နိုင်ငံတကာသာဂိ - အမေရိကန်အိပ်မက်တွေရဲ့ ဈာပန လို့ ချောင်စကီးက ပြောလိုက်ပြီ



နိုင်ငံတကာသာဂိ - အမေရိကန်အိပ်မက်တွေရဲ့ ဈာပန လို့ ချောင်စကီးက ပြောလိုက်ပြီ
(မိုးမခ) မေ ၂၆၊ ၂၀၁၆


Noam Chomsky’s new film “Requiem for the American Dream” ဆိုတဲ့ မှတ်တမ်းရုပ်မြင် ကြည့်ပြီးကြပြီလား။ အမေရိကန်အိပ်မက်များအတွက် ဈာပန လို့ ဘာသာပြန်ရမယ် ထင်တယ်။ ဈာပနဆိုတာထက် အသုဘရှုတယ်၊ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပတယ်လို့ ဆိုမယ်။ ဈာပနဆိုတာက အသုဘအခမ်းအနားတခုလုံးကို ဆိုတာ။ အဲသည်မှာမှ အသုဘ မချခင် အောက်မေ့ဘွယ် အခမ်းအနားလုပ်တာ၊ အသုဘရှုတာကို requiem လို့ ပြော ဆိုပဲဗျ။ လူစုလူဝေးနဲ့ ကျင်းပရတာကိုး။ အခု ချောင်စကီး ပြောချင်တာက အမေရိကန်အိပ်မက် ဆိုတာတွေ သေဆုံးသွားပြီ၊ သူတို့တွေကို ဈာပနလိုက်ပို့လိုက်ရပြီလို့ ပြောချင်တာ။

ကဲ… ချောင်စကီးအကြောင်းက စပြောကြပါစို့။ ချောင်စကီးကို သာဂိ မသိဘူး။ မောင်ရစ် ပြောတာပါ။ ချောင်စကီး စာအုပ်တွေ စုပေးဖို့ ကိုနေ၀င်းအောင်က သူ့ကို ပြောတယ်တဲ့။ ကိုနောင်ကျော် ဖတ်ချင်တယ် ဆိုလို့တဲ့။ လူကြုံနဲ့ ပို့မယ်တဲ့။ ခင်ဗျားကော ကြားဖူးသလားမေးတယ်။ သာဂိတို့က ဟောလိဝုဒ်တို့ ဝေါ့ဒစ္စနီတို့လောက် သိတာ၊ ချောင်စကီးကို ဘယ်သိမှာလဲဗျာ။ မတ်တို့ လီနင်တို့ အိန်ဂျယ်တို့လောက်တော့ ကြားဖူးနားဝ ရှိတယ်။ သူတို့နောက်ပိုင်း ဘယ်သူမှ သိပ်မသိတော့ဘူးလို့ ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်ပေါ့ဗျာ။

အဲဒါနဲ့ မောင်ရစ်က မရပ်သေးဘူး။ ခင်ဗျား ဘာနီဆန်ဒါးဆိုတာ သိသလားတဲ့။ ဟိုးတုန်းက ဂျပန်မင်းသား ဆန်နီချီဘားပဲ သိတာဗျာ။ ဘယ်က ဘာနီဆန်းဒါး သိမှာလဲနော်။ မိုးမခကလူတွေက ပညာတတ် လူရည်လယ်တွေ၊ သာဂိတို့က တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံလူတန်းစားတွေဆိုတော့ ဘယ်ဥာဏ်မီမှာလဲလေ။ ဘာနီဆန်ဒါး က ဘာဖြစ်လို့တုန်း ပြန်မေးတော့ … သူက ဖြေတယ်။“ အေးဗျ … ကလေးတွေ လူငယ်တွေ အတော်ကြိုက်ကြတဲ့ အဖိုးကြီးဗျတဲ့။ ကျနော့်သမီးက ဘာနီမှ ဘာနီ ဆိုပဲတဲ့ဗျ” ။ ဘာနီက သီချင်းဆိုသလားဆိုတော့ မဟုတ်ပြန်ဘူး။ ၂၀၁၆ အမေရိကန်သမ္မတလောင်း ၀င်ပြိုင်နေတဲ့ လက်ဝဲသန်သူ နိုင်ငံရေးသမားကြီးတဲ့။ အထက်တန်းကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေက လူကြီးတွေ ရှေ့ကကြိုပြီးတော့ ဘာနီဆန်ဒါးရဲ့ တိုးတက်သော အမြင်တွေ အဘိဓမ္မာတွေကို ကြိုက်နှစ်သက်နေကြတယ် ဆိုပဲ။ ဘာနီဆန်ဒါးက ၇၄ နှစ် တောင် ရှိနေပြီ။ ခုနက သူပြောတဲ့ ချောင်စကီးက ၈၇ နှစ် ရှိနေပြီ။ ဒီ အိုကြီးအိုမတွေရဲ့ အဘိဓမ္မာတွေကို နောက်ပေါက်ကလေးတွေ မျိုးဆက်သစ်တွေ ကြိုက်နေကြတယ်၊ ခိုက်နေကြတယ်ဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ မဟုတ်ပါလား။

