ညိုထက်ညို - မြန်မာစာ ကို ကယ်တင်တော်မူပါ ဘုရားသခင်




ညိုထက်ညို - မြန်မာစာ ကို ကယ်တင်တော်မူပါ ဘုရားသခင်
(မိုးမခ) မေ ၂၊ ၂၀၁၆

တလောက ဆရာမင်းဒင်ရဲ့ဆောင်းပါးတပုဒ် အင်တာနက်မှာ ဖတ်ရတယ်။ ဆောင်းပါးထဲမှာ စာရေးသူ က 'မသန်မစွမ်း ဒုက္ခိတ အမတ်တွေ' လို့ သုံးထားတယ်။ အဲဒါ အောက်က comment မှာ ဗမာစာ အဓိပ္ပာယ်ကိုမှားယွင်းနားလည်နေရှာသူ စာဖတ်သူတယောက်က 'မသန်မစွမ်း' ကို 'မသန်စွမ်း' လို့ သုံး ပေးပါလို့ ပြောရှာတယ်။ မသန်ပေမယ့်လည်း စွမ်းတယ်ပေါ့။ ခမျာ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက် က ဗမာဖြစ်ပြီး ဗမာစာ ဗမာစကားမတတ်တဲ့ နလပိန်းတုံးအာဏာပိုင်တယောက် (လို့ထင်တယ်) အရူး ထပြီး မသန်မစွမ်းသူများ အားကစားပွဲလား ဘာလား ပွဲတခုမှာ မသန်ပေမယ့်လည်း စွမ်းတယ်။ မသန် မစွမ်းဆိုတာ မှားတယ်။ မသန်စွမ်းဖြစ်ရမယ်ဆိုပြီးပြင်ခဲ့တာကို အဟုတ်ထင်ပြီး ဆရာမင်းဒင်ကို ပြင် ခိုင်းတာ ဖတ်ရတယ်။

'သန်စွမ်း' ဆိုတာက ကြိယာဖြစ်တယ်။ ဆန့်ကျင်ဘက်အနက်ဖြစ်ချင်ရင် 'မသန်စွမ်း' ပေါ့။ အင်္ဂလိပ်လို disable ကို ရည်ညွှန်းတယ်။ ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်နေတယ်ပေါ့။ သူ့ဘာသာသူ တခြား နေရာမှာ စွမ်းချင်စွမ်းမယ်။ အဲဒီ တခြားနေရာမှာစွမ်းတာနဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတာကို လုံးပြီး အဓိပ္ပာယ်သွားဖွင့်လို့မရဘူး။ ကိုယ်လက်အင်္ဂါ မသန်စွမ်းတာဟာ ကိုယ်လက်အင်္ဂါမသန်စွမ်းတာပဲ ဖြစ် တယ်။ 'သန်စွမ်း' ဆိုတဲ့ ကြိယာရှေ့ကထည့်လိုက်တဲ့ 'မ' ဟာ ‘သန်’ ကိုကော ‘စွမ်း’ ကိုပါ အကျိုး ပြုတယ်။ မသန်ဘူးမစွမ်းဘူးဆိုတဲ့အဓိပ္ပာယ်ကို အတိအကျဆောင်တယ်။ ဒါ ဗမာစာ ရေးတတ်ဖို့ မလို။ ဗမာလိုပြောတတ်တဲ့ ဗမာတိုင်း သိတယ်။

အဲဒါကို မသန်ပေမယ့်လည်း စွမ်းတယ်ဆိုပြီး ရှေ့က 'မ' ကို နောက်က 'စွမ်း' နဲ့မတွဲဘဲ ခွဲလိုက်တဲ့ အဲဒီ နလပိန်းတုံး ရဲ့ အမှားက ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ 'တ' တွေကို 'တစ်' လုပ်ခဲ့တာထက် ပိုတယ်။ 'တ' နဲ့ 'တစ်' က အဓိပ္ပာယ်မလွဲ။ ခုဟာက ဘယ်ဗမာမှ ပြောလဲမပြော နားလည်းမလည်တဲ့ 'မသန်ပေ မယ့် စွမ်းတယ်' ဆိုတော့အဓိပ္ပာယ် တက်တက်စင်အောင် လွဲရတယ်။

