အိချယ်ရီအောင် ● မြန်မာစကားက ကျွန်တော်တို့ မိခင်နိုင်ငံ ဘာသာစကားဖြစ်ပါတယ်

 
အိချယ်ရီအောင် ● မြန်မာစကားက ကျွန်တော်တို့ မိခင်နိုင်ငံ ဘာသာစကားဖြစ်ပါတယ်
(မိုးမခ) မေ ၁၄၊ ၂၀၁၆

ယခုဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) - ကိုးကန့်တိုင်းရင်းသားများသည် ရှမ်းပြည်နယ်ရှိ အခြားသော တိုင်းရင်းသား လူမျိုးစုများ နည်း တူ ပဋိပက္ခ၊ မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးပြဿနာတို့၏ဒဏ်ကို ကာလကြာရှည်စွာ ခံစားနေရသူများဖြစ်သည်။

လွန်ခဲ့သောနှစ်က ၎င်းတို့၏ဒေသတွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားရာ ဒေသခံ ထောင်သောင်းချီ နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရသည်။ ဒေသခံအများအပြားက နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြခြင်းမရှိသော်လည်း ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီက ဒေသတွင်းမဲဆန္ဒနယ်တချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ   ပြည်သူ့ လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်တို့တွင် တစ်နေရာစီ  အနိုင်ရရှိခဲ့သည်။

တရုတ်နွယ်ဖွား မြန်မာပြည်သားကိုးကန့်တို့သည် တခြားသော တိုင်းရင်းသားများကဲ့သို့ပင် နိုင်ငံရေးတွင် ပါဝင်မှုအားနည်း သည်ဟု  ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးယန်ကျင်းကန်က ပြောသည်။

Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်   ၅၂ နှစ်အရွယ် ဦးယန်ကျင်းကန်က  ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး၊ လူမျိုး ရေးနှင့် ဘာသာရေး ပြဿနာများအကြောင်း ပြောပြထားသည်။
 
မေး- ပါတီနဲ့ ဦးယန်ကျင်းကန်အကြောင်း နည်းနည်း ပြောပြပါ။
ဖြေ- ၁၉၈၈ ခုနှစ်မှာ တိုင်းပြည်က လူထုတွေရဲ့ဆန္ဒတွေပြကြတဲ့အခါ လှုပ်ရှားမှုတွေရှိလာတယ်။ အဲဒီနောက်ပိုင်း   ကိုးကန့် ယဉ်ကျေးမှုရုံးမှာ လူကြီးတွေက တိုင်ပင်ပြီးပါတီထူထောင်ဖြစ်တာပါ။ အဲအချိန်မှာ ခေတ်ပညာတတ်လူငယ်တွေလည်း ပါသင့်တယ်ဆိုပြီး ကျွန်တော်တို့ကို ပါတီထဲကို ထည့်ထားလိုက်တာပါ။ ကျွန်တော်တို့ပါတီမှာ အခြားတိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အရေအတွက်အားဖြင့်တော့ တော်တော်နည်းပါတယ်။ ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်ပါ။ ၁၉၈၅ မှာ ကျောင်းပြီး၊ ၁၉၈၇ မှာ ဘွဲ့ ရပါတယ်။  ပါတီမှာတော့ ဒုဥက္ကဋ္ဌတာဝန်ယူထားပါတယ်။ ပြည်သူ့လွှတ်တော် ပို့ဆောင် ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

မေး- ပြီးခဲ့တဲ့နှစ်တွေအတွင်း ရွေးကောက်ပွဲ နှစ်ခု သုံးခုလောက် လုပ်ခဲ့ရာမှာ ကိုးကန့်တိုင်းရင်းသား အတော်များများက မဲပေးကြသလား။ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားလာကြသလား။
ဖြေ- ကျွန်တော်တို့လူမျိုးက   ကျေးလက်နေလူတန်းစားနဲ့ မြို့ပြင်နေလူတန်းစားဆိုပြီး အကြမ်းပြောလို့ရတယ်။ မြို့ပြနေ လူတန်းစားကျတော့ ကိုယ်ပိုင်စီးပွားရေးကိုပဲ စိတ်ဝင်စားကြတယ်။  ဒါကလည်း ကျွန်တော်တို့လူမျိုးစု တစ်စုတည်းက အဲဒီ လို မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာက နိုင်ငံရေးလုပ်ရင် ပြစ်မှုကျူးလွန်တယ်ဆိုပြီး ကြောက်ပြီးမလုပ်ကြတာပါ။   ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားလည်း အဲဒီလိုပါပဲ၊ နိုင်ငံရေးဆိုတာ ကိုယ်လုပ်ရမယ့်အရာ မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလုပ်ရမယ့်အလုပ်ဆိုပြီး မှတ်ယူထားကြပါတယ်။ ကျေးလက်နေလူတန်းစားလည်း စားဝတ်နေရေးအဆင်ပြေဖို့ပဲ ကြိုးစားနေရပါတယ်၊ တခြားဟာကို စိတ်မဝင်စားကြပါဘူး။ ဒါကြောင့်  ရွေးကောက်ပွဲကာလတုန်းကဆို ကျွန်တော်ကို မဲထည့်ပါဆိုပြီး မဲဆွယ်ဖို့ ထက် ရွေးကောက်ပွဲမှာ ပြည်သူတစ်ယောက်အနေနဲ့ မဲထည့်သင့်တယ်ဆိုတာမျိုးကိုပဲ အရင်ဆုံးနားလည်အောင် ရှင်းပြခဲ့ ရတာပါ။