ဒါနဲ့ပဲ ချောင်စကီးကို လေ့လာမိတယ် ဆိုကြပါစို့။ ချောင်စကီးတို့ ဘာနီဆန်းဒါးတို့ဟာ ၁၉၆၀ ၁၉၇၀ ခုနှစ်တွေတုန်းက အမေရိကန်၏ civil rights movement တွေကို ဖြတ်သန်းရုန်းကန်ခဲ့ကြသူ ခပ်မိုက်မိုက် တက်ကြွလှုပ်ရှားသူမျိုးဆက်တွေ ဖြစ်ပါတယ်။ ဘာနီဆန်ဒါးကတော့ အမေရိကန်နိုင်ငံရေးသမားဖြစ်လာပြီး ချောင်စကီးကတော့ MIT က တက္ကသိုလ်ဆရာ၊ စာရေးဆရာ၊ စာဟောဆရာ ဖြစ်လာပါတယ်။ သူတို့ ဟောကြ ပြောကြတာကတော့ အရင်းရှင်ကြီးတွေဟာ အရင်းတွေ အများကြီး လက်ကိုင်ထားပြီး လူလတ်တန်းစား၊ အခြေခံလူတန်းစားတွေကို ဖိနှိပ် ချုပ်ကိုင်မှုတွေ ကုတ်သွေးစုတ် အမြတ်ထုတ်မှုတွေ လုပ်နေတယ်။ သူတို့ကို လူထုက ပြန်လည် တွန်းလှန် ပြောင်းလဲ ပစ်ရမယ်။ အရင်းရှင်ကြီးတွေနဲ့ သူတို့လက်ကိုင်တုတ် နိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်မှုနောက် လမ်းမှား မရောက်ဖို့ အသိဥာဏ် ပွင့်လင်းမှု ရှိရမယ် တဲ့။

အခု ချောင်စကီးရဲ့ အင်တာဗျုး ရုပ်မြင်မှတ်တမ်းဟာ အဲသည်အချက်ကို လူငယ်တွေ မျိုးဆက်သစ်တွေကို ပိုပြီး ထင်ရှားသိမြင်စေဖို့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ အခုချိန်မှာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ပွဲတွေ၊ အရင်းရှင်တွေက အရင်းမဲ့တွေအပေါ် နင်းခြေမှုတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေက နိုင်ငံတွေ ပြည်သူတွေအပေါ်ကို သြဇာလွှမ်းမိုးတာတွေ ပြင်းထန်နေတာကြောင့် အဲသည် အဘိုးကြီးတို့တွေရဲ့ အဘိဓမ္မာတွေ ထောက်ပြဝေဖန်မှုတွေကို လူငယ်တွေက အထူးသဖြင့် နားစိုက်ထောင်လာပြီးတော့ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေး တို့ကို တောင်းဆိုလာကြပါတယ်။