အဲဒီ 'သန်စွမ်း' ကိုပဲ ဆန့်ကျင်ဘက်အနက်လုပ်တော့ 'မသန်မစွမ်း' ပေါ့ ။ တခြားစကားတွေလည်း အများကြီးပါ။ မကျိုးမပေါက်၊ မပြောက်မကျား၊ မယိုမဖိတ်.... စကားတွေမှ အပုံပါ။ စပ်ထားတဲ့ ကြိယာ နှစ်လုံးစလုံး ရှေ့က 'မ' ထည့်တာ။ အဲဒီတော့ 'မသန်မစွမ်း ဒုက္ခိတ' လို့ ရေးရတာပေါ့။ ‘မသန်စွမ်း ဒုက္ခိတ’ ဆိုတဲ့အသုံး ဗမာစကားမှာ ရှိကိုမရှိဘူး။ ဒုက္ခိတဆိုတဲ့ စကားလုံးနဲ့ ရှေ့က မသန်မစွမ်းဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်ထပ်တူ ဖြစ်တယ်။ မသန်စွမ်းလို့ သုံးလို့ရတဲ့နေရာတွေလည်း ရှိတယ်။ မသန် မစွမ်းဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။ ဥပမာ ကျွန်တော်သည် လမ်းပေါ်တွင် မသန်စွမ်းသူ တယောက် လမ်းလျှောက်နေသည်ကို တွေ့သည်ပေါ့။ ဒါပေမဲ့ အဲဒါနဲ့ တူတူပဲမှတ်ပြီး မသန်စွမ်းဒုက္ခိတ သွား လုပ်လို့တော့ မရ။ မသန်မစွမ်း ဒုက္ခိတသာ ဖြစ်ရမယ်။ မသန်စွမ်းဆိုတာက ကြိယာ ဖြစ်တယ်။ နာမ်ကို သွား အထူးပြုလို့ မရ။ အထူးပြုချင်သပဆို 'သော' ထည့်ပြီး နာမဝိသေသနလုပ်ရမယ်။ မသန်စွမ်း သော ဒုက္ခိတပေါ့။ အခု မြန်မာပြည်က အသင်းတသင်းအမည်ပေးထားတဲ့ 'မသန်စွမ်း အမျိုးသမီးများ အသင်း' မဟုတ်။ 'မသန်စွမ်းသော အမျိုးသမီးများအသင်း' ဖြစ်ရမယ်။ တူတူပါပဲ။ 'မသန်မစွမ်း အမျိုး သမီးများအသင်း' ဆိုတာနဲ့။ ဘာလို့ ‘မသန်စွမ်းသော’ သွားလုပ်နေမလဲလေ။ ‘မသန်မစွမ်း’ ရှိပြီးမှပဲ။ မကျန်းမာ အမျိုးသမီးရယ်လို့ မရှိ။ မကျန်းမာသော အမျိုးသမီးရယ်လို့ပဲ ရှိတယ်။ ကြိယာက နာမ်ကို အထူးသွားပြုလို့မှ မရတာချည်း။ ပြုချင်ရင် နာမဝိသေသနလုပ်ရမယ်။

