ထက်ခေါင်လင်း - ဆေးရောင်စုံ ဖားကန့်

ထက်ခေါင်လင်း - ဆေးရောင်စုံ ဖားကန့်(Myanmar NOW) မိုးမခ၊ မေ ၂၇၊ ၂၀၁၆
ကျောက်မျက်ကုမ္ပဏီကြီးတွေ၊ အနယ်နယ်က အသက်မွေးဝမ်းကျောင်းသူတွေ စုဝေးရာ ကချင်ဒေသ ကျောက်စိမ်းမြေမှာ ဇာတ်လမ်းများစွာ ရှိနေပါတယ်

ဖားကန့် (Myanmar Now) - ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ တည်ရှိတဲ့နေရာကို ဧပြီလက ရောက်တုန်းရောက်ခိုက် မြင်ကွင်းတချို့ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။

ကျောက်စိမ်းမြေအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ ဒီနေရာက ရရှိတဲ့ အကျိုးအမြတ်တွေက ဘယ်သူတွေဆီ သွားနေသလဲ ဆိုတာ တိတိကျကျ မဖော်ထုတ်နိုင်သေးပေမဲ့ ဒီဒေသရဲ့ တောတောင်သဘာဝဝန်းကျင်ရဲ့မူလအနေအထား ပျက်ယွင်းနေတာကိုတော့ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ အနယ်နယ် အရပ်ရပ်က လူမျိုးစုံလည်း အသက်မွေးဝမ်းကျောင်းဖို့အတွက် ကျောက်စိမ်းမြေမှာ ကျင်လည်နေကြပြီး အများအပြားက မူးယစ်ဆေးစွဲနေကြပါတယ်။ မတော်တဆဖြစ်ရပ်တွေကြောင့် အသေအပျောက်များတဲ့ဒေသလည်း ဖြစ်ပါတယ်။ (ဓာတ်ပုံများ - ထက်ခေါင်လင်း/Myanmar Now)


ပုံ 01 - ခပ်လှမ်းလှမ်းက တွေ့ရတဲ့ သာယာကုန်းရွာနဲ့ ရွာဝန်းကျင်မြင်ကွင်း။ ကျင်းကြီးတွေ နက်နက်တူး၊ တောင်တွေကိုဖြိုချတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဒီရွာက ချောက်ကမ်းပါးပေါ် အလိုအလျောက် ရောက်နေပါပြီ။ အချိန်မရွေး တွေ့ကြုံနိုင်တဲ့ မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ရင်တော့ ဒီရွာရဲ့ အနေအထားက အကြီးအကျယ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။



ပုံ 02 - အလတ်စားနဲ့ အကြီးစား စက်ယန္တရားများ။ ကုမ္ပဏီကြီးတွေ အားကိုးကြတဲ့ ဒီယန္တရားကြီးတွေ လူနေထူထပ်တဲ့ရွာထဲ ဝင်ထွက်သွားလာတဲ့အခါ မတော်တဆမှုတွေဖြစ်ပေါ်နေပါတယ်၊ ကျောက်စိမ်းမြေကို အသွင်ပြောင်းမယ့် ဒီယန္တရားကြီးတွေဟာ ထောင်နဲ့ချီပြီး ဖားကန့်မှာ ရှိနေပါတယ်။ အဲဒီထဲက ပမာဏ အများအပြားကို ကုမ္ပဏီတွေက တရားဝင်အသုံးပြုခွင့်လိုင်စင် မရှိဘဲ သုံးနေတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီး အာဏာပိုင်တွေက နှစ်ဆန်းပိုင်းမှာ ကွင်းဆင်းစစ်ဆေးပါတယ်။


ပုံ 03 - ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခု။ ကုမ္ပဏီကြီးတွေက ဧရာမယန္တရားမျိုးစုံကို အသုံးပြုပြီးလုပ်ကိုင်တဲ့အတွက် လုပ်ငန်းတွင်ကျယ်လှသလို ကချင်ပြည်နယ်ရဲ့ တောင်ကုန်းတွေ ပျောက်ကွယ်မှု၊ လူလုပ်ချိုင့်ဝှမ်းကြီးတွေ ဖြစ်ပေါ်မှုကလည်း မြန်ဆန်လှပါတယ်။


