ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရင်ငတေ ● ဂျူရာမှ ဂျီနဲ့ဗ် (သို့မဟုတ်) ဂျီနီဗာသို့ (တစ်)

မောင်ရင်ငတေ ● ဂျူရာမှ ဂျီနဲ့ဗ် (သို့မဟုတ်) ဂျီနီဗာသို့ (တစ်)
(မိုးမခ) မေ ၈၊ ၂၀၁၆
ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့
ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာ မြို့တော်ဆီသို့ မောင်ရင်ငတေ ဒုတိယခေါက်အဖြစ် ဒီ ၂၀၁၆ ခုနှစ် မတ်လ ဆန်းမှာ ရောက်ခဲ့ပါတယ်၊



၂၀ ရက် မေလ   ၂၀၁၁ ၀၉ နာရီ ၁၀ မိနစ် Horloge Fleurie de Genève (1955)       (ဓါတ်ပုံ မရငတ)
    ၁၁ ရက် မတ်လ ၂၀၁၆ ၁၃ နာရီ ၁၆ မိနစ် Horloge Fleurie de Genève (1955)     (ဓါတ်ပုံ မရငတ)

၂၅ ရက် ဧပြီလ  ၂၀၁၆ ၁၇ နာရီ ၅၀ မိနစ် Horloge Fleurie de Genève (1955)   (ဓါတ်ပုံ မရငတ)


Genève သို့မဟုတ် Geneva ဂျီနီဗာဆိုတာ ဆွစ်ဇာလန်က ပြင်သစ်စာစကားပြောကြတဲ့ နယ်မြေရဲ့ မြို့တော်လို့ ပြောမယ်ဆိုရပါတယ်၊ ကမ္ဘာအရပ်ရပ်က လူအသိများတဲ့ မြို့တမြို့ပါ၊
 ပြင်သစ်စာစကား ပြောတယ်ဆိုတာကလည်း သိပ်တော့ ထူးဆန်းတယ်လို့ မောင်ရင်ငတေ မထင်မိပါဘူး၊ မြို့တည်ရာ နေရာကိုက ဒီကနေ့ ပြင်သစ်မြေကြီးက ပတ်လည်ဝိုင်းနေတာမို့ပါ၊ 
သမိုင်းကြောင်းတွေအရ ပြင်သစ် လူမျိုးတွေနဲ့ ခွဲခြားမရအောင် ဆက်စပ်ပတ်သက်တဲ့ ဆွစ်လူမျိုးတွေ နေထိုင်ကြရာဒေသလို့ ပြောရင် မှားမယ်လို့ မောင်ရင်ငတေ မထင်မိပါဘူး၊ 
ဒီ နေရာမှာ မောင်ရင်ငတေ ရေးချင်မိတာက ဂျီနီဗာမြို့ရဲ့
အကြောင်းထက် ဂျီနီဗာမြို့ကို သွားတဲ့ လမ်းအကြောင်း ရေးချင်တာပါ၊ 
ဂျီနီဗာမြို့နဲ့ Lac Léman ခေါ်တဲ့ ဂျီနီဗာရေကန်ကြီး အကြောင်းတွေ ဂျီနီဗာမြို့သား Jean-Jacques Rousseau ရူးဆိုး (၁၇၁၂-၁၇၇၈) အကြောင်းတွေ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာရုံးတွေ အကြောင်းကတော့ များပြားရှုတ်ထွေး လွန်းလှတာကြောင့် ဒီနေရာမှာ ထည့်သွင်း ရေးပြဖို့ မတတ် နိုင်ပါဘူး၊ 

Lac Léman et Jet d'eau de Genève (1891) သို့မဟုတ် Safety valve        (ဓါတ်ပုံ မရငတ)

ဂျီနီဗာမြို့က မြို့အနေနဲ့ ထူးထူးခြားခြားလှပတယ်လို့ ပြောစရာမရှိပေမယ့် Lac Léman ရေကန်ကြီး
ပတ်ပတ်လည် ဝန်းရံ နေကြတဲ့ Massif du Jura ဂျူရာတောင်တန်းတွေနဲ့ Massif du Mont-Blanc
တောင်တန်းတွေရဲ့ သဘာဝအလှအပတွေကြောင့် အသပြာငွေပိုက်ဆံ ပေါပေါများများ ဖြုန်းနိုင် သုံးနိုင်ကြသူတွေ အများအပြား အခြေချနေထိုင်ကြရာ နေရာတနေရာ ဖြစ်လာတာပါ၊  

အဲဒါတွေကြောင့် ဂျီနီဗာ ဂျီနီဗာဆိုပြီး ကမ္ဘာမှာ နာမည်ကြီးနေတာ ဖြစ်မယ်လို့ မောင်ရင်ငတေ ယူဆပါတယ်၊ 

Lac Léman et Genève                                       (ဓါတ်ပုံ မရငတ)

ပထမအခေါက် ၂၀၁၁ ခုနှစ် လောက်တုန်းက မောင်ရင်ငတေရဲ့ ပါရီ-ဂျီနီဗာ ခရီးစဉ်က အသွားရော အပြန်ပါ ညခရီးမို့လို့ ကားလမ်းနဘေးရဲ့ အရသာကို ဘာမှန်း မသိနိုင်ခဲ့ပါဘူး၊ မနက်လင်းအားကြီးမှ ဂျီနီဗာမြို့ထဲကိုရောက်ပြီး ပြန်တော့လည်း ညကြီးသန်းခေါင်မှဆိုတော့ မြို့ဝင်မြို့ထွက် ရှုခင်းတွေရဲ့ အလှကို မီးရောင်အောက်မှာ သည်းသည်းကွဲကွဲ မြင်တွေ့ခွင့် မရခဲ့ပါဘူး၊ 

