ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ

 
ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ
(မိုးမခ) မေ ၁၆၊ ၂၀၁၆

ယနေ့ တိုးတက်ပြီးသော ကမ္ဘာ့နိုင်ငံများတွင် maintenance ဆိုသည့် ပြုပြင်ထိန်းသိမ်းရေးကိစ္စအား ငွေကြေးများစွာ၊ လူအင် အားများစွာ၊ စက်မှုအင်အားများစွာဖြင့် ဂရုတစိုက် အရေးပေးကြသည်။ ကျွန်တော်တို့ ရွှေနိုင်ငံကြီးမှာကား ….

ကျွန်တော်တို့လူမျိုးသည် ပစ္စည်းကောင်း အလွန်ကြိုက်သည်။ ကုန်ချင်သလောက်ကုန်။ ကောင်းရင်ပြီးရော စိတ်ထားမျိုးက များသည်။ စားသောက်ဆိုင်ကြီးများ၊ လ္ဘက်ရည်ဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ အစရှိသဖြင့် ဆိုင်ကြီး၊ ခန်းကြီးများကို ငွေ ကုန်ကြေးကျခံ တည်ဆောက်ကြသည်။ သုံးစွဲထားသမျှ ပစ္စည်းတွေက အကောင်းစားတွေချည်း။ အပေါစား တခုမှ မပါ။ မြန်မာပြည်က သူဌေးများလောက် အကောင်းကြိုက်တတ်တာ မြန်မာပြည်က သူဌေးများဘဲ ရှိပေလိမ့်မည်ဟု မှတ်ချက် ရဲရဲ ကြီး ပေးချင်သည်။ မိမိစီးပွားရေးအတွက် ဘတ်ဂျက် မသတ်မှတ်ထား။ ဒါလေးက ပိုကောင်းတယ်ဆိုရင် ဒါလေးဘဲ လုပ် လိုက်ပေါ့ဆိုသည့် သူဌေးတွေချည်း ကျွန်တော် တွေ့ရသည်။ ထို့ကြောင့်လည်း သိန်းတရာမှန်းထားသည့်အလုပ်က သိန်း နှစ်ရာတွေ ဖြစ်ကုန်တတ်ကြသည်။

သို့သော် ပြုပြင်ထိန်းသိမ်းရေးအတွက် ငွေကုန်ရတော့မည်ဆိုလျှင် မြန်မာပြည်က သူဌေးလောက် လက်ပေါက်ကပ်တာ ကမ္ဘာမှာ ဘယ်သူမှမရှိ။ နိုးတူး။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့် ပညာပေးအစီအစဉ် ပြသနေသော တန်ဖိုးကြီး LCD တီဗီကြီးမှာ ကင်းမျှင်များ၊ ဖုန်များက မြင်မကောင်း။ တိုးလို့ တွဲလွဲ ၀ါယာကြိုးများက  ဖိတ်ဖိတ် တောက် ဧည့်ကြိုကောင်တာထက်မှာ မလေးရှားစုန်းကားထဲက စုန်းမကြီး၏ ဆံပင်တွေလို မြင်လို့ပင်မကောင်း။ “ဒါလေးတွေ ပြင်ပါလား ခင်ည။ ကျွန်တော်တို့ ဈေးအသက်သာဆုံးဖြစ်အောင် ညှိပေးပါ့မယ်” ဟု ပြောမိတော့ ဘော်လာမချက်နဲ့ မောင်ရင် ဆိုသည့် အကြည့်ဖြင့် အကြည့်ခံရသည်။

ပြီးခဲ့သော သင်္ကြန်တွင်းက ရန်ကုန်မြို့နှင့် မလှမ်းမကမ်းရှိ နိုင်ငံကျော်မြို့လေးတခုသို့ ကျွန်တော် ရောက်သွားသည်။ ဒုလ္ဘ ၀တ်ရင်း၊ တရားစခန်းဝင်ရင်း၊ ဆောက်တည်ရာမရဖြစ်ခဲ့သောစိတ်တွေကို ပြန်လည်ထိန်းညှိဖို့ကြိုးစားရင်း။ သို့သော် သင်္ကန်း ကြီးတဖားဖားဖြင့် ဘုန်းတော်ကြီးကျောင်း၏ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတွေကို ၀င်ပြီး ကူညီပေးခဲ့ကြသည်။ မီးတွေဆင်၊ ရေ တွေပြင်။ ကျွန်တော်တို့လုပ်အားတွေကို ဆရာတော်ဘုရားက အသိအမှတ်ပြုသည့်အနေဖြင့် ကျွန်တော်တို့ကို ဦးစားပေးရှာ သည်။ အရေးပေးရှာသည်။ ကျွန်တော်စိတ်ဝင်စားမှန်းသိသဖြင့် ဆရာတော့်ကျောင်းနှင့် မလှမ်းမကမ်းရှိ ရွာကလေးအတွက် ကိုရီးယားနိုင်ငံမှ လှူထားသည့် နေအားလျှပ်စစ် စက်ရုံလေးကို ခေါ်သွားခဲ့သည်။