ပုံ 04 - ရေကန်များနဲ့ စိုင်းဂျာဘွန်ရွာ။ ဒီရွာနားမှာ ရေကန်မရှိခဲ့ပေမဲ့ တူးဖော်ရေးလုပ်ငန်းတွေကြောင့် ပေ ၅၀၀ ဝန်းကျင် နက်တဲ့ ချိုင့်ဝှမ်းကျယ်ကြီးတွေ ပေါ်လာပြီး ရေကန်ကြီးအဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။ လမ်းတွေဟာ မြေစာပုံတွေကြောင့် တောင်တွေ ဖြစ်သွားနိုင်သလို တောင်တွေဟာလည်း တူးဖော်ဖြိုချရေးလုပ်ငန်းကြီးတွေကြောင့် မြေပြန့် သို့မဟုတ် ချိုင့်ဝှမ်းဖြစ်သွားနိုင်ပါတယ်။


ပုံ 05 - စွန့်ပစ်မြေစာပုံတစ်ခုမှာ ရေမဆေးကျောက် ရှာဖွေနေကြသူများ။ လူအင်အား၊ စက်အင်အားနဲ့ တူးဖော် ရှာဖွေပြီး ကျောက်စိမ်း မပါဘူးလို့ ယူဆရတဲ့ မြေစာတွေကို ကုမ္ပဏီကြီးတွေက စွန့်ပစ်ကြပါတယ်။ အဲဒီ စွန့်ပစ်မြေစာထဲက ကျောက်တုံးတွေထဲမှာ ရောင်းတန်းဝင်ကျောက်စိမ်း ပါဝင်တတ်တဲ့အတွက် သွားရောက် ရှာဖွေသူတွေ မနည်းမနောပါပဲ။ ရလာတဲ့ ရောင်းတန်းဝင်ကျောက်ကို ရေမဆေးတော့ဘဲ အဝယ်ဒိုင်ဆီကို ပြေးရောင်းတာဖြစ်လို့ ရေမဆေးကျောက်လို့ ခေါ်ကြပြီး သူတို့ကိုလည်း ရေမဆေးသမား၊ ရေမဆေးကျောက်ရှာဖွေသူများလို့ ခေါ်ကြပါတယ်။ ကျောက်စိမ်းတူးဖော်ခွင့်ကို ကုမ္ပဏီကြီးတွေပဲ ရရှိတာကြောင့် အရင်းအနှီးမရှိသူတွေဟာ ရေမဆေးကျောက်သမားတွေ ဖြစ်သွားကြပါတယ်။ မြေစာပုံအနီး တဲထိုးနေထိုင်ခြင်း တားမြစ်ချက်ကို မလိုက်နာသူတွေလည်း ရှိပါတယ်။ မေ ၂၃ ရက်နေ့ မိုးအဆက်မပြတ်ရွာသွန်းချိန်မှာ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား ၁၂ ဦး အနည်းဆုံး သေဆုံးသွားပါတယ်။


ပုံ 06 - ရေမဆေးကျောက်သမား။ တစ်သုံးလုံးကုမ္ပဏီ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ရဲ့ စွန့်ပစ်မြေစာပုံကို အချိန်ပိုင်း ဝင်ရောက်ခွင့်ရတဲ့ကာလအတွင်း ရေမဆေးသမားတွေက အလုအယက်ရှာဖွေနေကြပုံဖြစ်ပါတယ်။ သူတို့ရဲ့အဓိကအလုပ်ကတော့ ကိုင်ထားတဲ့ တူလေးတွေနဲ့ ကျောက်တုံးတွေကို လိုက်လံတီးခေါက်ကြည့်ခြင်းပါပဲ။ ဖားကန့်ရတနာမြေက ကျောက်တုံးဆိုတာ ဒီအတိုင်းကြည့်ရုံနဲ့ ကျောက်တုံးအတွင်းသားအခြေအနေကို မခန့်မှန်းနိုင်ပါဘူး။ တူနဲ့ထု၊ ထွက်လာတဲ့အသံကို နားထောင်ရင်တော့ ကျောက်စိမ်းဟုတ်မဟုတ် သူတို့သိကြပါတယ်။