လမ်းတလျှောက် မှာတော့ ဘာတခုမှ မြင်တွေ့ခွင့် မရခဲ့ပေမယ့် ဂျီနီဗာမြို့ရဲ့ လမသာတဲ့ အာရုဏ်ဦး အလှကို မီးရောင်အောက် စတင် မြင်တွေ့ခွင့် ရခဲ့သလို သာယာလှပတဲ့ နေ့တာရှည်တဲ့နေ့ ဖြစ်တာကြောင့် ကောင်းကင်ပြာပြာ ကန်ရေပြင်ပြာပြာကို အေးအေးလူလူ လမ်းလျှောက်ခွင့် ထိုင်ငေးခွင့် ခပ်ကြာကြာ ရခဲ့ပါတယ်၊


ဂျူရာ မှ ဂျီနဲ့ဗ် သို့ Route Nationale RN5                         (ဓါတ်ပုံ မရငတ)

ဂျီနီဗာမြို့ကို ပါရီကနေပုံမှန်သွားတဲ့ ပါရီ-ဒီယွန်-ဂျီနီဗာ အမြန်လမ်းမကြီးကတော့ A6 မှတဆင့် A40 လမ်းက သွားရင် ရောက်ပါတယ်၊ ကီလိုမီတာ ငါးရာကျော်ဝေးတဲ့ လမ်းခရီးပါ၊ 
ဒါပေမယ့် ဒီတခေါက် မောင်ရင်ငတေ သွားခဲ့တဲ့လမ်းက ဂျီနီဗာနဲ့ ကီလိုမီတာ ငါးဆယ်ခန့်မျှသာဝေးတဲ့ ပြင်သစ်နယ်စပ်မြို့ Les Rousses မြို့လေးကနေ နာမည်ကျော် ဂျူရာတောင်တန်းကို ဖြတ်ကျော်လို့ သွားခဲ့တာပါ၊
အဲဒီ Les Rousses မြို့သားတပိုင်းဖြစ်နေတဲ့ မုံရွာရေဦးမြို့သားဟောင်း မောင်ရင်ငတေရဲ့ မိတ်ဆွေ
သူငယ်ချင်းက သူရဲ့ကားနဲ့ လိုက်ပို့ခဲ့လို့ ဂျူရာတောင်တန်း တောင်ကုန်း အဆင်းအတက် လမ်းတွေ
ရဲ့ အလှအပကို တဝကြီးခံစားခဲ့ရပါတယ်၊
 နှင်းဖြူဖြူတွေဖုံးလွှမ်းနေဆဲ ရေခဲတောင်တွေရဲ့ သဘာဝ
မြင်ကွင်းတွေကတော့ အလွယ်တကူ မေ့နိုင်ဖွယ်ရာ မရှိပါဘူး၊
အသွားခရီးအစ Les Rousses မြို့ဒေသ ဝန်းကျင်တခုလုံးကလည်း ဆောင်းနှောင်းရာသီဆိုပေမယ့် ဖြူဖြူဖွေးဖွေး ဆီးနှင်းတွေက နေရာမလွတ် ဖုံးလွှမ်းထားတာမို့ ကတ္တရာလမ်းမ ခပ်နက်နက်နဲ့ လိုက် ဘက်လှတဲ့ မြင်ကွင်း ဖြစ်ပါတယ်၊
 Les Rousses ဆိုတာက လူဦးရေ သုံးထောင်ကျော်သာ နေထိုင် ကြတဲ့ ရွာကလေး ဆိုပေမယ့် ဆောင်းရာသီမှာတော့ ဧည့်စည်ကားတဲ့ အရပ်ဒေသ ဖြစ်လာနေပါပြီ၊

ဂျူရာ မှ ဂျီနဲ့ဗ် သို့ Route Nationale RN5                             (ဓါတ်ပုံ မရငတ)   

ပါရီမြို့နဲ့ အနီးဆုံးက ရေခဲဆီးနှင်းများ ဖုံးလွှမ်းရာနေရာ တနေရာ ဖြစ်တာကြောင့် ရေခဲပြင်မှာ စကီး လာစီးသူများ တစထက်တစ ပိုမိုများပြားလာခဲ့ပြီး စည်ကားလာတာပါ၊ 

Les Rousses မြို့နယ်နမိတ် ကျော်လိုက်တာနဲ့ ဆွစ်ဇာလန်မြေကို နင်းမိပါပြီ၊ မြို့အမည်က La Cure ပါ၊ ဆွစ်မြေရဲ့ ရထားဂိတ်စ မြို့ပါ၊
ပင်သစ်မြေနဲ့ဆက်သွယ်တဲ့ ရထားလမ်းပိုင်းကိုတော့ ပိတ်လို့ထားခဲ့တာ ကြာပါပြီ၊ ဘူတာရုံရဲ့ အနီးက နယ်စပ်ဂိတ်ကို အဖြတ်မှာတော့ လဝကတွေကို မတွေ့ရပေမယ့် အကောက်ခွန်တယောက် ရပ်နေပါတယ်၊