နေအား လျှပ်စစ်ထုတ်လုပ်သည့်အရည်အသွေးရှိသော ဆိုလာပြားများက ပေတရာပတ်လည် မြေကွက်အပြည့်။ ဘက်ထရီ အိုးများ၊ အားသွင်းစက်များကို ဆက်သွယ်ထားသည်။ ခက်တာက ဖုန်အလိမ်းလိမ်းတက်။ ပင့်ကူမျှင်တွေက မြင်လို့ပင်မ ကောင်း။ ပျက်တာတွေက ပျက်။ သုံးမရတာတွေကများ။ ရာခိုင်နှုန်း ငါးဆယ်ခန့်သာ ကောင်းတော့သည်။ ၆၀ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာနေအားလျှပ်စစ်စက်ရုံလေးက လူသူလေးပါးစွန့်ပစ်ထားသည့် ဇရပ်တဆောင်လေးလို ရှိနေသည်။ အလှူရှင်တွေဖြစ်ကြသည့် ကိုရီးယားတွေကတော့ ဆိုလာပြားတွေလှူသည်။ ဘက်ထရီတွေ လှူသည်။ မီးပေးသွယ်တန်းမှု များ အဆင်သင့်လာချိတ်ဆက်နိုင်ဖို့ လျှပ်စီးဖြတ်လမ်းကိရိယာ (circuit breaker) များ တပ်ပေးခဲ့သည်။ သူတို့ ရည်ရွယ်ခဲ့ပုံက ရွာကလေးအတွက် ၀ါယာကြိုးသွယ်တန်းခြင်းအား မိမိအစီအစဉ်ဖြင့် မိမိလုပ်ခဲ့စေချင်ပုံရသည်။ ရွာကလေးက အလှူရှင်တွေ ၏ရည်ရွယ်ရင်းကို မသိတာဘဲလား၊ မလုပ်တာဘဲလား။ သူတို့၏ဘက်ထရီအိုးကြီးတွေကို မလာပြီး အားသွင်းခြင်းသာ ပြုကြ သည်တဲ့။ သဲတရှပ်ရှပ်၊ ဖုန်တလောလောအဆောက်အဦလေးကို ကျွန်တော်တို့ ကျောခိုင်းထွက်ခဲ့စဉ်မှာ အားသွင်းဖို့ ဘက် ထရီအိုးကြီးများကိုမလာသော ရွာသား တယောက်စ၊ နှစ်ယောက်စကို မျက်နှာချင်းဆိုင် ဖြတ်သန်းခဲ့ကြသည်။

ဆယ်စုနှစ်တခုစာလောက် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်မျိုးစုံလုပ် ကျွန်သက်ရှည်ခဲ့သော ကျွန်တော်တယောက် မြန်မာ နိုင်ငံကို ပြန်ရောက်ကတည်းက စကားကြီးကြီးကျယ်ကျယ်တွေ မပြောဖြစ်ဖို့ အလွန်သတိထားသည်။  အရာရာမှာ စနစ်ကျပြီး သား နိုင်ငံများနှင့်ချိန်ထိုးပြီး စိတ်တိုင်းမကျတာတွေ၊ ဘ၀င်မကျတာတွေ အများကြီးဖြစ်သော်လည်း ဒါတော့ ဒါပေါ့။ ဖြည်း ဖြည်းပြင်ကြမှာပါလို့ ဆရာကြီးပုံစံမဖမ်းဘဲ တယောက်တည်း တိုးတိုးတိတ်တိတ် တွေးပါသည်။ နေရာတကာမှာ ၀င်ငန်ရမှ စိတ်ကျေနပ်ကြသော ပဲခူးဆားတွေများသည့် ဒီခေတ်ကြီးမှာ ဘယ်ကိစ္စမဆို ငါဘာမှမပြောဘဲနေရင် ခေတ်နောက်ကျ တော့မှာဘဲဆိုသည့် စိုးရိမ်သည့် စိတ်ထားမျိုး နည်းနိုင်သမျှ နည်းချင်တာလဲ ပါသည်။