အမေရိကန်အိပ်မက်ဆိုတာက အမေရိကန်နိုင်ငံသားတွေဟာ အလုပ်နဲ့ အကိုင်နဲ့၊ မိသားစုနဲ့၊ အိုးနဲ့အိမ်နဲ့၊ ကားနဲ့ ၊ ပင်စင်နဲ့၊ စုဆောင်း ငွေကြေးနဲ့ အေးအေးသက်သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ ဘ၀လို့ ဆိုချင်ကြတာကိုး။ လက်တွေ့မှာ အမေရိကန်တွေဟာ အလုပ်မဲ့ အကိုင်မဲ့၊ မိသားစု တကွဲတပြားနဲ့၊ အိုးကြွေး အိမ်ကြွေး ကားကြွေးတွေ တပုံတပင် ပိပြားလျက်၊ မစုမဆောင်း ပင်စင်မဲ့၊ ငွေကြေးမဲ့၊ အပူအပင်တွေ အာမခံချက်မရှိတဲ့ ဘ၀တွေနဲ့ ဖြစ်နေကြတာက အခု လက်တွေ့ ဖြစ်နေကြပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေက ပြည်သူတွေ လူမှုဘ၀ စီးပွားရေးဘ၀ နိုင်ငံရေးဘ၀ လုံခြုံမှု အာမခံရှိမှု ကာကွယ်မှုတွေ မလုပ်ပေးကြဘဲ အရင်းရှင်ကြီးတွေ စိတ်တိုင်းကျ ချယ်လှယ်ခွင့်ပေးတဲ့ ဥပဒေတွေ စနစ်တွေနဲ့ မျက်စိမှိတ်ထားကြတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ လူဦးရေရဲ့ ၃% သော လူတစုကသာ အရင်းတွေကို ငွေကြေးတွေကို ချုပ်ကိုင်ထားသတဲ့။ တကမ္ဘာလုံးမှာ ဓနဥစ္စာအားလုံးကို ပိုင်ဆိုင်သူတွေဆိုတာ နိုင်ငံတော်တွေ အစိုးရတွေ ဆိုတာထက် ကုမ္မဏီကြီး ၂၅ ခုခန့်သာ ရှိပါတော့သတဲ့။ သည်တော့ အမေရိကန်အိပ်မက်တွေက ပြောသလို လူတကိုယ် အိမ်တလုံး ကားတစီး အလုပ်ကိုယ်စီဆိုတာ စိတ်ကူးယဉ် သက်သက် ၀ါဒမှိုင်းသက်သက်သာ ဖြစ်နေတော့ နောင်အနာဂတ်မှာ လူလုပ်ရမယ့် လူငယ် မျိုးဆက်သစ်တွေဟာ လက်ရှိ စနစ်ကြီး လူကြီးတွေ ပျက်စီးယိုယွင်းမှုကြီးတွေကို လုံးလုံး လက်မခံတော့ဘဲ တော်လှန်ရေးကို တောင်းဆို ပြုပြင်ပြောင်းလဲမှုကို ကြွေးကြော်နေကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် ချောင်စကီး ထောက်ပြနေတဲ့ အချက်အလက်တွေ သမိုင်းဖြတ်သန်းမှုတွေကို သူတို့ နားထောင်ကြတယ်။ အဲသည်အတွက် ဘာနီးဆန်းဒါးလို လူကြီးတဦးရဲ့ ဆိုရှယ်လစ် အိုင်ဒီယာဖြစ်တဲ့ တာဝန်ခံတဲ့ တာဝန်ယူတဲ့ သာတူ ညီမျှတဲ့ လူ့ဘောင်မျိုးကို ထူထောင်နိုင်ဖို့ သူတို့တွေ တက်ကြွလာကြတာ ဖြစ်ပါတယ်။

ချောင်စကီးပြောတာ တခုကတော့ အမေရိကန်ပြည်ထောင်စုက စတင်ထူထောင်ကတည်းက လွဲချော်ခဲ့ပါ သတဲ့။ အမေရိကန်အခြေခံဥပဒေဆိုတာ အရင်းရှင်ကြီးတွေလက်ထဲမှာ အာဏာကို အပ်နှင်းထားခဲ့တာပါ။ အခြေခံဥပဒေက ဒီမိုကရေစီကို ထွန်းကားဖို့ ရေးထားတာ မဟုတ်ပါ။ ကန့်သတ်ဖို့ ရေးထားတာ။ အရင်းတွေ စုတဲ့ဆီမှာသာ အာဏာက စုပြုံပြီး ရှိနေပါတယ်။ အမေရိကန်သမိုင်းဟာ ဒီမိုကရေစီဘက်တော်သား (လက်ဝဲသန်သူများ) များ၏ အုံကြွတော်လှန်မှုက တဘက်၊ အရင်းရှင်တွေနဲ့ လက်ကိုင်တုတ် နိုင်ငံရေးအုပ်စုတွေရဲ့ စိုးမိုးရုန်းကန်မှုတွေက တဘက် မှတ်တမ်း ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်တွေမှာ အလုပ်သမားအရေးတော်ပုံ၊ ၁၉၆၀ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ နိုင်ငံသားရပိုင်ခွင့်၊ အမျိုးသမီးများအရေး လှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ ဆက်ခဲ့ရတာပါ။

