မိုက်ခဲစိန် - ရီပတ်ဘလစ်ကန်နဲ့ ထရန့်ပါတီ ကြံ့ဖွတ်နောက်လိုက်တော့မည်လော




မိုက်ခဲစိန် - ရီပတ်ဘလစ်ကန်နဲ့ ထရန့်ပါတီ ကြံ့ဖွတ်နောက်လိုက်တော့မည်လော
(မိုးမခ) မေ ၇၊ ၂၀၁၆


၂၀၁၅ မြန်မာပြည် အပြောင်းအလဲ ဂယက်ဟာ အိမ်နီးချင်းနိုင်ငံတွေကို တဆင့်ပြီး တဆင့် ရိုက်ခတ်တော့မယ်လို့ ရေးလိုက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံ အဆင့်အတန်းဟာ နိုင်ငံတကာမှာ ခန့်ငြားစေတော့မှာ သေချာနေပါပြီ။ စင်ကာပူက လီကွမ်ယူဟာ စီနီယာဝန်ကြီးဘ၀နဲ့ အရိုးထုတ်ခဲ့ရရှာတယ်။ ဒေါ်စုကတော့ ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ အဆင့်ကိုကျော်ပြီး နိုင်ငံတော် အတိုင်ပင်ခံဘ၀ကို ခုန်ကျော်ပြီး ရောက်သွားရတော့ ၂၀၀၈ အခြေခံဥပဒေကိုပဲ ကျေးဇူးတင်ရမလား၊ တမတ်သား စစ်တပ်လွှတ်တော်အမတ်တွေကို ဂုဏ်ပြုရမလားလို့တောင် ဝေခွဲ မရ ဖြစ်မိပါသေး။ ရွေးကောက်ပွဲ ရှုံးသွားတဲ့ တပ်မတော်နောက်ခံ ကြံ့ဖွတ်ပါတီဟာ အချင်းချင်းတွေကြား လက်ညိုးတွေ ထိုးကြ၊ အပြစ်တွေ တင်ကြ၊ ခွဲကြ ကွဲကြနဲ့ ရှေ့ကသွားနှင့်တဲ့ မဆလပါတီတို့ တဆညပါတီတို့နောက် လိုက်တော့လေမလား မသိဘူးပေါ့ဗျာ။

ကြံ့ဖွတ်ပါတီဆိုလို့ အမေရိကန်မှာလည်း ရွေးကောက်ပွဲ အကြပ်အတည်းဆိုက်နေတယ်လို့ ပြောရမယ်ဗျ။ တလောက သာဂိက လူပြိန်းကြိုက်အမေရိကန်နိုင်ငံရေးလို့ ရေးလိုက်တယ်။ လူပြိန်းကြိုက်တာတွေ အစွန်းရောက်သွားရင် ကိုယ့်ဇာတ်ကိုယ်မနိုင် ဖြစ်ကြလိမ့်မယ်လို့လည်း သူက ပြောသဗျ။ လူပြိန်းကြိုက် လက်ယာအစွန်းရောက် အရင်းရှင်ထိပ်သီး ဓနရှင်ကြီး ဒေါ်နယ်ထရန့်ဟာ အမေရိကန်မင်းလောင်းပြိုင်ပွဲမှာ ၀င်ပြိုင်လိုက်တဲ့အခါ ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်ပိုင်းနဲ့ အမတ်မင်းများက ခပ်ပေါ့ပေါ့ထားခဲ့ကြတာကိုး။ သူတို့ဆီက အစဉ်အလာရှိတဲ့ သမ္မာရင့်တဲ့ နိုင်ငံရေးသမားတွေသာလျင် သမ္မတအကြို ရွေးကောက်ပွဲမှာ နောက်ဆုံးတော့ အောင်ပန်းဆင်မယ်၊ ဒေါ်နယ်ထရန့်ဆိုတာ လက်ဝှေ့ပွဲမှာ ပွဲစည်အောင် ပွဲဆူအောင် ကြားပွဲဝင်ထိုးတာ သာသာလောက် သဘောထားပြီး လွှတ်ပေးထားတာကိုးလေ။ ဘယ်နှယ့် လွန်ခဲ့တဲ့ တပတ်မှာတင်ပဲ ထရန့်တယောက်က ပြိုင်ဖက် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတွေအားလုံးကို နောက်ကောက်ချပြီး ပြိုင်ဖက်မရှိ ပါတီသမ္မတလောင်းအဖြစ် လက်ခမောင်း တဖြောင်းဖြောင်း ခတ်လိုက် နိုင်လိုက်ပါရောလားဗျာ။

