ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ - ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေတ်မီတဲ့မူများ



ဂါမဏိ - ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေတ်မီတဲ့မူများ

(မိုးမခ) မေ ၁၄၊ ၂၀၁၆

ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့် ရေးမထားပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်လက်အောက်မှာ သီးခြားစီတည်ရှိနေတဲ့ နယ်မြေကြီး ၄ ခု (ဗမာပြည်မ၊ ကချင်တောင်တန်း၊ ချင်းတောင်တန်း၊ ရှမ်းနယ်ပေါင်းစု) ကြား စာချုပ်တာ ဖြစ်တဲ့ အတွက်၊ ဥပမာ- ဗမာပြည် နဲ့ အမေရိကန် စာချုပ်ရင် ခွဲထွက်ခွင့် ပြောစရာမလိုသလိုပေါ့။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အဲ့နယ်မြေကြီး ၃ ခု ဗမာပြည်မနဲ့ ပေါင်းပြီး နိုင်ငံတခုတည်း ထူထောင်ရင် ခွဲထွက်ခွင့် ရှိစေမယ်လို့ အများရှေ့မှာ နှုတ်ကတိပေးခဲ့တယ်။

ကတိအတိုင်း ဖဆပလ ပဏာမညီလာခံက အခြေခံဥပဒေမူကြမ်း ဆွဲတော့ ပြည်ထောင်စုဝင် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်၊ အမျိုးသားပြည်နယ်၊ နယ်မြေမဲ့ တိုင်းရင်းသား လူမျိုးစု ဆိုပြီး တိုင်းရင်းသားအားလုံးကို အဆင့် ၄ ဆင့်ခွဲဖို့၊ ပထမ ၂ ဆင့်ကို ခွဲထွက်ခွင့်ပေးဖို့၊ အဆင့်တခုကနေ မြင့်တဲ့အဆင့် ပြောင်းလဲခွင့် ရှိဖို့ ပုဒ်မတွေ တိတိကျကျ ထည့်ဆွဲခဲ့တယ်။

လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမတမြန်မာနိုင်ငံအတွက် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
( မြန်မာနိုင်ငံ-(ဖဆပလ)၏ ပဏာမညီလာခံက ၁၉၄၇ မေလမှာ လက်ခံသည်)

 အခန်း(၁)
၃။ (၁) အောက်ပါဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စုပြည်နယ် အဆင့်အတန်း ကို ပေးအပ်ရမည်။
၁။ ပထ၀ီအနေအထားအရ-နယ်နမိတ်အထင်အရှားရှိခြင်း၊
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
၃။ ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
၎။ ရာဇဝင်အစဉ်အလာ တမျိုးတည်းရှိသော လူစုရှိခြင်း၊
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
၆။ လူဦးရေ အတော်အတန်ရှိခြင်း၊
၇။ သီးခြားပြည်ထောင်စု ဒေသတခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊

(၂) ကိုယ်ပိုင်အုပ်ချုပ်ရမည့်နယ်များ အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ နည်းများမဆို ရှိပါသော် လည်း စီးပွားရေးလုံလောက်မှု ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။

(၃) လူမျိုးစုပြည်နယ်အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစုတပေါင်းတည်း ပြောဆိုသောဒေသရှိခြင်း၊ မိမိ၏ ကိုယ်ပိုင်ထင်ရှားချက် အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါ အားလုံးသောဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူ ပြည်သားများအား ပေးအပ်ရမည်။

(၄) တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကို-
၁။ လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း ယဉ်ကျေးမှုအားဖြင့်လည်းကောင်း ရာဇဝင်အစဉ်အလာအားဖြင့်လည်းကောင်း လူများစုနှင့်ကွဲပြားခြားနား၍၊

၂။ မြန်မာတပြည်လုံး၌ဖြစ်စေ၊ အဖွဲ့ဝင်ဒေသတခုခု၌ဖြစ်စေ ရှိသောလူဦးရေအားလုံးတွင် အနည်းဆုံး (၁၀)ပုံ(၁)မျှ လူဦးရေရှိသောလူတစုအားရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။

