ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သက်ဆွေဝင်း ● ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကိုသက်ဆွေဝင်းတို့ မကြာသေးမီက အိန္ဒိယနိုင်ငံတွင် တွေ့ဆုံစဉ်
သက်ဆွေဝင်း ● ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ  
(မိုးမခ) မေ ၂၅၊ ၂၀၁၆

ယခုသတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ဆယ်ကျော်သက်အရွယ်တုန်းက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ လက်တစ်ဝါးသာသာ စာအုပ်ကလေးဖတ်မိပြီး နောက်ပိုင်း ကျွန်တော်ဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခဲ့တယ်။ စာအုပ်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကောင်မလေးတွေကို မုဒိန်းကျင့်၊ အနိုင်ကျင့်ပြီး သားဖောက်မျိုးပွားတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့ ရေးသားချက်မျိုး တွေဟာ ကျွန်တော့်ရဲ့ အစ္စလာမ်မုန်းတီးစိတ်ကို မီးထိုးပေးသလို ဖြစ်ခဲ့တယ်။

အဲ့ဒီတုန်းက WWF နပန်းပွဲတွေ ခေတ်စားနေတာဆိုတော့ နေ့လယ်ပိုင်းမုန့်စားဆင်းချိန် စာသင်ခန်း နောက်မှာ  နပန်းသတ် တမ်း ဆော့လေ့ရှိတယ်။ အတန်းထဲမှာ မူဆလင်ကောင်လေးက နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က နှစ်ကျ၊ ကျွန်တော့် ထက် အကောင်ကြီးတယ်။ နောက်တစ်ယောက်က အရပ်ပုပြီး လူကောင်တောင့်တဲ့ ကျွန်တော်နဲ့ ရွယ်တူကောင်လေး။ မုန့်စားဆင်းချိန်ဆိုရင် ကျွန်တော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က မူဆလင်ကောင်လေးကို အမြဲတမ်းခေါ်ပြီး နပန်းသတ် လေ့ရှိတယ်။   ကျွန်တော်တို့ သုံးယောက်လောက်က သူ့ကို ဝိုင်းပြီး ကိုင်ပေါက်လိုက်၊  တက်ခုန်လိုက်နဲ့ပေါ့။ သူဟာ အစ္စလာမ် ဘာသာဝင်တစ်ယောက် ဖြစ်နေလို့ဆိုတဲ့ အမုန်းစိတ်လည်း ပါခဲ့တယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ သူငယ်ချင်း တွေကြားမှာ အမျိုးပျောက်မှာ စိုးကြောက်စရာ  ဆိုတဲ့ စာအုပ်ကပျံ့နှံ့နေပြီး ကျောင်းသားတွေအကြားမှာ ကုလားမုန်းတီးရေး ခံယူချက်တွေ ဖြစ်ပေါ်လာတယ်။ နောက်ဆုံးရလဒ်အနေနဲ့ ကျွန်တော်အရမ်းကြိုက်တဲ့ ဒန်ပေါက်ကိုတောင် ငါးနှစ်လောက် မစားဘဲ နေဖြစ်သွားခဲ့တယ်။

ကျွန်တော့်မှာရှိနေတဲ့ ကုလားမုန်းတီးရေးအမြင်ကို စပြီးပြောင်းသွားစေခဲ့တာက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်းမှာပါ။ ရွှေဝါရောင်တော်လှန်ရေးကို သံဃာတော်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ကြတော့ တက္ကသိုလ်ဘွဲ့ရပြီးခါစ ကျွန်တော်လည်း ဝင်ပါခဲ့တယ်။ နေအရမ်းပူချိန် ကတ္တရာလမ်းပေါ်တွေမှာ သံဃာတော်ပေါင်းများစွာက လောကကောင်းကျိုးအတွက် မေတ္တာပွားရွတ်ဖတ် လမ်းလျှောက်နေကြရင်း ဖိနပ်မပါတဲ့သံဃာတွေကို ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ဗလီဆင်းလာတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့စီးလာတဲ့ဖိနပ်တွေချွတ်ပေး၊  ရေဘူးဝေပေးကြ တာကိုမြင်တော့ ကျွန်တော့်စိတ်ထဲမှာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် ငါတို့နိုင်ငံသားတွေအားလုံးဟာ စနစ် ဆိုးကြီးတစ်ခုရဲ့ ဒဏ်ကို အတူတူ မျှဝေခံစားနေရသူတွေပါလားဆိုပြီး စတင်နားလည်လာတယ်။

