ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မသီတာ (စမ်းချောင်း) ● ရတနာအစစ်ရဲ့ အရိပ်စစ်

မသီတာ (စမ်းချောင်း) ● ရတနာအစစ်ရဲ့ အရိပ်စစ်
(မိုးမခ) မေ ၂၅၊ ၂၀၁၆

ရဟန်းသံဃာဆိုတဲ့ ရတနာတပါးရဲ့ ကျေးဇူးဟာ ဆရာ့ကျေးဇူးနဲ့ မိတ်ဆွေကျေးဇူး နှစ်ခုပေါင်းစာလောက် ရှိနေတာပဲ ဖြစ်ပါတယ်။  ရတနာထိုက်တဲ့ သံဃာများဟာ လူပုဂ္ဂိုလ်များကို သံသရာမှ လွတ်ကြောင်းတရား ညွှန်ကြားပဲ့ပြင်ပေးတဲ့ ဆရာ အနေနဲ့ရော လောကလူ့ဘုံမှာ ကျင်လည်ရခိုက် အတောအတွင်း တရားနည်းလမ်းကျကျ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် ကူညီဖေးမလမ်းပြပေးတဲ့ မိတ်ဆွေအနေနဲ့ပါ ကျေးဇူးပြုလေ့ရှိပါတယ်။

မြန်မာ့လူ့ဘောင်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍဟာ အားကိုးကြည်ညိုရာအဖြစ် အထင်အရှား ရှိနေဆဲပါ။  အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေနဲ့ နပန်းလုံးပြီး လောကီလောကုတ် ပညာဉာဏ် အသိတွေ အားနည်းကြရရှာတဲ့ အများစု အောက်ခြေ လူထုအတွက် သံဃာ့အရိပ်ဆိုတာ လက်တွေ့ကျတဲ့ ကာယကံမြောက်အေးရိပ်ဖြစ်သလို အတွေးလှတဲ့ မနောကံမြောက်အေး ရိပ်လည်း ဖြစ်ရပါတယ်။  ဒါကြောင့် တချို့နေရာတွေမှာ သံဃာတွေဟာ သံသရာလွတ်ကြောင်းတရား ဟောပြောရုံတင်မက မိသားစု၊ အိမ်ထောင်ရေးပြသနာတွေမှာပါ ၀င်ပါပေးရတဲ့အထိ လူ့ဘောင်ရဲ့ အလယ်ခေါင်လိုနေရာမျိုးမှာ ရှိနေတတ်တာ ဖြစ်ပါတယ်။  တကယ်တော့ အဲဒီအနေအထားကြောင့်ပဲ ရဟန်းသံဃာများရဲ့ လူ့ဘောင်အပေါ် ကျေးဇူးဟာ အတိုင်းအဆ မမှန်းနိုင်အောင် ကျယ်ပြန့်တယ်လို့ ဆိုရပါမယ်။

တကယ်တော့ ဗုဒ္ဓ္ဒစာပေကျမ်းဂန်ကို လေ့လာခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ အများနားလည်သိတတ်အောင် ဖြန့်ဝေ ဟောကြားခြင်းဆိုတဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ သံသရာမှ လွတ်မြောက်ခြင်းတရားအား ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ပဋိဝေဓ အလို့ငှာ အားထုတ်ရတဲ့အရာတွေသာ ဖြစ်ပါတယ်။  သာသနာကို စောင့်ရှောက်တယ်ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိလောက်နဲ့ မလုံလောက်ဘဲ ပဋိဝေဓဆိုက်မှ အစစ်အမှန် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မှာပါ။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအ တွက် ကို စောင့်ရှောက်တာဟာ ဗုဒ္ဒသာသနာကို စောင့်ရှောက်တာလို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ ပညာရေးညံ့ဖျင်းရတဲ့ဘ၀မှာ ဓမ္မပညာရေးလည်း ချွတ်ခြုံကျခဲ့ရတာမို့ အများစုကြီးဟာ သာသနာ့အဆီအနှစ်ကို စောင့်ရှောက်ဖို့ မထက်သန်ကြဘဲ အလွယ်လမ်းဖြစ်တဲ့ ဘာသာကိုးကွယ်သူအရေအတွက်ကို စောင့်ရှောက်ဖို့ ထက်သန်လာခဲ့ကြပါတယ်။  ဒီနေရာမှာ ဆင်းရဲမွဲတေမှုအတွက် အဖြေအဖြစ် ရဟန်းပြုခြင်းကို အသုံးပြုလာကြတဲ့ကိစ္စကဖြင့် အရိပ်ခိုရုံနဲ့ မရပ်တော့ဘဲ အခက်ချိုးတဲ့အထိ သက်ရောက်သွားတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။  အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်အကိုင်ကောင်းတွေအတွက် ပညာရေးလိုအပ်ချက် မြင့်မားလာတာ၊ လူမှုဘ၀လုံခြုံမှု လျော့နည်း လာတာတွေကြောင့်လည်း ရဟန်းအရိပ်၊ သင်္ဃန်းအရိပ်၊ သီလရှင်အရိပ်ကို လွယ်ကူတဲ့ထွက်ပေါက်အဖြစ် သုံးလာတာမျိုးတွေ ရှိလာပါတယ်။