အခန်း(၅)

၂၀။ ပြည်ထောင်စုမဟာလွှတ်တော်သည် အဖွဲ့ဝင်ပြည်နယ်သစ်တခုကို ပြည်ထောင်စုနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုနိုင်သည် သို့မဟုတ် တည်ထောင်နိုင်သည်။ ထိုသို့ဝင်ခွင့်ပြုသောအခါ သို့မဟုတ် တည်ထောင် သောအခါ ပြည်ထောင်စုမဟာလွှတ်တော်သို့ အမတ်ဦးရေ မည်၍မည်မျှ ရွေးကောက်တင်မြှောက်နိုင်သည် ဟူသောအချက်လည်းပါဝင်သော စည်းကမ်းများ ကို ပြုနိုင်သည်၊ သို့မဟုတ် ပေးနိုင်သည်။

၂၁။ ပြည်ထောင်စုမဟာလွှတ်တော်သည် အဖွဲ့ဝင်တခု၏ သဘောတူချက်ဖြင့် ထိုအဖွဲ့ဝင်၏ မြေနယ်နိ မိတ်တို့ကို တိုးနိုင်လျော့နိုင် သို့မဟုတ် တနည်းနည်းဖြင့်ပြောင်းနိုင်သည်။ ထို့အပြင် မြေနယ်နိမိတ်တိုးခြင်း ကြောင့် သို့မဟုတ် လျော့ခြင်းကြောင့် သို့မဟုတ် ပြောင်းခြင်းကြောင့် ထိခိုက်သည့် အဖွဲ့ဝင်ပြည်နယ်များ၏ အလားတူသဘောတူချက်မျိုးဖြင့်သာလျှင် ထိုသို့တိုးခြင်းကို သို့မဟုတ် လျော့ခြင်းကို သို့မဟုတ် ပြောင်းခြင်း ကို ဖြစ်မြောက်စေသော ပြဋ္ဌာန်းချက်ကိုပြုနိုင်သည်။

၂၂။ အဖွဲ့ဝင်သစ်တခုကို ရှိပြီးအဖွဲ့ဝင်တခုခု၏နယ်မြေမှ ခွဲထုတ်၍ ဖွဲ့စည်းနိုင်သည်။ ပြည်ထောင်စု မဟာ လွှတ်တော်သည် ပြည်နယ်သစ်တခုကိုလည်း ရှိပြီးအဖွဲ့ဝင်နှစ်ခုဖြင့်ဖြစ်စေ၊ နှစ်ခုထက်ပိုသော အဖွဲ့ဝင်များ ဖြင့် ဖြစ်စေ၊ သို့မဟုတ် အဖွဲ့ဝင်များ၏ တစိတ်တဒေသတို့ ဖြင့်ဖြစ်စေ၊ ဖွဲ့စည်းနိုင်သည်၊ သို့ဖွဲ့စည်းရာတွင် ပြည်ထောင်စုမဟာလွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များ၏ သဘောတူညီချက်ကို ရမှသာလျှင် ဖြစ်နိုင် သည်။

အခန်း(၁၂)

၁။ ခွဲထွက်သောနိုင်သော အခွင့်အရေးကို ပြည်ထောင်စုပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်များ အား ပေးထားရမည်။

၂။ သက်ဆိုင်ရာပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်လာသည့်နေ့မှစ၍ (၁၀)နှစ်အတွင်းတွင် ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ၊

၃။ (၁) ခွဲထွက်ရန် ပြာဋ္ဌန်းချက်အဆိုကို သက်ဆိုင်ရာပြည်နယ်၏ ဥပဒေပြုအဖွဲ့ဝင် အမတ်ဦးရေ (၃)ပုံ(၂)ပုံက အတည်ပြုပီး ဖြစ်ရမည်။