ယိုးဒယားဇတ်ထဲက ဒဿဂီရိမင်းသားဟာ ပြိုင်ဖက်မင်းသားတွေကို ကျော်ပြီး လေးတင်ပွဲမှာ အသာစီးရသွားတဲ့အခါ မယ်သီတာမင်းသမီး မျက်ကလဲ ဆန်ပြာ ဖြစ်သွားရသလို ရီပတ်ဘလစ်ကန်တွေလည်း မျက်လုံးတွေ ပြူးကုန်ကြတာပေါ့ဗျာ။ သူတို့ပါတီမှာ ရာမတို့ လက္ခဏတို့လို ဇာတ်လိုက်တွေလည်း ဘယ်ချောင်ရောက်နေသလဲ မသိပါဘူး။ နှုတ်ကြမ်း အာကြမ်းသူ၊ ဆူပူလှုံဆော်သူ၊ ပြိုင်ဖက်များကို ပုတ်ခတ် ပြောဆို အနိုင်ယူသူ၊ နိုင်ငံတကာ ဆက်ဆံရေးလည်း မသိ၊ အရာရာကို သူပိုင်ဆိုင်တဲ့ ဟော်တယ်၊ မြေယာ၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ အလုပ်သမားတွေလို သဘောထားသူတဦးက အမေရိကန်ပြည်မှာ မင်းလောင်း ၀င်ပြိုင်တော့မှာ ဆိုတော့ အဆိုပါ ပါတီက ခေါင်းဆောင်တွေ ခေါင်းနပမ်းကြီး ကုန်တာ မဆန်းဘူးပေါ့ ခင်ဗျာ။

ဒေါ်နယ်ထရန့်သာ အမေရိကန်ပြည်ကို အုပ်ချုပ်မင်းလုပ်တော့မယ် ဆိုရင်ဖြင့် သူနဲ့ သဘောမတူတဲ့သူတွေကို ဘယ်လောက်များ စော်ကားပုတ်ခတ် ချိုးနှိမ် ဖိနှိပ်အုပ်ချုပ်တော့မယ် ဆိုတာ မမှန်းတတ်အောင် ဖြစ်ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေကလည်း စိုးရိမ်ပူပန်သောက ရောက်ကြပါတယ်။ ဒေါ်နယ်ထရန့်ကို ထောက်ခံတဲ့သူတွေ ဆိုတာက အကြိုရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၈ သန်း ရှိပါတယ်။ အမေရိကန်ပြည်မှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် သန်း ၂၂၀ ကျော် ရှိပြီး တကယ့်ရွေးကောက်ပွဲကြီးကျရင် မဲပေးတဲ့သူက သန်း ၁၂၀ လောက် ရှိတော့ အခု အကြိုရွေးကောက်ပွဲတွေမှာ ကိုယ့်ပါတီ သူ့ပါတီ သမ္မတလောင်း ရွေးတဲ့ဆီမှာ လူ ၈ သန်းကျော်က ထွက် မဲပေးတယ်ဆိုတာ နည်းတဲ့ လူဦးရေ မဟုတ်ပါဘူး။ ပါတီပြိုင်ဖက် ဒီမိုကရက်က ဟီလာရီကလင်တန်ကိုယ်တိုင်လည်း ဆန္ဒမဲ ၈ သန်းကျော်နဲ့ ထိပ်က ပြေးနေတာပါ။ မည်သို့ပင် ဖြစ်စေကာမူ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒေါ်နယ်ထရန့်ကိုသာ ခေါင်းတင်ပြီး ၂၀၁၆ ရွေးကောက်ပွဲ ၀င်ရမယ်သာဆိုရင်ဖြင့် ရီပတ်ဘလစ်ကန်ပါတီဟာ ကိုယ့်ပါတီကို သေတွင်းများ တူးနေပြီလားလို့ မေးခွန်းတွေ ထုတ်လာကြပါတော့တယ်။