အဓိပ္ပာယ်က ပြောခဲ့တဲ့အတိုင်းပဲ။ မသန်စွမ်းဘူး။ အများနည်းတူ မလုပ်နိုင် မကိုင်နိုင်ဘူး။ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းနေတယ်။ တခြားစွမ်းဆောင်နိုင်တာနဲ့ သွားရောလို့ မရ။ discriminate သဘော မဆောင်။ reality သဘောသာ ဆောင်တယ်။ မသန်ပေမယ့် စွမ်းပါတယ်လို့ ဆိုလိုချင်ရင် 'မသန်စွမ်း' သွားလုပ်လို့မရ။ ‘မသန်သော်လည်း စွမ်းပါသည်’ ဆိုပြီး ဆောင်ပုဒ်လုပ်လို့ရမယ်။ 'မသန်စွမ်း' ကတော့ 'မသန်ပေမယ့် စွမ်းပါတယ်' ဆိုတဲ့သဘောကို နည်းနည်းမှမဆောင်။ 'မသန်စွမ်း' နဲ့ 'မသန်မစွမ်း' ဟာ အဓိပ္ပာယ်အတူတူပဲဖြစ်တယ်ဆိုတာ နားလည်ရမယ်။ 'မကျိုးပေါက်' နဲ့ 'မကျိုးမပေါက်' ဟာ အဓိပ္ပာယ် တူသလိုမျိုး 'မသန်စွမ်း' နဲ့ 'မသန်မစွမ်း' ဟာလဲ အဓိပ္ပာယ်တူတူပဲဆိုတာ သဘောပေါက်ရမယ်။

ဒါက အဆိုးဆုံးအမှားပေါ့။ သတ်ပုံတွေလည်း မှားခဲ့ကြပါပြီ။ 'အနာဂတ်' ကို 'အနာဂါတ်' တဲ့။ တလော က တွေ့လိုက်တာ 'အနုပညာရှင်များ' ကို 'အနူပညာရှင်များ' တဲ့။ တနိုင်ငံလုံး 'ဆုံဆည်းရာ' ဆိုတဲ့ နာမည်နဲ့ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေမှ ပြည့်လို့။ ဆိုင်းဘုတ်တွေမှ မြင်မဆုံး။ 'ဆုံ' နဲ့ 'စည်း' ကို ပေါင်းထားတဲ့ 'ဆုံစည်း' လို့မှ အသိမရှိ။ 'ဆည်း' လို့ပေါင်းရအောင် ဘာအဓိပ္ပာယ်ရှိလို့တုန်း လောက်ကလေးမှတွေးဖော်မရ။ ကြည့်ရတာ 'ဆုံဆည်းရာ' အမည်ပေးထားတဲ့ စားသောက်ဆိုင် တွေ မှာ ညနေဆည်းဆာချိန် ဘူးသီးကြော်စားရင်း ရေနွေးသောက်ရင်း အရက်သောက်ရင်း 'ဆည်းဆာ' က စာလုံးပေါင်း 'ဆည်း' နဲ့ရောပြီး မှန်တယ်ထင်မိကြတယ်ထင်ရဲ့။ တနိုင်ငံလုံး 'ဆုံဆည်းရာ'။ ခေတ်ပညာ တတ်တွေ မှားနေတာမှ မြင်မဆုံး။ ဖိတ်စာတွေထဲမလဲ မြင်လိုက်ရတဲ့ 'ဆုံဆည်းရာ' ။ ကိုဆုံဆည်းရာ မဆုံဆည်းရာတွေ ။ 'သုတ်' နဲ့ 'သုပ်' နဲ့ မှားတာက ရှိသေးတယ်။ တခါသား လွစ်စလမ်း နဲ့ ၃၉ လမ်း ကြား အနော်ရထာလမ်းပေါ်က စိန်နဂါး လက်ဖက်သုပ်ဆိုင်မှာ ကျွန်တော် လက်ဖက်သုပ်စားတုန်း ပိုက်ဆံရှင်းတော့ ဆိုင်းဘုတ်ကြီးမှာ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ဆေးဘဲဥသုပ် အသုပ်ပေါင်းစုံကို 'သုတ်' လို့ ရေးထားတာ တွေ့တယ်။ ကျွန်တော်ကပိုက်ဆံရှင်းရင်း'သုတ်'မဖြစ်ရ။ 'သုပ်'ဖြစ်ရမယ်လို့ပြောတော့ ပိုက်ဆံယူနေတဲ့ ဆယ့်သုံးလေးနှစ်ကောင်မလေး ကျွန်တော့်ကိုအူကြောင်ကြောင်နဲ့ ပြန်ကြည့်နေလို့ ဘာမှ မပြောနိုင်တော့ဘဲ ပြန်ပြေးခဲ့ရဖူးတယ်။