(၂) ထို့နောက် ပြည်ထောင်စုမဟာလွှတ်တော်သည် လူထုခုံ၌တင်၍ ဆုံးဖြတ်စေရန် အမိန့်ချရမည်။ လူထုခုံ၌တင်၍ သက်ဆိုင်ပြည်နယ်ရှိ ပြည်သူခတ်သိမ်း၏ ဆန္ဒအမှန်ကို သိရန်ဖြစ်လေသည်။
၎။ ပြည်ထောင်စုမြန်မာနိုင်ငံမှလည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်မှလည်းကောင်း၊ ကိုယ်စားလှယ်အမတ် အညီအမျှပါဝင်သော လူထုခုံအဖွဲ့တခုကို ဖွဲ့စည်းရမည်။ ထိုသို့အဖွဲ့အစည်းမှ သာလျှင် လူထုခုံတင်ပုံကို မျှမျှတတနှင့် လွတ်လပ်စွာ ဆောင်ရွက်သည်၊ မဆောင်ရွက်သည် ကြီးကြပ်ကြည့်ရှုနိုင်မည်ဖြစ်သည်။
(လူထုခုံ ဆိုတာ လူထုဆန္ဒခံယူပွဲကို ဆိုလိုပါတယ်)

(ထပ်မံ၍ အသေးစိတ်သိလိုလျှင် - ခွန်းမတ်ရ်ကိုဘန် ရေးသော "ပင်လုံစိတ်ဓာတ်ရှင်သန်ဖော်ဆောင်ရေးမှ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဗမာနိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့" စာအုပ်၊
နဝတ သမိုင်းဖြစ်ရပ်မှန်ပြုစုရေးသားရေးအဖွဲ့ မှ ပြုစုသော "တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ" စာအုပ် ဒုတိယတွဲ၊  ဒေါက်တာမောင်မောင် ရေးသော "ဒို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ" စာအုပ်များကို ကြည့်ပါ)

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ တိုင်းပြုပြည်ပြုညီလာခံမှာ ကျန်ခဲ့တဲ့ ဗမာခေါင်းဆောင်တွေက ခုနက ပုဒ်မတွေကို ဖျက်ပစ်ပြီး ၄၇ အခြေခံဥပဒေမှာ ရှမ်း နဲ့ ကရင်နီကိုဘဲ ခွဲထွက်ခွင့် ပေးခဲ့တယ်။ ချင်းက ခွဲထွက်ခွင့်ကို စွန့်လွှတ်ခဲ့ပြီး ပြည်နယ်အဆင့် တောင် သတ်မှတ်မခံဘဲ အထူးတိုင်း (ဝိသေသတိုင်း) အဖြစ်ဘဲခံခဲ့တယ်။ ကချင်ကလဲ ပြည်နယ်ဖွဲ့စည်းရာမှာ မူလ ကချင်တောင်တန်းနယ်မြေထဲ မပါတဲ့ မြေပြန့်ဒေသတွေ ထည့်ပေးရလို့ ခွဲထွက်ခွင့် မရှိဘူး လို့ ညစ်ခံရတယ်။

ရခိုင် မွန် ကရင်တို့ကတော့ ပင်လုံစာချုပ်တုံးက ဗမာပြည်မနယ်မြေ ထဲပါလို့ ခွဲထွက်ခွင့်တင်မက တိုင်းရင်းသားပြည်နယ် အခွင့်ရေးတောင် မရတော့ဘူး။ (တကယ်တော့ ဗိုလ်အောင်ဆန်းက တိုင်းရင်းသားအားလုံးကို သင့်တော်သလို အခွင့်အရေးတွေ ပေးဖို့ မူ ချခဲ့တာ)

အဲသလို ဖဆပလ+ဆိုရှယ်လစ် ခေါင်းဆောင်တွေက ကလိမ်ကကျစ် စလုပ်ပြီး နောက်ပိုင်းမှာတော့ နေဝင်းနဲ့ တပည့်သားမြေးစစ်အုပ်စုအဆက်ဆက်က ဗြောင် အတိအလင်း ပင်လုံ ကတိတွေကို နင်းချေပစ်လိုက်ပါတော့တယ်။

ဂါမဏိ