အမေရိကန်နိုင်ငံရေးက သမ္မတတဦးတည်းက မင်းလုပ် အုပ်ချုပ်ရုံနဲ့ ပြီးတာမှ မဟုတ်တာကိုး။ သူတို့ အထက်နဲ့ အောက်လွှတ်တော် အမတ်တွေကိုယ်တိုင်ကလည်း ၂၀၁၆ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြရဦးမှာ ဖြစ်ပါတယ်။ အမတ်တွေ ကိုယ်တိုင် အများစု အနိုင်ရကြမှ နိုင်ငံတော်အချုပ်အခြာကို အများစုအားနဲ့ အုပ်စီးပြီး အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ၂၀၀၈ မှာ အနားယူသွားတဲ့ ရီပတ်ဘလစ်ကန်က ဂျူနီယာဘွတ်ခ်ျ တုန်းကလည်း သည်လိုမျိုးနဲ့ ပြောဆို ပုတ်ခတ်ပြီး တက်လာတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ သူ့ ထိုးနှက်ချက်တွေက ထိရောက်လွန်းလို့ ပြိုင်ဖက် ဒီမိုကရက်တွေဖက်က သမ္မတလောင်း ကယ်ရီ (ယခု ဒုသမ္မတ) ခင်ဗျာ ၂၀၀၄ (ဒုသက်တမ်း) တုန်းက ပြိုင်ပွဲမှာ ၀က်ဝက်ကွဲ မဲရှုံးခဲ့ရပါတယ်။ သို့သော် ဘွတ်ခ်ျလက်ထက်မှာ အထက်အောက် လွှတ်တော်တွေမှာ ဒီမိုကရက်တွေ မဲအသာစီးရပြီးတော့ လွှတ်တော်ကနေ သမ္မတကို ကန့်သတ်နိုင်ခဲ့ကြဖူးတယ်။ ၂၀၀၈ နောက်ပိုင်း အိုဘားမား ၀က်ဝက်ကွဲ နိုင်တုန်းက လွှတ်တော် ၂ ရပ်လုံးမှာ ဒီမိုကရက်တွေချည်း ပန်းပန်ခဲ့ကြသော်လည်း ၂၀၁၂ အပြီးမှာတော့ဖြင့် လွှတ်တော် ၂ရပ်လုံးမှာ ရီပတ်ဘလစ်ကန်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ နောက်ပိုင်း အမေရိကန်ပြည် နိုင်ငံရေးမှာ ရီပတ်ဘလစ်ကန်တွေဟာ မလုပ် မရှုပ် မပြုတ် ပိတ်ဆို့ တားဆီး ကန့်ကွက်မှုတွေနဲ့ပဲ နိုင်ငံရေးကစားလွန်းလို့ တိုင်းပြည်ဟာ တိုးတက်ရေး ခရီးဖင့်နေရတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သည်လို ရီပတ်ဘလစ်ကန်အမတ်ဝါရင့်တွေ နိုင်ငံရေးအံတိုနေသူတွေ ကို ရိပတ်ဘလစ်ကန်ပါတီဘက်သား မဲဆန္ဒရှင်တွေက စိတ်ကုန်လွန်းလို့ စိတ်ပျက်လွန်းလို့ ဒီတခါရွေးကောက်ပွဲမှာ သွေးသစ်လောင်းနိုင်မယ့် တမူထူးခြားတဲ့ ဓနရှင်ကြီး အပြောအဆိုမင်းသား ဒေါ်နယ်ထရန့်ကို ဆွမ်းကြီးလောင်း မဲပေးနေကြတာ ဖြစ်ကြောင်း သုံးသပ်ကြပါတယ် ခင်ဗျ။