မေး- ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့  ဆက်ဆံရေးဘယ်လိုရှိပါလဲ။
ဖြေ -  NLD အစိုးရဆိုရင်လည်း တိုင်းရင်းသားအရေးကို ဦးစားပေးမယ်ဆိုပြီး  လုပ်ဆောင်နေတာ တွေ့နေရပါပြီ။ ပါတီကြီး နှစ်ခုစလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်၊ သူတို့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ဒေသ တိုးတက်ဖွံ့ဖြိုးလုပ်ငန်းတွေ လုပ်ဆောင် သွားမှာပါ။

မေး - ကိုးကန့်တိုင်းရင်းသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ဘာတွေလုပ်ဆောင်သွားမလဲ။
ဖြေ -  ကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာ မြန်မာစာ မတတ်တဲ့သူ၊ မြန်မာစကားကို ကောင်းကောင်းမပြောတတ်တဲ့ လူမျိုး တွေ ဒီနေ့အထိ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာစာ၊  မြန်မာစကားက ကျွန်တော်တို့ မိခင်နိုင်ငံ ဘာသာ စကားဖြစ်ပါတယ်။ ဒါကြောင့် ဒါကို အရင်တတ်အောင် လုပ်ပေးရပါမယ်။ ကိုးကန့်တိုင်းရင်းသားရဲ့ အခြေခံပညာရေးကို ဦးစားပေး လုပ်ဆောင် နေရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အခုဆိုရင် ကျေးရွာတိုင်းမှာ စာသင်ကျောင်းလေးတွေ ရှိလာပါပြီ။  မိဘတွေက ကလေးတွေ ကို ကျောင်းထားချင်စိတ် ရှိလာအောင် ပါတီအနေနဲ့ စည်းရုံးရပါတယ်၊ စာတတ်ရင် အစိုးရပေါ်လစီတွေသိမယ်၊ သတင်းစာက သတင်းတွေဖတ်လို့ရမယ် စတဲ့အပိုင်းတွေကို ရှင်းပြရပါတယ်။

မေး - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးပြဿနာ  ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ - အရင်ကဆို ကိုးကန့်ဒေသနဲ့ “ဝ” ဒေသက ဗမာပြည်ကွန်ပြူနစ်ပါတီရဲ့ထိန်းချူပ်မှုနယ်မြေပါ၊ ငြိမ်းချမ်းမှုမရတဲ့ နယ် မြေပါ။ အမည်းရောင်နယ်မြေ၊ အညိုရောင်နယ်မြေဆိုပြီး  သတ်မှတ်ခံထားရတာပါ။ တရားဥပဒေစိုးမိုးမှု မရှိနိုင်တဲ့ဒေသမှာ မူးယစ်ဆေးဝါးတွေလည်း ရှိလာတယ်။ လက်နက်ကိုင်တွေများလာတဲ့နောက်မှာလည်း မူးယစ်ဆေးဝါးပြဿနာက တွဲပြီးပါ လာနေတာပါ။ အရင်က ကိုးကန့်ဒေသကလူတွေက ဘိန်းစိုက်တယ်ဆိုတာ ရာသီစာ သီးနှံစိုက်တယ်ဆိုပြီးပဲ ရိုးရိုးသားသား မြင်ကြတဲ့ ဒေသလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့  မူးယစ်ဆေးဝါး ကင်းစင်ရမယ်၊ နိုင်ငံတကာအကူအညီနဲ့  အစားထိုးသီးနှံ တွေ စိုက်ပျိုးရမယ်ဆိုတဲ့ စီမံချက်တွေကြောင့် အခုနောက်ပိုင်းမှာ ဘိန်းစိုက်ခင်းတွေ လျော့နည်းလာတယ်၊  အရင်ကဆို အိမ်ဘေးမှာတောင် ဘိန်းစိုက်ပျိုးတဲ့အနေအထားပါ။  ကြံ၊ လက်ဖက်၊ သစ်ကြားသီး စတဲ့ အစားထိုးသီးနှံတွေ စိုက်ပျိုးလာ တာကို တွေ့ရပါတယ်။ အဲဒီသီးနှံတွေရဲ့ ဈေးကွက်ကလည်း နယ်စပ်မှာ တွင်တွင်ကျယ်ကျယ်ရှိတဲ့အတွက် စီးပွားဖြစ် စိုက်ပျိုး လာကြပါပြီ။ ပြည်သူလူထုအတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းစေပါတယ်။ မူးယစ်ဆေး ပြဿနာလို့ပြောလိုက်တာနဲ့ ကိုး ကန့် ဒေသနဲ့  “ဝ” ဒေသဆိုပြီးပဲ အကျဉ်းဖျဉ်း ယူဆနေတာကိုတွေ့ရပါတယ်။ မူးယစ်ဆေးဆိုတာ တရားဥပဒေစိုးမိုးမှုနည်းတဲ့ ဒေသတွေ၊ လက်နက်ကိုင်တွေ ဆက်နွယ်မှုရှိတဲ့ဒေသတွေမှာ ရှိတယ်ဆိုတာ သိပ်တော့မဆန်းပါဘူး၊ တချို့ဒေသတွေ ဆိုရင်လည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေတာပါပဲ၊   တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာပါ၊ နိုင်ငံတကာ အဆင့်အထိလည်း ခြိမ်းခြောက်နေတဲ့ ပြဿနာပါ။