ဒါပေမယ့် ကားမောင်းလာတဲ့ မောင်ရင်ငတေရဲ့ သူငယ်ချင်းနဲ့ ဘောလုံး ကစားဖက် မိတ်ဆွေဖြစ်နေလို့ ဘာတလုံးမှ မမေးပါဘူး၊ တခါတလေမှာတော့ အမေးအမြန်း ထူတတ်တဲ့ ဒေသ ခံမဟုတ်သူ ရဲတွေ လဝကတွေနဲ့ ကြုံရရင်တော့ အတော်လေး စိတ်တိုရတယ်လို့ မောင်ရင်ငတေရဲ့ သူငယ်ချင်းက ပြောပါတယ်၊ 
သာမန်အားဖြင့် ဥရောပ နိုင်ငံတွေ အနေနဲ့ နှိုင်းယှဉ်ရင် ဆွစ်ဇာလန်က ပြင်သစ်ထက် ပိုမိုချမ်းသာတာကြောင့် ပြင်သစ်ကနေ ဆွစ်မြေကို ရွှေ့ပြောင်းချင်ကြသူတွေ ပိုများပါ တယ်၊ ဒါကြောင့် ဆွစ်မြေ အဝင်မှာ အစစ်အဆေး ထူတတ်ပြီး ဆွစ်မြေက ပြန်ထွက်သူတွေကိုတော့ စစ်ဆေးမှု နည်းပါးပါတယ်၊ 
ဒါပေမယ့်လို့ ပြင်သစ်နိုင်ငံမှာ နေထိုင်ခွင့်ရထားပြီးတဲ့သူ မောင်ရင်ငတေ့ အနေနဲ့ စဉ်းစားကြည့်ရင် သဘာဝ တောတွေတောင်တွေကို ချစ်မြတ်နိုးတတ်ပေမယ့် ရာသီဥတုက ကြမ်းတမ်း သွားရေးလာရေးကခက် ကိုယ်ရွှေကိုယ်မျိုးတွေက နည်းပါး အလုပ်အကိုင်တွေက ရှားပါး စမူဆာလေးတခု ဘယာကြော်လေးတခု သုံးယူရိုလောက် ပေးစားမှရနိုင်ပါတဲ့ ဈေးတွေကကြီးလှတဲ့ အဲဒီမြေကို အခုချိန်မှာ အလကားပဲတင်း တင်ကျွေးထားပါမယ့် ဆိုလာခဲ့ရင်တောင် အတော်လေးကို စဉ်းစားကာနေရဦးမယ် ဆိုသလိုပါ၊ 
ဘာညာကိစ္စအကြောင်းပြ မုန့်ဟင်းခါးလေး ချက်ကျွေးချင်တယ် ဆိုလာရင်တောင်မှ မောင်ရင်ငတေဆီ တကူးတက လာချင်ကြမယ့်သူ နည်းပါးလွန်းတဲ့ မြေကြီးပါ၊



အဲဒီလိုနဲ့ အစစ်ဆေးမရှိ အေးဆေး ဂိတ်ဝကို ကျော်ဖြတ်ခဲ့ပြီး ဆွစ်မြေကိုတခေါက် ရောက်ပြန်ပြီပေါ့၊
(ဘယ်ဘက်က ဆွစ်အကောက်ခွန်ဂိတ် ညာဘက်က ပြင်သစ်မြေ အလယ်ကတော့ နှစ်နိုင်ငံ ခွထားကြတဲ့ အိမ်ခန်း ဆိုင်ခန်း တည်းခိုခန်း အဆောက်အဦးတွေပါ)                        (ဓါတ်ပုံ မရငတ)



အဲဒီ ဂိတ်ဝနဲ့ မလှမ်းမကမ်းမှာတော့ Hôtel Restaurant Arbez Franco-Suisse အမည်ရ စားပွဲရုံနဲ့ တည်းခိုခန်းတခု ရှိပါတယ်၊ သာမန်နယ်စပ်က တည်းခိုစားသောက်ခန်းတခု ဆိုပေမယ့် ထူးခြားချက် ကတော့ ** ပြင်သစ်မြေမှာ ညအိပ်ပြီး ဆွစ်မြေမှာ မနက်စာ စားသောက်လိုပါက သင် ဤ စားပွဲရုံ၌ တည်းခိုနိုင်ကြပါတယ်တဲ့ * ဟုတ်ပါတယ် ခင်ဗျာ၊ 
အဲဒီ အဆောက်အဦးကိုက ဆွစ်ပြင်သစ် နယ်စပ် လိုင်းကို ခွဆောက်ထားလို့ပါ၊ နယ်စပ်မျဉ်းဆွဲတာက အရင်လား အဆောက်အဦးတည်ရာ မြေကွက် ဂရံက အရင်လား ဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိမှာပါ၊ 
အဲ .. ..…. တခုရှိတာက ခွန်အားခြင်း မညီမျှရင်တော့ အားကြီးသူတွေ အနိုင်ရမှာ အသေအချာပါ၊ အဲဒီမှာ ပြောစရာရှိတာက အခုတလော နာမည်ကြီးလာတဲ့ ခါးပတ်ပတ် အသေခံ ဗုံးခွဲသူများနဲ့ အသေခံ ခါးပတ်များကို တီထွင် ကြသူများရဲ့ ရန်ပွဲတွေကြောင့် နယ်စပ် ဒေသတွေမှာလည်း အေးချမ်း သာယာစွာ ကူးလူးဆက်ဆံမှု ဘောင်တွေ တစတစ ပိုမို ကျဉ်းမြောင်းလို့ လာနေပါပြီ၊
အဲဒီ ဆွစ်ဇာလန်နိုင်ငံက ဥရောပ ရှန်ဂန်ဗီဇာ စနစ်ကို လက်ခံကျင့်သုံးတာ အတော်လေး နောက်ကျ လှပါတယ်၊ 
ခရီးသွား ဧည့်သည်တွေ မလာမှာ ကြောက်ကြတာရော တခြားတခြားသော ဥရောပရေး ရာတွေကြောင့်ရော နှစ်ထောင့်ရှစ်ခုနှစ်ရောက်မှသာ ရှန်ဂန်ဗီဇာ စနစ်ကို မသုံးချင်သုံးချင်နဲ့ သုံးလာ ရတာပါ၊ 
တကယ်ကတော့ လူခံမရှိကြပါဘဲ မောင်ရင်ငတေတို့လို ရောက်လာကြသူတွေ အများစုက ဆွစ်ဇာလန်ကို ရွေးချယ်နေထိုင်လိုခြင်း မရှိကြပါဘူး၊ ထားပါတော့ ဆွစ်အကြောင်းက ဆက်ရန်ပါ၊

ဂျူရာ မှ ဂျီနဲ့ဗ် သို့                                          (ဓါတ်ပုံ မရငတ)

Les Rousses ကနေ La Cure နယ်ကိုဖြတ်သန်းပြီး ရထားလမ်းနဲ့အပြိုင် ဆယ်မိနစ်ကျော်ခန့်မျှသာ
မောင်းလိုက်တာနဲ့ ကားလမ်းက ဆွစ်ဇာလန်ရဲ့ မီတာတထောင်ကျော် မြင့်မားတဲ့ ဂျူရာတောင်တန်း တောင်ကြားတွေကို ကျော်ဖြတ်လို့ တောင်ကုန်းဆင်းတွေကို စတင် ဆင်းပါတော့တယ်၊