တင်မဲ့ တင်လိုက်တော့လည်း လူပြိန်းကြိုက်လွန်းသူကြီးဆိုတော့ သမ္မတသာ ဖြစ်ချင် ဖြစ်မယ်၊ အထက်အောက် လွှတ်တော်အမတ်တွေနေရာမှာက ပြိုင်ဖက်ဒီမိုကရက်တွေနဲ့ အလဲအကွဲ ထိုးကြရမှာဆိုတော့ အရင်တုန်းကလို အသာစီးရဖို့ မလွယ်ဖူးကိုးလေ။ ပြီးတော့လည်း တကယ်တန်းကို သမ္မတ ရွေးကောက်ပွဲ အစစ်ကြီးမှာ ကိုယ့်ပါတီက သည်လိုမျိုး ဒဿဂီရိကို တင်လိုက်မိလို့ မတော်မတည့် ရှုံးခဲ့ရင် နောင် ရွေးကောက်ပွဲ အဆက်ဆက်မှာ ပါတီအသက် ဆက်နိုင်ဖို့က မလွယ်တော့ဘူးကိုး။ ရီပတ်ဘလစ်ကန် ပါတီက သွေးသစ်လောင်းတိုင်းမှာ အငြင်းပွားဖွယ်ရာ လူပြိန်းကြိုက်တွေချည်းနဲ့ ထိုးတင်နေရတာကလည်း နှစ်ကာလ ရှည်ကြာခဲ့ပြီ ဆိုရမယ်။ သူတို့ပါတီက အတိတ်ကိုလှန်တိုင်း မင်းကောင်းမင်းမြတ်ကြီးလို့ သမုတ်ကြ လက်ညိုးထိုး ဂုဏ်ယူကြရတာက ဟောလိဝုဒ်မင်းသားဟောင်း ရော်နယ်ရီဂင်ပါ (၁၉၈၁-၈၉)။ ဘယ်နှယ့် မွေးကတည်းက နိုင်ငံရေးလုပ်ခဲ့သူမှ မဟုတ်တာ၊ ကောင်းဘွိုင်းမင်းသားကနေ မင်းတက်လုပ်တာလေ။ ပြီးတော့ ဘွတ်ခ်ျအကြီး၊ ဒါက ရီဂင်နောက်လိုက် (၁၉၈၉-၉၃)။ ဒီကြားထဲ ပြိုင်ဖက်ပါတီက ဒီမိုကရက် ကလင်တန် သမ္မတဖြစ်လာ (၁၉၉၃-၂၀၀၁)။ သူကတော့ အရပ်သား ပညာတတ် နိုင်ငံရေးသမား။ နောက်တက်လာတာက ဂျုနီယာဘွတ်ခ်ျ၊ (၂၀၀၁-၂၀၀၈) မဲဆွယ်တဲ့ဆီမှာ အမျိုး ဘာသာ သာသနာနဲ့ မဲအဆွယ်ကောင်း၊ အပြော အဆိုကောင်း၊ တဖက်ကို နှုတ်သီးကောင်း။ ကုန်ကုန်ပြောရရင် နောက်ဆုံး မဲတွေ အခြေအတင်ဖြစ်နေတော့ မဲအသာစီး သူတင်ကိုယ်တင်မှာ အငြင်းသန်တာနဲ့ အလျော့မပေးတာနဲ့တင် ပြိုင်ဖက် အယ်လ်ဂိုးက အရှုံးပေးလိုက်လို့ ဘွတ်ခ်ျဂျူနီယာ မင်းတက်လုပ်ခဲ့ရတာကိုး။ ဒီလိုနဲ့ အိုဘားမား (၂၀၀၉-၂၀၁၆) တက်လာတော့ သူက ကလင်တန်တို့လို အရပ်သား၊ ပညာတတ်၊ နိုင်ငံရေးသမား။ ကဲ အခု ပြိုင်ကြပြန်ပြီ။ ရီပတ်ဘလစ်ကန်ဖက်က အသက်အောင့်ပြီး တင်ရမယ့်သူက တီဗီ မင်းသား၊ သေဌေးကြီး အာပြဲ အဲလေ ထရန့်။