မေး - ကိုးကန့်ဒေသ ပြန်လည်ငြိမ်းချမ်းဖို့ ဘာတွေလိုအပ်မလဲ။
ဖြေ - စစ်ဖြစ်ပြီးတဲ့ ဒေသမှန်သမျှ ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေက ပိုပြီးတော့ အဓိကကျပါတယ်။ တိုက်ပွဲတစ် ခါဖြစ်လိုက်ရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေက အဖက်ဖက်ကနှောင့်နှေးသွားပါတယ်။   အရင်တုန်းက လုံးဝမတွေဆုံခဲ့ တဲ့ လက်နက်ကိုင်အဖွဲ့တွေက အခုဆိုတွေ့ဆုံပြီး ဆွေးနွေးကြတယ်၊ တိုက်ပွဲတွေရပ်ထားပြီးမှ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမယ် ဆိုရင် အဖြေတစ်ခုရမယ်လို့မြင်ပါတယ်။  နှစ်ဦးနှစ်ဖက်လုံးမှာ  ငြိမ်းချမ်းရေးရလိုတဲ့ စိတ်စေတနာအမှန် ရှိဖို့လည်း အဓိက ကျပါတယ်။

မေး - အစိုးရသစ်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ - လွှတ်တော်အသစ်ပြန်စတဲ့ အချိန်ကစပြီး NLD အစိုးရအသစ်အနေနဲ့ တိုင်းရင်းသားတွေကိုလည်း အများကြီး နေရာ ပေး လာတာကိုတွေ့ရတယ်။ ဒါက ကောင်းတဲ့အလားအလာပါ။ အစိုးအသစ် ပြန်ဖွဲ့တဲ့အခါမှာလည်း ကျစ်ကျစ်လစ်လစ်နဲ့ ပြန်ဖွဲ့တာကိုတွေ့ရပါတယ်။ တချို့ကိစ္စတွေက ပြောဖို့ စောပါသေးတယ်။    အစကောင်းနေပြီလို့ ပြောလို့ရပါတယ်။  အဓိက တော့ ပြည်သူအကျိုးစီးပွား ကောင်းမွန်အောင်လုပ်ပေးမယ်ဆိုရင် ကိုယ်သွားချင်တဲ့ နိုင်ငံရေးလမ်းကြောင်းက အဆင်ပြေနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ 

မေး - ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်တဲ့မြို့တွေထဲမှာလားရှိုးလည်း ပါတယ်။ အနာဂတ်မှာ ဒီလို ပြန်မဖြစ်အောင် ဘာတွေလုပ်သင့်သလဲ။
ဖြေ -    ကိုယ်လက်ခံထားတဲ့ ယုံကြည်မှုတစ်ခုကို ထိခိုက်လာတယ်ဆိုရင် မခံချင်ဘူးဆိုတာ လူရဲ့သဘောသဘာဝပါပဲ။ ဘာ သာရေးတွေ၊ လူမျိုးရေးတွေ အကြောင်းပြပြီးတော့ နိုင်ငံရေးတွေမလုပ်ရင် အကောင်းဆုံးပါပဲ။ ဒါဆိုရင် သာသာရေး၊ လူမျိုး ရေး ပြဿနာတွေလျော့ပါးသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပါတီတွေက ဝင်ထိန်းဖို့ဆိုတာကတော့ တော်တော်လေးကို ခက်ခဲပါတယ်။ သူ့ဘာသာ သန့်စင်ဖြူစင်နေတဲ့ သာသာရေးတစ်ခုကို အရောင်မဆိုးဖို့ အဓိကကျပါတယ်။ မည်သည့်အ ကြောင်းအရာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရားနဲ့ သုံးသပ်ဖို့ဆိုတာက တစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်နဲ့ လည်း ဆိုင်ပါတယ်။   ဒီလိုဘာသာရေးပြသာနာတွေ မဖြစ်အောင် ဘာသာရေးခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့ ဟောပြသွန်သင်မှုကသာ အဓိက ကျတယ်လို့ ထင်ပါတယ်။       ။