ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ ● “ဂျိုက်” ငှားမလို့လား

 လောကပါလ ● “ဂျိုက်” ငှားမလို့လား 
(မိုးမခ) မေ ၁၃၊ ၂၀၁၆


တနေ့ မိတ်ဆွေရှေ့နေတဦးဆီ ကျွန်တော်ရောက်ခဲ့သည်။  သူ့ထံမှအကြံဉာဏ်တောင်းခံရန်အတွက် ဖြစ်၏။

“ဒုက္ခပါဘဲဗျာ” ဟု ကျွန်တော်စကားပလ္လင်ခံလိုက်သည်။

“အိမ်ရှေ့အိမ်က လူတွေတလလောက် ခရီးထွက်ကြမလို့တဲ့။ အဲဒါဗျာ သူတို့ခွေးနှစ်ကောင်ကို ခေါ်မသွားဘဲ အိမ်ထဲသော့ခတ်ထားခဲ့မယ်တဲ့။ အမျိုးတယောက်က နေ့စဉ် အစာလာကျွေးလိမ့်မယ်။ သူမေ့မနေရင်ပေါ့။ အဲဒီ အတောအတွင်း ခွေးတွေက နေ့ဆိုရင် ဟောင်မယ်။ ညဆိုရင် အူကြမယ်။ ကျုပ်တော့ အိပ်လို့ကိုရမှာ မဟုတ် တော့ဘူး။ အာရုံနောက်နောက်နဲ့ မြူနီစီပယ်ခေါ်ပြီး ဆွဲထုတ်ခိုင်းချင်ခိုင်း။ ဒါမှမဟုတ် စိတ်ပေါက်လာလို့ ကျုပ် ကိုယ်တိုင် အဲသည်အိမ်ကိုသွားပြီး သင်းတို့ကိုသေနပ်နဲ့ပစ်။ အဲ သူတို့သခင်တွေပြန်လာတဲ့အခါ ဒေါသူပုန်ထပြီး ကျုပ်ဆီကိုလာကြ။ ကျုပ်ကို သေနပ်နဲ့ ပြန်ပစ်..”

လက်ကလေးကာ၍ ညင်သာစွာသန်းဝေလိုက်ရင်း ရှေ့နေက ပြောလေသည်။

“ကျွန်တော်ခင်ဗျားကို ပုံပြင်လေးတခုပြောပြမယ်။ ခင်ဗျားကြားဖူးပြီးသားဖြစ်နေရင်လည်း ထပ်နားထောင်။ ဒါ လေးကို ထပ်ကြားလိုက်ရရင် ခင်ဗျားနေသာထိုင်သာ ရှိလာလိမ့်မယ်။”

“လူတယောက် တောလမ်းခရီးတခုမှာ ညကြီးမင်းကြီးကားမောင်းလာရင်း ဗြုံးခနဲ ကားဘီးပေါက်သွားတယ်။ သူ ကားထဲကထွက်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သူ့မှာ ဘီးလဲဖို့ကားဂျိုက်မှ မပါဘဲကိုး။”

“နောက်မှ သူ့ကိုယ်သူပြန်ပြောလိုက်တယ်။ ‘အင်းလေ၊ အနီးဆုံးအိမ်တအိမ်သွားပြီး ဂျိုက် ငှားရတော့မှာပဲ’။ ခပ် လှမ်းလှမ်းမှာမီးရောင်လည်း မြင်နေတာမို့  ‘တော်ပါသေးရဲ့ အိမ်ရှင်မအိပ်သေးဘူး၊ တံခါးသွားခေါက် ကားပျက် ပြီးဒုက္ခရောက်လာလို့ ဂျိုက်တခုလောက်ငှါးပါလားခင်ဗျာ’ လို့ပြောလိုက်ရင် ‘ရပါတယ်ဗျာ၊ တရပ်ထဲသား တွေဘဲ၊ ယူသာသွားပါ၊ ကိစ္စပြီးတော့ ပြန်လာပေးပေါ့’ ပေါ့လေ”။