ရွှေဝါရောင်အရေးအခင်းကြီးပြီးတော့ ကျွန်တော် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စိတ်ရောက်သွားမှာစိုးလို့ဆိုပြီး အမေက စင်္ကာပူကို လွှတ်လိုက်တယ်။ လူမျိုးစုံ၊  သာဘာစုံတဲ့ စင်္ကာပူနိုင်ငံက ကျွန်တော့်မှာ လက်ကျန်ရှိနေတဲ့ မူဆလင်မုန်းတီးရေး စိတ်တွေကို လျှော်ဖွတ်ပေးနိုင်ခဲ့တယ်။ စင်္ကာပူမှာ မူလတန်းကတည်းက သူတို့နိုင်ငံမှာ နေထိုင်ကြတဲ့ အဓိက လူမျိုးသုံး မျိုးဖြစ်တဲ့ တရုတ်၊  မလေး၊  တမီးလ်တို့ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊  ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်း သင်ပေးတယ်၊ လုပ်ငန်းခွင် ရောက်သွားရင်လည်း ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ၊ အလုပ်လုပ်တာတော်ရင် သူနဲ့ထိုက်တန်တဲ့နေရာ ရတယ်။ ကုမ္ပဏီတစ်ခုရဲ့ ဌာနခွဲတစ်ခုမှာ ကျွန်တော်အလုပ်ဝင်တော့   ကျွန်တော့်ထက် ရာထူးကြီးသူတွေ အကုန်လုံးက အိန္ဒိယနိုင်ငံ လာတဲ့ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေ၊  ကျွန်တော့်ထက် ရာထူးငယ်သူတွေ အကုန်လုံးက  ဘင်္ဂလားဒေ့ရှ်ကလာတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ။ လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ စကားပြောဆိုရင်းနဲ့ပဲ ဘာသာ၊  လူမျိုးဆိုတာတွေထက်စာရင် လူကောင်းနဲ့လူဆိုးဆိုပြီး ခွဲခြား မြင်တတ်လာတယ်။ ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ သုံးနှစ်လောက်နေရင်းနဲ့ ဗဟုလူ့အဖွဲ့အစည်း ဆိုတာကို နားလည် သဘောပေါက်လာတယ်။

၂ဝ၁ဝ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး နောက်တစ်နှစ်မှာ စိတ်တူသဘောတူ မိတ်ဆွေတွေနဲ့ လူငယ်အဖွဲ့အစည်း လေးတစ်ခု ပူးပေါင်းတည်ထောင်ဖြစ်ခဲ့တယ်။ အဖွဲ့ထဲမှာ ခရစ်ယာန်၊  မူဆလင်၊ ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာ ပြောင်းလာတဲ့ သူငယ်ချင်းသုံးယောက်လည်း ပါတဲ့အတွက် ဘာသာရေးဆိုင်ရာ အယူအဆရေးရာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ ချိန်ထိုးပြီး လေ့လာခွင့်ရခဲ့တယ်။ ဒီလိုမိတ်ဆွေတွေ ရှိတာကြောင့်လည်း ကျွန်တော့်မှာစွဲကပ်နေတဲ့ ငါ့လူမျိုး၊ ငါ့ဘာသာမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်ဆိုတဲ့ အယူအဆတွေပျောက်ပြီး မတူညီတဲ့အယူအဆတွေကို နားလည် လက်ခံနိုင်သူတစ်ယောက် ဖြစ်လာ စေခဲ့တာပါ။ လူချင်းအတူတူ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒ မတူတာနဲ့တင် ရန်သူဖြစ်စရာ မဟုတ်ဘူးဆိုတာ ဆင်ခြင်မိလာတယ်။

