မောင်ကြူးရင့် ● စိတ်မီးလောင်ခြင်း

 
မောင်ကြူးရင့် ● စိတ်မီးလောင်ခြင်း
(မိုးမခ) မေ ၁၅၊ ၂၀၁၆

ဘာအပြစ်မှမရှိဘဲ
နေ့ခင်းကြောင်တောင်ကြီး
ငါ့ကိုဖမ်းသွားတာ
ဘယ်မေ့ပါ့မလဲ
စာအုပ်တွေအားလုံး
ကားပေါ်ပစ်တင်ပြီး
လွတ်တော့ပြန်မပေးတာ
ဘယ်မေ့ပါ့မလဲ
ရင်ဝကိုဖိနပ်နဲ့ ဆောင့်ကန်တာ
ဘယ်မေ့ပါ့မလဲ
ရပ်ကွက်အုပ်ချုပ်သူက
သူပုန့်အိမ်လို့ခေါ်တာ
ဘယ်မေ့ပါ့မလဲ
အခင်းကြီးသုံးဖို့
လက်တဝါးစာဖြတ်ပေးထားတဲ့
သတင်းစာစက္ကူအပိုင်းတွေကို
ရဲဘော်တွေဆီက
တယောက်လက်တယောက်ကမ်းပြီး
ထမင်းလုံးပြန်ကပ်
သတင်းတပိုင်းတစဖတ်ရတာကို
ဘယ်မေ့ပါ့မလဲ
စာရွက်မရှိ ဘောပင်မရှိလို့
ကဗျာမရေးရတာကို
ဘယ်မေ့ပါ့မလဲ
ဆေးလိပ်သောက်ချင်လို့
စွန့်ပစ်ဆေးလိပ်တိုတွေကောက်
ဆေးစပ်ထုတ် ဗာဒံကိုင်းခြောက်ထု
ဆေးပြန်စပ် လက်ဖဝါးတပိုင်း
သတင်းစာစက္ကူနဲ့ ပွတ်ချွန်းလုပ်
အာသာဖြေရတာကို
ဘယ်မေ့ပါမလဲ
တလတခေါက်
မှန်မှန်ရောက် မှန်မှန်လာတဲ့
အမေနဲ့ မတွေ့ရတာကို
ဘယ်မေ့ပါ့မလဲ
လကိုကြည့်ချင်လို့
ရေအိုးသွန်မှောက်
ရေထဲရောက်လကိုကြည့်ရတာ
ဘယ်မေ့ပါ့မလဲ
လုံးတီးထမင်းမကျွေးဖို့
အစာငတ်ခံရင်း ကျဆုံးသွားတဲ့
ရဲဘော်တယောက်ကို
ဘယ်မေ့ပါ့မလဲ
ဒီကဗျာကို ငါမရေးဘူး
ဒီကဗျာက ငါ့ကိုရေးသွားတယ်။ ။

မောင်ကြူးရင့်
၁၃. ၅.၂၀၁၆