သို့သော်လည်း ရှေးရိုးစွဲပါတီကြီး ရီပတ်ဘလစ်ကန်ပါတီက လူပြိန်းကြိုက်နဲ့ အသာစီးရနည်း အပြင် လူပေါ်လူဇော်လုပ် ကြိုးကိုင်ပြီး နိုင်ငံရေးကစားတဲ့ နည်းတွေလည်း တတ်မြောက် အတွေ့အကြုံရှိတော့ အထင်တော့ သေးလို့ မရပါဘူး။ ပါတီက မင်းသား ရီဂင်ကို ခေါင်းတင်ခဲ့သော်လည်း ဒုသမ္မတက နိုင်ငံရေးသမား၊ သူကြွယ်ကြီး ဂျော့ခ်ျဘွတ်ပါ။ ပါတီက လူပျော် ဘွတ်ခ်ျအငယ်ကို မင်းလုပ်ခိုင်းတုန်းက ဒုသမ္မတ ဒစ်ချေးနီပါ။ သူက ကြံ့ဖွတ်ပါတီအခေါ် ခေါင်းမာဂိုဏ်းသား၊ နိုင်ငံရေးသမားကြီး။ အိုဘာမားနဲ့ ပြိုင်တုန်းကလည်း စစ်မှုထမ်းဟောင်း မက်ကိန်းကို ခေါင်းတင်သော်လည်း လူပြိန်းကြိုက် စွာတေး ဆာရာပေလင်ကို ဒုသမ္မတအဖြစ် ရွေးခံခိုင်းခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အိုဘားမားတို့ရဲ့ ခေတ်ဆန်သော ပါတီနဲ့ နိုင်ငံရေးသမားတွေကို တိုက်ဖို့ လူပြိန်းကြိုက် အမျိုး ဘာသာ သာသနာ အစွန်းရောက်တွေ အစွဲသန်တွေ လူငယ် လူကြီးစုံကို ရှေ့တင်ထားပါတယ်။ သို့သော်လည်း ကံကြမ္မာ ကွက်ကြားမိုးနဲ့ မမျှော်လင့်တဲ့ ပေါက်ကောင် ထရန့် ဖြစ်နေတော့ လူမျိုးပေါင်းစုံ နေထိုင်သော ခေတ်သစ်အမေရိကားမှာ ရီပတ်ဘလစ်ကန်တို့ ဆက်ခေတ်ကောင်းပါဦးတော့မလားလို့ စိုးရိမ်မိကြတာ တင်ပြလိုရင်း ဖြစ်ကြောင်းပါ။

ဒါနဲ့ ကြံ့ဖွတ်ပါတီနောက်လိုက်တော့မယ်ဆိုပြီးတော့ မဟားဒယား ခေါင်းစဉ်တတ်ရေးထားရတာလဲလို့ မေးခွန်းထုတ်ချင်စရာပါ။ ဒါက ဒီလိုပါခင်ဗျ။ ကြံ့ဖွတ်ပါတီဟာ တပ်မတော် ကျောထောက်နောက်ခံနဲ့ အတော်ကို စွာခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ သဘောထားကြီးစွာ အရှုံးကို ရင်ဆိုင်ခဲ့ကြပါတယ်။ အဲသည်နောက်ပိုင်းမှာ တပ်မတော်နဲ့ သူတို့ တထပ်တည်း ၂ ကိုယ့် ၁ စိတ် ဆက်ရှိကြပါဦးတော့မလားဆိုတာ စိုးရိမ်စရာပါ။ တပ်မတော်ကိုယ်တိုင်ကလည်း တမတ်သား လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဇာတ်ညွှန်းထဲကနေ ဒီမိုကရေစီအင်အားစုတွေကို ထိန်းကြောင်းပြီး စည်းကမ်းရှိသော ဒီမိုကရေစီလူ့ဘောင်ကြီး တည်ဆောင်လေတော့မည်လားလို့ စိတ်ကူးယဉ်ကြည့်ချင် စရာလိုလို ဖြစ်နေတကကိုး။ အဲသည်လိုပဲ အစဉ်အလာရှိတဲ့ သမာရိုးကျ ရှေးရိုးစွဲ နိုင်ငံရေးသမားတွေနဲ့ လည်ပတ်နေတဲ့ ရီပတ်ဘလစ်ကန်ဟာ မကြာမီကာလအတွင်းမှာ ဟော့ဟော့ရမ်းရမ်း ဗရမ်းဗတာနိုင်တဲ့ လက်ယာစွန်းရောက် နိုင်ငံရေးမျိုးဆက်သစ်တွေလက်ထဲ ပြောင်းလဲ ခေတ်ဆန်းကြတော့မည်လေလားလို့ မျှော်မှန်း ရမ်းယောင်ကြည့်မိစေချင်လို့ ခေါင်းတပ်လိုက်ကြောင်းပါခင်ဗျား။ ။