“ဆက်လျှောက်လာနေတုံး အိမ်ဆီက မီးမှိတ်သွားတာမြင်တော့ တကိုယ်တည်းဆက်ပြောနေပြန်တယ် ‘ဟော သူအိပ်တော့မယ်၊ ငါသွားနှောင့်ယှက်ရင် သေချာပေါက်စိတ်ဆိုးတော့မှာပဲ၊ ဂျိုက်ငှားခတောင် တောင်းချင် တောင်းဦးမှာ။ တောင်းတော့လည်း တရပ်ထဲသားချင်းတွေ အစိတ်တော့ယူဗျာလို့ပြောလိုက်ရုံပေါ့။ ‘ဟေ့ ငွေ အစိတ်နဲ့ သန်းကောင်သန်းလွဲ အိပ်ရာထဲက ထရမှာလားကွ။ တစ်ရာပေးရင်ပေး၊ မပေးနိုင် တခြားသွားငှားကွာ’ လို့ ပြန်ပြောမှာ သေချာတယ်”။

“သူအိမ်နားရောက်တော့ အမြှုပ်မထွက်ရုံတမည် ဖြစ်နေပြီ။ လမ်းမပ်ါက ဆင်းချလိုက်ရင်း ပါးစပ်ကလည်း  တဖွ ဖွ ‘တစ်ရာ! ဟုတ်ပြီ ပေးမယ်တစ်ရာ။ တစ်ပြားမှထပ်ရမယ်တော့ မထင်နဲ့။ ဘယ့်နှယ်ဗျာ ညဥ့်နက်သန်းကောင် ကားပျက်လို့ ဒုက္ခရောက်ရတဲ့အထဲ။ ဒီ “ဂျိုက်”ကလေးအတွက်နဲ့။ ခင်ဗျားကြီးက ရလေလိုလေ အိုတစ္ဆေပဲ’။”

“ဒီလိုနဲ့ အိမ်အဝရောက် ဒေါကြီးမောကြီးနဲ့တံခါးကို ပြင်းပြင်းခေါက်လိုက်တော့ အပေါ်ကလယ်သမားကြီးက ‘ဟေ့ ဘယ်သူလဲ ဘာကိစ္စလဲ’ လို့ ထွက်အော်တယ်။ သူကလည်း တံခါးကို ထုနေရာကရပ်ပြီး ပြန်အော် ပစ် လိုက်တယ်။ ‘ဘာကိစ္စရမလဲ ခင်ဗျားနဲ့ခင်ဗျားရဲ့ “ဂျိုက်စုတ်” ကိစ္စပေါ့ဗျ၊ သိပြီလား ကိုယ်ဘာလုပ်ရမယ် ဆိုတာ’ တဲ့”။

အရယ်ရပ်သောအခါ စဉ်းစဉ်းစားစားဖြင့် ရှေ့နေကို ကျွန်တော် ပြောလိုက်၏။

“ကျုပ်ရော ဒီအတိုင်းပဲလားဗျာ”

“အစစ်ပဲ။ ရှေ့နေတယောက်ဆီလာပြီး ခေါင်းအေးအေးနဲ့ အချက်အလက်တွေ မှန်မှန်ကန်ကန်ပေးရမယ့်အစား စိတ်ကူးယဉ်စစ်ပွဲကြီးတခုလောက်ကိုဖန်တီးဖို့ အကြံဉာဏ်လိုချင်ကြသူတွေ ဘယ်လောက်များသလဲဆိုတာ ခင် ဗျားသိရင်အံ့သြသွားမယ်။ လုပ်ငန်းစပ်တူသမားကို ဘယ်လိုတွယ်ပစ်လိုက်မှာတို့၊ အိမ်က ယောက်ျားကို ဘယ် လိုနှက်လိုက်မှာတို့၊ အဘိုးကြီးသေတမ်းစာရေးဖို့ ပေါ်တင်ပြောပစ်လိုက်မှာတို့။ အဲသည်လူတွေကို ခုနက “ဂျက်” ပုံပြင်ပြောပြရတယ်။ သူတို့အားလုံး စိတ်ပြေသွားကြပါတယ်ဗျာ”။

“နောက်ပိုင်း သူတို့တွေနဲ့ဆုံတဲ့အခါကျ ပါတနာနဲ့လမ်းမှာတွေ့တော့ ဖက်လှဲတကင်းရှိလှတဲ့အကြောင်း၊ ဖုန်းထဲ မှာကြားရတဲ့ ခင်ပွန်းသည်ရဲ့စကားတွေက ပြေပြစ်လွန်းလို့ သူမှဟုတ်ရဲ့လားလို့ထင်ရတဲ့အကြောင်း၊ အဘိုးကြီး က သူတို့တတွေ ရုံးစရိတ်နဲ့အခွန်အခသက်သာအောင် မသေခင်အမွေတွေအားလုံးပေးခဲ့ဖို့ ရှေ့နေနဲ့ တိုင်ပင် နေတာသိလိုက်ရတဲ့အကြောင်း ပြန်ကြားရတော့တာပဲ”