ပြင်သစ်-ဆွစ် နှစ်နိုင်ငံ ပိုင်းခြားရာ La Dôle ရေခဲတောင်ကတော့ ကားလမ်း အနောက်မှာ တစတစ ဝေးလို့ ကျန်ခဲ့ပါပြီ၊ တောင်ထိပ်က လှမ်းမြင်ခဲ့ဖူးတဲ့ လမ်းကနေ တောင်ထိပ်ကို ပြန်မြင်တွေ့ရခြင်းပါ၊

ဂျူရာ မှ ဂျီနဲ့ဗ် သို့                                                                             (ဓါတ်ပုံ မရငတ)
အဲဒီ La Dôle တောင်ထိပ်က ၁၆၇၇ မီတာ မြင့်ပါတယ်၊ ဒီနယ်နမိတ်တလျှောက်မှာ ရေခဲစကီးစီးရာ မီတာ တထောင့်လေးငါးရာကျော် မြင့်တဲ့ တောင်ထွဋ် တောင်ထိပ်တွေ လေးငါးခြောက်တောင် မက
ရှိပါတယ်၊ အများစု တောင်ခြေတွေက ပြင်သစ်မြေမှာရှိပြီး တောင်ထိပ်တွေက ဆွစ်မြေ ဖြစ်ပါတယ်၊

ဂျူရာ မှ ဂျီနဲ့ဗ် သို့                                                                             (ဓါတ်ပုံ မရငတ)
ပထမပိုင်းမှာ ကုန်းဆင်းပေမယ့် Saint-Cergue မြို့လေးနားရောက်တဲ့ အထိကတော့ ခပ်ပြေပြေပါ၊
နှင်းဖြူတွေရှင်းပြီး လမ်းဘေးစုပုံထားတာတွေလည်း တွေ့နေရစဲပါ၊ အဲဒီ Saint-Cergue မြို့လေးကို
ကျော်တော့မှ ကားလမ်းက မြွေလိမ်မြွေကောက် ဆင်းပါတော့တယ်၊
မေမြို့တို့ ကလော တောင်ကြီး တို့ကို သတိရမိစေတဲ့ လမ်းတွေပါ၊ တဘက်ကချောက်ကမ်းပါး တဘက်က ကျောက်တောင်နံရံတွေကြားမှာ အတက်ကားနဲ့ အဆင်းကားတွေက အရှိန်တွေနဲ့ ပွတ်ကာသီကာ မောင်းနေကြတာပါ၊
ဂျူရာ မှ ဂျီနဲ့ဗ် သို့ RN5                                 (ဓါတ်ပုံ မရငတ)
မင်္ဂလာပါ စာတန်းကို ချိတ်ဆွဲပြီး မောင်းနှင်နေတဲ့ မောင်ရင်ငတေရဲ့ မိတ်ဆွေ သူငယ်ချင်းကတော့ စကားပြောကလည်းမပျက် ဖုန်းပြောကလည်းမပျက်နဲ့ သူအခေါက်ခေါက်အခါခါ ဆင်းတက် သွားဖူး နေတဲ့ လမ်းမို့လို့ ခပ်အေးအေးခပ်မှန်မှန်နဲ့ မောင်းပါတယ်၊ 
ဒီ Route Nationale RN5 ဆွစ်မြေဘက် မှာကတော့ လမ်းအမှတ် 123 သို့မဟုတ် Route de France လို့ရေးကြတာ တွေ့ရှိရပါတယ်၊ အချိန် တော်တော်များများ ဆီးနှင်းဖြူတွေနဲ့ ဖုံးလွှမ်းနေတဲ့လမ်းမို့လို့ စာကဗျာထဲမှာတော့ Route Blanche လို့ တင်စားခေါ်ဝေါ်ကြပါတယ်၊ 
လမ်းကတောင်ပေါ်နယ်စပ်လမ်းလို့ ဆိုရပေမယ့်လည်း လာရောက် လည်ပတ်သူတွေများပြားလာလို့ရယ် ဆွစ်မြေကြီးမှာက ပြင်သစ်မြေကြီးမှာထက် လစာကောင်းတာ ကြောင့်ရယ် နေ့ချင်းပြန် အလုပ်ဆင်းကြသူတွေ ကားတွေနဲ့ အတက်အဆင်း တနေ့ထက်တနေ့ ပိုမို များပြားလို့လာနေတဲ့ လမ်းတလမ်းပါ၊
 မောင်ရင်ငတေတို့ သွားတဲ့အချိန်က နေ့လည်မကျတကျမို့လို့ လမ်းရှင်းနေပေမယ့် အလုပ်ဆင်းတက်ချိန်ဆို ကားတွေက စဉ်ဆက်မပြတ် ပြည့်ကြပ်နေပါတယ်တဲ့၊
တကယ်တော့လည်း ဒီကနေ့ ကာလတွေကျမှာသာ ဆွစ်မြေ ပြင်သစ်မြေ ဆိုပြီး မရှိတဲ့ စည်းတွေကို လူတွေက (အုပ်စိုးသူဆိုတဲ့ သူတွေက) ရေးဆွဲခဲ့ကြပြီး လူတွေ (သာမန်လူတွေ) ကို အဟန့်အတား ဖြစ်စေခဲ့ကြတာပါ၊ 
ကမ္ဘာဦးခေတ်က သူတို့တတွေ အားလုံးဟာ ဒီ ဂျူရာတောင်တန်းရဲ့ တောင်ပေါ် သားတွေ တောင်ခြေသားတွေသာပါ၊ အသားအရေ အရောင်အသွေး မခြားနားဘဲ အတူတူပါ၊
ဒီလို ဒေသခံသားချင်း အမျိုးအနွယ်ချင်း တူညီနေကြသူတွေတောင် မြေပုံစာရွက်ပေါ်က နယ်နမိတ်စည်း မတူ ခြားနားသွားခဲ့ရင် ခံစားရတဲ့ လုပ်ခ လစာ ရပိုင်ခွင့်တွေ မတူကွဲပြား ခြားနားသွားရတာကိုတော့ ခေတ်တွေ စနစ်တွေကိုသာ ပုံချအပြစ်တင် လိုက်ချင်မိပါရဲ့၊ 
ဒါက သူတို့ လူဖြူ လူဖြူချင်းပါ ခင်ဗျား၊ မောင်ရင်ငတေတို့လို ကောင်တွေကတော့  ... ….. 
ဆယ်တန်းကျောင်းသားဘဝက မောင်ရင်ငတေ့ ဘော်ဒါနှစ်ယောက် အမြဲလိုလို အော်ခဲ့ကြတဲ့ အော်သံကို သတိရမိရပါရဲ့ . . .. . . .. အရပ်ရှည်ရှည် လူ့ငပေ .… အသားနီစပ် မပေါင်းအပ် ... .. ဆိုတာကိုပါ၊
 မောင်ရင်ငတေ ပြောတာ မဟုတ်ဘူး နော်၊
ဂျူရာ မှ ဂျီနဲ့ဗ် သို့                                      (ဓါတ်ပုံ မရငတ)
အဲလို ကုန်းဆင်းတွေကို တောက်လျှောက်ဆိုသလို ဆင်းလာပြီး (ကုန်းဆင်းဆိုတော့ ဆင်းဖူးကြသူ တွေ သိကြမှာပါ၊ အတော်လေးကို မြန်ပါတယ်၊) တောင်အောက်ကို ရောက်လာတော့ ရာသီဥတုက သိသိသာသာကို ကွာလာပါတယ်၊ အနှုတ် အပူချိန်ကနေပြီး အပေါင်း ခွန်ရှစ်ကိုးထိ ဖြစ်လာတာကိုး၊
ရာသီဥတုက အပူချိန် အနည်းငယ်ပို၍ မြင့်တက်လာသလို သစ်ပင်သစ်ရွက် သစ်ခက်တွေကလည်း
ခြောက်သွေ့သွေ့ အရောင်တွေဘက် ပိုများလာပါတယ်၊ 