အဲဒီလို အရိပ်ခို၊ ထွက်ပေါက်ရှာသူတွေ ရှိလာတဲ့အခါ လေ့လာကျင့်ကြံအားထုတ်မှုဆိုတဲ့ အခက်လမ်းကို ကြိုးပမ်းဖို့ မစွမ်းနိုင်တာကြောင့်ရော၊ ဒီလမ်းက သူတို့ တကယ်လိုအပ်နေတဲ့ အရိပ်နဲ့ ထွက်ပေါက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်နေတာကြောင့်ပါ သူတို့အတွက် အလုပ်ဖြစ်မဲ့ အလွယ်လမ်းတချို့ကို ရှာဖွေကျင့်သုံးတာမျိုးတွေ ရှိလာပါတယ်။  တခြားဘာသာဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို တွေ့မြင်တဲ့အခါ ကိုယ့်ဘာသာတရားနဲ့ ပတ်သက်တဲ့ ဓမ္မပညာရေးကလည်း မလုံလောက်ခဲ့တော့ သာသနာ့ကိုယ်ခံအားတွေ လျော့နည်းပြီး သူတို့လိုပဲ ကိုယ့်သာသနာကို စောင့်ရှောက်ကောင်းတယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်လာကြပါတယ်။  ပဋိဝေဓဆိုက်တဲ့အထိ ကျင့်ကြံပွားများ အား ထုတ်နိုင်ဖို့ ဆိုတာကို အသာထားပြီး ပရိယတ္တိနဲ့ပဋိပတ္တိကို အားထုတ်ဖို့ဆိုတာတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့် လည်း ဒီလမ်းကို ရှောင်ကွင်းလိုက်ကြပုံလည်း ရပါတယ်။  ဒီလိုနဲ့ ပညာချို့ လူတော်တော်များများက သာသနာကို စောင့် ရှောက်ဖို့ လူအရေအတွက်ကိုသာ အာရုံကျကြကာ လူ့အရည်အသွေးကိုတော့ (မစွမ်းနိုင်မဲ့တူတူ) မေ့ပစ်လိုက်ကြမတတ် ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။