ဘာသာတရားတိုင်းက လူသားတွေအပေါ် ချစ်ခြင်းမေတ္တာထားဖို့ ဟောကြားခဲ့တာချည်းပါပဲ။ ဒါပေမယ့် လူသားတွေက ဘာသာတရားကို ကိုယ်လိုချင်တဲ့ ပုံစံ အဖြစ် ပြန်ပြောင်းကြပြီးတော့ သူ့ရဲ့ တကယ့် အနှစ်သာရကို ဖျက်ဆီးပစ်ကြတာပါ။ လူအများအပြားဟာ ဗုဒ္ဓရဲ့စကားထက် ဘုန်းကြီးတွေရဲ့ စကားကို ပိုအလေးထားကြတယ်။ အလ္လာဟ်ရဲ့စကားထက်စာရင် မော်လီဆပ်တွေကို ပိုယုံကြတယ်။ ဘာသာရေးတွေဟာ ဘာသာရေး ခေါင်းဆောင်တချို့အသုံးချတာကို ခံနေကြရတယ်။ 
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေက စခဲ့ကြတာမဟုတ်ဘဲ ဘာသာရေးအရေခြုံပြီး လူမျိုးရေးခွဲခြားမှုတွေ လုပ်ချင်တဲ့ လူတစ်စုက စတင်ခဲ့တာလို့ ပြောလို့ရတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ မဟာဗမာဝါဒနဲ့ ဗုဒ္ဓဘာသာသည်သာ ကမ္ဘာမှာ အကောင်းဆုံးဘာသာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုဟာ အစွန်းရောက်မျိုးချစ်စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတဲ့ ဓာတ်ခံတွေပါပဲ။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ အဲ့ဒီအခံစိတ်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အမျိုးပျောက်မှာ စိုးကြောက်စရာလို စာအုပ်မျိုးနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော် လိုက်တဲ့အခါ မူဆလင်ဆန့်ကျင်ရေး၊ ဘာသာခြား ဆန့်ကျင်ရေး စိတ်ဓာတ်တွေအဖြစ် ရှင်သန်ထကြွလာကြတယ်။

အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနှောင့်အယှက်ကြီးကြီးမားမားဖြစ်စေတယ်။ ဒီမိုကရေစီစံနစ်အရ မတူကွဲပြားမှုတွေကို လက်ခံပြီး တရားဥပဒေအောက်မှာ အားလုံးတန်း တူညီမျှ အခွင့်အရေးရှိကြဖို့လိုတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သဘောထား တင်းမာတဲ့ ဘုန်းကြီးတချို့က ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ ဘာသာခြားတွေအပေါ် အနိုင်ကျင့်တာမျိုးကို ဥပဒေကြောင်းအရ ရှင်းလင်းကိုင်တွယ်ဖို့ လိုတယ်။ ဥပမာအားဖြင့် နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားနားမှာ ဈေးလာရောင်းတဲ့ မူဆလင်တချို့ကို ဘုန်းကြီးတစ်စုက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းသိမ်း နှင်ထုတ်လိုက်ရာမှာ ရဲတွေက ဘုန်းကြီးတွေမို့လို့ သာသနာရေး ဌာနကနေ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး လက်ရှောင်ကြတာမျိုးပေါ့။ ဥပဒေဆိုတာ စံသတ်မှတ်မှု တစ်မျိုးတည်းပဲ ဖြစ်ရပါမယ်၊ ဘုန်းတော်ကြီးတွေမို့လို့ မကိုင်တွယ်ရဲဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စ ရာရှိလာပါပြီ။