လမ်းနှစ်ဘက်မှာ တင်ကျန်ရှိနေစဲ နှင်းထုရဲ့
ထုထည်တွေကိုလည်း ခပ်ပါးပါးမျှသာ တွေ့ရှိရပါတော့တယ်၊ 
ထင်းရူးတောတွေလည်းကျန်ရစ်ခဲ့ပါပြီ၊ 
ပင်လယ် ရေမျက်နှာပြင်အမြင့် တထောင်ကျော်ကနေ သုံးရာအောက်လောက်အထိ ဆင်းလာခဲ့ပါပြီ၊
တောင်ထိပ်လမ်းပေါ်ကနေ ဝိုးတဝါး မှိုင်းပြပြ မြင်တွေ့ခဲ့ရတဲ့ လမ်းမထက်ကို ရောက်လို့လာပါပြီ၊

ဂျူရာ မှ ဂျီနဲ့ဗ် သို့                                 (ဓါတ်ပုံ မရငတ)
မီတာ နှစ်ထောင်နီးပါး မြင့်မားတဲ့ အဖြူရောင် ရေခဲနှင်းတောင် အပန်းဖြေ နယ်မြေတွေကနေ မီတာ သုံးရာဝန်းကျင် အပြာရောင် တောင်ပေါ်ပင်လယ် အပန်းဖြေနယ်မြေတွေကို ရောက်ရှိလို့လာခြင်းပါ၊

(ဓါတ်ပုံ မရငတ)
စိုက်ခင်းပျိုးခင်းမြက်ခင်း မြေပြန့်လွင်ပြင်တွေကြားမှာ စက်ရုံအလုပ်ရုံတွေ ဟိုက်ပါမားကက်ကြီးတွေ
အပြည်ပြည်ဆိုင်ရာ ရုံးခန်းကြီးတွေ တည်ရှိတဲ့ မြို့ပြအဆောက်အအုံတွေကြား ရောက်ရှိလာခြင်းပါ၊

(ဓါတ်ပုံ မရငတ)
ဂျီနှီဗာကိုတော့ မရောက်သေးပါဘူး၊ နောက်ထပ် ကီလိုမီတာ နှစ်ဆယ်ကျော်အစိတ် ထပ်မောင်းရပါ ဦးမယ်၊ ဂျီနှီဗာ မရောက်သေးဘူးဆိုပေမယ့် တကယ်တော့ အိမ်ယာတွေကတော့ တဆက်တည်းပါ၊

    Les Platanes élagués (Pruned Plane Trees) (ဓါတ်ပုံ မရငတ)
 