ချောင်စကီးက ဆက်ပြောပါသေးတယ်။ အရင်းနဲ့ အာဏာဟာ ခေတ်ပေါ်တော်လှန်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ပုံပြောင်းဖို့ အစွမ်းကုန် လက်တုန့်ပြန် တိုက်ခိုက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဆိုတာတွေ တီထွင်လိုက်တယ်။ အရင်းရှင်ကြီးတွေရဲ့ ကုန်သွယ်စီးပွားလုပ်ငန်းတွေကို လူထုကနေ ဥပဒေနဲ့ ချုပ်ကိုင်ဖို့ ကြိုးပမ်းသမျှကို ပြန်လှန် ချေဖျက်ပစ်တယ်။ အမေရိကန်အိပ်မက်ကို လက်တွေ့မဖော်နိုင်အောင် ဖိနှိပ်ကြတယ်။ လူထုကို အာရုံပြောင်းသွားအောင် အားနည်းသွားအောင် လမ်းပျောက်သွားအောင် ကြော်ငြာတွေ စားသုံးသူ ယဉ်ကျေးမှုတွေနဲ့ ၀ါဒမှိုင်းဖြန့်တယ်လို့ ချောင်စကီးက ဝေဖန်လိုက်ပါတယ်။

ချောင်စကီးရဲ့ အမေရိကန်အိပ်မက် ဈာပန အကြောင်းဟာ အခုချိန်မှာ ဖတ်လို့ကောင်း စဉ်းစားလို့ ကောင်းတဲ့ အချိန်အခါ အခြေအနေ တောင်းဆိုမှုနဲ့ ကောင်းကောင်းကြီး တိုက်ဆိုင်နေပါတယ် ခင်ဗျ။ လူလတ်တန်းစား ပညာတတ်တွေက သူတို့ကိုယ်သူတို့ လူတတ်ကြီးလုပ်နေချိန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ တွေဝေ သံသယလမ်းပျောက်နေချိန်များမှာ လက်ယာစွန်း ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒေါ်နယ်ထရန့်တို့ဟာ အရင်းရှင်ကြီးများပီပီ လူထုကို မျက်စိလည် လမ်းမှား အကွဲကွဲအပြားပြားဖြစ်အောင် လူမျိုးရေး ဘာသာရေး စီးပွားရေး နိုင်ငံရေး မှိုင်းအမျိုးမျိုး တိုက်ထားနှင့် ပြီးပါပြီ။ အဲသည်ထဲမှာ လူငယ်တွေ မျိုးဆက်သစ်တွေ ဘာကို ရွေးသလဲ၊ ဘယ် အဘိဓမ္မာ အတွေးအခေါ် အတွေးအမြင်ကို သူတို့ နားစွင့်သလဲဆိုတာဟာ ကျနော်တို့ မျက်မှောက်ပြုရမှာပါ။ မျက်ကွယ်ပြုရမှာ မဟုတ်ပါဘူး။ သူတို့က ဘာနီးဆန်းဒါးကို မျက်နှာမူတယ်၊ သူတို့က ချောင်စကီး ဟောပြောချက်တွေကို နားစွင့်ကြတယ်။ ဆင်ခြင်နေကြပါတယ်။

ချောင်စကီးက အမေရိကန်အိပ်မက်တွေကို ဈာပနပို့ဖို့ သံချောင်းခေါက်လိုက်ပါတယ်။ အမေရိကန်တွေကိုယ်တိုင်က ဂိတ်ဆုံးရောက်နေပြီလို့တော့ ပြောမသွားတာ တော်သေးတာပေါ့ ခင်ဗျာ။ အချိန်မီသေးတယ် ထင်ပါရဲ့။