နောက်တခု အလွန်ထင်ရှားတဲ့ စာလုံးပေါင်းအမှားကြီး တခုလည်း ရှိသေးတယ်။ လွန်ခဲ့တဲ့ တနှစ်ခွဲ နှစ် နှစ်လောက်က ထင်တယ်။ ဂျူးရဲ့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဆိုတဲ့ စာအုပ်ထွက်လာတယ်။ စာ အုပ်ခေါင်းစဉ်ကို အင်တာနက်မှာ ကျွန်တော် အရင် စတွေ့တော့ ‘ဆုံနေလျက်နဲ့ လွမ်းလေခြင်း’ လို့ ရေးရမယ့်အစား ‘ဆုံနေရက်’ လို့ မှားရေးထားတာ သတိထားမိလို့ ထိတ်ခနဲ ဖြစ်သွားတယ်။ နောက် စာအုပ်ထွက်လာလို့ကြည့်လိုက်တော့ အဲဒီအတိုင်းချည်း မှားနေတယ်။ ဖြစ်ရလေ။ ဂျူးခမျာ စာအုပ် ခေါင်းစဉ်မှာမှ စာလုံးပေါင်း မှားရေးရှာတယ်။ တကယ်က ‘ဆုံနေလျက်’ ဆိုတာ ‘ဆုံနေပါလျက်’ ပါပဲ။ ‘လျက်’ ဆိုတာက conjunction ပေါ့။ ‘သော်လည်းပဲ’ ဆိုတဲ့အနက် ထွက်တာပေါ့။ ‘ဆုံနေပါသော် လည်း’ ပေါ့။ မြန်မာ အင်္ဂလိပ်အဘိဓာန်ကို လှန်ကြည့်တော့ ‘in spite of’ ဒါမှမဟုတ် ‘although’ လို့ ပြတယ်။ ဂျူးမှားရေးလိုက်တဲ့ ‘ရက်’ ကတော့ အထူးရှင်းနေစရာမလို။ မစဉ်းမစား လုပ်ရက်တယ် ပြော ရက်တယ် နေနိုင်ရက်တယ်ပေါ့ ။ အဘိဓာန်ကိုကြည့်တော့ part particle suffixed to a verb to denote lack of consideration ပေါ့။ ဂျူးပြောချင်တဲ့ ‘လျက်’ နဲ့ အဓိပ္ပာယ်ဘာမှမဆိုင်တာ တွေ့ရ လိမ့်မယ်။ ‘ဆုံ’ ဆိုတဲ့ ကြိယာ နဲ့ ‘ရက်’ နဲ့လည်း တွဲရေးလို့ကိုမရ။ ဘာအဓိပ္ပာယ်မှ မရှိ။ ကြည့်ရတာ ဂျူး ‘ဆုံနေလျက်’ ကို ပါးစပ်အသံထွက်အတိုင်း ‘ဆုံနေရက်’ လို့ ရေးလိုက် (ကွန်ပြူတာမှာ ရိုက်လိုက်) ပြီး အဲဒီအတိုင်း တကယ်လည်း အမှန်ထင်သွားပုံရတယ်။ ထုတ်တာကတော့ ‘ဂျူးစာပေ’ ကပါပဲ။ မထုတ် ခင် စာမူကို စာလုံးပေါင်း ပရုဖ်ဖတ်ကြသေးလား မဖတ်ကြဘူးလားတော့ ကျွန်တော်မသိ။ သေချာ တာက စာလုံးပေါင်း ဗဟုသုတနုံနဲ့ရှာသူ ပုံနှိပ်သူတွေကလည်း ဂျူးပေးလိုက်တဲ့အတိုင်း မှားလို့ မှားနေ မှန်းမှမသိတော့ဘဲ ပုံနှိပ်လိုက်ကြပုံရတယ်။ တကယ်လို့ ပုံမနှိပ်ခင် စာလုံးပေါင်းဗဟုသုတရှိသူ တယောက်ယောက် တွေ့မိခဲ့ရင်ကို အချိန်မီပြင်နိုင်ရမယ့်ကိစ္စမှာ ဘယ်သူမှ တွေ့တဲ့သူမရှိဘဲ နောက် ဆုံး စာအုပ်ခေါင်းစဉ်ကြီး စာလုံးပေါင်းမှားသွားရှာတော့တယ်။ အဲဒီအကြောင်း ဂျူးကို ထောက်ပြ ပြောဆိုပြီးသူ ရှိမရှိ ကျွန်တော်မသိ။ ဂျူးကော ခုထက်ထိ ခေါင်းစဉ် မှားသွားမှန်း သိရဲ့လား ကျွန်တော် မသိ။ အခု စာကို သူဖတ်ရပါစေလို့ ဆုတောင်းတယ်။