တောင်စခန်းမြို့ Saint-Cergue မြို့လေးကနေ Nyon နျူန် (နီအွန်) အမည်ရတဲ့ ဂျီနီဗာရေကန်ကြီး နဘေးက အပန်းဖြေမြို့လေးကို ရောက်ရှိလာခြင်းပါ၊  
ဂျီနီဗာ ရေကန်ဘေးမှာက စူပါ သူဌေးကြီးများ တစတစ များပြားလာသလို ဒီနယ်မြေက ဒီဒေသမှာတော့ လုပ်ငန်းကိုင်ခန်းတွေ ပိုမို များပြားလာပြီး တိုးတက်မှုတွေနဲ့အတူ လာရောက် အလုပ်လုပ်ကြသူ လူသစ်တွေ ပိုများပြားလာရာ နေရာတနေရာ ဖြစ်ပါတယ်တဲ့၊  
၁၉၉၅ ခုနှစ်များဆီက UEFA ခေါ် ဥရောပ ဘောလုံး အဖွဲချုပ်ရုံး ဒီမြို့ကို ပြောင်းရွှေ့
အခြေစိုက်ခဲ့တာကလည်း လူအများ စိတ်ဝင်စားမှု ပိုရလာခဲ့တယ် ဆိုပါတယ်၊
(ဓါတ်ပုံ မရငတ)
Nyon နျူန်မြို့လယ်ကို ဖြတ်သန်းကြည့်ချင်လို့ ဆွစ် Autoroute Suisse A1 အမြန်လမ်းက မသွားခဲ့ ဖြစ်ပါဘူး၊ Route Suisse Principale 1 (Hauptstrasse1) လို့ခေါ်တဲ့ မြို့တွေကို ဖြတ်သန်းသွားတဲ့ လမ်းကနေသာ သွားဖြစ်ပါတယ်၊ 
ဒီလမ်းနှစ်လမ်းစလုံးက ဆွစ်ဇာလန်ရဲ့ နာမည်ကျော်မြို့ Genève, Berne, Zurich မြို့များကို ဆက်သွယ်ထားတဲ့ လမ်းတွေပါ၊ ဆွစ်ဇာလန်ပြည်ရဲ့ အရေးကြီးဆုံးလမ်း တွေထဲက နံပတ်တစ် လမ်းနှစ်လမ်းပါ၊ 
ဆွစ်မြေကြီးကို အရှေ့အနောက် ဆက်သွယ်ထားတဲ့လမ်းပါ၊
ပြင်သစ်မြေ ဆွစ်မြေ ဂျာမန်မြေတို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပါ၊ 
လက်ခ်ျချင်စတိုင်းန်းတို့ သြစတြီးယာနယ်မြေတို့ဆီ ဦးတည်သွားတဲ့ လမ်းတွေပါ၊
Autoroute Suisse A1 အမြန်လမ်းက မသွားဖြစ်ခဲ့ ရတာက အကြောင်းနှစ်ချက် ရှိပါတယ်၊ 
တစ်က အမြန်လမ်းမမဟုတ်တဲ့ Principale သာမန်လမ်းတွေက လမ်းကြေးပေးစရာ မလိုလို့ပါ၊
 နှစ်ကတော့ မောင်ရင်ငတေက အဲဒီလို မြို့ဖြတ်ရွာဖြတ် တောလမ်းလေးတွေကိုမှ သွားချင်တတ်တဲ့ ဆန္ဒ ရှိလို့ပါ၊
ဆွစ်မြေကြီး ကားလမ်းကြေး ကောက်ခံပုံစနစ်က ပြင်သစ်နဲ့ မတူပါဘူး၊ ပြင်သစ်ရဲ့ အမြန်လမ်းမကြီး
များက တနေရာဝင်တိုင်းမှာ တခါပေးဝင်ရတာပါ၊ 
ဆွစ်နဲ့ သြစတြီယားက ပုံစံခပ်ဆင်ဆင်တူပါတယ်၊
တနှစ်စာ ယူရို လေးဆယ်လောက် ပေးထားရင် ကြိုက်တဲ့လမ်း တက်မောင်းလို့ ရပါပြီ၊
 ငွေ တပြားမှ မပေးရဘူးလို့ နာမည်ကြီးတဲ့ ဂျာမန်လမ်းမကြီးတွေကတော့ ဒီ ၂၀၁၆ ခုမှာ Toll Roads တွေအဖြစ် ပြောင်းလဲလို့ ငွေပြန်ရှာတော့မယ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေက အနိုင်ရရှိထားကြောင်းပါ၊


မောင်ရင်ငတေရဲ့ အဲဒီလမ်းကနေ သွားချင်ရတဲ့ ရည်ရွယ်ချက်က မြေပုံထဲမှာ ကြိုတင်ကြည့်ထားပြီး အဲဒီလမ်းက ရေကန်ကြီးနဘေးမှာ အတော်များများကပ်လျှက်လို ဖောက်လုပ်ထားတာကို တွေ့ရှိခဲ့ရ ခြင်းကြောင့်မို့ပါ၊ 
တကယ်တမ်း သွားကြည့်တော့မှ အဲဒီလမ်းက ကန်အနီးမှာ ကပ်ပြီးဖောက်ထားတဲ့ ကန်ပတ်လမ်း မဟုတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်၊ မောင်ရင်ငတေရဲ့ သူငယ်ချင်း ရှင်းပြချက် အရက မူလလက်ဟောင်း ခြံပိုင်ရှင်ပိုက်ဆံဝါးလားကြီးများရဲ့ ခေတ်ကာလကတည်းက ဒီကန်စောင်းကြီးကို မျက်နှာမူ တည်ဆောက်ထားတဲ့ အိမ်ကြီးတွေကိုမှ အကြိုက်တွေ့ ဝယ်ယူခဲ့တာကြောင့် လမ်းတွေက ခြံကြီးတွေရဲ့နောက် အိမ်ကြီးတွေရဲ့နောက်မှာ ရောက်ခဲ့ကြရတယ် ဆိုပါတယ်၊ 
ကန်ပတ်လမ်းကနေ ခံစား မြင်တွေ့ရမယ့် ကန်ရေပြင်ပြာရဲ့ လှပမှုကိုတော့ တချို့သော နေရာလေးတွေမှာသာ ကြိုကြား ကြိုကြား ခံစားခွင့် ရနိုင်ပါတော့တယ်၊ ဘာတတ်နိုင်မလဲလေ၊ မြင်သလောက် တွေ့ရသလောက်ပေါ့၊
ပြင်သစ် မြေထဲပင်လယ် ကမ်းနားလမ်းလိုများ တွေ့ခွင့်ရမလား ဆိုတဲ့ မျှော်လင့်ချက်ကတော့ ပျက်ခဲ့ ရပြီပေါ့၊ ဆွစ်နတ်တွေက မြေထဲပင်လယ်နတ်တွေထက် လက်တန်ပိုရှည် ပိုမည်းကြဟန် တူပါတယ်၊
ဒီ Lac Léman ရေကန်ကြီး သမိုင်းနောက်ခံကတော့ ဟိုး ရှေးရှေး ခရစ်တော်မပေါ်မီ ရောမမြို့သား ရောမဘုရင်ကြီး Gaio Giulio Cesare (Julius Caesar) ဂျူးလီယက် ဆီဇာ (ဘီစီ ၁၀၀-၄၄) ခေတ် မတိုင်မီကပင် စတင်ခဲ့တယ် ဆိုပါတယ်၊ 
Lac Léman အမည်က အရင် မှည့်ခေါ်ခဲ့တာလား Lac de Genève အမည်က အရင်တွင်ခဲ့တာလား ဆိုတာကိုတော့ အခုထိတိုင် အငြင်းပွားနေကြစဲပါ၊ 
ဂျာမန် ဆွစ်နွယ်ဖွားတွေကတော့ ဂျာမန်စကားနဲ့ Genfersee လို့ ခေါ်ဆိုကြကြောင်းပါ၊