ဒါကြောင့်လည်း ရဟန်းသံဃာများရဲ့ သာသနာပြုလုပ်ငန်းစဉ်များဟာ အင်မတန် အရေးကြီးသလို အရိပ်လည်း ကြီးတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။  မလွယ်လမ်းဖြစ်တဲ့ ပရိယတ္တိနဲ့ပဋိပတ္တိကို ကိုယ်တိုင်လည်း ကျင့်ကာ သူတပါးကိုလည်း ပဋိဝေဓ ဆိုက်ပါစေဆိုတဲ့ သာသနာစောင့်စေတနာနဲ့ မျှဝေဟောပြောညွှန်ကြားဖေးမမှုကို စိုက်လိုက်မတ်တတ် ကျင့်သုံးနေကြတဲ့ ရဟန်းသံဃာတွေဟာ အဲဒီအလုပ်လောက်နဲ့ကို မအားနိုင် မနားနိုင် ဖြစ်နေကြမှာ အသေအချာပါပဲ။  ဒီအခါမှာ အလွယ်လမ်းလိုက်တဲ့ အရိပ်ခိုတွေကတော့ ဒီလောက်အလုပ်မများတာမို့ ရပ်ထဲရွာထဲကလူထုနဲ့ အထိအတွေ့ ပိုများခွင့် ရလာကြပါတယ်။  အလွယ်လမ်းသမားမို့ အလွယ်လမ်းစကားသာ ပြောဟောလေတော့ ရပ်ထဲရွာထဲက ပညာချို့လူတွေ အတွက် နားလည်ရမခက်တာကြောင့် သူတို့စကားတွေ ပေါက်မြောက်လာကြပါတယ်။ သူတို့တရားတွေ ဖောင်းပွ လာကြ ပါတယ်။

အဲဒီအချိန်မှာ အခက်လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ်တိုင်က ပြည့်ဝမှ သူတပါးကို ဖြည့်ဆည်းနိုင် မယ်လို့ ယုံကြည်သူတွေပီပီ ကိုယ့်ပဋိဝေဓစခန်းကို နပန်းအရင်လုံးနေကြရတဲ့အတွက် ရပ်ထဲရွာထဲက ပညာချို့တွေကို ပညာမမျှနိုင်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။  ဒီလိုနဲ့ချိတ်ချိတ်ချင်း ငြိကြသလို သာသနာကို စောင့်ရှောက်ဖို့အတွက် ဘယ်လမ်းလျှောက်ရမှန်း မသဲကွဲသူတွေနဲ့ လူအရေအတွက်ကို အာရုံကျသူတွေ ချိတ်မိကြတာပဲ ဖြစ်ပါတယ်။  ဒီနေရာမှာ အလွယ်လမ်းမလိုက်တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရုံမက ကိုယ့်ဘေးက ရပ်ရွာသားတွေကိုပါ တပြိုင်တည်း ဖြည့်ဆည်းပေးကြမှ ဖြစ်မယ်လို့ သဘောထားကြစေချင်ပါတယ်။  အများစုက အလွယ်လမ်းလိုက်ချင်ကြသူတွေမို့ အခက်လမ်းသမားတွေကို ရှောင်ကွင်းကောင်း ရှောင်ကွင်းကြပါလိမ့်မယ်။  ဒါပေမဲ့ ကိုယ်ကပဲ သူတို့ကို မတွေ့တွေ့အောင် စောင့်တွေ့ပြီး သာသနာစောင့်တရားကို ဝေမျှပေးရမယ့် အနေအထားကို ရောက်နေပြီလို့ ယူဆပါတယ်။

အဲဒီအတွက် ကျေးဇူးရှင် ရတနာစစ်ဖြစ်ကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တို့ကို လူအများရဲ့ အရိပ်လာအခိုကို မစောင့်တော့ဘဲ အရိပ်စစ်လိုက်မိုးပေးဖို့ အားထုတ်ခြင်းဖြင့် ထပ်မံကျေးဇူးပြုပေးတော်မူကြဖို့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်။  သာသနာသုံးရပ်ကို စောင့်ရှောက်တတ်သော ဗုဒဘာသာဝင်များ တိုးပွားနိုင်ပါစေ။

မသီတာ (စမ်းချောင်း)

(မှတ်ချက် - အညတရခေါင်းဆောင် သို့မဟုတ် သုစိတ္တရာမတောရကျောင်းဆရာတော် ရဲ့ သက်တော် ၅၀ ပြည့်အထိမ်းအမှတ် စာအုပ်ထဲမှာ ရေးဖြစ်တဲ့ ဆောင်းပါးလေးပါ။ အပြင်မှာ ရှာဖတ်ရမလွယ်လို့ တင်ပေးဖြစ်ပါတယ်။)

(ဆရာမရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် မိုးမခက ထပ်ဆင့်မျှဝေပါသည်။)

ဓာတ်ပုံ - ခင်လေး / မိုးမခ