ပြီးခဲ့တဲ့နှစ်ပါတ်လောက်က အိန္ဒိယမှာ ဒလိုင်းလားမားနဲ့ ကမ္ဘာ့ပဋိပက္ခနိုင်ငံ ၁၃ ခုက  လူငယ် သုံးဆယ်နီးပါး တွေ့ဆုံကြတဲ့ပွဲကို ကျွန်တော် သွားတက်ဖြစ်ခဲ့တယ်။ အဲ့ဒီပွဲကို တက်ကြတာ ဆီးရီးယား၊  အာဖဂန်နစ္စတန်၊  ဆိုမာလီ၊  အီရတ်၊  ကင်ညာ၊  ဆူဒန်၊  ဆူဒန် စတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နေကြတဲ့လူငယ်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုလို့ ကျွန်တော်နဲ့ နောက်ထပ်တစ်ယောက်ပဲ ပါတယ်၊ ခရစ်ယာန်နဲ့ အစ္စလာမ်တွေ များတယ်။ အဲ့ဒီပွဲမှာ ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုအကြောင်းတွေကို အချင်းချင်း ဖလှယ်ဖြစ်ကြတယ်။ အမှန်တရားအတွက် လုပ်တယ် ဆိုရာမှာ ဘာသာရေး၊ လူမျိုးရေးတွေမပါဘဲ အမှန်တရား သီးသန့်အတွက် တိုက်ပွဲဝင်နေတဲ့ ဘာသာပေါင်းစုံက လူငယ်တွေရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ဒါ့အပြင် အစ္စလာမ်နိုင်ငံတွေမှာ မြန်မာနဲ့ ပတ်သက်ရင် လူနည်းစုမူဆလင်တွေကို ဖိနှိပ်ပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေချည်းပဲ ကြားနေရတယ်ဆိုတာကိုလည်း သိလာရတယ်။

ကမ္ဘာက ဒီလိုမြင်နေတဲ့အမြင်တွေကို ကျွန်တော်တို့တွေ ဘယ်လိုပြောင်းပေးနိုင်မလဲ။ အစ္စလာမ်အပါအဝင် တခြားဘာသာ ရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဗုဒ္ဓဘာသာ သာသနာကို ကာကွယ်မြှင့်တင်ပါတယ်ဆိုတဲ့ လူတစ်စုကြောင့် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာက ဒီလိုမြင်နေကြတယ်။ ဗုဒ္ဓဟောတဲ့ တရားအတိုင်း မကျင့်ကြံကြတဲ့သူတွေများပြားလာ၊ မတရားမှုတွေကို နှုတ်ဆိတ်နေကြတဲ့သူတွေ များပြားနေတာကြောင့် အဓမ္မဝါဒီသမားတွေ လုပ်ချင်ရာလုပ်လို့ရခဲ့တာ။ ၂ဝဝဝ ပြည့်နှစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးညီလာခံမှာ ဆရာကြီး ဦးဂိုအင်ကာပြောသွားတဲ့ "မိမိတို့ ကိုးကွယ်တဲ့ ဘာသာကို ချီးမွမ်းပြီး အခြားဘာသာတွေကို နှိမ်ချတဲ့သူတွေဟာ မိမိတို့ဘာသာကို မြှောက်စားတယ်လို့ ထင်မြင်ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေ ဟာ သူတို့ဘာသာကို အကျည်းတန် အရုပ်ဆိုးအောင် လုပ်ဆောင်နေခြင်းပါပဲ" ဆိုတဲ့စကားကို ကျွန်တော်တို့ သတိပြုကြဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ရန်လိုမှု၊  မုန်းတီးမှုတွေ ပြည့်နှက်နေရင် ကျွန်တော်တို့နဲ့ထိစပ်သမျှ အရာရာဟာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။  ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် တရားမရှိရင် လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ဖြစ်နေဦးမှာ ပဲ။ ကျွန်တော်တို့မြန်မာပြည်သူတွေ တစ်ယောက်စီတိုင်း မှားမှန် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ပိုမိုပြည့်စုံလာမှ သာလျှင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။     ။

သက်ဆွေဝင်းသည် ရန်ကုန်မြို့အခြေစိုက် Center for Youth and Social Harmony ခေါ် လူငယ်နှင့် လူမှုသဟဇာတဖြစ် ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ၊ ဒါရိုက်တာဖြစ်သည်။