(ဓါတ်ပုံ မရငတ)
ဒါပေမယ့် ရေကန်တည်ရှိရာ လမ်းဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းအလှကတော့ လုံးဝမတူ ခြားနား တယ်လို့ ပြောရပါမယ်၊ ဆွစ်ဇာလန်ရဲ့ မူရင်းအလှတွေ အတော်များများ ကျန်နေသေးတယ်ပြောရင် ရနိုင်ပါတဲ့ နေရာတွေပါ၊ 
တကယ်တော့ မူလလက်ဟောင်း ဆွစ်ဇာလန်ဆိုတာ မြက်ခင်းစိမ်းစိမ်းတွေ ဆီးနှင်းဖြူတွေ ရေခဲတောင်ခြေက ကန်ရေပြင်ပြာပြာတွေနဲ့ ဥရောပမြေရဲ့ စစ်ဘေးဒဏ်ကင်းဝေးရာ စစ်ကင်းမဲ့ရာဇုန် သို့တည်းမဟုတ် စစ်ပြုလိုကြသူတွေရဲ့ အာဏာစက် ရေရှည်သက်ရောက်ဖို့ ခက်ခဲ လှတဲ့ဇုန် ကြားခံဇုန်တခုလို တည်ရှိခဲ့တာပါ၊ 
 နှစ်ပတ်လည် ဆီးနှင်းတွေ ဝေနေတဲ့ တောင်ထွဋ်တွေနဲ့ တောင်ကုန်း တောင်တန်းတွေ ထူထပ်လှတာကြောင့် ဟိုးရှေးရှေးထဲက မူလလက်ဟောင်း အခြေချ နေထိုင်ကြသူများ နည်းပါးသလို အခုခေတ်ကျတော့လည်း လူဝင်မှုကိုအတော်လေး စီစစ်ပြီးလက်ခံ တာကြောင့် လူဦးရေက ရှစ်သန်း မပြည့်တပြည့်သာ ရှိပြီး လူနေကျဲပါးတယ် ဆိုရမှာပါ၊ 
အဲဒါကြောင့် သဘာဝကပေးတဲ့ အလှအပတွေနဲ့ ချမ်းသာမှုက ဆွစ်မြေကြီးကို လူသိများစေတာပါ၊
Lac Léman ခေါ်တဲ့ ဂျီနီဗာရေကန်ကြီးရဲ့ရေပြင်ကို ပြင်သစ်နဲ့ဆွစ် တဝက်စီခန့် ပိုင်ဆိုင်ကြပါတယ်၊ ဆွစ်ရဲ့ ပိုင်ဆိုင်မှုက အနည်းငယ် ပိုများပါတယ်၊ 
ဒါပေမယ့်လို့ ဒီကနေ့ ဆွစ်မြေကြီးလို့ ခေါ်ဆိုနေကြ ပါတဲ့ နေရာမှာ ဒီရေကန်နဲ့ ဒီဂျီနီဗာ မြို့ဝန်းကျင်က လမ်းပေါ် လမ်းနဘေး မြင်ကွင်းတွေမှာ ပြင်သစ် စကားပြောသူတွေ ပြင်သစ်စာတွေကိုသာ အဓိက တွေ့မြင်နေရတဲ့ အတွက်ကြောင့် ပြင်သစ်တွေလို့ သာ မောင်ရင်ငတေ သတ်မှတ်ချင်မိပါတယ်၊
 ဂျာမန်စကားပြောကြတဲ့ဆွစ်တွေက အရှေ့ခြမ်းဒေသ ဂျာမဏီ မြေကြီးနဲ့ နီးရာနယ်မြေတွေမှာ နေထိုင်ကြသူတွေပါ၊ 
ဂျာမန်နဲ့ နီးသူတွေက ဂျာမန်စကားကို ပြောကြ ပြင်သစ်နဲ့ နီးသူတွေက ပြင်သစ်လိုပြောကြ အီတလီနဲ့ နီးစပ်သူတွေက အီတလီလို ပြောကြတာပါ၊ 
အဲ ... သူတို့ ဌာနေသားများရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်သံတွေကတော့ ရှိကြတာပေါ့ ခင်ဗျာ၊ 


(ဓါတ်ပုံ မရငတ)
အဲသလိုနဲ့ ရေကန်ကြီးကို သေချာမမြင်ရပေမယ့် ရေကန်ကြီးနဘေးကလမ်းအတိုင်း များပြာလှပါတဲ့ ကားတွေကြား ခပ်ဖြေးဖြေးမောင်းလာရင်း နာမည်ကျော် Genève ဂျီနဲ့ဗ်ခေါ် ဂျီနီဗာ မြို့လယ်နားသို့ ရောက်ရှိလာပါပြီ၊

 မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်တွေ ပြူးတူးကြောင်တောင် ဘာတခုမှ မတွေ့ရှိရ သလို မထူးလည်းမထူး မဆန်းလည်းမဆန်းတဲ့ ဥရောပမြို့ကြီးတွေမှာ တွေ့မြင်နေကြ မြင်ကွင်းတခု ကိုတော့ ဒီနေရာမှာ ထည့်ရေးပြချင်မိပါသေးတယ်၊