မှန်လိုက်တာဟု ကျွန်တော်တွေးမိ၏။ ကျွန်တော်တို့အများစုက အလွယ်တကူရှောင်ရှား၍ ရနိုင်သော  အတား အဆီးများကိုတည့်တည့်ဝင်တိုးရင်း ဘဝကိုလျှောက်လှမ်းနေကြ၏။ အတွေးမှားများ စိတ်ကူးထဲက ရန်သူများနှင့် နွားမူးဆူးတိုး တိုက်ရင်းခိုက်ရင်း ကိုယ့်ကိုကိုယ် ပျက်စီးဆုံးရှုံးခံနေကြ၏။ တနေ့နေ့ တချိန်ချိန် တယောက် ယောက်က ညနက်နက်မှာလျှပ်ပြက်သလို ဒိုးခနဲဒက်ခနဲထောက်ပြလိုက်သည့်အချိန်ထိ ကိုယ့်ဘာသာကိုယ် ဘာ တွေ လုပ်နေမှန်းပင်မသိ။

တမြန်မနေ့ည မြို့ထဲမှကျွန်တော်ပြန်လာတော့ ထမင်းစားချိန်လွန်နေပြီ။ ဇနီးသည်ကို ဖုန်းဆက်မထားမိ။ ရှည် လျားလှသော ကားတန်းကြီးတွေထဲ စိတ်ပျက်လက်ပျက် တိုးဝင်မောင်းနှင်ရင်း ဒေါသရေချိန်တွေ မြင့်သထက် မြင့်လာသည်။ ‘အိမ်ရောက်၍ စနေတနင်္ဂနွေ ကားတန်းတွေထဲမှာ ကိုယ်ပိတ်မိနေတယ်ကွာ’ ဟုဇနီးကိုပြောလျှင် သူမက ‘မြို့ထဲကထွက်မလာခင် ဘာဖြစ်လို့ဖုန်းမဆက်တာလဲ’ ဟုမေးမည်။ ဒါဆို ကျွန်တော်က ‘ဟေ့ ဘာထူး မှာလဲ၊ ခုကိုယ်ကအိမ်ပြန်ရောက်နေမှဟာကို’။ မိန်းမက ‘ဟုတ်တယ်ကျွန်မကလည်း အိမ်မှာလေ ရှင့်ဆီက တယ် လီဖုန်းသံကိုမျှော်ရင်း တနေ့လုံးအိမ်မှာနေနေရတာ ရှင့်သိရဲ့လား’။ ကျွန်တော်က ‘အချစ်ရူးလေးတယောက်လို မင်းကိုနာရီမလပ် ဖုန်းဆက်ရလောက်အောင် ငါကအားနေတာမဟုတ်ဘူးကွ’။ မိန်းမက ‘အတော်လာတဲ့ လူပါ လား၊ ရတယ် နောက်ကျွန်မကို ဘယ်တော့မှဖုန်းမဆက်နဲ့’။
ထိုအချိန် အိမ်ဝိုင်းအတွင်းသို့ ကျွန်တော်ဝင်လာခဲ့ပြီ။ စိတ်တွေလည်း ဗလောင်ဆူနေပြီ။ ကားထဲမှ ကျွန်တော်ခုန် ထွက်ပြီး တံခါးကိုဆောင့်ပိတ်လိုက်သည့်အချိန်နှင့် အိမ်အပေါ်ထပ်ပြုတင်းပေါက်ကို ဇနီးသည်တွန်းဖွင့်လိုက်ချိန်  တို့ တထပ်တည်းကျနေ၏။

‘ကဲ..ဆိုစမ်း’ ကျွန်တော် လှမ်းအော်လိုက်သည်။

သူမက လေပြေကလေးဖြင့်

‘ဟုတ်ကဲ့… “ဂျိုက်”ကလေးတခုတလေများ ငှားချင်သလားလို့ပါရှင်’

…………………
[ဝန်ခံချက်။ Reader’s Digest Classic Read 2013 မှ RD Classic December 1954, J.P McEvoy ၏ “Wanna borrow a jack? ကို ဆီလျော်အောင်ပြန်ဆိုပါသည်။]