နေပြည်တော်ကို ချီတက်သည့် အလုပ်သမားဆန္ဒပြသူများ ထိန်းသိမ်းခံရ

Photo Credit - Eleven Media

 နေပြည်တော်ကို ချီတက်သည့် အလုပ်သမားဆန္ဒပြသူများ ထိန်းသိမ်းခံရ
(မိုးမခ) မေ ၁၉၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ကို ချီတက်လာတဲ့ အလုပ်သမား သပိတ်စစ်ကြောင်းကို  နေပြည်တော်မှာ အာဏာပိုင်တွေဘက်က မေ ၁၈မှာ တားဆီးပြီး ထိန်းသိမ်းလိုက်ပါတယ်။ စစ်ကိုင်းမြို့  ပတ္တမြား စက်မှုဇုံ Myanmar Veneer Plywood သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်ရဲ့ အလုပ်ထုတ်ခံတာကြောင့် လွန်ခဲ့တဲ့ ၃ ပတ်ခန့်က စတင်ပြီး ဆန္ဒထုတ်ဖော် ဖြေရှင်းဖို့ ကြိုးစားကြရာမှာ နိုင်ငံတော်သမ္မတရုံးရှေ့ အထိ ချီတက်တောင်းဆိုရင်း အခုလို ဖမ်းဆီးခံလိုက်တာပါ။

နဂိုမူလကိစ္စကတော့ အလုပ်သမားများ အထုတ်ခံရက စပါတယ်။ အဲသည်မှာ အလုပ်ရှင် အလုပ်သမားကြား တရားဝင်ခုံသမာဓိဖွဲ့ပြီး ညှိနှိုင်းပေမယ့် ပြေလည်မှု မရပါဘူး။ စစ်ကိုင်းတိုင်း အစိုးရက ၀င်ရောက် ဖြေရှင်းရာမှာ  တောင်းဆိုချက် ၄ ခုရှိ အလုပ်သမားများက တင်ပြခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲကနေပြီးတော့ အမျိုးသမီး ၆၀ ကို မူရင်းစက်ရုံကနေ ပြန်လည်ခန့်ထားပေးရန်။ ကျန်တဲ့အလုပ်သမားအား တိုင်းဒေသကြီးအစိုးရကတဆင့် ကြီးကြပ်ပြီးတော့ စစ်ကိုင်းစက်မှုဇုံ မှာ ရနိုင်သလောက်ပြန်လည်ခန့်ထားပေးရန်။  ကြားကာလ နစ်နာကြေးအနေနဲ့ ဒီအလုပ်မဆင်းရတဲ့ ရက်တွေအတွက် ကြားကာလ နစ်နာကြေး ရရန်နှင့် "ငြိမ်းစုစီ" ဥပဒေနဲ့ ငြိတာတွေကို တတ်နိုင်သမျှ ဖြေလျော့စဉ်းစားပေးရန် တောင်းဆိုခဲ့ကြပါတယ်။ အဲသည်အချက်တွေမှာလည်း အဆင်ပြေမှု မရသေးဘူးလို့ သိရပါတယ်။ ဒါနဲ့ အလုပ်သမားတွေက စစ်ကိုင်းကနေ နေပြည်တော်အထိ ဆန္ဒထုတ်ဖော် ချီတက်မှု ပြုလုပ်ရာက နေပြည်တော်အ၀င်မှာ လုံခြုံရေးတပ်ဖွဲ့များနဲ့ အရပ်ဝတ်ရဲတွေက တားမြစ် ဖမ်းဆီ ထိန်းသိမ်းတာတွေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ယခု အစိုးရသစ်က အလုပ်သမားများ အလုပ်အကိုင်အာမခံမှု ရှိရေး၊ လုပ်ငန်းခွင် လုံခြုံမှုရှိရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတဲ့ မူဝါဒ လမ်းညွှန်ချက်များကို အသစ်ထုတ်ပြန်တာ၊ လက်ရှိ ပြင်ဆင်ပြဌာန်းတာတွေ မလုပ်နိုင်သေးခင်မှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ပြဿနာတွေဟာ ပြည်ထောင်စုအစိုးရအထိကို ဆန္ဒပြတောင်းဆိုမှုတွေအဖြစ် ကျယ်ပြန့်လာတယ်လို့ ဆိုကြပါတယ်။