သစ်ထူးဆက် ● ရေချမ်းစင်

သစ်ထူးဆက် ●  ရေချမ်းစင်
(မိုးမခ) မေ ၅၊ ၂၀၁၆
(၁)
ပူလောင်အိုက်စပ်သော နွေနေ့လည်ခင်းများတွင် လက်ဘက်ရည်လည်း မသောက်ချင်၊ ဂက်စ်ပြင်းပြင်းနှင့် နာမည်မျိုးစုံရှိ နေသောအချိုရည်များကိုလည်း မသောက်ချင်၊ ရေခဲသေတ္တာထဲထည့်ထားသော ရေခဲရေများကိုလည်း မသောက်ချင်ဖြစ် နေသည်။ အပူရှိန်ပြင်းသဖြင့် ဘာကိုမှ မယ်မယ်ရရမစားချင်၊ မသောက်ချင်ဖြစ်နေသည်။

ကျွန်တော် တောင့်တနေမိသည်က အရိပ်အာဝါသကောင်းကောင်းအောက်မှာတည်ထားသော သဲအိုးလေးမှ ရေအေးအေး လေးတခွက်ဖြစ်သည်။ ကျွန်တော်ကသာ ရေအေးအေးလေးသောက်ချင်နေသည်။ အခုတလောကြားရသည့်သတင်းများ က ရင်ပူစရာ။ နွေရာသီအပူတွင် အယ်လ်နီညိုကပါ ဖေးကူလိုက်သဖြင့် ရေတွင်း ရေကန်များခန်းခြောက်လာသည့် အ ကြောင်း။ စံချိန်တင်မြင့်တက်လာသောအပူဒဏ်ကြောင့် သောက်သုံးရေရှားပါးလာသောကြောင့် နေ့စဉ်သောက်သုံးရေ ရရှိ ရန် နေရာအနှံ့အပြားမှ အကူအညီတောင်းခံနေကြသည့်အကြောင်း။ သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ပုဂ္ဂလိက အလှူ ရှင်များ အနုပညာရှင်အချို့နှင့် ပရဟိတအသင်းအဖွဲ့များကပါ ရေလှူဒါန်းပေးဝေနေကြသည့်အကြောင်းများကို လူမှုကွန် ယက်စာမျက်နှာများမှတဆင့်ရော၊ နေ့စဉ်ထုတ်သတင်းစာများမှာပါ ခပ်စိပ်စိပ်ဖတ်ရှုနေရလေသည်။

အယ်လ်နီညိုဂယက်က အညာမြေ လက်ယက်တွင်းလေးများမှသည် ရန်ကုန်မြစ်ကမ်းနံဘေးမေးတင်ထားလေသော ဒလ မြို့လေးအထိ ရိုက်ခတ်မူရှိခဲ့လေသည်။ ပူလောင် လောင်မြိုက်နေသော နေ့လည်ခင်းများတွင် ကျွန်တော့်မျက်လုံးထဲ ရေ ချမ်း စင်များကိုသာ ပြေးမြင်နေမိသည်။

(၂)
ကျွန်တော်တို့ရပ်ကွက်ထဲတွင် ရေချမ်းစင် ဆယ်ခုလောက်ရှိသည်။ ထိုရေချမ်းစင်များကိုတည်ထားသည်က အသက်ခြောက်ဆယ်နီးပါးရှိပြီးခေါင်းမှာ ဆံပင်ဖြူဖြူ မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးကျိုးတိုးကျဲတဲရှိသော ဦးကျော်သောင်းဆိုသော လူကြီးပင်။

မနက်မိုးလင်းတာနှင့် သောက်ရေအိုးဖုံးများ ပန်းကန်များ သောက်ရေခွက်များကို ဦးကျော်သောင်းဆေးကျော၍ သောက်ရေ အိုးများကို ရေဖြည့်သည်။ ဦးကျော်သောင်း၏ရေချမ်းစင်များမှာ သဲစိုစိုပေါ်တွင် စပါးပင်ပေါက်လေးများ စိမ်းဆိုနေသော ရေချမ်းစင်မျိုးမဟုတ်။ သာမန်သုးံချောင်းထောက် ရေအိုးစင်လေးများသာဖြစ်သည်။

တခါတရံ သွားရင်း လာရင်း ရေဆာ ရေ ငတ်သူများ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များနှင့် ကလေးငယ်တချို့မှအပ ကျွန်တော်တို့ရပ်ကွက်အတွင်းမှလူများကတော့ ဦးကျော်သောင်း၏ ရေအိုးစင်လေးများမှရေကို ခရီးသွားဟန်လွှဲပင် သောက်လေ့မရှိကြ။ ဒါကလည်း အကြောင်းရှိသည်။

ဦးကျော်သောင်း၏အသက်မွေးဝမ်းကျောင်းအလုပ်မှာ မိလ္လာတွင်းတူးသည်။ မိလ္လာတွင်း ဆယ်သည်။ ကော်ရေပုံးတလုံးကို ပေါက်တူးတွင်ချိတ်၍ ပခုံးပေါ်ထမ်းကာသွားလာနေသော ဦးကျော်သောင်းကို ရပ်ကွက်ထဲ မကြာခဏ တွေ့ဘူးကြသည်။ မိလ္လာ တွင်းအသစ်တူးလျှင် ဦးကျော်သောင်းကိုပဲ ခေါ်ကြရသည်။ မိလ္လာတွင်းဆယ်ချင်လျှင်လည်း ဦးကျော်သောင်းကိုပဲ ခိုင်းကြစမြဲဖြစ်သည်။