သို့ပေသိ ပြုပြင်ထိန်းသိမ်းရေးကိစ္စအား ခပ်ပေါ့ပေါ့တွေးကြသည်ကို တွေ့ရတာများလာတော့ ကျွန်တော်သည်လည်း ပဲခူး ဆား ဖြစ်စေတော့။ ပြုပြင်ထိန်းသိမ်းသည့်နေရာမှာ ရုပ်ဝတ္ထုတွေတင်ဘဲလား။ စိတ်ဓာတ်တွေရော၊ စနစ်တွေရော၊ အတွေးအ ခေါ် အဟောင်းတွေရော။ အားလုံး၊ အားလုံး အသစ် အသစ် ဖြစ်ချင်သော်လည်း မဖြစ်နိုင်ပါ။ သာဓကအားဖြင့် အုပ်ချုပ်သူ လူတန်းစားများ။ သမ္မတ ပြောင်းနိုင်သည်။ ၀န်ကြီးတွေ ပြောင်းနိုင်သည်။ ငါးနှစ်ပြည့်တိုင်း ဒီလိုဘဲ လွယ်လွယ်ပြောင်းလို့ ရပြီ ဆိုကြပါစို့။ သို့သော် သက်ဆိုင်ရာ ဦးစီးမှုးတွေ၊ ညွှန်မှုးတွေကို လွယ်လွယ်ပြောင်းလို့မရ။ သူတို့၏ လုပ်သက်၊ အတွေ့အကြုံများ အရ အစိုးရ ဘယ်လိုဘဲပြောင်းပြောင်း သူတို့က အမာခံကျောရိုးတွေအဖြစ် ကျန်နေခဲ့ရမှာ ဖြစ်သည်။ သူတို့၏ လုပ်ရည်ကိုင် ရည်တွေက အောက်ခြေ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် ကိစ္စတွေကို ကြီးစွာ သက်ရောက်မှုဖြစ်စေသည်။ လုပ်နည်း ကိုင်နည်း အမှားတွေ၊ စနစ်အမှားတွေကို အသစ်မပြောင်းချင်လျှင်သော်မှ ကြည့်ကောင်းအောင်၊ အဆင်ပြေအောင် ပြုပြင်ထိန်းသိမ်းစေချင်ကြသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၏ အစည်းအဝေးခန်းမတခုထဲသို့ ကျွန်တော် ရောက်သွား သည်။ လာသည့် ဦးစီးမှုး၊ ညွှန်မှူးတွေက ဌာနပေါင်းစုံ။ စည်းဝေးပွဲက အနည်းငယ် အရေးကြီးသည်ဟုဆိုသော် ရကောင်း၏။ စည်းဝေးပွဲသို့ အချိန်မှီအောင် လေးလေးစားစားလာကြသည်။ စကားအသုံးအနှုန်း၊ အပြောအဆို၊ ပြောပေါက် ဆိုပေါက်တွေ က အရင်ခေတ်နဲ့ လုံးဝမတူ။ မတူရေးချ မတူ။ အပြုသဘောဆောင်လာသည်။ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ရတော့ မယ်ဟု သိကြဟန်တူသည်။ သို့သော် ခက်တာက စည်းဝေးပွဲအစီအစဉ် အာဂျင်ဒါမရှိ။ ထို့ကြောင့် ရှိရှိသမျှလူတွေက မိမိ ထင်ရာ မြင်ရာကို ထထပြီး ပြောချင်သည့်အချိန် ပြောနိုင်သည်။ အချိန် အကန့်အသတ်မရှိ။

