန်ကိုလည်း အရှိန် မသေမီ ရိုက်နိုင်ပါတယ်..။

 ဒါပေမဲ့ မြေမကျမီ ဆီးရိုက်နိုင်တဲ့ ရိုက်ချက်နဲ့ မြေပေါ်မှာလိမ့်နေတာကို ရိုက်တဲ့ ရိုက်ချက်ခြင်း တန်
ဖိုးမတူပါဘူး..။ ရိုက်ချက် နှစ်မျိုးစလုံးကို ဒုံတိုင်နဲ့ ခြေမ၊ ဆင်စွယ်၊ ဖယ်လယ်၊ အပြင်း လို့ ဆိုပြီး ရိုက်တံနဲ့ တိုင်းတာပြီး အရေအတွက် ရယူနိုင်ပါတယ်..။

 မြေမကျမီ လေထဲမှာ ရိုက်တဲ့ရိုက်ချက်ကြောင့် ပြန်ပြီးလွင့်သွားတဲ့ ကျည်းလစ်ဆန်ကို ဖမ်းတဲ့သူက
ဆီးဖမ်းနိုင်တယ်..။ မိရင် သေတယ်..။ မမိရင် ရိုက်တဲ့သူက ရွေးစရာလမ်းနှစ်ခုရှိတယ်..။ တစ်လမ်းက ရိုက်တံ နဲ့ တိုင်းပြီး အရေအတွက်ယူတဲ့လမ်းပါ..။ နောက်တလမ်းက ရိုက်သူက “ဆယ်တို” လို့ အော်ပြီး ဆုံးဖြတ် နိုင်ပါတယ်..။ ဒါဆိုရင် ဖမ်းတဲ့သူက ကျည်းလစ်ဆန်ကို ဒုံတိုင်ကို ပြန်ပစ်ခွင့်ရပါတယ်..။ ဒုံတိုင်ကို မထိရင် ဒါမှမဟုတ် ရိုက်တံ တစ်တာထက်ပိုရင် ရိုက်တဲ့သူက ခြေမ၊ ဆင်စွယ် လို့ မတိုင်းတော့ပဲ တစ်ဆယ် ၊နှစ်ဆယ် လို့ ရိုက်တံကိုထောက်ပြီး တိုင်းနိုင်ပါတယ်..။ မြေလှိမ့်လာတဲ့ ကျည်းလစ်ဆန်ကို ရိုက်ထုတ်ပြီး “ဆယ်တို”လို့  အော်ရင် ဖမ်းတဲ့သူက လက်မခံပါဘူး..။ လက်မခံပဲ နေခွင့်ရှိတယ်..။ ရိုးရိုးပဲ ဆင်စွယ်ခြေမဆိုပြီး တိုင်းယူပေါ့.။

 “ဆယ်တို” လို့ အော်ထားတဲ့ ကျည်းလစ်ဆန်ကို ဖမ်းတဲ့သူက မမိလို့ ဒုံတိုင်ကို ပစ်တုန်းမှာထပ်ပြီး၊ မြေမကျ
မီ လေထဲမှာ တစ်ခါထပ်ပြီး ရိုက်ထုတ်လိုက်နိုင်ရင် “ရာတို” လို့ အော်ဟစ်ကြွေးကြော်နိုင်ပါတယ်..။
“ ရာတို” အဆင့် ကျည်းလစ်ဆန်ကို ဒုံတိုင်နဲ့ တိုင်းတဲ့အခါကျတော့ တစ်ရာ ၊နှစ်ရာလို့ တိုင်းနိုင်ပြန်ပါ
တယ်..။ အဲဒီလို ရိုက်လှည့်က လူကုန်အောင် ရိုက်ပြီး ရတဲ့ဂဏန်းအရည်အတွက် ဆယ်ဂဏန်းသို့မဟုတ်
ရာဂဏန်း အားလုံးပေါင်းပြီး မှတ်ထား..။ နောက်ပြီး ဖမ်းတဲ့သူတွေ ရိုက်လှည့်ပြောင်း.ကစားကြ..ကျည်းလစ်
ဆန် ရိုက်ကြပါတယ်..။

 နှစ်သင်းမှာ ဂဏန်းပေါင်းအရေအတွက် များတဲ့သူက နိုင်တယ်ပေါ့..။ ဒီတော့ နိုင်တဲ့သူက ရှုံးတဲ့သူကို
ကုန်း (ဂုံး) စီး နိုင်ပါတယ်..။ ဘယ်လောက်ဝေးဝေး ကုန်းပိုး၊ ကုန်းစီး လုပ်ရမယ်ဆိုတာကိုတော့ နိုင်တဲ့သူဘက်က ခေါင်သူကြီးက “ဖျင်း” ပါတယ်..။

 “ဖျင်း” တယ်ဆိုတာ ကျည်းလစ်ဆန်ရိုက်ချက်တွေထဲက အပြင်းဆုံး(အဖျင်းဆုံး)နဲ့ အဝေးဆုံး ရိုက်တာပါ
ပဲ..။ ဒီမှာလည်း ရှုံးတဲ့သူဘက်က ခေါင်သူကြီးနဲ့ နောက်တယောက် ဖမ်းခွင့်ရှိပါတယ်..။ ဖျင်းလိုက်တဲ့ ကျည်းလစ်ဆန်ကို မြေမကျမီမှာ ဖမ်းနိုင်ရင် နိုင်တဲ့ဘက်က ကုန်းမစီးရတော့ပါဘူး..။

 အဲဒီလို ဖျင်းတဲ့ အကွာအဝေးဟာ လယ်နှစ်ကွင်းလောက်(ပေ ၁၅၀ နဲ့ ၂၀၀ကြားလောက်) ဝေးတတ်ပါ
တယ်..။ဖျင်းတဲ့သူရဲ့  ရိုက်ချက်နဲ့ လက်ကိုင်းအားသန်မှုပေါ် မူတည်ပါတယ်..။