ထိုကြောင့် ဦးကျော်သောင်းနှင့်မပတ်သက်ချင်၍မရသော်လည်း ဦးကျော်သောင်းတည်ထားသောရေအိုးစင်လေးများနှင့်မူ မပတ်သက်ပဲနေကြသည်။ နေပူရှိန်ဘယ်လောက်ပြင်းပြင်း ဦးကျော်သောင်း၏ရေအိုးစင်များနှင့်တော့ ခပ်ကင်းကင်းနေကြ သည်။

ဦးကျော်သောင်း၏စေတနာက ဖြူစင်ရှာပါသည်။ ရေအိုးရေခွက်များလည်း သန့်ရှင်းစင်ကြယ်ပါသည်။ သို့သော် ဦးကျော် သောင်း၏ရေအိုးစင်လေးများမှာတော့ မျက်နှာငယ်ရမြဲဖြစ်သည်။ ဦးကျော်သောင်းကတော့ ယနေ့အချိန်ထိ မနက်မိုးလင်း လျှင် သောက်ရေခွက်များပန်းကန်များကို ဆေးကြောမြဲ ရေဖြည့်မြဲဖြစ်သည်။ ဘာကြောင့်မှန်းမသိ ကျွန်တော်သောက်ချင် နေသောရေအေးအေးလေးသည် ဦးကျော်သောင်း၏ရေချမ်းစင်မှမဟုတ်ဟူ၍လည်း ကျွန်တော် တထစ်ချယုံကြည်နေမိ သည်။ ထိုကြောင့် ဦးကျော်သောင်း၏ရေအိုးစင်များမှရေ အေးသလား၊ မအေးဘူးလား ကျွန်တော်မသိပါ။

(၃)
ရေချမ်းစင်လေးတွေအကြောင်းတွေးမိတော့ ကိုမင်းကိုနိုင်ရေးသော (နောက်ကြည့်မှန်) ဝထ္ထုထဲမှ ကိုဖေသောင်းနှင့် ညိုကို ကျွန်တော်သွားသတိရမိသည်။ တောဘူတာရုံလေးအနီး ညိုတည်ထားသောရေချမ်းစင်လေးကိုအစပြူ၍ ညိုနှင့်ကို ဖေ သောင်း ဆုံဆည်းခဲ့ရသည်။ ညိုသည် ရုံပိုင်ကြီး၏သမီးဖြစ်သည်။ ကိုဖေသောင်းကယုံကြည်ချက်တခုဖြင့် ခရီးကြမ်းပေါ်ကို လျှောက်နေသောလူငယ်တယောက်ဖြစ်သည်။ ကိုဖေသောင်းလျှောက်ရမည့်လမ်းက အန္တရာယ်များရောပြွမ်းနေသောလမ်း ဖြစ်သည်။ ညိုကတော့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေသော မိန်းခလေးဖြစ်သည်။ ကြာလာတော့ ကိုဖေသောင်းနှင့် ညို့အကြား သံယောဇဉ်က နွယ်တပင်လို ရစ်ပတ်လာသည်။ ကိုဖေသောင်းလျှောက်ရမည့်လမ်းက မပြီးဆုံးသေး။ ညို့ကို လည်း ကိုဖေသောင်းက မခေါ်ချင်သောအခါ ခွဲခွာရဖို့ဖြစ်လာသည်။ ရင်ထဲမှာရှိတာတွေ ခဏသိမ်းဆည်းပြီး ညို့ကို ကို ဖေသောင်းနှုတ်ဆက်သည်။

(ညို့အဖေက မကြာခင် ဘူတာပြောင်းတော့မယ်။ ဒီလိုပဲ ပြောင်းနေရတာပါ။ ကိုဖေသောင်း တနေ့နေ့ပြန်လာရင် တောဘူ တာလေးတွေမှာ ရေအိုးစင်ရှိသလား ရှာကြည့်ပေါ့။ ညိုရှိတဲ့နေရာမှာတော့ တည်ထားပါမယ်)

ဝထ္ထုအဆုးံတွင် တောဘူတာရုံလေးအနီးက ညို့ရဲ့ငေးရီနေသောမျက်ဝန်း၊ ကိုဖေသောင်း၏ ဆွေးရိပ်သန်းနေသော မျက်နှာများကို ကျွန်တော်မြင်ယောင်နေမိသည်။ သြော် ကိုဖေသောင်းတယောက် တောဘူတာရုံလေးတွေနားရောက်တဲ့ အ ခါ ညိုတည်ထားတဲ့ရေချမ်းစင်လေးကို ရှာနေလေမလား။ ကျွန်တော်ကတော့ရောက်လေရာနေရာတိုင်း ညို ဒါမှမဟုတ်တ ခြားတယောက်ယောက်တည်ထားသော ရေချမ်းစင်လေးများကို ငေးမောရှာဖွေနေမိလေသည်။ ။

(သစ်ထူးဆက်)