 ရေးပြချင်မိရတာက ကမ္ဘာ့ အချမ်းသာဆုံးသော မြေကြီးကို နင်းပိုင်ခွင့် ရနေပြီးသောသူတွေရဲ့ ကံမကောင်းလှတဲ့ ဘဝပေးကို စဉ်းစားမိရလို့ပါ၊

နာမည်ကြီးသူတွေ ပိုက်ဆံပေါများသူတွေကတော့ ဂျီနီဗာ မြို့လယ်မှာထက် မြို့ပြင်က တောင်တန်း တွေနဲ့ ရေပြင်ကျယ်ကြီးကြားမှာ ခြံကြီးဝန်းကြီးတွေနဲ့ နေထိုင်ကြတာကို တွေ့ရသလို တတိယကမ္ဘာ နိုင်ငံများကနေ မောင်ရင်ငတေတို့လို့ ရောက်လာကြသူများကတော့ လမ်းမများပေါ်မှာ သိပ်မတွေ့ရှိ ရပါဘူး၊  

အဲ ဒါပေမယ့် အရှေ့ (သို့) အလယ်ဥရောပဒေသကရောက်လာသူ မိန်းမကြီးတဦးကိုတော့ ထုံးစံအတိုင်း လမ်းမပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်၊  

ကမ္ဘာ့ အချမ်းသာဆုံး ထိပ်သီးမြို့စာရင်းဝင် ဂျီနီဗာ မြို့တော်ကြီးရဲ့ ပေတရာလမ်းလယ်ခေါင်ရောက် အဲဒီလိုလူမျိုးတွေရဲ့ ဘဝတွေကတော့ မထူးလည်း မထူးလှသလို မဆန်းလည်း မဆန်းလှတော့ပါဘူး လို့သာ ပြောရမှာပါ၊  

ကားခေါင်းခန်းမှာ ထိုင်နေတဲ့ မောင်ရင်ငတေရဲ့ ရှေ့တဲ့တဲ့က ဖြတ်သွားတဲ့ ပြုံးမဲ့မဲ့ သူမ မျက်နှာကို အားနာလို့ အဝေးရောက်သွားတော့မှသာ မှတ်တမ်းတင် ဖြစ်ခဲ့ပါတယ်၊  

လူနေမှု အဆင့်အတန်း အမြင့်မားဆုံးမြို့နဲ့ လူနေမှု စရိတ် အကြီးမားဆုံးမြို့အဖြစ် နာမည်ကျော်ကြားလှတဲ့ ဂျီနီဗာမြို့တော်ကြီးမှာ သူမရဲ့ တနေ့တာဝင်ငွေက ဘယ်လောက်ဖြစ်မလဲ ဆိုတာကိုတော့ မောင်ရင်ငတေ မမေးရဲလို့ ဆင်းမမေး ဖြစ်ခဲ့ပါဘူးလေ၊

Lake Geneva                                  (ဓါတ်ပုံ မရငတ)
ပြင်သစ်မြေ ဂျူရာတောင်တန်းပေါ်က ဂျီနီဗာရေကန်ဆီသို့ ရောက်ရှိလာခဲ့ပါပြီ၊ ကီလိုမီတာ ငါးဆယ်
နီးပါးခန့်သာ ဝေးကွာတဲ့ အသွားခရီးစဉ်ကို ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ အပိုင်း (တစ်) အဖြစ်
ရေးသား မှတ်တမ်းတင် လိုက်ရခြင်းပါ၊ 
အပြန်ခရီးကတော့ အလာလမ်းနဲ့ မတူ အခြားတလမ်းကနေ ပတ်လို့ပြန်မှာဖြစ်တာရယ် များပြားလှပါတဲ့ မှတ်တမ်းပုံတွေကြောင့်ရယ် တဆက်တည်း မရေးတော့ ပါဘဲ ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ အပိုင်း (နှစ်) အဖြစ် ဆက်လက် မှတ်တမ်းတင် ရေးပါမယ်၊ 



(Photo Google)
ရေကန်ကြီး နဘေးက သူဌေးကြီးများရဲ့ စံအိမ်တော်ခြံကြီးများနဲ့ သာယာလှပ အေးချမ်းတိတ်ဆိတ် လှတဲ့ စပျစ်ဝိုင် စိုက်ခင်းများ ရှိရာသို့ ရောက်ဖူးချင်ပေမယ့်လည်း အခါအခွင့် မသင့်သေးသမို့ ဒီတခါ
လည်း အနီးနားထိ မရောက်ဖြစ်ခဲ့သေးပါဘူး၊ ရွှေပြည်ကြီးက မီလျှံနာသူဌေးတဦးတလေများ ဒီကန် နဘေးမှာ ရွှေ့ပြောင်းအခြေချ နေထိုင်တယ်ဆိုပါက မောင်ရင်ငတေ့ကို ဖိတ်ခေါ်စေချင်စမ်းပါတယ်၊ ခင်ဗျား. . . .. .. .. . . .. . . . .. … . . . . . …… . .. . .. . . .. . …. . . .. . . .. .. . . .. . . …. . …..


(မှတ်တမ်းပုံများမှာ မေလ ၂၀၁၁ ခုနှစ် ပထမခေါက်က ပုံများက ရာသီဥတု ပိုမိုပွင့်လင်း နေသာနေပြီဖြစ်၍ သစ်ရွက်သစ်ခက်များက စိမ်းလန်းစိုပြေသလို ပန်းများလည်း အဖူးအပွင့် စုံနေတဲ့ကာလပါ၊ မတ်လ ၂၀၁၆ ခုနှစ် မှတ်တမ်းပုံများကတော့  နေပွင့်ပေမယ့် ဆောင်းနှောင်းကုန်စဖြစ်လို့ စိမ်းလန်းစိုပြေမှု လျော့နည်းနေသေးချိန်ပါ)
ဒုတိယပိုင်း ဆက်ရန်ရှိပါသေးတယ်၊
မောင်ရင်ငတေ ၀၃၀၄၂၀၁၆