ပုံ 07 - ကျောက်အောင်ပြီလား။ စိုင်းတောင်ရွာဟောင်းနားက ရေမဆေးသမားတစ်ယောက် ရလာတဲ့ ကျောက်စိမ်းကို ကျောက်ကြည့်ဓာတ်မီးသုံးပြီး စစ်ဆေးနေကြတာပါ။ ဘေးမှာ ရေမဆေးသမားတွေရဲ့ လက်စွဲတော် စိန်တူကို တွေ့ရမှာပါ။ ရလာတာ ရောင်းတန်းဝင်ကျောက် ဆိုပေမဲ့ အရည်အသွေး ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းနိုင်မှ ပြန်ရောင်းတဲ့အခါ ဈေးကောင်းရဖို့ တောင်းဆိုနိုင်မှာပါ။ အဝယ်ဒိုင်က ဒီကျောက်ကို ခွဲစိတ်လိုက်တဲ့အခါ အရည်အသွေးညံ့ရင် သူရှုံးမယ် သို့မဟုတ် အမြတ်နည်းနိုင်ပါတယ်။ အရည်အသွေး အလွန်ကောင်းတယ် ဆိုရင်တော့ အမြတ်များတယ်၊ ကျောက်အောင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ပုံ 08 - ဒေါက်တာတန်း။ ဆေးထိုးအပ်ကိုင်သူတွေ အများအပြား ကျက်စားတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာကို ဒေါက်တာတန်းလို့ ခေါ်ကြပါတယ်။ ရေမဆေးသမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေထဲမှာ ဘိန်းဖြူသုံးစွဲသူ အများအပြား ရှိနေပြီး သူတို့ စုဝေးရာဒေါက်တာတန်းတွေကို ဖားကန့်မှာ အများအပြား တွေ့နိုင်ပါတယ်။ ဖားကန့်မှာ မူးယစ်ဆေးမျိုးစုံ လက်လီလက်ကားရောင်းသူတွေဟာ ဌာနဆိုင်ရာတွေ၊ လက်နက်ကိုင်သူတွေကို ဆက်ကြေး၊ လိုင်းကြေး ဆိုတဲ့ လာဘ်ငွေပေးရတယ်ဆိုတာ အားလုံးသိတဲ့ လျှို့ဝှက်ချက်ပါပဲ။

ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီအကြောင်း ပြောခဲ့ပါသေးတယ်။ "တစ်ရက်ကိုလိုင်းကြေး သိန်းတစ်ရာခန့်ရှိနေတာကိုလည်း အံ့သြစွာ တွေ့ရပါတယ်။ ရောင်းကြေးကလည်း တစ်ရက်ကို သိန်း ၃၀၀ ခန့်ရှိတယ်လို့ ပြောပြချက်တွေအရ သိရပါတယ်"လို့ ဦးတင့်စိုးက အရပ်ဘက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့တစ်ခုရဲ့ တွေ့ရှိချက်ကို ကိုးကားပြီး ပြောပါတယ်။


ပုံ 09 - ဒေါက်တာတန်းမှာ ဘိန်းဖြူသုံးခြင်း။ ဘိန်းထိုးသူတချို့က ကိုယ်တိုင် ထိုး၊ တချို့ကတော့ အပြန်အလှန် ကူညီပြီး ထိုးပေးနေကြတာ တွေ့ရပါတယ်။ "ရေမဆေးနဲ့ ကုမ္ပဏီအလုပ်သမားများ၊ ဒေသခံလူငယ်များ စုစုပေါင်းရှစ်သောင်းခန့်" မူးယစ်ဆေးစွဲနေကြတယ်လို့ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြည်သူ့လွှတ်တော်ကို တင်ပြထားပါတယ်။