အခု နောက်ဆုံး အင်တာနက်မှာ တွင်တွင်ကြီး မှားနေကြတာက 'တုံ့' နဲ့ 'တုန့်' ။ လူတိုင်းလိုလို မှား နေကြတာ တွေ့တယ်။ တကယ်က 'တုန့်' ဆိုတာ ဗမာစာလုံးပေါင်းမှာ ရှိကိုမရှိ။ ခုတော့ 'တုံ့ပြန်' ကို 'တုန့်ပြန်' တဲ့။ မှားမယ့်သာ မှားတယ်၊ ဒီ စကားလုံးဟာ အင်မတန်တွင်ကျယ်တဲ့ စကားလုံး။ လက်တုံ့ ပြန်၊ လက်တုံ့နှင်း၊ အတုံ့အလှည့် တော်တော် တွင်တွင်ကျယ်ကျယ်သုံးတဲ့ စကားလုံး။ ဒီနေရာမှာ အင် တာနက်က ရေးနေကြတဲ့ 'တုန့်' ကိုသာ ကျွန်တော်ဆိုလိုခြင်း ဖြစ်တယ်။ ဂျာနယ်တွေတော့ မသိ။ မဂ္ဂဇင်းတွေတော့ 'တုံ့' နဲ့ 'တုန့်' ကို မမှားကြသေးဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် တသက်လုံး မဂ္ဂဇင်း ဖတ်လာတဲ့ ကျွန်တော့် မျက်စိထဲမှာ 'တုန့်' ဆိုတဲ့ တသက်လုံး တခါမှမမြင်ဖူးခဲ့တဲ့ စာလုံးပေါင်းကြီးဟာ အတော် ရုပ်ဆိုးတယ်။ ပိုဆိုးတာက ဗမာစာမှာ ရှိပါမရှိတာ။ ဒါပေမဲ့ အင်တာနက်မှာ ဘယ်ဖွတ်ကျား စ မှား လိုက်လဲမသိ။ တွင်တွင်ကျယ်ကျယ် မှားနေကြတာ ကျွန်တော် တွေ့ရတယ်။ အဲဒီအထဲ 'မဇ္ဈိမ' လို ဝက်ဆိုက်တွေပါ ပါတယ်။ နောက် စာဖတ်လှပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် လုပ်နေသူ တချို့လည်း 'တုန့်' လို့ရေးတာတွေ့ရတော့ ဒီလောက် စာတွေဖတ်ခဲ့ပြီး စာတွေထဲမှာ 'တုံ့ပြန်' လို့ တွေ့ ခဲ့ရဲ့သားနဲ့ ဘာလို့ 'တုန့်' မှားရေးရလဲ ကျွန်တော် သိချင်မိတယ်။

တော်သေးတယ်။ 'အိုမင်းမစွမ်း' ကို 'အိုမင်းစွမ်း' ဆိုပြီး မလုပ်ပေလို့။ ညည်းချင်တယ်။ မြန်မာစာပေကို ကယ်တင်တော်မူပါ ဘုရားသခင် လို့။ မြန်မာတော့ မဆန်ဘူးပလေ ။ ။

ညိုထက်ညို