ကျွန်တော့်ဗဟုသုတအရ နိုင်ငံ့ခေါင်းဆောင်တွေ၏ အရေးကြီးအစည်းအဝေးလုပ်တာဘဲ ဖြစ်ဖြစ်၊ အစည်းအဝေးကို ဘယ်လို လုပ်ရမယ်လို့ ကောင်းစွာသိသော အဖွဲ့အစည်းမှာဘဲဖြစ်ဖြစ် ခေါင်းစဉ်တွေ၊ အာဂျင်ဒါတွေ ခွဲလာသည်။ ဘယ်အပိုင်းကို ပြော မှာလဲ။ ဘယ်အပိုင်းကို အဓိက ထားပြီး ဘယ်အကြောင်းအရာကို ဒီစည်းဝေးပွဲမှာ နည်းနည်း စထားခဲ့မလဲ။ ဘယ်အရာကိုတော့ နောက်အစည်းအဝေးမှာ အဓိကဆွေးနွေးဖို့ ဘယ်သူတွေကို ဘယ်လိုတာဝန်ပေးလိုက်မလဲ။ ဒီလိုမျိုးနည်းလမ်းတွေဖြင့် ပြဿနာတွေ၊ အလုပ်တွေကို ပြီးပြတ်စေရသည်။ ဆွေးနွေးငြင်းခုံရသည်။ အခုကျတော့ ဈေးထဲက လ္ဘက်ရည်ဆိုင်မှာ လေ ထိုင်ကန်သလိုမျိုး တယောက်တပေါက်။ အချင်းချင်းလဲ ပြောသည်။ တဖက်ကိုလဲ ပြောသည်။ ပြောသမျှကိုလည်း မှတ်တမ်း မှတ်ရာ ထားတာ ကျွန်တော် မမြင်။ လူ့ ဦးနှောက်က ဘယ်လောက်များ မှတ်သားနိုင်မှာမို့လို့လည်း။ အရေးကြီး ကိစ္စမှန်သမျှ အဖြူ၊ အမည်း သဲသဲကွဲကွဲဖြစ်အောင် စာရွက်စာတမ်းဖြင့် လုပ်ကြရသည် မဟုတ်လား။ စည်းဝေးပွဲမှတ်တမ်း ပြီးရင် ရှိလာ မယ်လို့ ကျွန်တော် မထင်။ ရှိခဲ့ရင်သော်မှဘဲ ၀က်လချီးလည်နေသည့် စည်းဝေးပွဲမှတ်တမ်းကြီးသာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့ ပြောင်းဖို့ကြိုးစားခဲ့ကြသည်။ ခေါင်းဆောင်နောက်ကို ဖ၀ါးထပ်မျှ လိုက်ခဲ့ကြသည်။ ခေါင်းဆောင်၏ စိတ်စေ တနာနှင့်အလုပ်ကို ကောင်းမွန်စွာ သိကြသည်။ အလုပ်တိုင်းမှာ စိတ်ကောင်း စေတနာရှိရုံဖြင့် ပြီးတာမဟုတ်။ I will try my best ဆိုတိုင်း မင်းရဲ့အကောင်းဆုံးက ဘယ်လောက်လဲဆိုတာလည်း ပြန်မေးသင့်သည့် မေးခွန်းသာ ဖြစ်သည်။ ကျွန်တော် တို့မှာ လုပ်စရာ အလုပ်တွေက တပုံတပင်။ ရှင်းစရာ အမှိုက်သရိုက်တွေက မြင်လို့ပင်မကောင်း။ စနစ်အဟောင်း၊ အတွေးအ ခေါ်အဟောင်းတွေ လုံးဝ အသုံးမ၀င်ဘူးလို့ မဆိုချင်ပါ။ သူ့နေရာနဲ့သူ ရှိရအုံးမှာပါဘဲ။ ဒါပေသိ ပိုကောင်းသွားအောင်၊ ပိုတင့်တယ်သွားအောင်၊ ပိုပြီး အလုပ်ဖြစ်သွားအောင် ပြုပြင်ထိန်းသိမ်းသင့်ကြပါသည်။

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်က လူသည် မကောင်းမှုတွင် မွေ့လျော်သည်ဟု ခပ်ရဲရဲကြီး မိန့်ခဲ့သည်။ မှန်၊ မမှန် ကိုယ့် စိတ်ကိုယ်သာ ပြန်ကြည့်ကြစေချင်သည်။ အပျက်ဘက်ကို ဦးတည်နေသည့် စိတ်အခံများ။ ဒါတွေက ဖြစ်တတ်သည့် လူ့သ ဘော လူ့မနော။ ထူးဆန်း အံ့သြစရာ မရှိ။ ဘုရားရှင်က အနာကိုပြပြီး ဆေးကုနည်းကျ မပေးဘဲ ထားခဲ့တာ မဟုတ်။ ကုသဖို့ ဆေးက “သတိ” ဆိုသည့် ဆေး။ ဘယ်တော့မှ ပိုသည်မရှိသည့် ဆေး။

စိတ်ဆိုး စိတ်ယုတ်တွေကို တိုက်ထုတ်ပစ်ဖို့ “သတိ” လိုသလို၊ ခေတ်ဟောင်း စနစ်ဟောင်းကြီးကို ချန်ထားခဲ့ဖို့ “ပြုပြင် ထိန်း သိမ်းရေး” အရေးကြီးပါသည်။ သတိထားပါ။ ပြုပြင်ထိန်းသိမ်းကြပါလို့ ကျွန်တော် ဖိုးထက်က တိုက်တွန်းလျှင် ဒီပဲခူးဆား တယ်ငန်သကိုးလို့ မထင်ကြစေလိုပါ။

ဖိုးထက်

သရုပ်ဖော် - သန်းဌေးမောင်