ဒီလူည ● မရေရာမှုတွေနဲ့ ဒီကဗျာကို စတင်လိုက်တဲ့အခါ မသေချာမှုကြီးက မတ်မတ်ကြီးရပ်လို့


ဒီလူည ● မရေရာမှုတွေနဲ့ ဒီကဗျာကို စတင်လိုက်တဲ့အခါ မသေချာမှုကြီးက မတ်မတ်ကြီးရပ်လို့
(မိုးမခ) မေ ၈၊ ၂၀၁၆


နောက်ခံတီးလုံးမပါဘဲ
သရုပ်ဆောင်နေတဲ့အသံတိတ် ရုပ်ရှင်တကားလို
ပေါ့ပေါ့ပါးပါး
ရယ်မောသံတွေနဲ့ မပေါ့မပါး ငါတို့ခန္ဓာကိုယ်များ
အလျားလိုက် စီထားတဲ့ မျဉ်းကြောင်းတွေလို
အထပ်လိုက် ပုစ္ဆာများနဲ့
အဖြေရှာနေတဲ့ ကျေရိုးဆစ်တွေတလျှောက်
တဆစ်/ဆစ် ပြီး တဆစ်/စစ်
တနေ့ပြီး တနေ့
ပွားများတောက်လောက်နေတဲ့ မီးတောက်
သိက္ခာကိုထပ်ပြီး ရိက္ခာလဲလှယ်နေတဲ့
တခန်းရပ်တွေပေါ့

၂၃ ၁/၂ ဒီဂရီ
၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၆ စက္ကန့်
ပြက္ခဒိန်ဟာ သူ့နာမည် သူ
လမ်းဆုံလမ်းခွ ကားမှတ်တိုင်တွေမှာ
အသံနက်ကြီးနဲ့ အော်အော်ခေါ်နေလို့
အတိတ်မေ့တယ်
ရွှေပျောက်တယ်

ဘဝပါ ပြန်ကောက်မရတဲ့ အိပ်ရာခင်းတွေ
ခြင်တကောင်လိုတဝီဝီနဲ့
နား နားအော်နေတဲ့ ဆာလောင်မှုတွေ
အူလမ်းကြောင်းတလျှောက် လှုပ်ရှားရုန်းကန်နေရတဲ့
ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ
ခတ်လတ်ဆတ်ဆတ် ချုပ်ရိုးစိမ်းစိမ်းတွေကြားမှာ
လတ်တလောအဖြစ်အပျက်တွေဟာ
ပြဿဒါးနဲ့ တိုးနေရ

ယုံကြည်ချက်ဆိုတာ
ခါချတိုင်း ကျတတ်တဲ့ ချွေးစက်တွေမှမဟုတ်တာ
နှစ်အသေတွေ ကိုက်ချီလာတဲ့ အရောအနှောတွေကြား
ဒဏ်ရာနဲ့စွတ်စိုနေတဲ့နွေ
ငွေသားကံစမ်းမဲတောင် ပေါက်ခွင့်မရ
အာရုံကြောတွေဟာ
သစ်ရွက်ကြွေသံတွေနဲ့ ရုန်းကန်လှုပ်ရှား
အဆီအနှစ်မရှိတဲ့ နှစ်ဦးသဘောတူ
လက်ထပ်ထိမ်းမြားခြင်းတွေမှာ
ဘုရားစင်ပေါ်
ဘုရားပန်းအိုးထဲ သစ္စာပန်းများက ခြောက်ကပ်လို့။ ။

ဒီလူည